Saturday, April 6, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၆) - သာဝတ္ထိ

Miracle of Sravasti (from the Paitava monsatry, Kapisa School 3-4th century - Afganistan)

နယူးဒေလီကို လှည့်လည် လေ့လာပြီးတဲ့နောက် အဲ့ဒီညမှာပဲ သာဝတ္ထိကို ခရီးဆက်ခဲ့ကြပါတယ်။ ယမုံနာအမြန်လမ်းမအတိုင်း အာဂရာမြို့ကို ဖြတ်မောင်းပြီး နံနက်ဝေလီဝေလင်းမှာ ကန်ပူရ်ကို ရောက်ပါတယ်။ ကန်ပူရ်ကနေ လက္ခနောင်းကို သွားတဲ့လမ်းတလျှောက်မှာတော့ မြူနှင်းတွေက အတော်လေး ဖုံးပိတ်နေပါတယ်။ ရှေ့ နှစ်ကိုက်သုံးကိုက်ထက်ပိုပြီး ကောင်းကောင်း မမြင်ရတော့ပါဘူး။ ကားဟွန်းသံကို အားကိုးပြီး ခပ်ဖြေးဖြေး မောင်းပါတယ်။ လမ်းတလျှောက်မှာ မှောက်နေတဲ့ ကားတွေ၊ တိုက်ထားတဲ့ ကားတွေ တွေ့ခဲ့ရပါတယ်။ လက္ခနောင်းကအထွက် လမ်းမှာ ကားဘရိတ် ပေါက်သွားတဲ့အတွက် ခရီး ကြန့်ကြာနေပြန်တယ်။ သာဝတ္ထိ မြန်မာကျောင်းကို ညပိုင်းမှ ရောက်ပါတယ်။



မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ပထမပိုင်း အနှစ်-၂၀ ကာလပတ်လုံး နေရာ အတည်တကျ မထားဘဲ သင့်တော်တဲ့ မြို့ရွာတွေမှာ လှည့်လည် ဝါဆိုတော်မူခဲ့ပါတယ်။ နောက်ပိုင်း ကာလမှာတော့ သာဝတ္ထိမှာပဲ အတည်တကျ ဝါဆိုတော်မူပါတယ်။ အစောပိုင်းကာလကလည်း ၁၄-ကြိမ်မြောက် ဝါကို သာဝတ္ထိမှာ ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် သာဝတ္ထိဟာ ဗုဒ္ဓမြတ်စွာ ၂၅-နှစ်တိုင်တိုင် သီတင်းသုံး ဝါဆိုတော်မူခဲ့တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း သာဝတ္ထိပြည်မှာ ဟောကြားခဲ့တဲ့ သုတ္တန်ဒေသနာတွေ၊ ပညတ်တော်မူခဲ့တဲ့ ဝိနည်း သိက္ခာပုဒ်တွေ မနည်းလှပါဘူး။ အထူးသဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် ဆိုတာက ဗုဒ္ဓသာသနာအတွက် အလွန်ထင်ရှား အရေးပါတဲ့ သာသနိကနယ်မြေတခုလို့ ဆိုနိုင်ပါတယ်။


သာဝတ္ထိမြန်မာကျောင်း

သာဝတ္ထိမြန်မာကျောင်း


ဘုရားရှင် လက်ထက်တော်အခါက သာဝတ္ထိဟာ ပသေနဒီ ကောသမင်းကြီး အုပ်ချုပ်စိုးစံခဲ့တဲ့ ကောသလတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ “သာဝတ္ထ” ရသေ့ နေခဲ့ဖူးတဲ့ မြို့ဖြစ်လို့ သာဝတ္ထိဆိုတဲ့ အမည်ရပါတယ်။ ရှေးအဋ္ဌကထာ ဆရာတွေကတော့ လူ့အသုံးအဆောင် ပစ္စည်းအားလုံးရှိတဲ့အတွက် (သဗ္ဗံ = အားလုံး + အတ္ထိ = ရှိသည်) သာဝတ္ထိလို့ ခေါ်ကြောင်း ဖွင့်ဆိုပါတယ်။ လိုချင်စရာ မျိုးစုံ၊ အသံ မျိုးစုံ၊ အစားအသောက် မျိုးစုံ ပြည့်စုံပြီး အလွန်စည်ကားတဲ့ မြို့ကြီး တစ်မြို့ ဖြစ်ခဲ့ပါတယ်။ နောင်တော့ ကောသလတိုင်းက မာဂဓတိုင်း လက်အောက်ရောက်သွားခဲ့ပြီး သာဝတ္ထိကလည်း တဖြည်းဖြည်း တိမ်ကောသွားခဲ့ပါတယ်။ မဇ္ဈိမဒေသကို ဗုဒ္ဓဘာသာမင်းတွေ အုပ်စိုးတဲ့ ခေတ်ကာလတွေမှာတော့ ဇေတဝန်က ဘုရားကျောင်းကန်တွေကို ပြန်လှည်ပြုပြင် စောင့်ရှောက်လေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၂-ရာစု နောက်ပိုင်းမှာတော့ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက လုံး၀ ပျက်သုံး တိမ်မြုတ် သွားခဲ့ပါတယ်။ ၁၈၆၃-ခုနှစ်မှာ ဗြိတိသျှကျောက်စာဝန် အလက်ဇန်ဒါး ကန်နင်ဟန်က သာဝတ္ထိမြို့ဟောင်းကို ပြန်လည် တူးဖော်ပြီးနောက်ပိုင်းမှ နိုင်ငံတကာက ဗုဒ္ဓဘာသာကျောင်းတွေ၊ ဘုရားဖူးတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့တာပါ။ ဇေတဝန် ကျောင်းတော်ရာဟောင်းကို ဆာဟေ့ထ် (Sarheth)၊ သာဝတ္ထိမြို့ဟောင်းနေရာကို မဟေ့ထ် (Maheth) လို့ ဒေသခံတွေက ခေါ်ပါတယ်။ ဗာဟ်ရိုက်ချ်မြို့ (Bahraich) ကနေ ဗာလ်ရမ်ပူရ်မြို့ (Balrampur) ကို သွားတဲ့ လမ်းမှာ ရှိပါတယ်။



သရက်ဖြူကုန်း

အဋ္ဌမမြောက်နေ့မှာ နံနက် ဘုရားဖူးထွက်တော့ ခရီးစဉ်ကို သရက်ဖြူကုန်းက စပါတယ်။ သရက်ဖြူကုန်းက သာဝတ္ထိမြန်မာကျောင်းကနေ ဗာလ်ရမ်ပူရ်မြို့ကို သွားတဲ့လမ်းပေါ်မှာ ရှိပြီး မိုင်ဝက်လောက်ပဲ ဝေးပါတယ်။ ဒေသခံတွေက ဒီနေရာကို သြရဂျာရ် (Ora Jhār) လို့ခေါ်ပြီး၊ မြန်မာဘုရားဖူးများကတော့ သရက်ဖြူကုန်းလို့ ခေါ်ပါတယ်။

သရက်ဖြူကုန်းဆိုတာက ၆-ဝါမြောက် ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြာဋိဟာပြခဲ့တဲ့ နေရာပါ။ တတ္ထိတွေကို နှိမ်နင်းဖို့အတွက် သာဝတ္ထိမြို့က သရက်ဖြူပင်ရင်းမှာ တန်ခိုးပြတော်မူမယ်လို့ လေးလလောက် ကတည်းက ကြိုတင်ပြီး ကျေညာခဲ့ပါတယ်။ ဒီတော့ တတ္ထိတွေကနေ ပွဲပျက်အောင် ကြံရွယ်ပြီး သာဝတ္ထိမြို့ အနီးတဝိုက်က သရက်ပင်တွေကို အပင်ပေါက်ပါ မကျန် ခုတ်လှဲထားခဲ့ကြတယ်။ ဝါဆိုလပြည့် ရောက်တော့ ကဏ္ဍလို့အမည်ရတဲ့ ဥယျာဉ်မှူး ကပ်လှူတဲ့ သရက်သီးရဲ့ အစေ့ကို စိုက်ပျိုးစေပြီး ဗုဒ္ဓမြတ်စွာက လက်ဆေးရေနဲ့ သွန်းလောင်းတော်မူပါတယ်။ သရက်စေ့က အညောင့်ပေါက်ကာ တရိပ်ရိပ်ကြီးထွားလာပြီး ခက်မာငါးဖြာနှင့် ပြည့်စုံသော သရက်ပင်ကြီး ဖြစ်လာပါတယ်။ ကောင်းကင်ယံမှာ ရတနာစင်္ကြံတော်ကို ဖန်ဆင်းတော်မူပြီး ကိုယ်တော် အစိတ်အပိုင်း အသီးသီးက ရေမီးအစုံ ထွက်စေတဲ့ ယမိုက်ပြာဋိဟာ၊ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး အမေးအဖြေပြုခြင်း စတဲ့ တန်ခိုးပြာဋိဟာတွေကို ပြတော်မူပါတယ်။ အဲ့ဒီနောက် တာဝတိံသာ နတ်ပြည်ကို ခြေလှမ်း နှစ်လှမ်း (=သုံးဖဝါး) နဲ့ ကြွတော်မူပြီး မယ်တော်မိနတ်သား အမှူးထားတဲ့ နတ်ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြားတော်မူပါတယ်။ ဒီအကြောင်းအရာကို ဓမ္မပဒအဋ္ဌကထာ ဒေဝဝေါရောဟဏဝတ္ထုမှာ အကျယ်တဝင့် ဖော်ပြထားပြီး၊ သရဘမိဂဇာတ်အဋ္ဌကထာစတဲ့ အခြား အဋ္ဌကထာတွေမှာလည်း အကျဉ်းအားဖြင့် တွေ့ရပါတယ်။ သက္ကတဘာသာရေး ဒိဗျာဝဒါနမှာလည်း သာဝတ္ထိပြည် ယမိုက်ပြာဋိဟာ အကြောင်း ရေးသားထားပါတယ်။ ဒီဝတ္ထုက အတော်လေး လူကြိုက်များ ကြော်ကြားခဲ့ပုံရပြီး ယမိုက်ပြာဋိဟာပြတော်မူခန်းကို ဘာရ်ဟူတ် (Bhārhūt)၊ ဆန်ချီ (Sānchī) နဲ့ ဂန္ဓာရဒေသတွေက အနုပညာလက်ရာတွေမှာ မကြာခဏတွေ့ရပါတယ်။

သရက်ဖြူကုန်း

သရက်ဖြူကုန်းထက်မှ အဆောက်အအုံဟောင်း

ယခုတွေ့နေရတဲ့ သြရဂျာရ် ကုန်းမြင့်လေးဟာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြဋိဟာ ပြတော်မူခဲ့တဲ့ သရက်ဖြူပင်ရင်းမှာ အသောကမင်း တည်ထားခဲ့တဲ့ စေတီပျက်ကုန်းမြေလို့ မြန်မာဆရာတော်များက လက်ခံ ယုံကြည်ကြပါတယ်။ စေတီပျက်ကုန်းက မြေပြင်ကနေ အမြင့် ပေ-၇၀ လောက်ရှိပြီး၊ ကုန်းထက်မှာ အုတ်ကျောင်းတခု ရှိပါတယ်။ သုံးထားတဲ့ အုတ်အမျိုးအစားတွေက ဗုဒ္ဓဂယာနဲ့ နာလန္ဒာမှာတွေ့ရတဲ့ အုတ်အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဗ္ဗာရုံကျောင်း

သြရဂျာရ် နေရာကို တူးဖော်ခဲ့တဲ့ အလက်ဇန်ဒါး ကန်နင်ဟန်ကတော့ ဒီနေရာကို ကျောင်းအမကြီး ဝိသာခါ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ပုဗ္ဗာရုံကျောင်းနေရာလို့ ဆိုပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် (ဖာဟီယန်) မှတ်တမ်းမှာ ဇေတဝန်ကျောင်းတော်ရာကနေ “အရှေ့မြောက်ဖက်” ၆-လိ ၇-လိ အကွာမှာ ပုဗ္ဗာရုံကျောင်းရှိတယ်လို့ ပြထားပေမယ့် အဲဒီအတိုင်း သွားရင် သာဝတ္ထိကို ပြန်ရောက်သွားတဲ့အတွက် မဖြစ်နိုင်ဘူး၊ “အရှေ့တောင်ဖက်” အရပ်မျက်နှာသာ ဖြစ်ရမယ်လို့ ကန်နင်ဟန်က ယူဆပါတယ်။ ဒါကြောင့် ရှေးဟောင်းသုတေသနဌာနက စာစောင်တွေ၊ စာတမ်းတွေမှာ သြရဂျာရ်နေရာကို ပုဗ္ဗာရုံကျောင်းတော်ရာလို့ ဖော်ပြတာကို တွေ့ကြရမှာပါ။ ဒါပေမယ့် ဗုဒ္ဓစာပေတွေအရ ပုဗ္ဗာရုံကျောင်းက သာဝတ္ထိမြို့ရဲ့ အရှေ့ဖက်တံခါးအနီးမှာ ရှိရမှာဖြစ်တဲ့ အတွက် မြန်မာဆရာတော်တွေ သတ်မှတ်ထားတဲ့အတိုင်း ယမိုက်ပြာဋိဟာပြရာ သရက်ဖြူကုန်းနေရာ ဖြစ်ဖို့က ပိုပြီး နီးစပ်မယ်ထင်ပါတယ်။ ဒီစေတီကုန်းရဲ့ အဝင်ပေါက်အနီးမှာ “ပုဗ္ဗာရုံကျောင်းသို့” လို့ မြှားပြထားတဲ့ ဆိုင်းဘုတ်တခုကို တွေ့ခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံကနေလာပြီး ပုဗ္ဗာရုံ မဟာဒေ၀ ကုဋီ (Puvaram Mahadeva Kuti) ဆိုတဲ့အမည်နဲ့ ဘုန်းတော်ကြီးကျောင်း တည်ထောင်ထားပါတယ်။ ယခုနေရာကနေ မြောက်ဖက် ၁ ကီလိုမီတာလောက်မှာ ရှိပါတယ်။ သာဝတ္ထိမြို့ဟောင်းရဲ့ အရှေ့ဖက်တံခါးနားက ကန္ဓဘာရီရွာ (Kandhabhari) မှာ ရှိတဲ့အတွက် ပုဗ္ဗာရုံကျောင်းတော်ရာ နေရာ အစစ်လည်း ဖြစ်နိုင်ကောင်းပါတယ်။ ဆိုင်းဘုတ်ကိုသာ ဓာတ်ပုံရိုက်ခဲ့ရပြီး အဲဒီကျောင်းနေရာကို မရောက်ဖြစ်ခဲ့ပါဘူး။

ပုဗ္ဗာရုံကျောင်းသို့

သာဝတ္ထိမြို့ဟောင်း

သရက်ဖြူကုန်းမှာ လေ့လာဖူးမြော်ပြီးတဲ့နောက် ဇေတဝန်ကျောင်းကို မဝင်သေးဘဲ သာဝတ္ထိမြို့ဟောင်းကို အရင် သွားကြပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ သာဝတ္ထိ မြို့ရိုးဟောင်းကို လခြမ်းသဏ္ဍာန် မြင်ရပါတယ်။ မြို့ရိုးရဲ့ မြောက်ဖက်မှာ အစိရဝတီ မြစ်ရိုးဟောင်း ရှိပါတယ်။ ယခုအခါမှာတော့ အစိရဝတီမြစ်က ယခင်မြစ်ရိုးဟောင်းကနေ မြောက်ဖက် တစ်မိုင်လောက် အကွာကနေ ပြောင်းပြီး စီးနေတာကို တွေ့နိုင်ပါတယ်။ အစိရဝတီမြစ်ကို ယနေ့ခေတ်မှာ ရပတိမြစ် (Rapti) လို့ခေါ်ပါတယ်။
သာဝတ္ထိမြို့ဟောင်းအတွင်း လမ်းတနေရာ

ကားက မြို့ရဲ့ တောင်ဖက်တံခါးက ဝင်လိုက်တာနဲ့ လမ်းရဲ့ ညာဖက်မှာ ဂျိန်းဘုရားကျောင်းကို လှမ်းတွေ့နေရပါတယ်။ မိနစ်ပိုင်း အတွင်းမှာဘဲ သုဒတ္တစေတီဟောင်းနဲ့ အင်္ဂုလိမာလစေတီဟောင်းတို့ ရှိရာနေရာကို ရောက်ပါတယ်။ သုဒတ္တ ဆိုတာက အနာထပိဏ်သူဌေးရဲ့ ငယ်နာမည်ပါ။ ခိုကိုးရာမဲ့သူတွေကို ထမင်းကြွေး လှူဒါန်းလေ့ရှိတဲ့အတွက် လူအများစုက အနာထပဏ္ဍိက (အနာထပိဏ်) လို့ပဲ ခေါ်ကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော်များရဲ့ မှတ်တမ်းအရ ယခုရောက်တဲ့ နေရာက အနာထပိဏ်သူဌေးရဲ့ အိမ်နေရာဟောင်းအထိမ်းအမှတ် တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုတွေအရ အစောဆုံး ကုသျှနမင်းဆက် အုပ်စိုးခဲ့တဲ့ (ခရစ်နှစ် ၂-ရာစု) လောက်က တည်ထားခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်း ဒီစေတီနေရာဟောင်းပေါ်မှာ ကာချိကုဋီ (Kachchi Kuti) ဆိုတဲ့ အမည်နဲ့ ဟိန္ဒူ ဘုရားကျောင်း ဆောက်ထားခဲ့ကြပါတယ်။ ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့် ဗုဒ္ဓဇယန္တိပွဲ ကျင်းပကာနီးမှ အစိုးရ အစီအမံနဲ့ ဟိန္ဒူ ဘုရားကျောင်းနဲ့ သာဝတ္ထိမြို့ဟောင်းအတွင်းက ရွာတွေကို မြို့ရိုးအပြင်ကို ထုတ်ခဲ့ပါတယ်။ ဒီစေတီပျက်ပေါ်ကနေ မြောက်ဖက်ကို လှမ်းမြော်ကြည့်ရင် ဟိမဝန္တာတောင်တန်းကို မြင်ရတယ်လို့ ဆိုပေမယ့် မြူနှင်းတွေ ထူထပ်နေလို့ ရေးရေးမှ မမြင်ခဲ့ရပါဘူး။ လှေကားဘောင်ပေါ်မှာ ကုလားဘုန်းကြီးတွေက ဓမ္မစကြာသုတ်ကို ရွတ်ဖတ်ပူဇော်ပြီး အလှူခံနေတာကို တွေ့ရပါတယ်။ နံနက်ပိုင်းမှာ ဘုန်းကြီးဝတ် အလှူခံကြပြီး ညပိုင်းရောက်ရင်တော့ လူဝတ်နဲ့ ပြန်နေကြတယ်လို့ အချို့က ဆိုပါတယ်။ ဒီစကားက မှန်ကောင်း မှန်နိုင်ပါတယ်။ ရဟန်းတော်တွေ ငွေကြေး အလှူခံတယ်ဆိုတာကိုက ဝိနည်းတော်နဲ့ မအပ်စပ်ပါဘူး။ ဒါပေမယ့်လည်း “ဗုဒ္ဓသာသနာ တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒီလိုနေရာမျိုးမှာ ဓမ္မစကြာဒေသနာ ရွတ်ဖတ်ဖော်ရသေးတယ်” လို့ နှလုံးသွင်းမိတဲ့အတွက် အလှူငွေ အနည်းငယ် ထည့်ခဲ့ပါတယ်။ စေတီဝင်းအထွက်မှာ ဗုံရှည်နဲ့ လက်ဆွဲဘာဂျာ တီးပြီး ပိုက်ဆံတောင်းနေသူတွေကို တွေ့ခဲ့ရပါတယ်။

သုဒတ္တစေတီ



သုဒတ္တစေတီရဲ့ အရှေ့မြောက်ဖက် ပေ-၃၀၀ လောက်မှာ အင်္ဂုလိမာလစေတီ ရှိပါတယ်။ အင်္ဂုလိမာလ မထေရ်ရဲ့ ဓာတ်တော်စေတီလို့ ယူဆကြပါတယ်။ အချို့ကလည်း မီးမဖွားနိုင်တဲ့ မိခင်နဲ့ ဝမ်းထဲက ကလေးငယ်တို့ အန္တရာယ်ကင်းစေဖို့ အင်္ဂုလိမာလမထေရ်က သစ္စာအဓိဋ္ဌာန် ပြုခဲ့တဲ့ နေရာမှာ တည်ထားတဲ့ စေတီလို့ ဆိုပါတယ်။ အချို့ကလည်း ပသေနဒိကောသလမင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တရားဟော ဓမ္မခန်းမဆောင် (သဓမ္မမဟာသာလ) လို့ ဆိုပါတယ်။ ဒီစေတီဟောင်းပေါ်မှာလည်း ပက္ကိကုဋီ (Pakki Kuti) ဆိုတဲ့ အမည်နဲ့ မွတ်စလင်ဘုရားဝတ်ပြုကျောင်းတခု ရှိခဲ့ပါတယ်။ သာသနာ ၂၅၀၀ ပွဲ မတိုင်မီလေးကမှ ဖယ်ရှားထားခဲ့တာပါ။

အင်္ဂုလိမာလစေတီ
 

သာဝတ္ထိမြို့ဟောင်းအတွင်းက သုဒတ္တစေတီနဲ့ အင်္ဂုလိမာစေတီတို့ကို ဖူးမြော်လေ့လာပြီးတဲ့နောက် သာဝတ္ထိမြို့တောင်ဖက် တံခါးက ပြန်ထွက်ပြီး ဇေတဝန်ကျောင်းတော်ဆီကို ခရီးဆက်ခဲ့ပါတယ်။ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက မိုင်ဝက်လောက်ပဲ ဝေးပါတယ်။

0 comments: