ကျောင်းက ပြန်ရောက်လာတဲ့သား အိမ်ပေါက်ဝ ရောက်ရင် မအေ သော့လာဖွင့်အပေးကိုစောင့်ရင်း အဲ့လိုပဲ သူပြောချင်တာတွေကို ကရားရေလွှတ် အလျင်စလို ပြောနေကျ...။
လွယ်အိတ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး လက်ထဲ ကိုင်လာတဲ့ အရာကိုပါ တဆက်ထဲ စားပွဲပေါ်မှာတင်ပြရင်း ပြောလိုက်သေးတယ်
“ဒါက အရမ်းရှားတာ မေမေရဲ့ …ရ ဖို့ မလွယ်ဘူး။”
သားတို့က အဲ့ဒီ ခဲဖျက်ကလေးတွေနဲ့ ကျမတို့ ငယ်ငယ်က ဇယ်တောက်သလို ကစားပါတယ်။
မနေ့ကလည်း သူအတော်ပျော်ပါတယ်။ မြန်မာပြည်ကို ပြန်ခဲ့တုန်းက သူ့ဦးလေးနဲ့ အဒေါ်ကို ၀ယ်ပေးဖို့ ပူဆာခဲ့တဲ့ မြန်မာပြည် အလံတံဆိပ်ပါတဲ့ အားကစားဝတ်စုံ ရောက်လာလို့ပါ။
ဒီနေ့ တရုတ်စာကျူရှင်သွားတော့ ၀တ်သွားပါတယ်။
သူအနေအထားလေးနဲ့သူ မြန်မာပြည်ကိုတော့ ချစ်ရှာသား…လို့ သားကျူရှင် သွားနေတုန်း ကျမတယောက်တည်း စဉ်းစားခန်းတွေ ဆက်ဝင်နေမိပါတယ်။ သူငယ်ငယ်ကလည်း သူ့အဖေကို “ဖေဖေ အမေရိကန်ကြီးက အကြီးကြီးဖြစ်ပြီး သားတို့ မြန်မာနိုင်ငံက ဘာလို့ သေးသေးလေး ဖြစ်နေရတာလဲ” လို့ မေးဖူးပါတယ်။ သူ့အဖေက “ဒါတော့ သားရယ် တို့ ဘိုးဘွား အမွေပေါ့” လို့ ပြန်ဖြေခဲ့တာကို မှတ်မိနေခဲ့ပါတယ်။
“ဟုတ်တယ်သားရေ မင်း ဖိုးဖိုးကြီး ကတော့ ဘိုးဘွားအမွေ… အင်းတွေ ချောင်းတွေကို အစိုးရဆီက လေလံဆွဲပြီး အဲ့ဒီထဲကရတဲ့ ငါးတွေ ပုဇွန်တွေနဲ့ မေမေတို့ အသက်ဆက်ခဲ့တာပေါ့... အဲ ဖိုးဖိုးကြီးရဲ့ ဖေဖေ ကတော့ ဘိုးဘွားအမွေ… မြေကြီးတွေ (လယ်တွေ)ကို ထွန်ယက်ပြီး စပါးတွေ စိုက်ခဲ့တဲ့ လယ်သမားကြီးပေါ့”
မတ်လ ၂ရက်၊ တောင်သူလယ်သမားနေ့ အမှတ်တရ
*****
ကျမရဲ့ ပို့စ်ကိုဒီမှာတင် ဆုံးချင်တာပါ။
နောက်ဆက်တွဲကတော့ ဆက်မရေးချင်ပေမဲ့ အမှန်တရားမို့ မှတ်တမ်းအဖြစ် ရေးထားပါရစေ။ သားရဲ့ နိုင်ငံချစ် စိတ်လေးကိုပါ။ အထွေအထူးတော့ မဟုတ်ပါဘူး၊ ကလေးဆိုတော့ ကလေးလိုတွေး ကလေးလိုပဲ ချစ်တာပါ။ သူက ယာဉ်တွေကို စိတ်ဝင်စားပါတယ်။ ဟို ယခင်နှစ်များတုန်းက MAI စင်္ကာပူ မြန်မာ လေကြောင်းလိုင်းတွေ မပြေးဆွဲနိုင်တော့တဲ့ အချိန်က သူတော်တော် စိတ်အခန့်မသင့် ဖြစ်ပုံရပါတယ်။ “ဘာကြောင့်လဲ… MAI က ဘာကြောင့် Jetstar ဖြစ်သွားရတာလဲ” ဆိုတဲ့ မေးခွန်းမျိုး မကြာခဏ ဆိုသလို မေးပါတယ်။ သူ့အဖေက “MAI က Jetstar ဖြစ်တာ မဟုတ်ပါဘူး သားရယ်။ အကျိုးတူ ပူးပေါင်းပြီး လုပ်ကြတာပါ” ဆိုတဲ့အဖြေကို သူ ကျေနပ်ပုံ မရပါဘူး။ နိုင်ငံတခုအနေနဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ် (ခန့်ခန့် ထယ်ထယ်) ရှိနေရမယ် လို့ သူယူဆပုံရပါတယ်။ MAI ပြန်ပြေးဆွဲပြီ ဆိုတဲ့ သတင်းထွက်လာတော့ သူ ၀မ်းသာ အားရ ပြောလာပါတယ်။ “သားသားကြီးရင် လေယာဉ်မောင်းမယ်… မြန်မာပြည်က လေယာဉ်ပဲမောင်းမှာ…” ဆက်ပြီး “ဦးတေဇ ဆီမှာ…” ဆိုလို့ သားအဖေ ရင်ကွဲနာ ကျ ကျ ကျ
(တို့ ဘိုးဘွား အမွေလေ ဘာတတ်နိုင်သေးလဲ ဦးဧရာနဲ့ ဒေါ်သီတာ)
11 comments:
ဝါးဟားဟား ..ဘာတတ်နိုင်သေးတုန်း.သားငယ်က အတော်သွက်တယ်နော်။
mmရေ
သားငယ် ရေစင် မဟုတ်ဘူး...သားကြီး ရေချမ်း
ရေချမ်းလေးက စင်္ကာပူမှာမွေးပြီးကြီးပေမယ့် သူ့မြန်မာပြည်ချစ်စိတ်က သဘောကျစရာလေး။ ဒီမှာကြီးတဲ့ ကလေးတော်တော်များများ သူ့လောက်မချစ်တတ်ဘူး မရေ။ အိမ်မှာတောင် ခဏခဏပြန်ပြောဖြစ်သေးတာ။ အဲလိုကလေးတွေ မြန်မာပြည်ချစ်စိတ်ရှိနေတာ ကြားရတာနဲ့တင် ဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘတွေက ချစ်တတ်အောင် လုပ်ပေးနိုင်တာလည်း ပါပါလိမ့်မယ်။း)
P.S. အစ်မအေးဆင့်ပြောတာ သူ့သူငယ်ချင်းကလေးတစ်ယောက်ဆို ကျောင်းမှာ စင်္ကာပူနိုင်ငံတော်သီချင်းဘယ်တော့မှ လိုက်မဆိုဘူးတဲ့။ သူ့နိုင်ငံသီချင်းမဟုတ်လို့တဲ့။ အဲဒီကလေးကိုလည်း သဘောကျသွားတယ်။း)
မသီတာနဲ့ ကိုဧရာရေ.. ရေချမ်းလေး ရဲ့ တိုင်းပြည် ဇာစ်မြစ် ခင်တွယ် တတ်ပုံလေးကို..ဘယ်လိုပဲ ဖြစ်ဖြစ်..ထိန်းသိမ်းပေးပါ.. သူတို့ခေတ်မှာ..ဘယ်လိုပုံစံ လက်ဆင့်ကမ်းကြမလည်း ဆိုတာ..စိတ်ဝင်စားနေမိတယ်..
"ဘယ်လိုပဲ ချစ်ချစ်" ဆိုတဲ့ ခေါင်းစဉ်က တခုခု ကို ပြောပြနေသလိုပါပဲ။
တကယ်ဆို ကျွန်တော့် ကလေး ၂ ယောက်က နိုင်ငံသား ပြောင်းပြီးပါပြီ။ ဒါပေမဲ့ သူတို့ကို မြန်မာဆိုတဲ့ ဇစ်မြစ် မပျောက်အောင်တော့ သင်ပေးနေတာပဲ။ ဘယ်လိုလာမယ် ဆိုတာတော့ ကြည့်ရဦးမှာပဲ။
ဇွန်ရေ... ကလေးဆိုတော့ ငယ်တုန်းမို့ မိဘဆီက အငွေ့အသက် မကင်းသေးတာပဲလား။ သေချာကြီးတော့ မပြောနိုင်သေးဘူးပေါ့နော်။
စွမ်းနိုင်သလောက် ကြိုးစားပါ့မယ်...ကေ
ကိုတင်မင်းထက်ရေ
"ဘယ်လိုပဲ ချစ်ချစ်" ခေါင်းစဉ်က တခုခုကိုပဲ ပြောချင်တာမဟုတ်ပါဘူး...အများကြီးကို ပြောချင်တာပါ
ဘယ်လိုပဲ ချစ်ချစ် ... ချစ်ချင်သလို ချစ် ဆိုတာမျိုး
(သို့)
ဘယ်လိုပဲ ချစ်ချစ် ... အနှစ်ရော ဖြစ်ရဲ့လား
(သို့)
ဘယ်လိုပင် ချစ်သော်ငြားလည်း ... ဝေးခဲ့ပါပြီ
...
...
စသဖြင့် ပေါ့လေ
အကျယ်ကြီးပါ
ကိုယ့်ကိုကိုယ်တောင် ချစ်ရဲ့လား မသေချာတဲ့ အခြေအနေမှာ ရောက်နေတဲ့ အမအတွက် အလှမ်းမီအောင် မရေးနိုင်လို့ ခေါင်းစဉ်ကို အမ စာရေးရင် လုပ်နေကြပုံစံအတိုင်း ရောကြိတ်လိုက်ပြန်တာပါ။
ဘာတတ်နိုင်သေးလဲ..အမသီတာ...ဟားဟား
ဘာပဲဖြစ်ဖြစ် အမသားလေးတွေက အမိမြေကိုချစ်တဲ့အတွက် တကယ်ပဲကျေးဇူးတင်တယ်။ အဲ့လိုစိတ်ကလေးထည့်ပေးထားနိုင်တဲ့အမကို ချီးကျူးပါတယ်။
ကိုယ့်နိုင်ငံကို ကိုယ်မနှိမ်မိအောင် သွန်သင်ပြပေးထားတဲ့အမတို့အိမ်ထောင်စုကိုလည်း ကျေးဇူးတင်ပါတယ်။
အခုတလော..လူတွေက ကျနော်တို့အမိမြေကို ရွာ ..ရွာလို့ ခေါ်နေတာ ကိုယ့်နိုင်ငံကိုယ်နှိမ်ပီးခေါ်နေတယ်လို့ မြင်မိပီး အတော်လေး စိတ်မကျေမချမ်းဖြစ်နေချိန်မှာ အမသားလေးက မြန်မာပြည်ကိုရွာလို့ မပြောပဲ မြန်မာအလံပါတဲ့ပုံကို သေချာသိမ်းထားတာတွေ့တော့ တကဲ့ကို.. ကျေနပ်မိပါတယ်။
မြတ်နိုး
သီတာရေ...သီတာ့သားလေးက ချစ်စရာ ကောင်းထာ၊ သူ လူကြီးလေးဖြစ်လို့ လေယာဉ်မောင်းတော့မဲ့ အချိန်ဆိုရင်တော့....။ ခေါင်းစဉ်ကို ဝါကျဆုံးအောင် အမျိုးမျိုး ဖြည့်စွက် စဉ်းစားသွားတယ် သီတာရေ... :)
ဲဒါကတော့ အပေါ်က မြတ်နိုး အတွက်ပါ။ လောကဓါတ် ပညာတွေထွန်းကား တိုးတက် နေလို့ အရာရာကို ဆွဲချုံ့နိုင်နေတဲ့ ခေတ်ကြီးမှာ ကမ္ဘာ့ရွာ လို့တောင် ခေါ်ဝေါ် သုံးစွဲနေကြတာပါ။ ဘာပဲဖြစ်ဖြစ် ရွာလို့ ခေါ်ဝေါ်သုံးစွဲ နေကြသူတွေရဲ့ ရင်ထဲမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ် တကယ် ရှိနေဖို့ပဲလိုတာပါ၊ ရွာ ဆိုတာ နှိမ်တဲ့ အခေါ် မဟုတ်ပါဘူး၊ အင်မတန် ရိုးစင်း အေးချမ်းတဲ့ နေရာလေး၊ တွေးမိတိုင်း လွမ်းရတဲ့ နေရာလေးမှသာ ရွာ ခေါ်ထိုက်တာပါ။ ကျမတို့ မြန်မာလူမျိုးတွေ တချို့ ရွာငယ်ကလေးတွေမှာ ကြီးပြင်းခဲ့ကြတာပါ၊ ရွာ ဆိုတဲ့ အခေါ်ပေါ်မှာ အရိုးစိမ့်နေအောင် ချစ်စနိုး ခံစားမိကြတဲ့ သူတွေပါ ။ နှိမ်တယ်လို့ မထင်စေချင်ပါဘူးရှင်၊
“ဒါက အရမ်းရှားတာ မေမေရဲ့ …ရ ဖို့ မလွယ်ဘူး..."
သူ့အရွယ်လေးနဲ့ သူသိနေတာလေးက ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်စရာနော်... ပြီးတော့ ဘယ်လိုပဲ ချစ်ချစ် ချစ်တဲ့စိတ်ကလေးတွေ ရှိနေတာလဲ ချစ်စရာပါပဲ သီတာရေ...
အခုတလော အလုပ်တွေပိနေလို့ ငြိမ်နေရတယ်...
တွေ့ချင်သေးတယ် သီတာရေ...
ရေချမ်းလေး..နားလည်လိုက်တာ..
ချန်းတို့ဆိုဘာမှမသိဘူး..
ပေါက်
ငယ်သေးလို့ပါ မမရယ်..ကလေးက ဒီလောက် သိနေ၊ ချစ်တတ်နေတာကိုက ကြည်နူးစရာပါ။
နောင်ကြီးလာရင် နည်းမှန် လမ်းမှန် နားလည်ပြီး ချစ်တတ်လာပါလိမ့်မယ်။ ပျိုးထောင်ပေးမဲ့ မိဘရဲ့ အရိပ်မှာ ကြီးပြင်းခဲ့ရမှာမို့ မစိုးရိမ်မိဘူး။ သူ့ တိုးတက်ပုံလေးတွေ အဆင့်ဆင့် မှတ်တမ်းတင်ပါအုံး။
Post a Comment