ပင်လယ်ကမ်းခြေအနီးက ကျောက်ကမ်းပါးပြတ်မှာ ရပ်ရင်း … မျက်စိတဆုံး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး၊ ကျောက်ကမ်းပါးကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ရိုက်ခပ်လာတဲ့ ဧရာမလှိုင်းလုံးကြီးတွေကို ကြည့်ပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ သဘာဝအလှအောက်မှာ ကြည်နှုး အံ့ဩမှုနဲ့ စိုးထိတ် သိမ်ငယ်မှုကို အတူတွဲပြီး ခံစားဖူးတယ်။
ဒီလို စီးမိုးတဲ့ အလှမျိုးတွေကို sublimity လို့ ခေါ်လေ့ရှိပါတယ်။ သဘာဝတရားကြီးကသာမက အချို့သော စာတွေကလည်း ဒီလို အလှမျိုး၊ ဒီလိုရသမျိုးကို ပေးတတ်ပါတယ်။ စာပေကရတဲ့ Sublimity ကတော့ စိုးထိတ်မှုအစား … အရေးတကြီး တခုခု လုပ်ဖို့ လို့ပြီလို့ သိလိုက်တဲ့ sense of urgency သံဝေဂအသိမျိုး ….၊ သိမ်ငယ်မှုအစား … “ငါ” ဆိုတဲ့ အတ္တ ပါးလျှ ကြုံလှီသွားစေတဲ့ ခံစားမှုမျိုးကို ပေးတတ်ပါတယ်။ “ငါဟာ ဘာမှ မဟုတ်ပါလား” လို့ သိလိုက်ရတဲ့ အသိက တခါတလေမှာ အငုံ့စိတ် (inferiority complex) ဖြစ်နေနိုင်သလို၊ တခါတလေမှာ အမြင့်ကို လှမ်းညွှတ်နိုင်တဲ့ အသိမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
Sublimity ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်က အမြင့်ဂုဏ်လို့ ဘာသာပြန်ပါတယ်။ “အမြင့်သို့ အာရုံညွှန့်တက်ခြင်း (သို့မဟုတ်) ကဗျာ” ဆိုတဲ့ အမည်နဲ့ Sublime ဖြစ်တဲ့ ကဗျာတွေအကြောင်း စာတစ်အုပ်ရေးခဲ့ဖူးတယ်။ မြန်မာကဗျာတွေကို အနောက်တိုင်း စာပေဝေဖန်ရေးနယ်က Sublimity ရှုထောင့်ကနေ သုံးသပ်ပြထားတဲ့ စာအုပ်လို့ ဆိုနိုင်ပါတယ်။
sonata-cantata ဆိုတဲ့ ဒီဘလော့ဂ်လေးရဲ့ အမည်ကလည်း ဒီစာအုပ်ကနေပဲ ရခဲ့ပါတယ်။