စင်္ကာပူမှာနေစဉ်ကတည်းက ကိုဧရာက ဒီကို အလုပ်ကိစ္စနဲ့ လာရလေ့ရှိပါတယ်။ အဲ့ဒီအခါတွေ ကတည်းက ဒီမှာရောက်နေတဲ့ သူငယ်ချင်းက အလည်လိုက်လာဖို့ ခေါ်လေ့ရှိပါတယ်။ အကြောင်းမညီညွတ်လို့ မရောက်ဖြစ်ခဲ့ဘူး။ ဒီနိုင်ငံကို ပြောင်းလာရတော့ transit ဝင်ရတဲ့ လေဆိပ်မို့၊ သည်နိုင်ငံရဲ့မြေမှာ ပထမဦးဆုံးခြေချရတဲ့ အမှတ်တရမြို့ဖြစ်ခဲ့ပါတယ်။ Minneapolis and Saint Paul မြို့ကြီးနှစ်မြို့ ဆက်နေသမို့ Twin Cities လို့ ခေါ်တဲ့ Minnesota ပြည်နယ်ရဲ့ မြို့တော်ကို ရယ်ပါ။
လေဆိပ် Taxi stand မှာ အဖြူရောင်အငှားယာဉ်တွေ ညီညီညာညာ ရပ်ထားပုံက ကြည့်လို့ပင် ကောင်းသေးရဲ့။ ကိုယ့်အလှည့်ကျတဲ့ ဂိတ်နံပါတ်က ကားဆီသွား…တည်းခိုမည့် ဟော်တယ် နာမည်နဲ့ လိပ်စာ ရေးထားတဲ့ စာရွက်ပိုင်းလေးကို ဒရိုင်ဘာကို ပေးလိုက်တော့ (ကိုယ့် English အသံထွက်ကိုယ်မယုံကြည်လို့၊ ကြိုတင်ပြင်ဆင်ထားရတာပါ။) သူက ဟော်တယ်နာမည်ကို ကားရဲ့ GPS စက်မှာရိုက်ထည့်ပေမည့် လမ်းညွှန်က ထွက်မလာဘူး။ သူ စက်မှာ ဟိုစမ်းဒီစမ်းလုပ်နေချိန်၊ ကိုယ့်စိတ်ထဲ ဝင်လာတဲ့ အတွေးက “မအူမလည် သားအမိမို့ လူလည်ကျပြီး အဝေးကြီး လှည့်ပတ်ခေါ်သွားပြီးမှ ပိုက်ဆံပိုတောင်းတော့မလား” ရယ်ပါ။ လိပ်စာနဲ့ ဟော်တယ်နားက ထင်ရှားတဲ့ Mall of America ဆိုတဲ့ နာမည်ကို အသံမာမာနဲ့ ပြောလိုက်မိပါတယ်။ ခဏအကြာမှာပဲ လိုရာခရီးကို ရောက်ပါတယ်။ ကားဆရာက ဟော်တယ်နာမည်ကို မော့ကြည့်ရင်း နှုတ်က “ အော် ….” ဆိုပြီး၊ ရေရွတ်လိုက်မှ…. ကိုယ်ရေးပေးလိုက်တဲ့ စာရွတ်မှာ ရှေ့ဆုံးက အက္ခရာ နှစ်လုံး မပါတာ သတိထားမိပါတယ်။ သူတပါးစိတ်ကို တပ်အပ်သိနိုင်တဲ့ ပါဝါမရှိပါပဲ၊ ဆိုမာလီလူမျိုး ကားဆရာလေးရဲ့ ညိုမှိုင်းမှိုင်း ဟန်ပန်အသွင် အပြင်ပန်းကိုကြည့်ပြီး၊ ကိုယ့်အမှားကို သူ့အမှား ထင်၊ စိတ်ထဲက စွပ်စွဲမိတဲ့ အဖြစ်ကို နောင်တရမိပါတယ်။
ကိုဧရာအလုပ်ကနေ ပြန်လာတော့ ညနေစာစားဖို့ အချိန်စောသေးလို့ Mall of America အထဲမှာပဲရှိတဲ့ Sea Life Minnesota Aquarium ကို ဝင်ကြည့်ကြပါတယ်။ ညနေစာကို Forest Gump ရုပ်ရှင်ထဲက Theme ကို ယူပြီး ဖွင့်ထားတဲ့ Bubba Gump Shrimp Co. ဆိုင်မှာ စားကြတယ်။
မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်ရာ ကျောင်းများကို ဒီနိုင်ငံရောက်ပြီးမှစ ၉ လကြာသိတိုင် မရောက်ဖြစ်ခဲ့ရာက၊ သူငယ်ချင်း ဇနီးမောင်နှံက လိုက်ပို့ပေးလို့ Chisago မြို့ရှိ သီတဂူဓမ္မဝိဟာရကို ရောက်ခဲ့ရပါတယ်။ လက်ရှိသံဃာတော်များ သီတင်းသုံးနေရာ ကျောင်းဆောင်မှာ ဘုရားဆင်းတုတော်ကို တဝကြီး ဦးချ၊ သီတင်းသုံး သံဃာ သုံးပါးကို တပါးစီ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်မှန်းပြီး ဦးသုံးကြိမ်စီချပါတယ်။ ဆောက်လက်စ သံဃာဆောင်မှာ အပြီးသတ်လုပြီဖြစ်ပြီး၊ ရှေ့လုပ်ငန်းစဉ်များ အဖြစ် စေတီ သိမ်ကျောင်း၊ ကားပက်ကင်နေရာ၊ သစ်ပင်ပန်းမာလ် ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းများ ကျန်ရှိနေသေးကြောင်း ကြည်နူးစွာ သာဓုခေါ်ရင်း သိခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းက အပြန်မှာ ရှေးဦးမစွက နေခဲ့ကြတဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကား နာမည်ဆန်းဆန်းနဲ့Minnehaha Fall ရေတံခွန် ရှိရာ ပန်းခြံမှာ လမ်းလျှောက်ကြပါတယ်။ (မီနီဟားဟား ဆိုတာ ဟားတိုက်နေတဲ့ ရေတွေလို့ အဓိပ္ပါယ်ရပါတယ်)။ ရေတံခွန်က ရေတွေ အားပါးတရ ခုန်ပေါက်ကျနေပုံကို သဘောကျမိတော့ သူငယ်ချင်းက Spring မို့ ဒီလို ရေကျတာ၊ Fall တုန်းက ရေစီးက နှေးနှေးလေး၊ Winter ဆို ရေတွေက ခဲသွားရော…တဲ့။ ငယ်စဉ်က စာထဲသင်ခဲ့ရတဲ့အတိုင်း နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဟူသော ရာသီဥတုလေးမျိုးနှင့် အကျွမ်းဝင်ဖို့ရန် အသစ်အသစ်များကို လက်မခံလိုတော့သော မှတ်ဉာဏ်ထဲ တွန်းတွန်းထိုးထိုး ထည့်လိုက်ရပြန်ပါတယ်။ နာမည်သာကျန်ခဲ့ပြီး လူမျိုး ပျောက်ရတဲ့ အဖြစ်သနစ်ထဲက “ကိုလံဘတ်တို့ ရောဂါတွေ သယ်လာကြလို့လေ၊ သူတို့ကတော့ ရောဂါပိုးတွေနဲ့ ယဉ်ပါးနေပြီး ဌာနေတိုင်းရင်းသားတွေကတော့ ပါလာတဲ့ ရောဂါပိုးတွေကြောင့် သေကြေပျက်ဆီးကြရတယ်” လို့ အကြောင်းအချက်တခုကို ကိုဧရာက ပြောပြပါတယ်။ သွားရင်းလာရင်း ကားလမ်းဘေးမှာ ကောင်းကင်ဓာတ်ကြိုးနဲ့ သွားတဲ့ METRO လို့ ခေါ်တဲ့ ရထားကိုတွေ့တော့ ဒီရထားလမ်းပိုင်း အသစ်က ၂၀၀၂ခုနှစ်က မြို့တော်ဝန် Jesse Ventura ပြည်သူတွေဆီက အခွန်ကောက်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း၊ ခရီးသွားလာရေးမှာ ကိုယ်ပိုင်ကားကိုသာ အသုံးများတာမို့ ဆောက်လုပ်စဉ်က အသုံးမဝင်သည့်နေရာ ပိုက်ဆံပုံအောသုံးတယ်ဆိုပြီး ပြည်သူများက မြို့တော်ဝန်ကို ငြိုငြင်ခဲ့ကြသေးကြောင်း သူငယ်ချင်းက ရှင်းပြပါတယ်။
နောက်တနေ့မှာတော့ METRO ရထား BLUE Line ကို မိသားစု စီးကြည့်ပါတယ်။ ရထား၊ ကား တနေကုန် ကြိုက်သလောက်စီး လက်မှတ်ကို $3.50 နဲ့ ဝယ်ပါတယ်။ လက်မှတ်စစ်ဂိတ်ကိုလည်း မဖြတ်ရသလို၊ လက်မှတ်စစ်တဲ့လူကို မျှော်ပေမည့်လည်း ပေါ်မလာပါဘူး။ ပလက်ဖောင်းမှာ ရပ်ထားတဲ့ ရထားတွဲနားရောက်တော့၊ တံခါးကြီးက ခပ်တည်တည်ပိတ်နေလို့၊ ဆယ်မိနစ်တစီးကျထွက်တဲ့ နောက်တစီးကို စောင့်စီးရတော့မယ် ထင်မိပါတယ်။ တအောင့်နေတော့ ရထားကလည်း မထွက်သေးပါဘူးဆိုပြီး တံခါးမှာ ခလုတ်လို့ ထင်ရတဲ့ LED မီးလုံးလေးတွေ လင်းနေတဲ့ အဝိုင်းလေးကို နှိပ်လိုက်တော့မှ ရွှေတံခါးကြီး ပွင့်သွားပါတယ်။ အဲ့ဒီတော့မှ “ဟုတ်တယ်… ဟုတ်တယ်… ဥရောပက ရထားတွေဆိုလည်း ခလုတ်နှိပ်မှ တံခါးပွင့်တာ… အရမ်းအေးတဲ့ ဒေသတွေဆိုတော့ တံခါးက အမြဲ ပိတ်ထားတယ်” လို့ ကိုဧရာက ဆိုပါတယ်။ အော်…သူ့အရပ်နဲ့ သူ့ဇာတ် အခြေအနေကြည့် က တတ်ရပါတယ်။
ရထားတွဲတွေမှာ Siemens တံဆိပ်ကိုတွေ့ရတယ်။ ‘ရ’ ရထားကြီး ပျော်ပျော်စီးပြီး ဘယ်ကို သွားကြမလဲ။ သမိုင်းအချက်အလက်တွေကို စိတ်ဝင်စားတဲ့ သူတို့သားအဖက Fort Snelling ဆိုတဲ့ Historic Site ကို ရွေးလိုက်ကြပါတယ်။ ကိုယ်တိုင်ကတော့ ဘယ်ကို သွားချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာမျိုးထက် ရောက်တဲ့အရပ်မှာ ပျော်အောင် ကျင့်နေတတ်ခဲ့ပါပြီ။ ရထားပေါ်မှာလည်း စီးသူ ဖြိုးတိုးဖြောက်တောက်ပါပဲ။ Mall of America ဘူတာကနေ စစီးလာရာ လေဆိပ်ဘူတာမှာပဲ အတက်အဆင်း အနည်းငယ်များပါတယ်။ Fort Snelling ဘူတာရောက်တော့ ဆင်းလိုက်ကြတယ်။ ဘတ်စ်ကား စီးရဦးမယ်တဲ့။ မှတ်တိုင်မှာ ရေးထားတဲ့ အချိန်ဇယားအတိုင်းရောက်လာတဲ့ ဘတ်စ်ကားမှာတော့ ဒရိုင်ဘာထိုင်ခုံဘေးမှာ လက်မှတ်စစ်ပုံးလေးပါတယ်။
Memorial Day ပိတ်ရက်ရှည်ကာလမို့ ကလေးတွေကို အပန်းဖြေ ဗဟုသုတလေ့လာရေးခရီးအဖြစ် မိဘတွေက လိုက်ပို့ကြလို့ လူအတော်လေး စည်ကားနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နီးပါးက ခံတပ်ကို ထိန်းသိမ်းပြုပြင်ထားမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အခန်းတခန်းမှာ စစ်သားတွေက စစ်တိုက်သွားကြတဲ့အခါ ခံတပ်မှာကျန်ခဲ့တဲ့ မိန်းမတွေက လက်နက်တွေ လုပ်ရတဲ့အကြောင်း၊ ရှေးတုန်းက သုံးခဲ့တဲ့ ပန်းပဲဖိုနဲ့ သံချောင်းတွေ ထုရိုက် သရုပ်ပြနေပါတယ်။ နောက်တခန်း ဝင်ကြည့်လိုက်တော့ ကောင်မလေးတယောက်က ဒါက ပေါင်မုန့်ဖုတ်တဲ့အခန်း၊ မီးမမွှေးရသေးဘူး… ခဏနေ ငါက စစ်သား သွားလုပ်ရဦးမှာ… လို့ ရှင်းပြပါတယ်။ အလယ်က ကွင်းပြင်ကျယ်ကြီးမှာ စစ်ရေးပြတော့ ပေါင်မုန့်ဖုတ်တဲ့ စစ်သား ဝတုတ်မလေး ပါလာပါတယ်။ သေနတ်တွေ ပစ်ပြ၊ အမြှောက်တွေ ဖောက်ပြဆိုတော့ ကလေးတွေ သဘောကျကြပါတယ်။ Archaeology ပြခန်းမှာ အခု ပြသထားတဲ့ ပစ္စည်းတွေကို တချိန်က ဘယ်နေရာမှာ ဘယ်လို အသုံးပြုခဲ့ကြပေလိမ့်မယ်ဆိုတာကို နောက်ကြောင်းပြန် ပြောပြပုံမျိုးနဲ့ စိတ်ဝင်စားအောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အဆုံးသတ်ပုံလေးက “သင်တို့ အခု စွန့်ပစ်လိုက်တဲ့၊ ဒါမှမဟုတ် ပျောက်ရှသွားတဲ့ ပစ္စည်းတွေကို နောင်နှစ်ပေါင်းတစ်ရာလောက်ကျရင် ဒီလိုပဲ လေ့လာကြဦးမှာပါ” တဲ့ ဘယ်လောက်များ သံဝေဂ ရစရာကောင်းလိုက်ပါလဲ။
အပြန်မှာ စီးရမည့် ဘတ်စ်ကားကြီးက ရှေ့တင် ဂိတ်ထိုးလို့။ စီးမည့်သူကလည်း ကိုယ်တို့ မိသားစု သုံးယောက်တည်း။ ကားဒရိုင်ဘာကြီးက ဆယ်မိနစ်နေမှ ထွက်ပါမယ် ပြောပြီး သူ့နေ့လယ်စာ ပေါင်မုန့်နဲ့ ကျူနာငါးစည်သွတ်ဘူးကို ကားထဲမှာတင် စားနေလေရဲ့။ ကိုယ်တို့လည်း ကားအပြင်ထွက်စောင့်နေလိုက်တယ်။ နေ့လည်စာ စားပြီး၊ ကားဆရာကြီးလည်း မြေပဲလို အစေ့အဆံထုတ်လေးကို ပါးစပ်နဲ့ကိုက်ဖြတ်ဖောက်ပြီး ကိုယ့်လက်ထဲ လောင်းထည့်ပေးမလိုလုပ်လို့ “စားပါ..စားပါ…” လို့ပြောလိုက်ရတယ်။ ဘေးက စီးမိုးမြင်နေရတဲ့ Mississippi မြစ်ထဲ ဆန်တက်လာနေတဲ့ “ဟော ဟိုမှာ ကနူး ကနူး… ဟော ဟိုမှာ စပိဘုတ်” နဲ့ ပြပါတယ်။ မီးခိုပြာမျက်လုံး မုတ်ဆိပ်ကျင်စွယ် ဖြူစွတ်စွတ်တွေနဲ့ အဖိုးကြီးကို “မင်းရော ကနူးစီးလေ့ရှိလား …” မေးတော့၊ “ဟာ…စီးတာပေါ့… မြောက်ပိုင်းကို တက်သွားပြီး၊ အဲ့ဒီမှာ ငါ့သမီးရှိတယ်..သူမှာ ဘုတ်တွေရှိတယ်” ဆိုပြီး ပြောပြပါတယ်။ လုံးစေ့ပတ်စေ့တော့ နားမလည်ပါဘူး။ ကိုယ့်မျက်လုံးတွေကတော့ သူပြောနေတာကို စိတ်ဝင်စားကြောင်းပြရတာပေါ့။
နောက်တနေရာ Minneapolis Institute of Arts ကို ရထားတတန်၊ ဘတ်စ်ကားတတန်စီးပြီး သွားကြပြန်တယ်။ အရှေ့တောင်အာရှ၊ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက စတဲ့ ကမ္ဘာအနှံအပြားက ကျောက်ဆစ်၊ ပန်းချီ၊ ပန်းပု အနုလက်ရာတွေကို အခန်းခန်း အကန့်ကန့်ခွဲပြီး စနစ်တကျ ပြသထားပါတယ်။ မြန်မာပြည်က ယွန်းထည်တွေနဲ့ မကျည်းသီးကမ္မဝါစာတွေကို ပြထားတာတွေ့ရသလို၊ မြန်မာ့လက်ရာ ဘုရားဆင်းတုတော်ကိုလည်း ဖူးမြော်ခဲ့ရပါတယ်။ တခေတ်တခါက လူတွေဟာ သူတို့ စွမ်းနိုင်သလောက် လူ့အဖြစ်ကို ပြသသွားမှုတွေကို ဂုဏ်ယူကြည်နူးခံစားခွင့် ဘဝမှာ တခါတရံလိုအပ်ပါတယ်။ သူတို့ကို အားကျရင်း၊ ကိုယ်တိုင်လည်း လူသားအဖြစ် ဘယ်လောက် အစွမ်းပြနိုင်မလဲ ဖျစ်ညှစ်ထုတ်ကြည့်ချင်စိတ် ပေါ်လာစေပါတယ်။
နောက်တနေ့မှာတော့ ပြန်ရမည့်နေ့ ဖြစ်ပါတယ်။ မပြန်ခင် အချိန်ရသလောက် ရထား အစအဆုံးလျှောက်စီးကြည့်ချင်ပါသေးသတဲ့။ GREEN Line ကို အဆုံးထိစီးဖို့ လိုက်သွားရင်း State Capitol ဘူတာရောက်တော့ ဆင်းလိုက်ပါတယ်။ Minnesota ပြည်နယ်ရဲ့ မြို့တော်ရုံးရှိရာ ပန်းခြံကြီးထဲ ခဏလမ်းလျှောက်တော့ အခြားပြည်နယ်တွေက လာရောက်လေ့လာ လည်ပတ်သူတွေ တွေ့ခဲ့ရပါတယ်။ ရထားအစီးကောင်းနေတာနဲ့ လေယာဉ်ချိန်မှီအောင် အပြေးတပိုင်းသွားခဲ့ရတာလည်း အမှတ်တရပါ။ လေယာဉ်က ခပ်နိမ့်နိမ့်သာ ပျံသန်းတာမို့ စိမ်းစိုသာယာလှပတဲ့ မြစ်ချောင်းအင်းအိုင်တွေကို အပေါ်စီးကနေ မြင်ခွင့်ရခဲ့ပါတယ်။ ကောင်းကင်ပြာမှာ အဖြူရောင် တိမ်အဆုပ်အဆုပ်တွေကလည်း ကိုယ့်နိုင်ငံက တိမ်တွေ အတိုင်း ဟိုတစု ဒီတစု ကြည်စင်လို့ပါပဲ။
Colorado ကို ရောက်တော့ နှင်းပျောက်ကြားဝတ်စုံကို ဝတ်ရုံထားတဲ့ တောင်တန်းကြီးတွေက မြူခိုးမှောင်မှောင်နောက်မှာ စူးရဲရဲ နေလုံးနီကြီးကို ထမ်းပိုးလို့…။
ဘဝဆိုတာ ဒီလိုပါပဲ… သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ တခုနဲ့တခု အပြန်အလှန်ကျေးဇူးပြုနေကြတဲ့အထဲ ကျင်လည်ရတာပါပဲ။









































1 comments:
( သဘောကျတယ်ကွာ ) :D
Post a Comment