Wednesday, September 30, 2009

ချစ်တတ်ပြီ

အတိတ်က အချစ်

သဘာဝအတိုင်း ဖာသိဖာသာ ကြီးပြင်းလာရင်း အချစ်သည် ဖောက်ပြန်တတ်သည်ဟု သိလိုက်ရသော အချိန်၌ နှလုံးသားလေးက အလွန်သေးငယ်လွန်း နေခဲ့သေးသလို ဦးနှောက်ကလည်း အရည်တည်လေးမျှသာ ရှိသေးသည်။

ဒီလိုနဲ့ အချစ်ဆိုတာ ကြီးစွာသော သတိ၊ လုံလောက်သော ပညာတို့ဖြင့် ရင်ဆိုင်ကိုင်တွယ်ရမည့် အရာအဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။

အချစ်ကို ယုံကြည်မှုနည်းပါးစွာ ဖြတ်သန်းခဲ့သော အချိန်ကာလများတွင် အချစ်သည် တကိုယ်ကောင်းဆန်ခြင်းဖြစ်သည်ဟု နားလည်စေခဲ့ပြန်သည်။

အချစ်ဟာ ကံကောင်းခြင်းလက်ဆောင်ဟု ထင်ယောင်ထင်မှား ပြုမိချိန်သည် ကံဆိုးမိုးမှောင်ကျသော အချိန်ဖြစ်သည်။ အချစ်ဆိုတာ သွေးသားတို့ရဲ့ လိုအပ်ချက်လို့ သေးနုတ်သိမ်ငယ်စွာ တွေးတောမိခဲ့သည်လည်း ရှိသည်။

အချစ်သည် ဟိုနားဒီနား အတူသွားလောက်သာ ဖြစ်သည်ဟု ယူဆသူများလည်း ကိုယ့်ဘေးနားက ဖြတ်လျှောက်သွားကြသည်။

အချစ်ကို တန်းတန်းဆွဲ လိုက်မရှာခဲ့သလို သူ့ဖာသာရောက်လာလိမ့်မည်ဟုလည်း မျှော်လင့်မနေခဲ့ပါ။

*****
နှလုံးသားကို တို့ထိလိုက်တဲ့ အချစ်ကို ဦးနှောက်က ဒါအချစ်ပဲ လို့ ဆုံးဖြတ်ချက်ချတယ်။ နှလုံးသားနဲ့ ဦးနှောက် ပြိုင်တူ ထပ်ကာ ထပ်ကာ မြည်တမ်းကြပြီးနောက်မှာတော့ အချစ်တွေက တကိုယ်လုံး ပျံ့နှံသွားတော့တယ်။

အချစ်တခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလို့ ကြွေးကြော်ရအောင် အချစ်က တခု၊ နှစ်ခု၊ ရေတွက်လို့ရတဲ့အရာမဟုတ်။
ဟယ် အချစ်ဆိုတာ တကယ်ရှိတယ်လို့ အလန့်တကြား ထအော်ရအောင်လည်း အချစ်ကို အားနာဖို့ကောင်းလှပါသည်။

*****
အခြား အရာများလိုပင် အချစ်တခုဖြစ်ဖို့ အကြောင်းတရားများစွာတို့ ပေါင်းဆုံဖို့လိုပါသည်။ ဆန့်ကျင်ဘက်တို့သာ ပေါင်းစုံခြင်း မဟုတ်။ အချိန်တန် အရွယ်ရောက်၍ လူမှုဆက်ဆံရေးနယ်ပယ်၌ လူသားနှစ်ဦး ပေါင်းသင်းနေထိုင်ကြခြင်း၌် အချို့အတွက် အချစ်သည်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သလို၊ အချို့ကလည်း ဦးနှောက်၏ စေခိုင်းမှုကြောင့်ဟု ဆိုကြလေသည်။ အချို့လည်း ဖြစ်ရိုးဖြစ်စဉ် တခုကို ဖြတ်သန်းသွားခြင်းမျှသာ။

အနည်းဆုံးတော့ အနီးဆုံးလူသားများကြား အချစ်သည်လိုအပ်ပါသည်။ အချစ်ကို တန်ဖိုးထားကြလျှင် ထိုအချစ်ကို ရှင်သန်အောင် ကြီးထွားအောင် ပြုစု ပျိုးထောင်ကြရန် တာဝန်ရှိပါသည်။ သစ္စာကို မဏ္ဍိုင်ပြုရပါသည်။ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်းတို့သည် အချစ်၏ ပြယုဂ်တို့ ဖြစ်လာကြသည်။ လူတဦး၏ စာရိတ္တ၊ ၀ါရိတ္တတို့ကို အချစ်ဖြင့် တည့်မတ်နိုင်သည်။ အချစ်သည် စွမ်းအားရှိသော တန်ခိုးသတ္တိ ဖြစ်သည်။ မိမိတို့၏ ဘ၀ကို ဂုဏ်သိက္ခာတို့ဖြင့် မွမ်းမံမည် ဆိုပါက အချစ်သည် ဂုဏ်သိက္ခာနှင့် အလိုက်ဖက်ဆုံးသော ဆုတံဆိပ်ဟု ဆိုချင်ပါသည်။

အချစ်သည် ရယူခြင်းမဟုတ်သလို၊ ပေးဆပ်ခြင်းလည်း မဟုတ်။ မြင့်မြတ်ခြင်းသာ ဖြစ်သည်။

16 comments:

MANORHARY said...

အချစ်သည် ဂုဏ်သိက္ခာနှင့်အလိုက်ဆုံး
ဆုတံဆိပ် တဲ့..
သန့်စင်ကြည်လင်သော
အေးမြငြိမ်းချမ်းသော
နူးညံ့ကြည်စင်သော
ချစ်ခြင်းများဖြင့်
ချစ်တတ်စေခဲ့ပြီ...

Anonymous said...

ပို့စ်ဖတ်ပြီး တစ်မျိုးလေး ခံစားသွားရတယ်။ :)

-ဖြူ-

မမသီရိ said...

တကယ့်ကိုလေးနက်တဲ့ အက်ဆေးတပုဒ်ပါ သီတာ ရေ
ရှင်းလင်း ပြတ်သားပြီး စာဖတ်သူတွေ အတွက်
အသိနဲ့ စွမ်းအားတွေ ရစေတယ် ..
..
လူတဦး၏ စာရိတ္တ၊ ၀ါရိတ္တတို့ကို အချစ်ဖြင့် တည့်မတ်နိုင်သည်။ အချစ်သည် စွမ်းအားရှိသော တန်ခိုးသတ္တိ ဖြစ်သည်။ မိမိတို့၏ ဘ၀ကို ဂုဏ်သိက္ခာတို့ဖြင့် မွမ်းမံမည် ဆိုပါက အချစ်သည် ဂုဏ်သိက္ခာနှင့် အလိုက်ဖက်ဆုံးသော ဆုတံဆိပ်ဟု ဆိုချင်ပါသည်။
..
ဒီစာပိုဒ်လေး ကိုတော့ အကြိုက်ဆုံး ပါ။

tin min htet said...

အချစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နိုင်ချိန်မှာ ရေးထားတာမို့ သဘောမျှ ပါတယ်။

Kay said...

မသီတာ ရဲ့ အချစ်ဒသာန တချို့ကို စိတ်ဝင်တစား စေ့ငုမိတယ်..။ ရွေးတင်ထားတဲ့ ပိန်းပန်းလေးလိုပဲ.. ပွင့်ခဲ..ပေမဲ့..အပွင့်မြဲ တဲ့ သဘောပေလား..။ အပွင့်တိုင်းကတော့.. ကြွေတတ်ကြသေးသကိုး..။

rose of sharon said...

ထောက်ခံတယ် မသီတာ... အချစ်ဆိုတာရယူခြင်း ပေးဆပ်ခြင်းမဟုတ်... မြင့်မြတ်ခြင်းတဲ့ .... သဘောထားကြီးခြင်း....နားလည်ခွင့်လွှတ်ခြင်းဟာလည်း... မြင့်မြတ်ခြင်းထဲပါတာပေါ့နော်...

Nge Naing said...

မသီတာရေ
လာဖတ်သွားပါတယ်။ ကျွန်မကတော့ ကျွန်မသားလေးကို ချစ်တဲ့အချစ်ကလွဲရင် ကျန်တဲ့အချစ်ဆိုတာကို သိပ်နားမလည်ဘူး။

mae said...

မသီတာရေ.. ရေးတတ်လိုက်တာ၊

ပုတိုက်တိုက်လေးကို ချစ်တဲ့ အချစ်ကတော့ အားလုံးထက် နက်ရှိုင်းမယ်ထင်တယ်နော်

tg.nwai said...

အချစ်လား..အချိန်ကာလနဲ့ အတူ သတ်မှတ်ချက်တွေလည်း ပြောင်းလဲနိုင်တယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အချစ်ဆိုတာ တည်ငြိမ်လေးနက်ပြီး အပြန်အလှန်နားလည်စွာ အပေးအယူမျှနေမယ့် မြင့်မြတ်ခြင်းတခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တကယ် တအံ့တသြနဲ့ ခံစားမင်သက်ခဲ့ရတဲ့ အချစ်အတွက်တော့ စကားလုံးတွေကင်းမဲ့နေဆဲပဲ မသီတာ..။ ဘာပဲပြောပြော..အဲဒီခံစားမှုလေးကို သိရှိခံစားခဲ့ရတဲ့အတွက်တော့ “အချစ်”ကို ကျေးဇူးတင်မိတယ်..(အခုအချိန်မှာတော့ ဘယ်လိုမှ မတူနိုင်တော့ပေမယ့်...)

Rita said...

တွေ့ဖူးသလိုလိုပဲ။ အချစ်ကို ..

အပြုံးပန်း said...

မသီတာ၊
အချစ်တွေနဲ့မို့ စာသားတွေက နူးညံ့နေတယ်၊
ဒါဖြင့် အချစ်က နူးညံ့စေတယ်ပေါ့။

Moe Cho Thinn said...

ကိုယ်လဲ ချစ်တတ်ပြီ။ :)

သင်းနွယ်ဇင် said...

သိပ်နားမလည်တဲ့အရာမို့ comment မရေးတတ်ပါ။

ညီမလေး said...

အချစ်လား....သူကရေလိုပဲလားလို့ပါ။ သူဟာသူဆို ဖြူစင်အေးချမ်းတယ် ... ဒါပေမဲ့ အရောင်ဆိုးရင် ပြောင်းတယ် ကြိုက်ရာခွက်နဲ့ထည့် သူကတော့ ထည့်တဲ့ခွက်အလိုက် ပုံပေါ်တယ်..ရေနွေးဖြစ်အောင် လုပ်ချင်ရင်လဲ ဖြစ်တယ် .. ကိုင်တွယ်တဲ့သူပေါ်မှာပဲ မူတည်ပါတယ်လေ .. ဒါပေမဲ့ သစ္စာကို မဏ္ဍိုင်ပြုရပါသည် ဆိုတဲ့ အချက်ကတော့ မမေ့သင့်ဘူးဆိုတာ ကတော့ အသေအချာပါပဲ..

sonata-cantata said...

ကွန်မန့်ဖြင့် ဖြည့်စွက်ပေးကြတဲ့ ဘလော့မိတ်ဆွေ အားလုံးနဲ့ ဖတ်သွားကြတဲ့သူ အားလုံးကို ကျေးဇူးပါ...
ဝန်ခံချင်တာကတော့ "ချစ်တတ်ပြီ" ဆိုတဲ့ ခေါင်းစဉ်လေး စိတ်ကူးနဲ့ တင်လိုက်ပါတယ်...တကယ် ချစ်တတ်ပြီလား ဆိုတာကတော့...
စာတွေ ဆက်ရေးချင်ပါသေးတယ်။

သက်ဝေ said...

လူတွေက ပေါ့ပေါ့လေးပြောနေ တွေးနေကြတဲ့ အချစ်အကြောင်းကို အခုလို လေးလေးနက်နက်တွေးပြီး သုံးသပ်ပြသွားတာ သိပ်လှတာပါပဲ...
ဒီပိုစ့်လေး သိမ်းထားပါရစေ...။