Thursday, March 11, 2010

စိတ်တံခါး

ဟုတ်တယ် ဒါ..အိပ်မက်ပဲ…။
မိုးလင်းခါနီး မက်တဲ့ အိပ်မက်တွေက မှန်တတ်တယ်လို့ ပြောကြသေးတယ်။
ဒီလို အိပ်မက်မျိုး မက်မယ်မှန်းသိရင် အစကတည်းက ကိုယ်နိုးထနေလိုက်တယ်… ။

အရာရာမှာ စိတ်ချလုံခြုံမှုရှိချင်တာ ကိုယ်တို့ မိန်းမတွေရဲ့ ဗီဇသဘာဝဖြစ်မယ်
ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါပေါ့ ...။

အိပ်မက်စတဲ့ အချိန်ကတော့ နေညိုလို့ မှောင်စပျိုးနေပြီ… ။
အိပ်မက်အရောင်က ရွှေအိုရောင်လို ကဗျာမဆန်ဘူး… မဲညစ်ညစ်နဲ့ မြေငိုရောင်… ။
အိပ်မက်ရဲ့ အနံက မသင်္ကကာစရာ စိမ်းရွှေရွှေ
အိပ်မက်တို့ သဘာဝအတိုင်း အရာရာဟာ မှုန်ဝါးနေခဲ့တယ် ...။
ကိုယ်က ကလေးတသိုက်နဲ့ နောက်ပြောင် ကျီစယ် ဆော့ကစားနေခဲ့ပြီး၊ အိပ်မက်ထဲမှာ ပိုမှောင်လာတော့ အိပ်ယာ ဝင်ဖို့ လူစုခွဲကြတယ်… ကိုယ်က လုပ်နေကြ ထုံးစံအတိုင်း အိမ်တံခါးတွေ လိုက်စစ်တယ်။ နောက်ဖေးတံခါးနားအရောက် တံခါးအပြင်ဘက်ကနေ သူဝင်လာတယ်။ “တံခါးလာပိတ်တာ” လို့ ကိုယ့်မျက်နှာကို မကြည့်ပဲ မလုံမလဲ ပြောပြီး ကိုယ့်ကို ကျော်ဖြတ် လို့ ရှေ့က လျှောက်သွားတယ်။

မှုန်မှိုင်းအေးစက်နေတဲ့ သူ့မျက်နှာကို ဖြတ်ကနဲ မြင်လိုက်ရုံနဲ့ ညာနေပြီ ဆိုတာ ကိုယ်သိတယ်။
နောက်နားဆီက ကပ်လျှောက်သွားရင်း မြန်နေတဲ့ သူ့ရင်ခုန်သံကို နားထောင်ရင်း သူ ကိုယ့်ကို တစုံတရာဖုံးကွယ်ဖို့ ကြိုးစားနေတယ် ဆိုတာ ကိုယ်သိတယ်။
“ဒီမှာ ရှင် တယောက်ယောက်ကို သွားတွေ့တာ မဟုတ်လား။”
သူ ဘာမှ ပြန်မပြောဘူး။ အေးစက်စက် ထုံပေပေ လုပ်နေတယ်။
တလိပ်လိပ်လာနေတဲ့ ဒေါသလှိုင်းတွေကို သူဘာပြန်ပြောမလဲ ဆိုတာကို အယင်နားထောင်ရမယ် ဆိုတဲ့ အသိက မနိုင်တနိုင် ဟန့်တားနေတယ်။
သူက အံကို တင်းထားတယ်။ တမင်ကို ဘာမှ ပြန်မပြောဘူးလို့ တင်းထားတဲ့ ဟန်…မုန်းတယ်။
“ဒီမှာ မေးနေတယ်လေ” လို့ လေသံမြှင့်လိုက်တော့မှ
“Mr. XXX အောက်မှာ လုပ်နေတဲ့ တယောက်၊ အိမ်ထောင်ရှိတယ် ကလေးမရှိဘူး” တဲ့
ထင်သားပဲလို့ စိတ်ထဲက ပြောရင်း
သိ သိနိုင်လွန်းတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်။

ဒါ အိပ်မက်လေ …
အိပ်မက်ထဲမှာတောင် ရှင်ရဲ့ ဟန်ပန်တွေက ဘာဖြစ်လို့ ဒီလောက်တောင် သာယာမှုနောက် ကောက်ကောက်လိုက်တတ်တဲ့ ယောက်ျားပေါ့ ယောက်ျားပျက်တွေရဲ့ အမူအကျင့်နဲ့ ကွက်တိဖြစ်နေရတာလဲ… ။
ယောကျ်ားတယောက်ရဲ့ ဂုဏ်သိက္ခာအတွက်၊ မိန်းမတယောက်ရဲ့ ယုံကြည်မှုအတွက် ဒီလို မျက်နှာပေးမျိုး အိပ်မက်ထဲမှာတောင် ကိုယ်မမြင်ချင်ပါဘူး... ။

ကိုယ့်ရဲ့ ရုပ်ခန္ဓာ လုံခြုံမှုအတွက် တံခါးတွေ ပိတ်ထားတာ သေချာမှ အိပ်တတ်တဲ့ ကိုယ် ....
နေညိုချိန်ဟာ မသေချာမှုတွေ ကြီးစိုးနေတတ်တာ သဘာဝပဲ ဆိုတာ သိသိကြီးနဲ့ နောက်ဖေးပေါက်တွေဟာ မသမာမှုတွေအတွက် အချက်အချာ ကျတယ် ဆိုတာကိုပါ သိပြီးရင်း သိရပြန်တယ်။
ဒီလိုအိပ်မက်တွေကို မောင်းနှင်ပစ်ဖို့ စိတ်တံခါးကို လုံခြုံအောင် ပိတ်လို့ ... ကိုယ့်ကိုကိုယ် စိန်ခေါ်လိုက်တယ်။

6 comments:

ဇွန်မိုးစက် said...

ရုပ်ခန္ဓာလုံခြုံမှုနဲ့ စိတ်တံခါးလုံခြုံမှု...

Moe Cho Thinn said...


ဘုရားး ဘုရားး ညက နောက်ဖေးပေါက်ကြီး ဖွင့်ပြီး အိပ်မိတယ်။ :))

sonata-cantata said...

ဇွန် နဲ့ မိုးရေ
စိုးထိတ်တတ်တဲ့ မိန်းမတွေရဲ့ သဘာဝကို ရေးကြည့်တာ...
ဖတ်ပေးလို့ ကျေးဇူး

ယောက်ျားတွေမကောင်းကြောင်းရေးတဲ့ ပို့စ်ဖြစ်ပေမဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုဧရာကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီနေရာက ပြောကြားလိုပါတယ်ရှင်

များများကြီးချစ်
(မမKOMဆီက တတ်လာတာ)

သက်ဝေ said...

အတ္တများနဲ့ အဆိပ်တက်လို့ အခန်းကျဉ်းထဲမှာ ကိုယ်တယောက်တည်း ရူး....း))

ချိုသင်းရေးထားတာ ရယ်သွားတယ်...

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်ဖတ်ပြီး တော်တော်လေး မလုံမခြုံခံစားလိုက်ရတယ်။

ရေးတတ်သော အမကိုချီးကျူးသလို...

ယောက်ျားတွေမကောင်းကြောင်းရေးတဲ့ ပို့စ်ဖြစ်ပေမဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုဧရာကိုလည်း တော်တော်ချီးကျူးမိပါတယ်။

သီချင်းလည်း အရမ်းနှစ်သက်မိတယ်။

အိမ့်ချမ်းမြေ့ said...

မေဆွိကလည်း အသက်ကြီးလာလေ.. ပိုပိုချောလာသလိုပဲနော်..မ။
အားကျနေမိတယ်... အဟွန်း