Thursday, June 26, 2008

အဘိဓမ္မာ နှင့် ဓမ္မာ

ပင်လယ်သမုဒ္ဒရာသည် အလွန်ကျယ်ပြောသော သဘောရှိသည်။ အလွန်နက်ရှိုင်းသော သဘောလည်းရှိသည်။ ထိုပင်လယ်သမုဒ္ဒရာနှင့် နှိုင်းစာလျှင်၊ ဘဝအဆက်ဆက်ကျင်လည်ခဲ့ရသော သံသရာကား အစရှာ၍ မရနိုင်အောင် အလွန်ရှည်လျားလှသည်။ သံသရာဟူသည် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ အဆက်မပြတ် တရစပ် ဖြစ်ပျက်နေသော အစဉ်ဟု အဓိပ္ပယ်ဖွင့်သည်။ ထိုသို့ အပြောကျယ်သော သံသရာအား ကူးခတ်လွန်မြောက်နိုင်ရန် အတွက် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ကို ဘုရားရှင်က ဝိနည်း၊ သုတ္တန်၊ ဘိဓမ္မာဟူသော ပိဋကသုံးသွယ် နည်းပင်လယ်ကြီးဖြင့် ဟောကြားတော်မူခဲ့သည်။ ဤသို့ဟောကြားတော်မူနိုင်ခြင်းသည်လည်း ဉေယျဓမ္မ ခေါ် သိနိုင်သောတရားမှန်သမျှအား အကြွင်းအကျန်မရှိ ထိုးထွင်း၍ သိတော်မူနိုင်သော သဗ္ဗညုတဉာဏ်တော်၏ ကျယ်ပြောနက်ရှိုင်းမှုကြောင့် ဖြစ်ပေသည်။ ပင်လယ်သမုဒ္ဒရာ, သံသရာ, ပိဋကသုံးပုံ ဒေသနာနည်း အသွယ်သွယ် နှင့် သဗ္ဗညုတဉာဏ်တော်တို့အား ကျယ်ပြော နက်ရှိုင်းသည့် သာဂရ (ပင်လယ်) လေးပါးဟု စာပေတွင် သတ်မှတ်ထားသည်။

ပိဋကသုံးပုံ ဒေသနာတော်နည်း အသွယ်သွယ်ဟူသော နယသာဂရတွင် အဘိဓမ္မာဒေသနာတော်သည် အခြားသော ဒေသနာတော်တို့ထက် သာလွန်ထူခြားစွာ နက်နဲကျယ်ပြော၏။ ထိုသို့ သာလွန်ထူးခြား (ဓမ္မာတိရေက ဓမ္မာဝိသေသ) ၍ပင်၊ “အဘိဓမ္မာ” ဟူသော အမည်ဆောင်လေသည်။

အဘိဓမ္မာဒေသနာတော်သည် “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျကတာဓမ္မာ” အစချီ၍ “ဓမ္မ” တို့ကို အသေးစိတ်နည်း အသွယ်သွယ်ဖြင့် ဟောကြားထားသည်။ ဓမ္မကို “တရား” ဟူသော မြန်မာဝေါဟာရဖြင့် ဖလှယ်၍သုံးသည်။ ဓမ္မသည် နေရာ အသုံးအနှုန်းအလိုက် အနက်အဓိပ္ပါယ် အမျိုးမျိုးဆောင်သည်။ မြတ်စွာဘုရားဟောကြားအပ်သော တရားဒေသနာ (Teaching) ဟုဆိုလိုသည်လည်း ရှိသည်။ သုတ်, ဂါထာ, ဥဒါန်းစသဖြင့် သင်ယူအပ်သော စာပေပရိယတ္တိ (Scripture) ကို ဆိုလိုသည်လည်းရှိသည်။ ဓမ္မ, အဓမ္မ (တရားခြင်း, မတရားခြင်း) စသည်တွင် ကောင်းသောဂုဏ် (moral quality, righteousness) ဟုအနက်ရသည်။ ဓမ္မစကြာတွင် “ဒိဋ္ဌဓမ္မော ပတ္တဓမ္မော” စသဖြင့် ဟောကြားရာ၌ မြင်အပ်, ဆိုက်ရောက်အပ်သည့် သစ္စာတရား (Truth) ဟူသည့် အဓိပ္ပါယ်ရသည်။ ဉာဏ်ဖြင့်သိအပ်သောတရား (ဉေယျဓမ္မ) ဟူသော အဓိပ္ပါယ်ဆောင်သည်လည်း ရှိ၏။ ပုဂ္ဂိုလ်, သတ္တဝါမဟုတ်သော သဘောတရားသက်သက်ဟု အဓိပ္ပါယ်ရသည် လည်းရှိသည်။ အဘိဓမ္မာဒေသနာတွင်ကား ပုဂ္ဂိုလ်, သတ္တဝါမှ ဆိတ်သုန်းသော သုညတတရား၊ သဘာဝတရားတို့ကို ပဓာနထား၍ ဟောကြားထားသည်။

အဘိဓမ္မာ ကထာဝတ္ထုကျမ်းတွင် “ပုဂ္ဂိုလ်အား မှန်ကန်သောသဘော, မြတ်သောသဘောဖြင့် ရအပ်သလော?” (ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ) ဟု စီစစ်ဝေဖန်၍ ဟောကြားထားသည်။ ထိုဒေသနာအား မှီး၍ ဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိအပ်(ရအပ်)သော သဘောတရားတို့ကို “ပရမတ္ထတရား” ဟုခေါ်သည်။ အမှန်တကယ်မရှိ အထင်ဖြင့်သာ ကြံဆ၍သိရသော “ငါ သူတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ” စသည်တို့အား “ပညတ္တိတရား”ဟု ခေါ်သည်။ ပရမတ်တရားတို့သည် (အမှန်ရှိသည့်အတိုင်း) ဉာဏ်ဖြင့်သိရသော တရားဖြစ်၍၊ ပညတ်တရားတို့သည် (အမှန်ရှိသည်မှ သွေဖီ၍) အထင်ဖြင့် သိရသောတရားဖြစ်သည်။ ပညတ်သည် အထင်ဖြင့် ပြီးသောတရား (ပရိကပ္ပသိဒ္ဓ) ဖြစ်၍၊ ပရမတ်သည် မိမိ၏ ပင်ကိုယ်သဘာဝအားဖြင့် ပြီးသောတရား (သဘာဝသိဒ္ဓ)ဖြစ်သည်။

“အတ္တနော သဘာဝံ ဓာရေန္တီတိ ဓမ္မာ” မိမိ၏ သဘောကို မိမိဆောင်သောကြာင့် ဓမ္မာဟု ခေါ်ရကြောင်း ဓမ္မသင်္ဂဏီအဖွင့်ကျမ်းဖြစ်သော အဋ္ဌသာလိနီအဋ္ဌကထာတွင် အဓိပ္ပါယ်ဖွင့်ပြသည်။ သဘောတရားဟူသည် သဘာဝဓမ္မကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ သဘော နှင့် သဘာဝသည် အနက်အဓိပ္ပါယ်အတူတူပင်ဖြစ်သော်လည်း၊ မြန်မာစာတွင် သွင်ပြင်လက္ခဏာ အမူအရာ တို့ကို သဘောဟု သုံးနှုန်းလေ့ရှိပြီး၊ သဘာဝဟုဆိုလျှင် တောတောင်ရေမြေ မိုးလေဝသစသော လူတို့ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများ အဖြစ်နားလည်ကြသည်။

ပထမအဓိပ္ပါယ်အရ “ပူခြင်း, အေးခြင်း, သိခြင်း, ခံစားခြင်း” စသဖြင့် အသိစိတ်တွင် သိစေနိုင်မည့် အမူအရာ, အသွင်ပြင်, အမှတ်အသား လက္ခဏာများကိုဆိုသည်။ သဘာဝသည်ပင် လက္ခဏာဖြစ်သည်။ ထို့ကြောင့်ပင် “အတ္တနော လက္ခဏံ ဓာရယန္တီတိ ဓမ္မာ” မိမိ၏ လက္ခဏာကို ဆောင်သောကြာင့် ဓမ္မာ ဟုခေါ်ကြောင်း သမ္မောဟဝိနောဒနီခေါ် အဘိဓမ္မာဝိဘင်း အဖွင့်အဋ္ဌကထာကျမ်းက ထပ်မံ၍ ဖွင့်ပြပြန်သည်။

ဝေါဟာရတို့သည် ဓာတ် ခေါ် အနက်ဓိပ္ပါယ် ရင်းမြစ်(root) များမှ ဆင်းသက်လာသည်ဟု ယူဆသည့်အားလျော်စွာ၊ အဋ္ဌကထာခေတ်စာပေတို့တွင် ဓာတ်တို့၏ အနက်ကိုဖော်၍ ဝေါဟာရတို့၏ အဓိပ္ပါယ်ကို ဖွင့်ဆိုလေ့ ရှိခဲ့ကြသည်။ ဓမ္မာဟူသော ဝေါဟာရအား “√ဓာ = ဆောင်ခြင်း” ဟူသော ဓာတ်နက်သံပါအောင် မိမိလက္ခဏာကို ဆောင်၍ ဓမ္မ၊ မိမိ သဘာဝကို ဆောင်၍ ဓမ္မ စသဖြင့် ဖွင့်ဆိုကြလေသည်။ ဤတွင် သဘာဝ၏ နောက်ကွယ်တွင် ထိုသဘာဝကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင်၊ ခက်မာမှုစသော လက္ခဏာတို့နောက်ကွယ်တွင် ထိုခက်မာမှုလက္ခဏာကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင် အထင်မှားဖွယ်ရှိသည်။ အနောက်တိုင်းဒဿနတို့တွင်လည်း ခေတ်အဆက်ဆက် phenomenon ခေါ် သွင်ပြင်လက္ခဏာတို့၏ နောက်ကွယ်တွင် ပကတိ တည်ရှိနေသော အနှစ်သာရတရား (essence) ရှိသည်ဟု ယူဆခဲ့ကြလေသည်။ အပေါ်ယံသွင်ပြင်လက္ခဏာတို့သည် ဖြစ်ပေါ်ပြောင်းလွဲနေကြသော်လည်း တည်တန့်ခိုင်မြဲသော အနှစ်သာရတရားတို့ အပေါ်မှီ၍ ဖြစ်ပေါ်ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အဘိဓမ္မာဒေသနာသည် အနတ္တဒေသနာဖြစ်သည်။ “အသာရဋ္ဌေန အနတ္တာ” ဟူသောစကားအတိုင်း အနှစ်သာရမရှိခြင်းသည်ပင် အနတ္တသဘောဖြစ်ရာ၊ သဘာဝနှင့် သဘာဝန္တ ခေါ် သဘာဝကိုဆောင်သော အခံဒြပ် (substance) ဟု နှစ်မျိုး မကွဲပြားပါ။ လက္ခဏ နှင့် လက္ခဏာကိုဆောင်သောတရားဟု နှစ်မျိုး မကွဲပါ။ ခက်မာခြင်းဟူသော လက္ခဏာသည်ပင် ပထဝီဟူသော ဓမ္မဖြစ်သည်။ သဘာဝသည်ပင် ဓမ္မဖြစ်သည်။ ထို့ကြောင့် “န စ ဓာရိယမာနသဘာဝါ အညော ဓမ္မော နာမ နတ္ထိ - ဆောင်ထားသောသဘာဝတို့မှတစ်ပါး ဓမ္မဟု အမည်ရခြင်းမရှိ” ဟု မဟာဋီကာက ဖွင့်ပြသည်။

ဒုတိယအဓိပ္ပါယ်အရ တောတောင်ရေမြေ မိုးလေဝသစသော လူတို့ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများအားလည်း သဘာဝဟု ခေါ်သည်။ လူနတ်ဗြဟ္မာတို့က ဖန်တီးထားခြင်း မဟုတ်။ အတ္တက ဖန်တီးထားခြင်း မဟုတ်။ သဘာဝအလျောက် ဖြစ်ပျက်ပြောင်းလဲနေရသော တရားများဟု ဆိုလိုသည်။ သဘာ၀ ဟူသော ပါဠိဝေါဟာရအား (သ-မိမိကိုယ်တိုင်၏ + ဘာဝ-ဖြစ်ခြင်း) မိမိကိုယ်တိုင်၏ ဖြစ်ခြင်း၊ မိမိအလိုလို ဖြစ်ခြင်းဟူသော အနက်အဓိပ္ပါယ်ရသည်။ အနောက်တိုင်းဒဿနတို့မှ thing-in-itself/ being-in-itself ဟူသော အဓိပ္ပါယ်ရသည်။ ဤတွင်လည်း သဘာဝသိပ္ပံပညာ နှင့် အချို့ဒဿနတို့တွင်ကဲ့သို့ နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်ကာ ရုပ်ဝါဒကို စောင်းပေးသော အစွန်းတရားများနှင့် ကြုံတွေ့နိုင်သည်။ သူ့အလိုအလျောက်ဖြစ်ပျက်နေသည်ဟူသော အဓိစ္စသမုပ္ပန္နအယူမျိုးသို့ ရောက်သွားနိုင်သည်။ အဘိဓမ္မာတွင် နာမ်တရားတို့သည်လည်း သဘာဝဖြစ်သည်။ ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့သက်သက် မိမိအစွမ်းဖြင့် ဖြစ်တည်ကြရသည်ဟူ၍ မရှိ။ ဓမ္မတစ်ပါးသည် အခြားသောဓမ္မတို့ အပေါ်တွင် အကြောင်းတရားအဖြစ် တည်မှီ၍ ဖြစ်ရသည်။ ထို့ကြောင့်ပင် သဘာဝကို အဓိပ္ပါယ်ကောက်မလွဲစေရန် “ဓာရိယန္တိ ဝါ ပစ္စယေဟိ, ဓာရိယန္တိ ဝါ ယထာသဘာဝတောတိ ဓမ္မော– အကြောင်းအားဖြင့် ဆောင်တတ်၏, ဤသို့ သဘာဝအားဖြင့် ဆောင်တတ်၍ ဓမ္မ” ဟု အဋ္ဌသာလိနီတွင် ဆက်၍ ဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ကား ဓမ္မသည် သွင်ပြင်လက္ခဏာကို ဆောင်သောတရားဖြစ်သည်။ သဘာဝကို ဆောင်သော တရားဖြစ်သည်။ “√ဓာ-ဆောင်ခြင်း” ဟူသော စကားရင်းမြစ်၏ အနက်သံပါအောင် အဓိပ္ပါယ် ဖွင့်ရသော်လည်း သွင်ပြင်လက္ခဏာ, သဘာဝတရားတို့၏ နောက်ကွယ်၌ ထိုသဘာဝကို ဆောင်ထားသော အခံဒြပ် အနှစ်သာရတရားဟူ၍ မရှိ။ သဘာဝတရားဆိုရသော်လည်း မိမိကိုယ်တိုင် ရပ်တည်နိုင်စွမ်းမရှိ။ အကြောင်းတရားတို့က ဆောင်ထား၍သာ ဓမ္မဟုခေါ်ရခြင်း ဖြစ်သည်။ ဓမ္မ၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြော နက်ရှိုင်းသည်။ အဘိဓမ္မာဒေသနာက ထိုဓမ္မတို့ကို ကျယ်ပြော နက်ရှိုင်းစွာ နည်းအသွယ်သွယ်ဖြင့် ပိုင်းခြားဝေဖန်၍ ပြသည်။ နယသာဂရခေါ် နည်းပင်လယ်၏ ကျယ်ပြော နက်ရှိုင်းမှုဖြင့် ဗုဒ္ဓမြတ်စွာ၏ ဉာဏသာဂရခေါ် ဉာဏ်တော်၏ ကျယ်ပြော နက်ရှိုင်းမှုကို မှန်းဆ ကြည်ညိုနိုင်ပေသည်။

ဧရာ (မန္တလေး)

စာညွှန်း။
(၁) အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ ဓမ္မသင်္ဂဏီ မူလဋီကာ
(၂) မဟာဂန္ဓာရုံဆရာတော်၏ အဋ္ဌသာလိနီဘာသာဋီကာ
(၃) “The Dhamma Theory: Philosophy Conerstone of Abhidhamma” by Prof. Dr. Y. Karunadasa, The Wheel publication No. 412/413.

0 comments: