Sunday, April 21, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၈) - ကပိလဝတ္ထု



နဝမမြောက်နေ့ နံနက်စောစောမှာ သာဝတ္ထိကနေ နီပေါနိုင်ငံ လုမ္ဗိနီကို ခရီးဆက်ခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ အိန္ဒိယ-နီပေါနယ်စပ်က ဆိုနောလီမြို့ (Sonauli) မြန်မာကျောင်းကို ရောက်ပါတယ်။ ကျောင်းက ဆောက်လက်စပဲ ရှိပါသေးတယ်။ အရင်က နီပေါနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်လို့ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားရင် ဘုရားဖူးတွေ အတော်လေး ဒုက္ခရောက်တဲ့ အတွက်၊ ဘုရားဖူးတွေ တည်းခိုလို့ရအောင် ဒီကျောင်းကို ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အများအားဖြင့် ဒီကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားလေ့ရှိကြပါတယ်။
 
သာဝတ္ထိမှ လုမ္ဗိနီနှင့် ကပိလဝတ္ထုသို့




ဆိုနောလီကနေ နယ်စပ်ဂိတ်ကို ဖြတ်ရင် နီပေါနိုင်ငံဖက်ခြမ်းက ဘိုင်ရဟဝါ (Bhairahawa) မြို့ကို ရောက်ပါတယ်။ အခုအခါမှာတော့ ဒီမြို့ကို သိဒ္ဓတ္ထနာဂရ (Siddharthanagar) လို့ အမည် ပြောင်းထားပါတယ်။ သိဒ္ဓတ္ထနာဂရကနေ အနောက်ဖက်ကို ၁၄-မိုင်လောက်သွားရင် လုမ္ဗိနီဥယျာဉ်ကို ရောက်ပါတယ်။ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်ဖက် ၁၄-မိုင်မှာရှိတဲ့ တောလိဟဝါမြို့ (Taulihawa) ကနေ မြောက်ဖက် ၂-မိုင်လောက် ဆက်သွားရင် ဒေသခံတွေက တိလောရကွတ် (Tilaurakot) လို့ခေါ်တဲ့ ကပိလဝတ် (ကပိလဝတ္ထု) မြို့ဟောင်းကို ရောက်ပါတယ်။ ဘုရားဖူးအဖွဲ့က လုမ္ဗိနီကို မဝင်သေးဘဲ ကပိလဝတ်မြို့ဟောင်းကို အရင် သွားကြပါတယ်။

ကပိလဝတ်မြို့နဲ့ သကျ (သာကိယ၊ သက္က) မျိုးနွယ်စုရဲ့ သမိုင်းကြောင်းကို ဒီဃနိကာယ် အမ္ဗဋ္ဌသုတ်နဲ့ သုတ္တနိပါတ် သမ္မာပဗ္ဗဇနီယသုတ် အဖွင့် အဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာဦးအစ မဟာသမ္မတမင်းက ဆင်းသက်လာတဲ့ ဥက္ကာကမင်းကြီးရဲ့ သားသမီးတွေကနေ သကျမျိုးနွယ်စုကို ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကာကမင်းကြီးဆိုတာက ရာမာယန၊ မဟာဘာရတစတဲ့ ရှေးဟောင်း ပူရဏ်ကျမ်းတွေမှာပါတဲ့ ဣက္ခာကု(Ikṣvāku) မင်းနဲ့ အတူတူပဲလို့ သိရပါတယ်။ ပူရဏ်ကျမ်းတွေအရ ဇမ္ဗုဒိတ်ကျွန်းလို့ခေါ်တဲ့ အိန္ဒိယကို လွှမ်းမိုးခဲ့တဲ့ မျိုးနွယ်စုကြီး နှစ်ခု ရှိခဲ့ပါတယ်။ လနတ်သားက ဆင်းသက်လာတဲ့ လမင်းမျိုးနွယ်နဲ့ နေနတ်သားက ဆင်းသက်လာတဲ့ နေမင်းမျိုးနွယ်တို့ပါ။ ဥက္ကာကမင်းက နေမင်းမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကျမ်းစာတွေမှာလည်း သကျမျိုးတွေကို နေမင်းမျိုးနွယ် (သူရိယဝံသ၊ အာဒိစ္စဝံသ) စသဖြင့် ခေါ်လေ့ရှိပါတယ်။ ကတိကဝတ်အရ မိဖုရားငယ်တစ်ပါးက ဖွားမြင်တဲ့ သားကို ထီးနန်တင်ဖို့အတွက် ဥက္ကာကမင်းက သားတော်ကြီးတွေကို တိုင်းပြည်ကနေ နှင်ထုတ်ရပါတယ်။ အဲဒီအခါမှာ မိဖုရားအကြီးတွေက ဖွားမြင်တဲ့ သားတော် သမီးတော်တွေက တိုင်းပြည်ကနေခွာပြီး ဟိမဝန္တာတောင်ခြေ အနီးက ကျွန်းတောအတွင်းက မြို့သစ်ထူထောင် နေကြပါတယ်။ ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းရှိရာ အောင်မြေအရပ်မှာ မြို့တည်ခဲ့တဲ့ အတွက် ကပိလဝတ္ထု လို့အမည်တွင်ပါတယ်။ ဥက္ကာကမင်းရဲ့ သားတော်တွေက မျိုးနွယ်ဆက်မပျက်အောင် နှမတော်တွေနဲ့ အိမ်ထောင်ပြုပြီး မင်းဆက် ထူထောင်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် ဥက္ကာကမင်းက “သကျာ ဝတ ဘော ကုမာရာ - အချင်းတို့ သားတော်တို့သည် စွမ်းနိုင်ကြပေ၏ (သကျာ)” လို့ ချီးမွန်းပါတယ်။ ဒါကို အကြောင်းပြုပြီး သကျမျိုး၊ သာကီဝင်မျိုးလို့ အမည်တွင်ခဲ့ပါတယ်။ (မဟာသာကဝန) ကျွန်းတောကြီးမှာ မြို့သစ်ထူထောင်ခဲ့တဲ့အတွက် သာကိယလို့ အမည်တွင်တယ်လို့လည်း ဆိုကြပါသေးတယ်။

ကပိလဝတ်မြို့နေရာနဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသနပညာရှင်တွေကြားမှာ ဝိဝါဒကွဲနေပါတယ်။ အုပ်စုတစ်ခုက နီပေါနိုင်ငံဖက်ခြမ်းက တိလောရကွတ် (Tilaurakot) အရပ်လို့ ယူဆကြပြီး၊ အခြားအုပ်စုကတော့ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်တောင်ဖက် ၉-မိုင်လောက်မှာရှိတဲ့ အိန္ဒိယနိုင်ငံဖက်ခြမ်းက ပိပရဟဝါ (Piprahawa) အရပ်လို့ ယူဆကြပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ် ရဟန်းတော်တွေရဲ့ မှတ်တမ်းကို ခြေရာခံပြီး ကပိလဝတ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျာမာန်သုတေသီ ဒေါက်တာ အန်တွန် ဖျူးရာ (Anton Führer) က ၁၈၉၆-ခုနှစ်မှာ ဂေါတမ မြတ်စွာဘုရား၊ ကောဏာဂုံနှင့် ကကုသန် မြတ်စွာဘုရား အလောင်းတော်တို့ ဖွားမြင်တော်မူ နေရာ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီး စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင်တွေကို ရုမ္မိန်ဒေး (Rummindei လုမ္ဗိနီ)၊ နိဂလိဟ၀ (Niglihawa)နဲ့ ဂေါတိဟ၀ (Gotihawa) စတဲ့ နေရာအသီးသီးမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အသောကကျောက်တိုင်တွေကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး တိလောရကွတ်အရပ်ကို အလောင်းတော် သိဒ္ဓတ္ထမင်းသား ၂၉-နှစ်တာ နေထိုင်ကြီးပြင်းခဲ့ရာ ကပိလဝတ်မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသတဝိုက်ကို ထပ်မံ ရှာဖွေတူးဖော်ခဲ့တဲ့ အိန္ဒိယသုတေသီ မူခါဂျီး (P.C. Mukhaji) က တိလောရကွတ်ဟာ ကပိလဝတ်မြို့ဟောင်း ဖြစ်ကြောင်း ၁၈၉၉-ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ကပိလ၀တ်နှင့် လုမ္ဗိနီ အနီးတ၀ိုက်


၁၈၉၈-ခုနှစ်မှာ အင်္ဂလိပ်မြေပိုင်ရှင် ဝီလျံပက်ပ် (W.C. Peppé) က အိန္ဒိယနိုင်ငံ ပိပရဟဝါ (Piprahawa) အရပ်မှာရှိတဲ့ စေတီဟောင်း တစ်ဆူကနေ အရိုးအိုးတွေပါတဲ့ ကျောက်သေတ္တာ တစ်လုံးကို တူးဖော်ရခဲ့ပါတယ်။ အဲဒီအထဲမှာ “… ဣယံ သလိလာနိဓနေ ဗုဒ္ဓဿ ဘဂဝတေ သာကိယာနံ” လို့ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းကို တွေ့ရပါတယ်။ ဒါကြောင့် ဒီအရိုးအိုးဟာ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကီဝင်မျိုးတွေရဲ့ အရိုးအိုးဖြစ်နိုင်ပါတယ်။ ဒီအပြင် တရုတ်ရဟန်းတော် ဖာရှန်ရဲ့ မှတ်တမ်းမှာပါတဲ့ တည်နေရာနဲ့ ပိုပြီးနီးစပ်နေတဲ့အတွက် ပိပရဟဝါအရပ်က ကပိလဝတ်နေရာ ဖြစ်နိုင်ကြောင်း တင်ပြလာကြပါတယ်။ သမိုင်းပညာရှင် ဗင်းဆင့်စမစ် (Vincient A. Smith) က တိလောရကွတ်က ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့တဲ့ ကပိလဝတ် ဖြစ်ပြီး၊ ပိပရဟဝါက ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ ကပိလဝတ်လို့ ၁၉၀၀-ခုနှစ်မှာ သူ့ရဲ့အယူအဆကို တင်ပြခဲ့ပါတယ်။ ၁၉၇၂-ခုနှစ်ရောက်တော့ သီရိဝသ်တ၀ (KM Srivastava) က ပိပရဟဝါမှာ ထပ်ပြီး တူးဖော်တဲ့အခါ “ဥုံ ဒေဝပုတြ ဝိဟာရေ ကပိလဝတ္ထုဿ ဘိက္ခုသံဃဿ”လို့ ကုသျှန်အက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာကို တွေ့ပြန်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် ပိပရဟဝါသာလျှင် ကပိလဝတ္ထု မြို့ဟောင်း အစစ်လို့ အိန္ဒိယနိုင်ငံသား သုတေသီ်တွေက အခိုင်အမာ ကောက်ချက် ဆွဲကြပါတယ်။ နီပေါနိုင်ငံသား သုတေသီတွေကလည်း အနီးဝန်းကျင်က အသောကကျောက်စာတိုင် သုံးခုနေရာနဲ့ ကြီးကျယ်တဲ့ မြို့ရိုးဟောင်းတွေကို ထောက်ပြီး တိလောရကွတ်သာလျှင် ကပိလဝတ္ထုမြို့ဟောင်း အစစ်လို့ ငြင်းဆိုကြပါတယ်။ ပါဠိပညာရှင် ရီးစ် ဒေဗစ် (T.W. Rhys Davids) ရဲ့ အယူအဆကတော့ သိဒ္ဓတ္ထမင်းသား ကြီးပြင်းခဲ့တဲ့ ကပိလဝတ်မြို့ဟောင်းက တိလောရကွတ်မှာရှိပြီး၊  ဝိဋဋူဘမင်းက သာကီဝင်တွေကို သတ်ဖြတ် မြို့ကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှ ပိပရဟဝါမှာ ကပိလဝတ် မြို့သစ် ပြန်တည်ခဲ့တာ လို့ဆိုပါတယ်။

ဝိဋဋူဘက သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့အကြောင်းကို ဘဒ္ဒသာလဇာတ် (အမှတ် ၄၆၅) အဋ္ဌကထာနဲ့ ဓမ္မပဒအဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ သကျမျိုးနွယ် မြတ်စွာဘုရားကို အလွန်ကြည်ညိုတဲ့ ကောသလမင်းက မိမိနဲ့ လက်ဆက်ဖို့အတွက် ကပိလဝတ်က သကျ အမျိုးသမီးတစ်ဦးကို တောင်းခဲ့ရာက ဇာတ်လမ်းစပါတယ်။ သက္ကတိုင်းက ကောသလမင်းရဲ့ သြဇာအာဏာ အရိပ်အောက်မှာ ရှိတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ကောသလမင်းရဲ့ တောင်းဆိုမှုကို မလွန်ဆန်ဝံ့ပါဘူး။ သာကီဝင်မင်းသမီးတွေကို အမျိုးဇာတ်မတူသူတွေနဲ့ လက်ဆက်မပေးလို့တဲ့အတွက် သာကီဝင် မဟာနာမ်မင်းနဲ့ ကျွန်မတစ်ဦးကနေ မွေးတဲ့ သမီး ဝသဘခတ္တိယာကို ပေးလိုက်ပါတယ်။ ဝိဋဋူဘက ပသေနဒီကောသလမင်းနဲ့ ဝသဘခတ္တိယာတို့က ရတဲ့သားပါ။ ဝိဋဋူဘမင်းသား အရွယ်ရောက်တော့ မိမိရဲ့ ဆွေတော်မျိုးတော်တွေ ရှိတဲ့ ကပိလဝတ်ကို သွားလည်ပါတယ်။ မိမိကို ကောင်းကောင်း ဧည့်ဝတ် မပြုကြရုံသာမက မိမိထိုင်သွားတဲ့နေရာကို “ကျွန်မရဲ့သား ထိုင်သွားတဲ့ နေရာ” ဆိုပြီး နို့ရည်တွေနဲ့ လောင်း ဆေးကြတယ်ဆိုတာကို သိသွားသွားတော့ ဝိဋဋူဘက သာကီဝင်တွေ အပေါ်မှာ ရန်ငြိုးထားခဲ့ပါတယ်။ နောင်မှာ ဝိဋဋူဘက ခမည်းတော် ပသေနဒီကို ထံက အာဏာသိမ်းပြီး နန်းတက်လာတဲ့အခါ ကပိလဝတ်ကို စစ်ချီပါတယ်။ ဗုဒ္ဓမြတ်စွာကလည်း ကပိလဝတ်ကို သုံးကြိမ်တိုင်တိုင် ကြွပြီး ဆွေတော်မျိုးတော်တွေကို ဝိဋဋူဘရဲ့ ရန်ဘေးကနေ ကာကွယ်ပေးတော်မူပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့ မရနိုင်တော့ဘူးဆိုတာကို သိတဲ့အတွက် စတုတ္ထအကြိမ် သွားရောက် တိုက်ခိုက်တဲ့အခါမှာတော့ ဗုဒ္ဓက ကပိလဝတ်ကို မကြွတော့ပါဘူး။ ဝိဋဋူဘက သကျမျိုးနွယ်တွေကို အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်ပြီး ကပိလဝတ်ကို ဖျက်ဆီးခဲ့ပါတယ်။ ကပိလဝတ်မြို့ရဲ့ မြောက်ဖက် သဂါဟ၀ (Sagarhawa) အရပ်က Lambu Sagar ( ရေကန်ရှည် ) လို့ခေါ်တဲ့ ရေကန်ကို သကျမျိုးတွေကို လူမျိုးတုန်းသတ်ခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ မဟာနာမ်မင်းကြီး ရေထဲကို ဆင်းပြီး မိမိကိုယ် မိမိ အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ရေကန်ကလည်း ဒီရေကန်ပဲ ဖြစ်နိုင်ပါတယ်။


View Kapilavastu and Lumbini in a larger map
 
ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ရဲ့ ဝေးသောအကြောင်းအဖြစ် ကံကြမ္မာကို ရိုးမယ်ဖွဲ့ကောင်း ဖွဲ့နိုင်ပေမယ့်၊ နီးသောအကြောင်းအနေနဲ့ သကျတို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး မာန်မာနက သူတို့ လူမျိုး၊ သူတို့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ သားသမင်တွေကို ကျားခြင်္သေ့တွေကတောင် ပြန်ပြီး ကြောက်ရတယ်ဆိုတဲ့ ကပိလရသေ့ရဲ့ အောင်မြေလည်း ဝိဋဋူဘ ရန်ကနေ အကာအကွယ် မပေးနိုင်တော့တာကို သတိပြုနိုင်ပါလိမ့်မယ်။ သတ်ဖြတ်မှုကနေ လွတ်မြောက်သွားတဲ့ သကျမျိုးနွယ်တွေက ပိပ္ပလိဝန (ပိတ်ချင်းတော) ထဲမှာ မောရိယ (ဒေါင်း) အမည်နဲ့ မျိုးနွယ်စု အသစ် ထူထောင်ခဲ့ကြတယ်လို့ သီဟိုဠ်ကျွန်းမှာရေးတဲ့ မဟာဝံသကျမ်းမှာ ဖော်ပြကြပါတယ်။ အချို့က အိန္ဒိယဖက်ခြမ်းမှာရှိတဲ့ ပိပရဟဝါ ဆိုတာ ပိပ္ပလိဝနကနေ အခေါ်ရွေ့လျောပြီး လာတာလို့ ယူဆကြပါသေးတယ်။ မောရိယမျိုးနွယ်စုက ဘိုးတော် စန္ဒဂုတ်မင်း လက်ထက် (340 BC – 298 BC) မှာ မောရိယမင်းဆက်ကို ထူထောင်ခဲ့ပြီး မြေး အသောကမင်း လက်ထက် (304–232 BCE) မှာ မောရိယအင်ပါယာက အဲဒီခေတ်အခါရဲ့ကမ္ဘာမှာ အကြီးဆုံး အင်ပါယာနိုင်ငံကြီး ဖြစ်သွားခဲ့ပါတယ်။ အသောကမင်းရဲ့ ကျေးဇူးနဲ့ ဗုဒ္ဓသာသနာက ကမ္ဘာ အရပ်အရပ် ပြန်နှံ့ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ သာသနာစတင် မြစ်ဖျားခံရာ အိန္ဒိယနိုင်ငံမှာ သာသနာ တိမ်ကော ကွယ်ပျောက်ခဲ့ရပြန်ပါတယ်။ အသောကမင်းကြီးရဲ့ရေးထိုးခဲ့တဲ့ ကျောက်စာတိုင်တွေ၊ တည်ထားခဲ့တဲ့ စေတီပျက်တွေကနေပဲ တချိန်က ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနာကို ပြန်လည်မှန်းဆ ကြည်ညိုရပါတော့တယ်။ ဖြစ်ချည်တလှဲ့ ပျက်ချည်တခါ လောကဓမ္မတာကို သံဝေဂယူနိုင်ပါတယ်။

နိဂလိဟ၀ (ကောဏာဂုံဘုရား အလောင်းဖွားရာ)၊ ဂေါတိဟ၀ (ကကုသန်ဘုရား အလောင်းဖွားရာ)၊ သဂါဟ၀ (သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ရေကန်)၊ ပိပရဟဝါ စတဲ့နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ မြန်မာဘုရားဖူး ဝန်ဆောင်အဖွဲ့တွေက ကပိလဝတ္ထု (တိလောရကွတ်) ကိုပဲ ပို့ပေးလေ့ရှိပါတယ်။ မြို့ရိုးဟောင်းက ၂၂-ပေကျယ်တဲ့ ကျုံး၊ ၁၀-ပေ ကျယ်တဲ့ မြို့ရိုးနဲ့ ဝန်းရံထားပါတယ်။ အရှေ့ဖက်နဲ့ အနောက်ဖက်က မြို့တံခါးကြီးတွေကို ရှေးဟောင်းသုတေသနက တူးဖော်ထားပါတယ်။ မြို့ရိုးဟောင်းတွေ၊ တံခါးမကြီးတွေကို ကြည့်ပြီး တချိန်က ကပိလဝတ်ဟာ ကြီးကျယ်ခမ်းနားခဲ့မယ် ဆိုတာမှန်းဆနိုင်ပါတယ်။ ကပိလဝတ်ဟာ ချမ်းသာကြွယ်ဝပြီး လူနေ ထူထပ်ကြောင်း၊ လမ်းတွေမှာ ဆင်တွေ မြင်းတွေ လှည်းတွေ ရထားတွေနဲ့ ပြည့်ကျပ်စည်ကားကြောင်း မဟာဝဂ္ဂသံယုတ် မဟာနာမသုတ်မှာ တွေ့ရပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ အချိန်မှာတော့ ကပိလဝတ်မှာ အိမ်ခြေ ဆယ်စုလောက်ပဲ ရှိပါတော့တယ်။ ကပိလဝတ်ကနေ လုမ္ဗိနီကို သွားတဲ့လမ်းမှာလည်း လူသူကင်းဆိတ်နေပြီး ဆင်ဖြူတွေ၊ ခြင်္သေ့တွေရဲ့ ရန်ကြောင့် အထူးသတိထားပြီး သွားရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။




ကပိလဝတ္ထု နန်းတော်ရာ

ကပိလဝတ်မြို့ဟောင်းအတွင်းကို အနောက်ဖက် တံခါးအနီးကနေ ဝင်ရပါတယ်။ လူသွားလမ်းလေးအတိုင်း မီတာ-၂၀၀ လောက် လျှောက်လိုက်ရင် နန်းတော်ရာ အုတ်မြစ်ခုံကို တွေ့ရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသား စိုးစံဖို့အတွက် နွေမိုးဆောင်း ဥတုသုံးပါးနဲ့ လျော်ညီအောင် ဆောက်လုပ်ထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ နန်းပြသာဒ်ကြီး သုံးဆောင်ရဲ့ အုတ်မြစ်ခုံတွေလည်း ဖြစ်နိုင်ပါတယ်။ နန်းတော်ရာရဲ့ မြောက်ဖက်နားမှာ နတ်ကွန်းတစ်ခုရှိပါတယ်။ ဒီနတ်ကွန်းမှာ ဒေသခံတွေက အတီးအမှုတ်တွေနဲ့ ပူဇော်ပသပြီး သားဆု တောင်းလေ့ရှိကြောင်း သိရပါတယ်။

သားဆုတောင်းရာ နတ်ကွန်း

ကပိလဝတ္ထု အရှေ့တံခါးဆီသို့



ကပိလဝတ္ထု အရှေ့တံခါးနှင့် မြို့ရိုး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု မြို့ရိုး

နန်းတော်ရာနေရာကနေ အရှေ့ဖက်ကို မီတာ-၂၀၀ လောက်ဆက်ပြီး သွားရင် အရှေ့ဖက် မြို့တံခါးကို ရောက်ပါတယ်။ သိဒ္ဓတ္ထမင်းသားက ဒီအရှေ့ဖက်တံခါးကနေ တောထွက်တော်မူခဲ့တာ ဖြစ်လို့ “မဟာဘိနိက္ခမနဒွါရ” လို့လည်း ခေါ်ပါတယ်။ မြို့တံခါးကနေ အရှေ့ဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မလှမ်းမကမ်းမှာ စေတီပျက်ကုန်းလေး တစ်ခုကို တွေ့ရပါတယ်။ ဧည့်လမ်းညွှန်တွေကတော့ ကဏ္ဍကမြင်း ရင်ကွဲနာကျပြီး နတ်ရွာလားတဲ့ နေရာအထိမ်းအမှတ် လွမ်းစေတီလို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ်းစာတွေ အရဆိုရင်တော့ ကဏ္ဍကမြင်း ရင်ကွဲနာကျတဲ့နေရာဟာ အနောမာမြစ်ကမ်း နံဘေးမှာ ရှိရမှာ ဖြစ်လို့ ဟုတ်ဟန် မတူပါဘူး။ အလောင်းတော်မင်းသား တောထွက်မယ်လို့ ဆုံးဖြတ်ပြီး မြို့တံခါးက ထွက်တဲ့အခါ ကပိလဝတ်ကို ပြန်ပြီး ကြည့်လိုတဲ့ စိတ်ဖြစ်ပါတယ်။ ဒီလိုစိတ်ဖြစ်တာနဲ့ မဟာပထဝီမြေကြီးက အိုးထိန်းစက်လို လည်ပြီး မြို့တော်ကို ပြတယ်၊ နောင် ဒီနေရာမှာ ကဏ္ဍကအနိဝတ္တနစေတီ တည်ခဲ့ကြကြောင်း ဗုဒ္ဓဝင်အဋ္ဌကထာမှာ တွေ့ရပါတယ်။ အခုလှမ်းမြင်နေရတဲ့ ကုန်းမို့မို့လေးက ဒီစေတီ ဖြစ်နိုင်ပါတယ်။ ကပိလဝတ်ရဲ့ အရှေ့ဖက်တကျောက လယ်ကွင်းတွေမှာ ခမည်းတော် သုဒ္ဓေါဒနမင်း လယ်ထွန်မင်္ဂလာ ကျင်းပခဲ့ဖူးပါလိမ့်မယ်။ အလောင်းတော် မင်းသားလေးဟာ ခမည်းတော်ကို စောင့်ဆိုင်းရင်း မိမိရဲ့ ဝင်သက်ထွက်ကို အာရုံပြုနေတဲ့အခါ ပထမဈာန်အဆင့်ရှိတဲ့ သမာဓိကို ရတော်မူခဲ့တယ်ဆိုတဲ့ သပြေပင်ရိပ်နေရာသည်လည်း ဒီလယ်ကွင်းပြင်တွေရဲ့ အလယ်တနေရာရာမှာ ဖြစ်လိမ့်မယ်လို့ မှန်းဆ ကြည့်ရပါတယ်။ သပြေပင်ရင်းမှာ ကလေးဘဝက ရခဲ့ဖူးတဲ့ အာနာပါန ဈာန်သမာဓိဟာ နောင် မဟာဗောဓိပင်ရင်းမှာ ရရှိမယ့် သမ္မာသမ္ဗောဓိ ဉာဏ်တော်အတွက် အလွန် ကျေးဇူးများတယ်ဆိုတာကို စဉ်းစားမိခဲ့ပါတယ်။
ကပိလဝတ္ထု (@ Tilaurakot)

ကပိလဝတ်မြို့ရိုးဟောင်းရဲ့ မြောက်ဖက်မှာ မယ်တော်မာယာရဲ့ အရိုးအိုးစေတီနဲ့ ဖမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ ဓာတ်တော်စေတီလို့ ယူဆရတဲ့ စေတီပျက်နှစ်ဆူ ရှိပါတယ်။ ဒီစေတီ နှစ်ဆူကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြောက်ဖက်ကို ဆက်သွားရင် ဟိမဝန္တာတောင်ခြေထိ တိုင်အောင် ကျွန်းပင်၊ အင်ကြင်းပင်တွေ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ မဟာဝုန်တောကြီး ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အခါတွေမှာ ဆွမ်းစားပြီးရင် မဟာဝုန်တောကို ဝင်ပြီး နေ့သန့်စဉ် (တစ်ပါးတည်း သမာပတ်ဝင်စား) တော်မူလေ့ရှိပါတယ်။ နိဂြောဓာရုံက ကပိလဝတ်မြို့ တောင်ဖက် ၃-မိုင်ခွဲ (တောလိဟဝါမြို့ကနေ ၁-မိုင်ခွဲ) လောက်က ကူဒန်ရွာ (Kudan) အနီးမှာ ရှိပါတယ်။ ကပိလဝတ်မြို့ဟောင်းကို လေ့လာပြီးတဲ့နောက ဘုရားဖူးအဖွဲ့က နိဂြောဓာရုံကို သွားကြပါတယ်။

 



သားတော် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီလို့ သတင်းကြားတဲ့အခါ သုဒ္ဓေါဒနမင်းက အမတ်တွေကို စေလွှတ်ပြီး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ပင့်ဖိတ်စေခဲ့ပါတယ်။ ဘုရားပင့်ဖို့ ရောက်လာတဲ့ အမတ်တွေက တရားတော်ကို နာကြားရပြီးတဲ့နောက် ရဟန်းပြုသွားကြပြီး သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို လစ်လျူရှုထားကြပါတယ်။ အကြိမ်ကြိမ် စေလွှတ်ပေမယ့် မရတဲ့အဆုံး ဗုဒ္ဓနဲ့ ဖွားဖက်တော်ဖြစ်တဲ့ ကာဠုဒါရီအမတ်ကို စေလွှတ်လိုက်ပါတယ်။ ကာဠုဒါရီအမတ်လည်း ရဟန်းပြုသွားပေမယ့် သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို မမေ့လျော့ပဲ နွေဦးရာသီရဲ့ သာယာလှပပုံတွေကို ဖော်ကြူးပြီး မွေးရပ်မြေဖြစ်တဲ့ ကပိလဝတ်ပြည်ကို ကြွတော်မူဖို့ ဂါထာတော် ခြောက်ဆယ် (အတိအကျအားဖြင့် ၆၄-ဂါထာ) နဲ့ ပင့်လျှောက်တော်မူပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းသံဃာတော်တွေ ခြံရံပြီး တစ်နေ့ တစ်ယူဇနာခရီးနဲ့ နှစ်လကြာ ရာဇဂြိုဟ်ကနေ ကပိလဝတ္ထုကို ဒေသစာရီကြွ ချီခဲ့ပါတယ်။ ကပိလဝတ်ကို ရောက်တဲ့အခါ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ သီတင်းသုံးဖို့အတွက် နိဂြောဓ အမည်ရတဲ့ သာကီဝင်မင်းသားရဲ့ ဥယျာဉ်အရံကို လှူဒါန်းခဲ့ပါတယ်။ သာကီဝင်မင်းတွေက အလွန် မာန်မာနကြီးသူတွေ ဖြစ်တဲ့အလျောက် ဗုဒ္ဓမြတ်စွာထက် အသက်ရွယ် ငယ်ရွယ်သူတွေကသာ လက်အုပ်ချီမိုးပြီး ရှိခိုးကြပါတယ်။ ဗုဒ္ဓမြတ်စွာထက် အသက်အရွယ် ကြီးသူ သာကီဝင်မင်းများကတော့ ရှိခိုးခြင်း မပြုဘဲ နောက်ကနေသာ ခရီးဦး ကြိုဆိုကြပါတယ်။ မာန်မာနထောင်လွှားတဲ့ ဆွေတော်မျိုးတော်များကို ချေချွတ်ဖို့အတွက် ကောင်းကင်ယံထက်မှာ ယမိုက်ပြာဋိဟာ တန်ခိုးတော်ကို ပြတော်မူပါတယ်။ အဲဒီနောက် စိုစေလိုသူကိုသာ စိုစွတ်စေပြီး မစိုစေလိုသူတွေကို မစိုစွတ်စေတဲ့ ပေါက္ခရဝဿမိုးကြီး ရွာသွန်းတယ်လို့ ဗုဒ္ဓဝင်များမှာ ဖော်ပြထားပါတယ်။
နိဂြောဓာရုံကျောင်းတော်ရာ(@ Kudan)
နိဂြောဓာရုံ ကျောင်းဝင်းအတွင်းရှိ ပေါက္ခရဏီကန်
နိဂြောဓာရုံ ကျောင်းဆောင် (၁)

နိဂြောဓာရုံ ကျောင်းဆောင် ၂
စေတီပျက် ကုန်းမြင့် အမှတ် (၃)

ရှေးဟောင်းသုတေသနဌာနက ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နိဂြောဓာရုံဝင်းအတွင်းကို ဝင်လိုက်တာနဲ့ ပေါက္ခရဝဿမိုး ရွာသွန်းဖြိုးစဉ်က ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆရတဲ့ ပေါက္ခရဏီ ကြာကန်ကို တွေ့ရပါတယ်။ ကြာကန်ရဲ့ အနောက်ဖက် ကပ်လျှက်မှာတော့ ပင်မကျောင်းဆောင် (အမှတ် ၁) ရှိပါတယ်။ ကျောင်းဆောင်ထက်ကို သံလှေကားကနေ တက်လို့ ရပါတယ်။ အပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ စိုက်ထူထားတဲ့ သီဝလိင်ကို တွေ့ခဲ့ရပါတယ်။ ဒီကျောင်းရဲ့ မြောက်မှာ ရေတွင်း တတွင်းနဲ့ ကျောင်းဆောင် အမှတ် (၂) တို့ ရှိပါတယ်။ ရေကန်ရဲ့ တောင်ဖက်မှာ ရှိတဲ့ စေတီကုန်းမြင့်လေးကိုတော့ ရှေးဟောင်းသုတေသနဌာနက တူးဖော်ခြင်း မပြုရသေးပါဘူး။ ဒီကုန်းရဲ့ အထက်မှာ အစ္စလာန် အဆောက်အအုံတစ်ခု ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက ဒီစေတီကုန်းလေးဟာ သားတော်ရာဟုလာကို သာသနာ့အမွေ ပေးတဲ့အနေနဲ့ ရှင်သာမဏေပြုပေးတဲ့ နေရာ အထိမ်းအမှတ် စေတီလို့ ရှင်းပြပါတယ်။ “ရှင်သာမဏေအစ နိဂြောဓာရုံက” လို့ အဆို ရှိခဲ့ပါတယ်။ ထို့အတူ မိထွေးတော် ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးများက ဘိက္ခုနီအဖြစ် သာသနာဘောင် ဝင်ခွင့် ပြုဖို့ လျှောက်ထားခဲ့တာလည်း နိဂြောဓာရုံမှာပဲ ဖြစ်ပါတယ်။ လျှောက်ထားစဉ်ကတော့ ခွင့်မပြုခဲ့ပါဘူး (ဘိက္ခုနီသာသနာကို ဝေသာလီပြည်မှာ စတင်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်)။ အမျိုးသမီးတွေကို ပိုင်ဆိုင်စရာ ပစ္စည်းအဖြစ် သဘောထား ဆက်ဆံလေ့ရှိတဲ့ အိန္ဒိယ လူ့မှုအသိုင်းအဝိုင်းထဲမှာ ယောက်ျားသားများနဲ့ တန်းတူ ရဟန်းခံခွင့်ကို တောင်းဆိုခဲ့တဲ့ မိထွေးတော် ဂေါတမီကို ဗုဒ္ဓခေတ်ရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ် တင်စားနိုင်မယ် ထင်ပါတယ်။

1 comments: