Saturday, April 27, 2013

မုန့်လုံးရေပေါ်

နှစ်ကူးကာလက ကျော်သွားခဲ့လေပြီ
အိမ်ကလူ၏ သင်္ကြန်ပိုးကတော့ မကုန်သေး
TP Myanmar 2005 သင်္ကြန်ပွဲကို Online မှ သားကြီးနှင့်အတူ ကြည့်နေကြ၏။
မြန်မာပြည် သင်္ကြန်ပွဲ မကြုံဖူးလေသော သားကြီးက မေးလာ၏။
(ရန်ကုန်အိမ်ကို ရည်ရွယ်ပြီး) “မေမေ သားတို့ လမ်းထိပ်မှာ မဏ္ဍပ်ရှိလား။ သားက မဏ္ဍပ်မှာ ရေပက်ချင်တာ”
“အရင်ကတော့ ရှိခဲ့ဖူးတယ်…သားပက်ချင်တယ်ဆိုရင် မေမေမဏ္ဍပ်ဆောက်ပေးမှာပေါ့” ဟု ပြောလိုက်သောအခါ ဘဝင်ကျလို့ ပြုံးစစ ဖြစ်သွားသော သားမျက်နှာကို ကြည့်ရင်း၊ ကျမ အခုလို အလျင်အမြန် (တမင်တကာ ကြံရွယ်ပြီး) ဖြေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်းကို တွေးမိရင်း မလုံမလဲ ဖြစ်မိပါတော့တယ်။
*****
ဒီနှစ် အတာ သင်္ကြန် အကြိုနေ့ဟာ ရုံးပိတ်၊ ကျောင်းပိတ် စနေနေ့နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ပွဲတော်နဲ့ အလှမ်းဝေးရာမှာ ရောက်ရှိနေရသူများအဖို့မှာတော့ Online ကနေသာ ပွဲတော်၌ စီးပျော်ရပါတယ်။ နေ့လည် ရောက်လာချိန်မှာတော့ Online ပေါ် ပလုံစီပြီးတက်လာတဲ့ မုန်လုံးရေပေါ်ပုံများကြောင့် “မေမေ မုန့်လုံးရေပေါ် စားမယ် လုပ်ပေးလို့” ဆိုလာပါတော့တယ်။

ရတယ်လေ… ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ထန်းလျက် အကုန် အိမ်မှာ အရံသင့်ရှိသမို့…
“အေးအေး” ဆိုပြီး မုန့်သားနှပ်ထားလိုက်ပါတယ်။ အချိုးကတော့ နှစ်အချိုးတစ်လို့ မှတ်ထားတာပဲ…။ ဘာက နှစ်…ဘာက တစ် လည်းတော့မသိ…။ အိမ်မှာ ရှိနေတဲ့ ကောက်ညှင်းမှုန့်ထုတ်က နည်းနေပြီး၊ ဆန်မှုန့်ထုတ်က များနေတော့… ကောက်ညှင်းက တစ်၊ ဆန်က နှစ်… အဲ့လိုပဲ ဖြစ်မှာပါလေ ဆိုပြီး ပြီးစလွယ် မုန့်နှစ် ရေဖျော် နှပ်ထားလိုက်တယ်…။ မေမေ မုန့်နယ်နေပုံကို သားတော်မောင်က ကင်မရာကြီးချိန်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရယူပါသေးတယ်။

မုန့်သားမနပ်ခင်လေးမှာ သားတို့နဲ့ မုန့်လုံးရေပေါ် ပတ်သက်ပုံအကြောင်းလေး ဖတ်ထားပါဦး။ အထဲမှာ ဌာပနာ တခုခုပါတဲ့ မုန့်လုံးကို လူသားတွေ ဘယ်အချိန်ကတည်းက စတင်စားသုံးကြသလဲတော့ မသိပါဘူး။ တရုတ်ပြည်ကြီးမှာတော့ ဆောင်းတွင်းလို အေးချမ်းတဲ့ရာသီမှာ မီးဖိုကြီးဖို၊ ရေနွေးအိုး အကြီးကြီးတည်၊ မိသားစုတွေ မီးဖိုကြီးနား ပတ်လည်ဝိုင်းပြီး ရေနွေးအိုးထဲ မုန့်လုံးတွေ ပစ်ပေါက်ထည့်လ့ို ပူပူနွေးနွေး စားသောက်ကြတဲ့ ဓလေ့ရှိတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကြောင့်ပဲလား၊ မုန့်လုံးရဲ့ အရသာ ကြောင့်ပဲလား၊ သူတို့ အမေက ကောင်းကောင်းမွန်မွန် လုပ်မကျွေးတတ်ပေမဲ့ သားနှစ်ယောက်ကတော့ ရေပေါ်သောမုန့်လုံးကို အလွန်ကြိုက်ကြပါတယ်။ ဒီမှာ ရနိုင်တဲ့ 
Tang Yuan (မုန့်လုံးရေပေါ် Chinese Version)

ondeh ondeh (မုန့်လုံးရေပေါ် Malay Version) တို့ကို မြိန်ရည်ယှက်ရည် စားလေ့ရှိပါတယ်။

မုန့်သား နပ်လောက်ချိန်၊ စိတ်ထားပြီးသား ထန်းလျက်တွေကို ပဲဆီလေးဆမ်း… လုံးတော့မယ်ဆိုတော့ မုန့်နှစ်တွေက လုံးမရအောင် ပျော့ဖတ်နေပါတော့တယ်။ ဒီတော့ ဆန်မှုန့်တွေ ထပ်ထည့်ပြီး လုံးပလိုက်ပါတယ်။ ရေနွေးအိုးကြီးထဲ ပစ်ပစ်ထည့်။ အဲ…မုန့်လုံးတွေက ပေါ်ချိန်တန်လို့လည်း ပေါ်မလာကြဘူးတော့…။ ပစ်ထည့်တဲ့ အရှိန်များပြီး အိုးဖင်ကပ်နေကြသလားဆိုပြီး ယောင်းမနဲ့ ထိုးမွှေ… မလုံတလုံ မုန့်လုံးတွေ ပေါက်ထွက်ကုန်မှာလည်း စိုးရိမ်ရသေး…။ အဲ့သလို ဓာတ်ကြမ်းတွေ တိုက်လိုက်တော့ မုန့်လုံးလေးတွေက မတက်ချင်တက်ချင်နဲ့ ဟိုတလုံး ဒီတလုံးတက်လာသား…။ ရေအေးထဲစိမ် အအေးခံတုန်းရှိသေး…သားကြီးက “ဘယ်လိုနေလဲ စားကြည့်မယ်” ဆို… တလုံးကောက်ဝါး…။ “ဟင်..မေမေ့ဟာတွေက အထဲက မကျက်သေးဘူး… သေချာ မတက်သေးပဲနဲ့ မေမေက ဆယ်တာကိုး” ဆိုပြီး… အညူဆူကလည်း ခံရသေး။ ဒါဆို “ပြန်ထည့် ပြန်ထည့် ရေနွေးအိုးထဲ ပြန်ထည့်…” သူတို့ဟာ သူတို့ ပေါ်ချင်တဲ့ အချိန်ကြမှသာ ပေါ်ကြတော့ အေ… ဆိုပြီး… မုန့်လုံးရေပေါ် တပန်းကန် ရလိုက်လေသတည်းပေါ့။ အပေါ်က ဖြူးစားစရာ အုန်းသီးမှုန့်ကို သားကြီး သွားဝယ်တာ မရခဲ့လို့၊ မအေကိုယ်တိုင် တခေါက်သွားဝယ်ရသေးတယ်။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အကြိုနေ့မှာ ဘာကိုမှန်းမသိ ကြိုလိုက်တဲ့ မုန့်လုံးရေပေါ် မာတောက်တောက်ကို သားနှစ်ယောက် မစားချင် စားချင် စားနေတာကို မကြည့်ရက်လေလို့… အခန်းထဲ ဝင်နေလိုက်ပါတယ်။ နောက်တနေ့ မှာတော့ Bengawan Solo က ondeh ondeh ကို ဘုရားဆွမ်းတော်ကပ်ရန်တဗူး၊ သားနှစ်ယောက်အတွက် တဗူးစီ စုစုပါင်း သုံးဗူးကို စင်္ကာပူဒေါ်လာငွေ ရှစ်ဒေါ်လာကျော် အကုန်အကျခံ၍ ဝယ်လာပါတယ်။ တဗူးသာ ဘုရားဆွမ်းတော်ကပ်လိုက်ရပြီး၊ သားနှစ်ယောက်မှာမူ သူတို့အလွန် နှစ်သက်ဖူးသော Malay Version မုန့်လုံးရေပေါ်ကို အဖက်မလုပ်ကြတော့ပါ။ ဆွမ်းတော်စွန့်ထားသည့် ပန်းကန်ထဲမှ တလုံးယူစားရင်း သားကြီးက “သူတို့က ဘယ်လို လုပ်ထားတာလဲ မသိဘူးနော်… မုန့်သားလေးက ပါးပါးလေးနဲ့ အထဲက အချိုတွေက အရည်ပျော်ပြီး အပြင်ကိုလည်း ပေါက်မထွက်ဘူးလို့”…ရိုးရိုးလေး သူမြင်တာ ပြောနေသည်ကို… ဖအေလုပ်သူက “သူတို့က သေသေချာချာ အချိုးအစားနဲ့ လုပ်တာ…ဒါကြောင့် ဘယ်တော့မဆို တသမတ်ထဲ ဖြစ်နေတာ… မြန်မာတွေက ထင်သလိုလုပ်တာ…တခါလာ တမျိုးနဲ့ အချိုးအစားမရှိဘူး… စနစ်တကျ မရှိဘူး” ဟူ၍ အမျိုးသားထုကြီး တခုလုံး လိုက်နာရန် မှတ်ချက်များ တသီတတန်းကြီး ပေးနေလေတော့သည်။
ဒီတော့ ရင်ထဲကကြိတ်ပြီး… သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာရယ်…” လို့ လာပြောလေတဲ့ မမထားလို ငါ့မှာ မဏ္ဍပ်ဆောက်ပေးဖို့ မပြောနဲ့ ရေပေါ်တဲ့ မုန့်လုံးလေးတောင် စားကောင်းအောင် လုပ်မကျွေးနိုင်တဲ့ ဘ၀ ပါလားရယ်လို့…။
*****
(ကျမ၏ ပစ်စလက်ခတ် လုပ်တတ်သော အကျင့်ကြောင့် အခြားသူများ လက်လွတ်ရသော အခွင့်အရေးများအတွက်)

9 comments:

kay said...

ကလေးတွေကို ပေးပြောလိုက်ပါ..ကိုဧရာရယ်.. ပေါ့..း))

မမသီရိ said...

ညံ့ချက်ကတော့ တူတူပါပဲ သီတာရေ့..း)
ဟုတ်ပ အေ.. မုန့်လုံးရေပေါ်ကလေး မနပ် ရုံနဲ့.. ကိုဧရာ့နှယ်.. အမျိုးကို ချီပြောရသတဲ့လား..း)
တကယ်တော့ ဟိုနှစ်တွေက ဆုံးသွား တဲ့ မမတို့ အဖိုး ဆို လဲ.. ဒီအတိုင်း ပဲ.. ဘာမှ မှားလို့ မရ.. ငါတို့ ဗမာတွေ က .. အစချီ.. အမြဲ ပွစိ ပွစိ မြည်တွန် တောက်တီး တာမို့ .. ပြောပါစေ လို့ ထားလိုက်ပါတော့ သီတာ ရေ..း)

မမသီရိ said...
This comment has been removed by the author.
Anonymous said...

ဒီလို အချိန်မှာ မုန့်လုံးရေပေါ် လုပ်စားဖြစ်တာကိုက အမှတ်တရ ဖြစ်နေပါပြီဗျာ။ အရသာမရှိတရှိ စားလိုက်ရတာကိုက ပိုလို့ အမှတ်တရ ဖြစ်နေအုံးမှာ သေချာပါတယ်။

မငုံ said...

မုန့်လုံးရေပေါ် မစားရတာ ဆယ်နှစ်ကျော်ပြီ မသီတာရ..
သင်္ကြန်ဆိုပေမဲ့လည်း ရှမ်းပြည်မှာဆိုတော့ မုန့်လုံးရေပေါ် မလုပ်ကြဘူး။ မငုံတို့မြို့လေးမှာက လာကန်တော့ကြတဲ့သူတွေကို ဟင်းထုပ်၊ ကြက်သွန်ကြော် ဒါတွေကျွေးတယ်။ ဘုန်းကြီးကျောင်းမှာတော့ ထမင်းပေါ့. မငုံတို့မြို့က တန်ခူး၊ သီတင်းကျွတ်ဆို ခုနှစ်ရက်ခုနှစ်လီ ကန်တော့မပြီး၊ ဘုန်းကြီးကျောင်းတက်မပြီးပဲ...အခုနောက်ပိုင်းတော့..ကန်တော့လာသူတွေကိုကျွေးဖို့ ကျောက်ကျော၊ ရွှေကျီတွေ လုပ်လာကြတယ်။ ဟင်းထုပ်လုပ်တာကလဲ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးရယ်၊ အရင်းနှီးဆုံးတွေစားဖို့လောက်သာ လုပ်တော့တယ်။ နည်းနည်းတော့ သက်သာရာကြောင်းရှာလာတာပေါ့ :) မငုံက ဒီနှစ်အိမ်ကိုလာကန်တော့သူတွေကို ကြက်သွန်ကြော်နဲ့ ကျောက်ကျော ကျွေးတယ်။

Aunty Tint said...

သီတာ့ရဲ့ မုန့်လုံးရေပေါ်အကြောင်းလေးဖတ်ရင်း တီတင့်တို့ငယ်စဉ်ကာလတုန်းက ကျွေးမေမေရဲ့ 'မုန့်လုံးရေအောက်'ကို သတိရသွားတယ် ...
သီတာကမှ ဟိုတစ်လုံးဒီတစ်လုံးတက်သေးတယ်ဟိဟိ။ အမှုန့်စပ်တာတွေ အချိုးမကျလို့ မုန့်လုံးက ရေပေါ်မပေါ်တော့ပဲ မြုပ်ရာကနေ မုန့်လုံးရေအောက်ကို ခပ်စားရတဲ့အခြေအနေဖြစ်ခဲ့ဘူးတယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Hello. And Bye.

တန်ခူး said...

မ ကလဲအွန်လိုင်းမှာ လုပ်နည်းတွေရှိတယ်လေ. နောက်တခါဆို မသေချာရင်သွားသာကြည့်လိုက်. မရဲ့ညီမတော့အဲလိုSurviveဖြစ်နေတာ.

စုစု said...

2:1 တဲ့
ကောက်ညှင်း နှစ်ဆ ဆန်တစ်တဲ့
အစ်မက ဆန် 2 ဆ လုပ်လိုက်မိလို.။
နောက်နှစ်ကျရင်ပြန်လုပ်ကြည့်နော်။
ညီမလည်း အစ်မလိုဖြစ်ဘူးတယ်။


စုစု