Saturday, July 11, 2020

ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့

“ကချင်ပြည်ကို လာပါ့ တကယ်ပျော်တယ်နော့” ဆိုတဲ့ တေးသွားလေးက ဆိုလို့ ကလို့ ကောင်းလို့ လူတိုင်းလိုသိကြပါတယ်။ ကချင်ပြည်ကိုတော့ ကျွန်မ မရောက်ဖူးသေးပါဘူး။
ကျွန်မတို့ မန္တလေးက ဘေးအိမ်မှာ “ကိုလာလာ” ဆိုတဲ့ ကာရာအိုကေဆိုင်ရှိပါတယ်။ ကာရာအိုကေ မယ်လေးတွေက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” လို့ သူတို့ဆိုင် (အရက်) အရောင်းမြှင့်တင်ရေးအတွက် ဆိုလေ့ရှိတာကို အမြဲလို ကြားနေရပါတယ်။ ဆိုင်က ကလေးက ကျွန်မတို့ အိမ်မှာ ဖွင့်ထားတဲ့ မူကြိုမှာ တက်ပါတယ်။ မူကြိုမှာ ကလေးက “ကိုလာလာ ကို လာပါ့ တကယ်ပျော်တယ်နော့” တေးသွားလေး တညည်းညည်းနဲ့ ပေါ့။ ကျောင်းဆင်းလို့ အိမ်ပြန်ချိန် နှုတ်ဆက်ပြီ ဆိုရင် “ဆရာမ မီးမီးတို့ဆိုင်ကို လာလည်နော်” လို့ တတွတ်တွတ် မှာရှာပါတယ်။ လာကြိုသူ အဖေက “ဟာ ဆရာမ လာလို့မရဘူး မီးမီးရဲ့” လို့ သာ ပြောနိုင်ပြီး၊ ဖေဖေရော ဆရာမများပါ ဘာမှ ဆက်မပြောတတ်ကြတော့ပါဘူး။
ပြောချင်တာက ကော်လိုရာဒိုမှာ သဘာဝတောတောင် ရှုခင်းတွေက ကျွန်မကို ဖမ်းစားတိုင်း "ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့” လို့ ရင်ထဲက ဆိုညည်းမိတာပါ။ ကော်လိုရာဒိုကို ရောက်ကာစက တောင်ကြီးတွေက ရာသီဥတု အခြေအနေကို လိုက်ပြီး အရောင် ပြောင်းတတ်ကြောင်း စာတစ်ပုဒ် ရေးခဲ့ဖူးတာက လွဲပြီး၊ မှတ်တမ်းတွေ ဆက်မရေးဖြစ်တော့ပါဘူး။
မဟာသမယသုတ်တော် မှာ အဓိက ဇာတ်ကောင်များဖြစ်တဲ့ သာကီဝင် မင်းသား ၅၀၀ ဟာ သာသနာ့ဘောင်ကို ဝင်လာကာစမှာ မပျော်ပိုက်ပဲ အိမ်ကိုချည်း စိတ်ရောက်နေလို့၊ မြတ်စွာဘုရားက ဟိမဝန္တာတောင်ကို ခေါ်သွားပြီး ဦးစွာစိတ်နှလုံးတွေကို အေးငြိမ်းစေတယ် လို့ မှတ်သားဖူးပါတယ်။ တည်ငြိမ်တဲ့ စိတ်နှလုံးနဲ့မှ မြတ်စွာဘုရားဟောတဲ့ တရားကို နှလုံးသွင်း၊ ဆက်လက် ကျင့်ကြံအားထုတ်နိုင်မှာမို့ပါ။ လူအများပြောစမှတ်တွင်ရတဲ့ “ဟိမဝန္တာ ချီးမွမ်းခန်း” ဆိုတဲ့ စကားစုလေးလို၊ တောတောင်ရေမြေ သဘာဝ အလှတရားတွေက ဘယ်ပန်းချီရေးလို့ မမီ၊ ညွှန်းစာဖွဲ့လို့ မမီ မဟုတ်ပါလား။
အတွင်းအဇ္ဈတ္တက အပြင်ဗဟိတ္တကို ရင်ဆိုင် တုန့်ပြန်ရာမှာ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေအလိုက် တုန့်ပြန်လေ့ရှိကြတယ်တဲ့။ ကျွန်မမှာတော့ အတိတ်ဘဝက အလေ့အထုံတွေကို ခဏထားဦး၊ ငယ်ဘဝရယ်၊ Landscape ကုမ္ပဏီမှာ ပုံဆွဲလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရယ်၊ Soil Investigation ကုမ္ပဏီမှာ Geologist တွေရဲ့ Report data တွေကို စီကာစဉ်ကာ ပြင်ဆင်ပေးခဲ့ရတဲ့ အတွေ့အကြုံတွေရယ်နဲ့ ကော်လိုရာဒိုကို ရင်ဆိုင်နေမိတာပါပဲ။
ကျွန်မတို့ ငယ်ငယ် မိဘအိမ်က ကုန်သည်ပွဲစား အလုပ်အကိုင်ကြောင့် မိသားစုဝင်တွေအပြင် အလုပ်သမားတွေ၊ အိမ်အကူတွေနဲ့ လူများပါတယ်။ လူအများနဲ့ ဆက်ဆံရေးမှာ ကျွန်မက ဂုဏ်မောက်တယ်လို့ ကွယ်ရာမှာ တီးတိုးစကား ဆိုလေ့ရှိကြတယ်။ တစ်ခါတော့ အလုပ်သမားတစ်ယောက်ကို “အဆင့်အတန်းဆိုတာ ရှိတယ်ဟေ့” လို့ ပြောလိုက်ချိန်မှာ အပြောခံရသူရော၊ ဘေးက ကြားလိုက်တဲ့ အိမ်အကူအပေါင်းပါ မျက်စိမျက်နှာ ပျက်ကြတဲ့ မြင်ကွင်းကို မှတ်မိနေပါတယ်။ “တရားကို သိမြင်ရာမှာ သောတပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ ရယ်လို့ အဆင့်တွေ ရှိတယ်၊ အဲ့သည့် အဆင့်အတန်းကို ပြောတာ” လို့ ဆက်ပြောလိုက်မှ ဟင်းချသွားတဲ့ သူတို့ မျက်နှာ အမူအယာတွေကိုပါ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ အလွှာ အလွှာ အထပ် အထပ် ဖြစ်နေတဲ့ ကျောက်လွှာ အပြတ်ပြတ်နဲ့ တောင်ကျောတွေကို မြင်ရတိုင်း၊ အဲ့ဒီ အဆင့်အတန်း အဖြစ်အပျက်လေးကို သတိယမိစေတယ်။
သဘာဝအတိုင်းဖြစ်နေတဲ့ Landscape တွေကို လူတွေက အတုယူပြီး ကိုယ်လိုချင်တဲ့ နေရာမှာ လိုသလို ဖန်တီးယူကြတာပါ။ သဘာဝတရားက ဆရာကြီးပါ။ ဆရာကြီးဆီက မသင်ယူပဲနဲ့ ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ ထိုင်ဖူးဖို့ဆိုတာ ဟိုးအဝေးကြီးမှ အဝေးကြီးရယ်။
စင်္ကာပူက သူဌေးတွေနေတဲ့ Bukit Timah ရပ်ကွက်က မြေကို drill hole တူးပြီး မြေစမ်းရင်၊ အခြားနေရာတွေနဲ့မတူ။ စင်္ကာပူ တစ်ကျွန်းလုံးမှာ သက်တမ်းအရင့်ဆုံး အကောင်းစား ကျောက်သားမြေ ဂရိုင်းနိုက် Granite တွေချည်းသာ တွေ့ဖန်များတော့၊ ကြားဖူးတဲ့ ဒဏ္ဍာရီထဲက သူဌေးကြီးတွေရဲ့ မြေပေါ် မြေအောက် ပိုင်ဆိုင်မှုတွေ အကြောင်းနဲ့ ဆက်စပ်တွေးပြီး၊ သူဌေးတွေမို့ Granite ပေါ်နေကြတာလား၊ သူဌေးတွေနေဖို့ Granite တွေ ဖြစ်နေတာလား။ မြေဆီတွေခမ်း၊ အဖိုးတန် သယံဇာတတွေ မြေအောက်နစ်သထက်နစ်ဝင် ဆိုတဲ့ သက်မဲ့ ကမ္ဘာလောကကြီးရဲ့ သက်ရှိ သတ္တဝါတွေနဲ့ စိတ်ဝင်စားစရာ ဆက်စပ်နေမှုတွေ။ ကိုယ့်ဉာဏ်မမီသမျှ ဓာတ်ကြီးလေးပါးမှာ အတွေးရပ်၊ တရစပ် ပြောင်းလဲနေတာမှာ သတိကပ်လိုက်တဲ့ အခိုက်အတန့်တွေ။
တရားစကားတွေ ပြောလှချည့်လားလို့ အထင်တော့မကြီးလိုက်ပါနဲ့ဦး။ လူဆိုတာ သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့သဘာဝနဲ့သူ ရယ်ပါနော်။
“တိရစ္ဆာန်တွေကို ရွေ့လျားလို့ရတဲ့ သစ်ပင်တွေ...”လို့ ကျွန်မ အမျိုးသားက ဆိုရင်၊ “တောင်တွေကတော့ ရွေ့လျားလို့ မရတဲ့ မျက်နှာတွေလား” လို့ မေးချင်မိတယ်။ ကံကြောင့် ကျွန်မတို့တွေရဲ့ ရုပ်သွင်တွေ ကွဲပြားကြသလို၊ ရွှေထွက်တဲ့ တောင်က ရွှေဝါရောင် အဆင်းရှိပြီး၊ ကြေးနီတောင်က တကယ်ကို အနီရောင်ကြီးရှင့်။ ကျွန်မတို့တတွေ စိတ်ကောင်းဝင်နေချိန်ဆို မျက်နှာလေးတွေက ဝင်းပနေတတ်သလို၊ ရာသီဥတု သာယာနေချိန် နေရောင်ကလည်း ထောင့် မှန်မှန်ကန်ကန်ကများ ပေးလိုက်ပြီဆိုရင် မျက်ခွံလေးပေါ်မှာ Eye shadow လေးနဲ့ ပါးမို့လေးမှာ ပါးနီလေး ဖျော့ဖျော့တင်လို့ နှုတ်ခမ်းသွေး ပြေပြေဆိုးထားတဲ့ တောင်တွေကို မြင်နိုင်ပါတယ်လေ။
(ကော်လိုရာဒိုမှ လှတာမဟုတ်ပါနော်။ ဟိုးကချင်ပြည်က စ လို့၊ 'က' မှ 'အ' ထိ အလှကိုယ်စီရှိပါသည်။
လာလည်မယ်ဆိုတဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အားထည့်၍ ရေးသည်။)


0 comments: