Tuesday, December 29, 2009

Power of Art …

ပထမဦးဆုံးတွေ…ဆိုတဲ့ တဂ်ပို့စ် အခုချိန်မှ ရေးရရင်ကောင်းမယ်။ မသီတာမှာ ရေးစရာတွေ အများကြီးရှိနေလို့...

ချောင်းသာကမ်းခြေမှာ လှိုင်းမစီးခဲ့ဘူး။ ရေမကူးတတ်ပေမဲ့ ရေကြောက်လို့ မဟုတ်ပါဘူး…။ ပြည်တော်ပြန်ခရီးမှာ ရှိုးထုတ်မယ်ဟဲ့ အကြံနဲ့ စင်္ကာပူဒေါ်လာ၁၂၀ အကုန်အကျခံပြီး ဖြောင့်သွားရတဲ့ ဆံပင်တွေ နာကုန်မှာ စိုးလို့ပါ။ မိုက်လုံးကြီးလှတဲ့ ဒင်း မြန်မာပြည်မှာ ကျပ်ငွေ တသောင်းခွဲနဲ့ ဖြောင့်လို့ရတာ သူလေးမသိရှာဘူး။ ဘာရမလဲ မသီတာ နှစ်ခါနာရင် နာပါစေ ဆိုပြီး ထပ်ဖြောင့်တာပေါ့။
ချောင်းသာခရီးအကြောင်း အသေးစိတ်တော့ မရေးလိုတော့ဘူး... စိတ်မကောင်းစရာတွေသာ ပါလာတော့မှာမို့ပါ။
သားငယ်လေးနဲ့ ရွယ်တူ အဖြူအစိမ်းဝတ်ကလေး လွယ်အိတ်လေးကို စလွယ်သိုင်းလွယ်လို့ ကျောင်းမသွားမီ သူ့အမေလုပ်ပေးတယ်ဆိုတဲ့ အုန်းလက်ဦးထုတ်တွေ ကမ်းခြေတလျှောက် လိုက်ရောင်းနေတာတွေ...
တခရီးတဲ့ အတူသွားကြတဲ့ ကားပေါ်ကခရီးဖော်တွေ တဦးကိုတယောက် မခေါ်မပြောနိုင် မရယ်မပြုံးနိုင်ကြတော့ရုံသာမက ရန်လိုစောင်းမြောင်းတဲ့ စကားလုံးတွေ ပြောထွက်နိုင်ကြတာတွေ... (ဖော်ရွေရင်းနှီးခင်မင်တတ်ပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေ...ဘယ်ဆီကို ရောက်နေပြီလဲ)
အပြန်ခရီး ဂိတ်ဆုံးရောက်တော့ ကားဝမ်းဗိုက်ထဲထည့်လာခဲ့တဲ့ ခရီးဆောင်အိတ်နဲ့ စားစရာတွေ ထည့်ထားတဲ့ ဆွဲခြင်း မရှိတော့တာကို တာဝန်ခံက အရေးတယူ ဆောင်ရွက်ပေးလိုခြင်းမရှိပဲ... အဖိုးမတန်ရင် ထားလိုက်ပါတော့လို့ ပြီးစလွယ် တာဝန်မယူတတ်ပုံတွေ... တိတ်တိတ်လေး ချန်ထားလိုက်တော့မယ်နော်...။
(ပစ္စည်းတွေ ပြန်ရခဲ့ပါတယ်။ စပယ်ယာက ရှေ့က ဆင်းသွားနှင့်တဲ့ ခရီးသည်တွေဆီမှာ မှားချပေးခဲ့တာလေ...)
*****
(မြန်မာပြည်သား)ဆွေမျိုးတွေကို နှလုံးသား သံစဉ်ချိုချိုလေးတွေပေးဆပ်တဲ့ ချစ်ရတဲ့ အနုပညာရှင် မေဆွိရဲ့ စတိတ်ရှိုးပွဲကို အမျိုးသားကဇတ်ရုံမှာ ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အမျိုးသားကဇတ်ရုံကို ပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပါ။ အကယ်ဒမီဆုပေးပွဲကို တကြိမ်တခါမှ ဖိတ်ကြားခြင်း မခံခဲ့ရဘူးလေ…း)

မဆွေကို ချစ်ကြတဲ့သူတွေ တခဲနက် လာအားပေးတယ်။ မသီတာတို့က နောက်ဆုံးတန်းက အားပေးတာ… အပေါ်ထပ်ကပေါ့။ ကဏ္ဍတွေခွဲပြီး သီချင်းတွေ အများကြီးဆိုတယ်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာနဲ့ အဓိပတိလမ်းက ခြေရာများ သီချင်းတွေ ဆိုခဲ့တဲ့ မဆွေကို ကျေးဇူးအထူးတင်တယ်။

နောက်ဆုံး “ကမ်းစပ် … တို့ဟာ ကမ်းစပ်…မင်းဟာ ရေလှိုင်းလေးပေါ့ အချစ်ရယ်…” သီချင်းကို ဆိုရင်း မဆွေက ပရိသတ်တွေကြား လိုက်နှုတ်ဆက်တယ်။

မသီတာတို့လည်း အပေါ်ထပ်က ဆင်းလာပြီး အောက်ထပ်ကို ၀င်တော့ လားလား အရိသတ်တွေက အပေါက်ဝအထိ အုံခဲလို့… တိုးဝှေ့ ၀င်မနေတော့ပါဘူးလေ ဆိုပြီး အပေါက်ဝနားလေးကပဲ ခြေဖျားထောက် ရပ်ကြည့်နေတုန်း မဆွေကို လာအားပေးတဲ့ သူ့ရဲ့ အနုပညာ မောင်နှမ အချို့က ပြန်ဖို့ ထွက်လာနေကြပြီ…။ စိတ်ထဲကနေ မဆွေကို အနီးကပ် နှုတ်ဆက်ခွင့်မရလဲ အနားရောက်လာတဲ့ အကယ်ဒမီ ကိုxxx ကိုပဲ… အခုလိုတွေ့ရတာ ၀မ်းသာကြောင်းလေး… ဟ မလို့ရှိသေး… မျက်လုံးခြင်း ဆုံလိုက်တဲ့ ခဏမှာ…။ အို ငါ… ငါက သူလို လူ မဟုတ်သလိုပဲ... သူ့ရဲ့ attitute ကို အော်တိုမစ်တစ် ဘာသာပြန်လိုက်မိတယ်…။

“အော် အနုပညာသည်သာ ပြည်သူအတွက်လေ… အနုပညာရှင်ကတော့ ပြည်သူအတွက်မှ မဟုတ်ပဲ…”
နေပါစေ… နေပါစေတော့…။

သူတို့က ဘာမို့လဲ… ငါတို့ကတော့ ချစ်လိုက်ရတာ ဆိုပြီး မသီတာလည်း ပုထုဇဉ်ဆိုတော့ တခဏအတွင်း စိတ်ဆိုးသွားလိုက်တာ…။ သူတို့တွေ သုံးလေ့ရှိတဲ့ အနုပညာ မောင်နှမတွေ… ဆိုတဲ့ စကားလုံးမျိုး… တို့ ဘလော့ဂါတွေလည်း သုံးလေ့ရှိတယ်။ ဘလော့ဂ်မောင်နှမတွေဆိုတဲ့ စကားလုံးမျိုး နောင်သောအခါ မသီတာ ဘယ်တော့မှ မသုံးတော့ဖို့ ဆုံးဖြတ်မိတယ်။ ငါက ဘလော့ဂ်အသိုင်းအ၀ိုင်းနဲ့ပဲ ဆွေမျိုးတော်ချင်သူမဟုတ်… မြန်မာပြည်သူ ပြည်သား အားလုံးနဲ့ ဆွေမျိုးတော်ချင်သူ…။

အဲ့ဒီပွဲကို လာတဲ့ (စင်ပေါ်ပါတတ်တဲ့) မို့မို့မြင့်အောင်ရဲ့ ဖက်ရှင် DVD ခွေထွက်လာတော့ ပရိသတ်ကြီး ရှုစားကြရမှာပါ။ အဲ့လို ဖက်ရှင်မျိုးပဲ တွေ့ခဲ့ရသေးတာက... မသီတာ စင်္ကာပူကို ပြန်လာတဲ့ခရီးမှာ လေယာဉ်ပေါ် တက်ဖို့ waiting room ထဲအ၀င် အကောက်ခွန်ကလို့ ထင်ရတဲ့ ၀န်ထမ်းတွေက မသီတာရဲ့ ဘေးလွယ်အိတ်ကို “ခဏဖွင့်ပြပါ” ပြောလို့ ဖွင့်ပြနေတုန်း… ရုပ်ရှင်မင်းသမီး xxx…xxx ဆိုပြီး ၀န်ထမ်းတွေ တယောက်ကို တယောက် လက်ဆင့်ကမ်းသံနှင့်အတူ မှန်ပြတင်းပေါက်နား အပြေးအလွှား တန်းစီရပ်လိုက်ကြတာများ… ယူနီဖောင်းလေးတွေနဲ့ ဆိုတော့ တပ်စု ညာညှိလိုက်သလိုပဲ။ မသီတာလည်း ကိုယ့်အိတ်လေး ကဗျာကယာပိတ်ပြီး မှီသလောက် ကြည့်လိုက်တော့ ဆိုက်ရောက် လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ သေးသေးသွယ်သွယ် အမျိုးသမီးလေး တယောက်ရဲ့ နောက်ကျောကို တွေ့လိုက်ရပါတယ်။ ပေါင်လုံးလေးတွေက မသီတာ မျက်လုံးကျွတ်ကျချင်စရာ…။

အော်…Power of Art … ကို အလွဲသုံးစား လုပ်ရက်ကြပလေ…။

14 comments:

သက်ဝေ said...

ဖတ်လို့ ကောင်းလိုက်တာ သီတာရယ်...
အစ အဆုံး သုံးခေါက်တိတိဖတ်လို့ အပြီးမှာ အမျိုးအမည် မဖေါ်ပြတတ်သော ဝေဒနာတမျိုးနဲ့ ကျန်နေရစ်ခဲ့တာ....
ဒါတောင် သီတာက တချို့ဟာတွေ တိတ်တိတ်လေး ချန်ထားပေးခဲ့ပေလို့သာပဲ....
ကိုယ်မသိတာတွေ သိလာရတဲ့ ပိုစ့်လေးအတွက် ကျေးဇူး သီတာ...

tin min htet said...

ကမ်းခြေတလျှောက် ပန်းကြွေကောက်ရင်း စမ်းရေသောက်နေလို့ ပျောက်နေတာကိုး။ စကားလုံး လှတယ် မဟုတ်လား၊ လှမှာပေါ့ (ဦး)တင်မိုး ကဗျာထဲက ယူထားတာ :P

ရွှန်းမီ said...

တိတ်တိတ်လေးပါပဲ..

ခင်မင်းဇော် said...

ဟင်းးးးးးးးးးးးးးး
သက်ပြင်းချသွားသံ
(သူတို့ အားလုံးကို ဖျက်ဆီး ပစ်ခဲ့လေပြီ)

PAUK said...

အနုပညာရဲ့စွမ်းအားက အတော်ကြောက်ဖို့ကောင်းတာပါ့လားး။။
စွမ်းအားး..
စွမ်းအားး

အိမ့်ချမ်းမြေ့ said...

ပျော်ခြင်း မပျော်ခြင်း ကြည်နူးခြင်း မကျေနပ်ခြင်း အားမလိုအားမရဖြစ်ခြင်း ပိုကောင်းစေခြင်း မျှော်လင့်ခြင်း စတဲ့ သောင်းပြောင်းထွေလာခံစားချက်တွေနဲ့ ပြည်တော်ပြန်ခရီးတွေဟာ လွမ်းမောစရာကောင်းနေမှာပါ အစ်မ..
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ..

TNS said...

မသီတာ..
မခင်မင်းဇော်ပြောသလိုပါဘဲ.....
......
......
သူတို့ 
အားလုံးကို
အကွက်ကျကျဖျက်ဆီး ပစ်ခဲ့လေပြီ..။

Ko Paw said...

ကြားရ..ကြားရ… နားဝမှာ မသက်သာ.. ပါကလား။ အကောက်ခွန်ဝန်ထမ်းတွေ ညာညှိလိုက်တဲ့ မြင်ကွင်းကို ရေးပြတာ ရယ်ရတယ်။

Anonymous said...

အကယ်ဒမီ ကိုxxx ဆိုတာ ဘယ်သူလဲ ပြောပါအစ်မ။
နောက်တစ်ခါ သူ့ရုပ်ရှင်ဘယ်တော့မှ မကြည့်ပဲ နေပစ်လိုက်မယ်။
ဟွန်း..စိတ်ကြီးတယ်နော်။
mm

P.Ti said...

တိုတို နဲ့ ခပ်ထိထိလေးရေးထားတာပဲ။

တန်ခူး said...

ပြည်တော်ပြန်ပူပူနွေးနွေးတွေရဲ့ ခံစားချက်တွေ ဟာမိုနီဖြစ်နေတာ ဘာကြောင့်လဲ မ ရေ…

Rita said...

ပြန်မလို့ လုပ်တုန်း မမရေ။

tg.nwai said...

ချန်ထားခဲ့တာတွေ အများကြီးကျန်နေသေးသလား ပဲနော် မသီတာ..:)))

လေးမီ said...

အို စိတ်လျှော့ စိတ်လျှော့၊ နင်လဲ လွန်ခဲ့သော ၁၅ နှစ်က အဲလိုဘဲလေ။ လှတ ပတ ဆွဲဆောင် ခဲ့တာဘဲ....
KATM ကိုလေ....