Friday, April 9, 2010

ဆရာဦးရွှေအောင်နှင့် အရစ္စတိုတယ်

အနောက်တိုင်း အတွေးအခေါ်တို့ကို မြန်မာဆန်ဆန်တွေးပြီး စာဖတ်ပရိသတ်အား ပြန်လည်တင်ပြသူများထဲတွင် တက္ကသိုလ်ဘုန်းနိုင်နှင့် ဦးရွှေအောင်တို့ နှစ်ဦးကို သဘောကျမိသည်။ ဝေါဟာရအသစ်များ သုံးသွားသည့်တိုင် စလုံးစခု မဖြစ်, တစိမ်းတရံစာ မဖြစ်ပဲ အတွေးထဲသို့ ပြေပြေပြစ်ပြစ် ၀င်အောင်ရေးနိုင်၍ ဖြစ်သည်။ ထိုသို့ရေးနိုင်ခြင်းမှာလည်း မြန်မာအတွေးအခေါ်ထဲမှ အနီးစပ်ဆုံးကို လွယ်လင့်တကူဆွဲယူ နှိုင်းယှဉ်နိုင်လောက်အောင် စာကျေ၍ ဖြစ်မည်။
ဆရာဦးရွှေအောင်၏ ဘ၀အမြင်သစ်ထဲမှ စာပိုဒ်တစ်ပိုဒ်ကို ကြည့်ပါ။

“အကျိုးတရား တစ်ခုကို ဖြစ်ပေါ်စေမှု၌ အကြောင်းတရားတို့သည် လေးပါး ပါဝင်ကြရ၏။ ကံလည်း လို၏။ ဉာဏ်နှင့်ဝီရိယလည်းလို၏။ ဆန္ဒလည်း လို၏။ စိတ်ထားလည်း လို၏။ ဆန္ဒ, စိတ္တ, ၀ီရိယ, ၀ီမံသ ပေါင်း လေးခုတို့ကို ဣဒ္ဓိပါဒ်လေးပါး ဟုခေါ်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ပြည့်စုံမှ အကျိုးတရား ဖြစ်ပေါ်လာနိုင်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ကံအကြောင်းတရားတွင် ကံသည် ဥပါဒါနကာရဏ မည်၏။ ဥပါဒါနကာရဏဟူသည်မှာ ကိုယ်ထည်အကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ သစ်သားသည် ကိုယ်ထည်အကြောင်းဖြစ်သကဲ့သို့ပင် အကျိုးပေးရာ၌ ကံသည် ကိုယ်ထည်အကြောင်းဖြစ်၏။ ဉာဏ်နှင့် ၀ီရိယသည် နိမိတ္တကာရဏ မည်၏။ နိမိတ္တကာရဏဟူသည်မှာ ဗိသုကာအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ လက်သမားမပါလျှင် မဖြစ်သကဲ့သို့ အကျိုးပေးရာ၌လည်း ဉာဏ်နှင့် ၀ီရိယ မပါလျှင် မဖြစ်။ ထို့ကြောင့် ဉာဏ်နှင့် ၀ီရိယ ဗိသုကာအကြောင်းဖြစ်၏။ ဆန္ဒသည် ပတ္ထနာကာရဏ မည်၏။ ပတ္ထနာကာရဏဟူသည်မှာ ရည်မှန်းချက်အကြောင်း ဖြစ်၏။ ရည်မှန်းချက်မရှိလျှင် ဘာမျှ ဖြစ်မလာနိုင်သကဲ့သို့ပင် အကျိုးပေးရာ၌ ဆန္ဒမပါလျှင်လည်း ဘာမျှ မဖြစ်လာနိုင်ပေ။ ထို့ကြောင့်အကျိုးပေးရာ၌ ဆန္ဒကိုလည်း အကြောင်းတစ်ရပ်အနေဖြင့် လိုအပ်၏။ စိတ်သည် သမ၀ါယိကကာရဏ မည်၏။ သမ၀ါယိကကာရဏဟူသည်မှာ ပုံစံအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ စားပွဲပုံစံရှိပါမှ စားပွဲကိုလုပ်၍ ရ၏။ ထို့အတူ အကျိုးတရားတစ်ခု ဖြစ်ပေါ်စေရာ၌ အကြောင်းအနေဖြင့် ပါဝင်ရသည်ပင် ဖြစ်၏။ ဤသည်မှာ ဒဿနကျမ်းများ၌ ဖော်ပြကြသော အဆိုအမိန့်များ ဖြစ်လေ၏။” (ဘ၀အမြင်သစ် - စာမျက်နှာ ၁၂၄)

စင်စစ် ဤအဆိုအမိန့်များကား (မည်သည့် ဒဿနကျမ်းစာများမှ အဆိုအမိန့်များဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိသော်လည်း)* ဂရိအတွေးအခေါ်ဆရာ အရစ္စတိုတယ်၏ Metaphysics ကျမ်းမှ material cause, efficient cause, final cause, formal cause ဟူသော အကြောင်းတရားလေးပါးကို (http://plato.stanford.edu/entries/aristotle-causality/#FouCau) မြန်မာမှုအတွေးအခေါ်မှ ဝေါဟာရများနှင့် နှီးနွယ်တင်ပြသွားခြင်း ဖြစ်သည်(ဟု မိမိအနေနှင့် ယူဆမိပါသည်။)* ဝေါဟာရအသစ်များ သုံးသွားသည့်တိုင် ခိုးလိုးခုလု ဖြစ်မနေပါ။ ဆရာဦးရွှေအောင်၏ အတွေးနှင့် အရေးကို သဘောကျမိပါသည်။

* ပြင်ဆင် ဖြည့်စွက်ချက်များ

မှတ်ချက်။ ။

ရည်ညွှန်းစာပိုဒ်ပါ ဤသည်မှာ ဒဿနကျမ်းများ၌ ဖော်ပြကြသော အဆိုအမိန့်များ ဖြစ်လေ၏။” ဆိုသည့်နောက်ဆုံးဝါကျအရ “ဆရာဦးရွှေအောင်က ဒဿနကျမ်းများမှ ကိုယ်ထည်အကြောင်း ဗိသုကာအကြောင်းရည်မှန်းချက်အကြောင်း ပုံစံအကြောင်း ဟူသော အကြောင်းတရားလေးပါးကို ဗုဒ္ဓစာပေရှုထောင့် အတွေးအမြင်ဖြင့် တင်ပြထားသည်” ဟူ၍ မိမိအနေဖြင့် ဆရာကြီးအား လေးစားဂုဏ်ယူမိပါသည်။ သို့သော်လည်း မိမိ၏ အယူအဆသည် စာဖတ်သူတို့အတွက် အငြင်းပွားဖွယ်ဖြစ်နေသည်ကို တွေ့ရပါသည်။ စာရေးသူ, စာဖတ်သူများ အကုသိုလ်မပွားများကြစေရန် ဆရာကြီး၏ မူရင်းစာကိုယ်ကို ချန်၍ မိမိ၏ အယူအဆကို ပယ်ဖျက်ထားလိုက်ပါသည်။

16 comments:

ဇွန်မိုးစက် said...

ဇွန်လည်း ဖတ်ပြီး သဘောကျသွားပါတယ်။

Thu said...

Appreciate on your presentation and comparison. I thought one of possible way is Sayagyi U Shwe Aung compositions and terminology are dominant by Sanskrit caused of he gained master degree specialized in Sanskrit.
We, Myanmar are quite familiar with Pali derivations and translation for long time.
When Sayagyi composed by Sanskrit derivative terms and ideology that made most Myanmar found new version of presentations and huge admire on it.
In the end, we got treasures from various ways.
However, I ought to honestly say that we are still feeble in originality in every fields.

Sonata Cantata said...

ပြန်လည်မျှဝေလို့ရပါတယ်။ မူရင်းစာအုပ်က ဒီ link http://www.myanmarebooks.net/?p=1429 မှာလည်း ယူနိုင်ပါတယ်။

တန်ခူး said...

ဆရာသာ မြန်မာမှုပြုတယ်လို့  ပြောမပြခဲ့ရင် အပေါ်က တပိုဒ်ဖတ်ပြီး ဦးရွှေအောင် မူလလက်ရာလို့  ထင်မိမှာပါပဲဆရာ… မျှဝေပေးတာကျေးဇူးပါဆရာရေ…
(စကားမစပ်… မမသီတာဆီသွားမရလို့  တန်ခူးကို invite လုပ်ဖို့ ပြောပေးပါဦး)

Sonata Cantata said...

13 Apr 10, 00:41
အာကာမောင်: ဖတ်လို့ကောင်းတယ်ဗျာ။ဒါပေမယ့် မှတ်ချက်ပေးတာတော့ အတိအကျ ပြောနေသလို ဖြစ်နေလို့ တမျိုးဖြစ်မိပါတယ်။ သူပြောနေတဲ့အကြောင်းတွေကို ပါဠိစာပေကနေ ရတာရော မဖြစ်နိုင်ပေဘူးလားခင်ဗျား။

Sonata Cantata said...

CBox မှ

19 Apr 10, 14:08
ဦးဇင်း: ဒကာလား ဒကာမလားမသိပါ. ဒီဆိုဒ်ကိုတစ်ခါမှမဝင်ဖူးပါ ဆရာဦးရွှေအောင်နှင့် အာရစ်စတိုတယ်ဆိုလို့ဝင်လိုက်တာပါ။ ဆရာဦးရွှေအောင်က Aristotle four causes ကိုယူတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူလက်ရှိနိုင်းယှဉ်ထားတာက ပါဠိစာပေးမှာလာသော အကြောင်
19 Apr 10, 14:11
ဦးဇင်း: အကြောင်းအကျိုးတရားတွေကို နှိုးယှဉ်ထားတာပါ. ဒီဥပမာတွေကို ပါဠိစာပေမှာ နေရာတကာတွေ့နိုင်သော ဥပမာများဖြစ်ပါတယ်. Aristotle တင်မဟုတ် Socrates သည်ပင် မြတ်စာဘုရားထက်နောက်မှပေါ်ပေါက်လတာတာ. သေချာလေ့လာစေချင်ပါသည်.

Sonata Cantata said...

ဦးဇင်း>> အရစ္စတိုတယ်က ဗုဒ္ဓပွင့်တော်မူပြီးနောက်မှ ပေါ်လာတာ မှန်ပါတယ်ဘုရား။ ထို့အတူ ကံတရား, ဣဒ္ဓိပါဒ်တရား ဆိုတာတွေကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနှင့် အလွန်ရင်းနှီးနေပြီးသား ဖြစ်ပါတယ်။ အခုလို ရင်းနှီးပြီးသားအတွေးအမြင်တွေ, ဝေါဟာရတွေသုံးပြီး ဆရာဦးရွှေအောင်က “…ဒဿနကျမ်းများ၌ ဖော်ပြကြသော အဆိုအမိန့်များ…” ကို မြန်မာပရိသတ်ကို ပြန်လည်တင်ပြထားခြင်း ဖြစ်ပါတယ်ဘုရား။

ကိုအာကာမောင် ကိုလည်း တပါတည်း ပြန်ကြားလိုက်ပါတယ်။

ဧရာ

chomarmyathaung said...

ကျွန်မအထင် ဆရာကြီးဦးရွေအောင်က မြတ်စွာဘုရားရဲ့တရားတော်ကို လူတွေနားလည်အောင် ရှင်းပြသွားတာပါ. sonata ပြောသလို အရစ္စတိုတယ် ရဲ့ စာကို ပြေပြစ်အောင်ဘာသာပြန်သွားတယ် လို့ ကျွန်မ မ ထင်ဘူး။ ဆရာကြီးဦးရွေအောင်လို ပုဂ္ဂိုလ် က သူများ ရဲ့ စာ ကို ကိုးကား ခဲ့သော် ကိုးကားထားတာ ကို index မှာ သေချာထည့်သွင်းမည့်သူဟု ကျွန်မယုံကြည်တယ်။ ဘာသာတရားအပေါ်မှာ ဆရာကြီးရဲ့လေးစားမူ့ ကို စော်ကားသလိုများဖြစ်နေမလားလို့ ထင်မိတယ် (ခေါ်င်းစဉ်က).
sonata - မသိလုပ်ပြုလုပ် ၊ ပြုလုပ်လို့ ရရှိ ၊ ရရှိတော့ ခံကြ ဆိုတဲ့ မဟာစည် ဆရာတော်ပြောတာလေး ကို အစဉ် သတိရှိစေချင်တယ်...
လူတိုင်းအမှားနဲ့ မကင်းပါ..
ခံဝန်ချက် - ကျွန်မ အရစ္စတိုတယ် ကို မဖတ်ဘူးပါ....
အမှားရှိသော်ခွင့်လွတ်ပါ- စေတနာ အမှားပါ....
မချိုမာညွန့်

chomarmyathaung said...

ဆရာကြီးဦးရွေအောင်သည် မြတ်စွာဘုရားရဲ့တရားတော်များကို သာမန်လူတွေနားလည်အောင် ရှင်းပြထားခြင်းဖြစ်ပါသည်။ sonata ပြောသကဲ့သို့ အရစ္စတိုတယ်ကို ပြေလည်အောင်ဘာသာပြန်ခြင်းမဖြစ် နိုင်ဟုယုံကြည်ပါသည်။ ဆရာကြီးကဲ့သို့သော်ပုဂ္ဂိုလ် သည် ကိုးကားခဲ့ပါက ကိုးကားထားကြောင်းအတိအလင်း စာအုပ်တွင် ပြောထားပါ မည်။ ပါဠိ စာပေ ကို သာမန်လူတွေနားလည်အောင် ရှင်းထားခြင်းဖြစ်မည်ဟုယုံကြည်ပါသည်။
" ဆရာကြီးဦးရွေအောင် နှင့် အရစ္စတိုတယ် " ခေါင်းစဉ် နှင့် sonata ရဲ့ ရေးသားချက် သည် ဘာသာတရားကို သာမန်ထက် နားလည် သည့် ဆရာကြီးကို စော်ကားသလိုဖြစ်နေ သည် ဟု ခံစားမိပါသည်။ စိတ်မကောင်းဖြစ်ရပါသည်။
ှSonata- မသိ လို့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံကြ ဆိုတဲ့ မဟာစည် ဆရာတော်ကြီးရဲ့ စကားကို အစဉ်သတိရှိစေချင်ပါသည်။
စေတနာဖြင့်
ဝန်ခံချက် - အရစ္စတိုတယ်ကို မဖတ်ဘူးပါ၊

မိမိကိုယ်တိုင်အနေဖြင့် ဆရာကြီးဦးရွှေအောင်၏ ဘာသာတရားအပေါ် နားလည်မှု, ခံယူချက်နှင့် အရေးအသားတို့ကို အလွန်နှစ်ခြိုက် လေးစားသူဖြစ်သဖြင့်၊ မိမိရေးသောစာက “ဆရာကြီးအား စော်ကားသလိုဖြစ်သည်” ဟု ထင်မြင်စရာဖြစ်ရခြင်းသည် မိမိ၏ တင်ပြပုံ ချို့ယွင်းမှုကြောင့်သာဖြစ်ပါလိမ့်မည်။

စင်စစ် ဤအဆိုအမိန့်များကား (မည်သည့် ဒဿနကျမ်းစာများမှ အဆိုအမိန့်များဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိသော်လည်း)* ဂရိအတွေးအခေါ်ဆရာ အရစ္စတိုတယ်၏ Metaphysics ကျမ်းမှ material cause, efficient cause, final cause, formal cause ဟူသော အကြောင်းတရားလေးပါးကို (http://plato.stanford.edu/entries/aristotle-causality/#FouCau) မြန်မာမှုအတွေးအခေါ်မှ ဝေါဟာရများနှင့် နှီးနွယ်တင်ပြသွားခြင်း ဖြစ်သည်(ဟု မိမိအနေနှင့် ယူဆမိပါသည်။)*

ဟု ပြန်လည်ပြင်ဆင် ရေးလိုက်ပါသည်။

* ပြင်ဆင် ဖြည့်စွက်ချက်များ
ဧရာ(မန္တလေး)

chomarmyathaung said...

Hi Sonata,

Sonata ရဲ့ ယူဆချက် ကို ဘာ မှ ပြောစရာမရှိပါဘူး။ လူတဦးတယောက်ချင်းစီမှာ မိမိကြိုက်သလိုယူဆပိုင်ခွင်ွရှိတယ်လေ၊

ဆရာကြီးရဲစာတွေကို ကျွန်မ ၁၀ တန်းမှာ စတင်ထိတွေခွင့်ရခဲတယ်၊ အဲဒီအချိန်မှာ ဆရာကြီးဟာ လူလောကမှာမရှိတော့ဘူး၊ ဆရာကြီသည် ကျွန်မရဲ့သင်ဆရာဖြစ်သည်။
ကျွန်မရဲ့ ခံယူချက် -
ဗုဒ္ဓ မြတ်စွာသာသနာ(မြတ်စွာဘုရားရဲ့တရားတော်) ကို လူသားများနားလည်ရန်ရှင်းပြထားခြင်းဖြစ်သည်ဟုခံယူပါသည်။

ပြန်လည်ပြင်ဆင်ရေးပေးသည့်အတွက်ကျေးဇူးတင်ပါသည်၊ စာတလုံးရဲ့တန်ဖိုးသည် အင်မတန်ကြီးပါသည်၊ စာတလုံးကြောင့် နားလည်မူ့လွဲခြင်းကြောင့် စာဖစ်သူတွင်အသိမမှားစေချင်ပါ။

မချိုမာညွန့်

Anonymous said...

ဗုဒ္ဓစာပေတွေကို လေ့လာတဲ့ နေရာမှာ လေ့လာတဲ့နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီနည်းတွေကိုတော့ မသင်ပဲနဲ့ မသိနိုင်မတတ်နိုင်ပါ။ ဆရာကြီး ဦးရွှေအောင်ဟာ ပိဋကတ်စာပေကို နည်းပေါင်းများစွာနဲ့ သင်ကြားတတ်မြောက်ခဲ့သလို
တတ်သည့်အတိုင်းလည်း စာရေးသားသည့်နေရာမှာ အသုံးချ၍ ရေးသားသည် သို့အတွက် ဆရာကြီး၏ ရေးဟန်သည် အားလုံးနဲ့ကွဲပြားခြားနေ နေခြင်းဖြစ်၏
ဆန်းသစ်သည့် အတွေအခေါ် အယူအဆကို တင်ပြသည့်အခါ ဒဿနဟု ကင်ပွန်းတတ်ချင်ကြ၏
ဗုဒ္ဓ၏ တရားတော်များလောက် အတွေးအခေါ် အယူအဆ ဆန်းသစ်သည့် ထက်မြက်သည့် တရားတစ်ပါ မရှိနိုင်ဟု ထင်မိ၏
ပဋ္ဌာန်းတရားကို သေချာစွာ သင်ကြားကြည့်ပါ။ ပဋိစ္စသမုပ္ပါဒ်ကို သေချာစွာ လေ့လာသင်ကြားကြည့်ပါဟုတိုက်တွန်းလိုပါ၏
ဒဿန ဆရာများ၏ အသိကား အတွေးသိဖြစ်၏
ဗုဒ္ဓ၏ အသိကား ထိုးထွင်းသိဖြစ်ယုံသာမက သဘာဝလွန်တရားများလည်းမဟုတ်ပါ။

I realize it is more understanding a subject by parallel study with historical approach, for example " Buddhism, A journey of 2500 years" by U Aunt Maung (M.A) Bombay that give background scenario, various trends of beliefs in India, in which we learn the rise and fall of religion.
I noted Sayagyi U Shwe Aung and U Aunt Maung were contemporaries and probably studied in India same time. I prefer their presentations and quotations.
Last, Saya Sonata and well wishers, thank to all of you for comprehensive post and heartfelt comments.