Thursday, December 9, 2010
ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၁)၊ (၂)
ရေးချင်တာတွေကတော့ အများကြီးပဲ
မရေးရတာလည်း ကြာပြီဆိုတော့
*****
အကြည်က ခပ်တည်တည် ဟိုဘက်လှည့်ထိုင်နေတယ်မြင်နေရတယ် ဒါပေမဲ့ နားလည်အောင် မှန်းဆဖို့ကြ ခက်နေပြန်တယ်
ညဉ့်နက်သန်းခေါင်တိုင်တယ်
စာကြည့်စားပွဲမှာ ငုတ်တုတ်ထိုင်တယ်
ဘာမှ ထွက်မလာတဲ့အဆုံး ဒုက္ခခြေရင်း ဝပ်ဆင်းလိုက်ရတယ်… ကတောက်!
*****မိတ်ဆွေ အမတွေက ပြောတယ်။ “၀ လာလိုက်တာ..” တဲ့..။ ဆက်ပြောသေးတယ် “ဘလော့ဂ်မှာ သိပ်မတွေ့ရတော့လို့ ဖြစ်မယ်ထင်တယ်” တဲ့။ အိမ်က သားကြီးကတော့ “မေမေ ပိန်ချင်ရင် ဘလော့မလုပ်နဲ့တော့” လို့ ပြောလာတယ်။ “ဟုတ်တယ်လေ.. မေမေက စားပြီးတော့ ကွန်ပြူတာရှေ့ထိုင်၊ အဲ့ဒီတော့ ဘာဖြစ်သလဲ… ဗိုက်ကြီးက ပူလာတာပေါ့” တဲ့။ “မေမေက သားပြောတာ လုပ်မှာလည်း မဟုတ်ပါဘူး..” လို့ ညည်းပြောလေး ပြောသေးတယ်။
*****
ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၁)
တနေ့က သားငယ်လေးနဲ့ အတူ အိပ်တယ်။ မနက်ဝေလီဝေလင်းလောက်မှာ သားငယ်လေးက ငုတ်တုတ်ကလေး ထထိုင်ပြီး တိုးတိုးလေး ပြောလာတယ်။ “မေမေ သား မီးခဏလောက် ဖွင့်မယ်နော်” တဲ့။ “အင်း” လို့ မျက်စိမဖွင့်ပဲ ခေါင်းညိတ်ပြလိုက်တော့ သူမီးခလုတ်ဆီ ထသွားတယ်။ စိတ်ထဲမှာ ဘာများဖြစ်လို့လဲ… သူ အိပ်ယာထဲ ရှူးတွေများ ပေါက်ချလေသလားလို့ အိပ်ယာခင်းကို ကပျာကယာ စမ်းမိတယ်။ မဟုတ်ပါဘူး။ အိပ်ယာခင်းပေါ် ပျံ့ကျဲနေတဲ့ ကဒ်တွေကို မီးရောင်နဲ့ မြင်လိုက်ရပြီး သူ့နေရာပြန်ရောက်လာတဲ့ သားငယ်က “သားကဒ်တွေ အောက်ကျကုန်လို့” လို့ ပြောရင်း သူ့ကဒ်တွေကို ကောက်စီနေတော့တယ်။ (အဲ့ဒီကောင်လေးက ဥစ္စာခြောက်လေး... သူ ကစားတဲ့ ကဒ်တွေကို ခေါင်းအုံးအောက် ထားအိပ်တတ်တယ်။)
အဲ့ဒီနေ့ မနက်ကတော့ လမ်းဆင်းလျှောက်ဖြစ်တယ်။ တယောက်ထဲပဲ ဆိုတော့ အစပိုင်းမှာ လမ်းလျှောက်ရင်း သတ္တဝါတွေကို မေတ္တာပို့တယ်။ ရာသီဥတုက ညိုညိုမှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်းဆိုတော့ ခြေလှမ်းတွေနဲ့ အတူ အတွေးရေယာဉ်ကျော မျောကောင်းလှတယ်။ ဒီနေ့ မိုးရွာမလား… နေပူမလား… ငါတော့ မသိဘူး… သားတွေကတော့ သိလိမ့်မယ်… သူတို့က မိုးလေဝသ ခန့်မှန်းချက် ၃ရက်စာ ကြိုဟောတာကို တီဗွီကနေ ကြည့်တတ်တယ်။ ဒီနေ့ ဘယ်နေ့၊ ဘယ်ရက်လဲ… လဆန်းလား လဆုတ်လား… ဒါလည်း ငါမသိပြန်ဘူး… အော် ငါဟာ တော်တော် ပေါ့ပေါ့ဆဆ နေတတ်သူပါလား။ ဟိုးငယ်ငယ် ရွာမှာနေတုန်းကလည်း အမှတ်အသားမရှိခဲ့တာပါလေ… အိမ်ရှေ့ကချောင်းလေးရဲ့ ရေတက် ရေကျ၊ ရေသေ ရေထတွေက ဒီလဆန်းလဆုတ်ရက်တွေနဲ့ သက်ဆိုင်နေတာပဲ… အဲ့ဒီတုန်းကလည်း လူကြီးတွေ အလုပ်လို့ပဲ ထင်ခဲ့တယ်။ သိချင်တဲ့အချိန် တယောက်ယောက် ကောက်မေးလိုက်တာပဲ။ ကိုယ့်ဖာသာ သိအောင်တော့ မလုပ်ခဲ့ပါဘူး။ အင်း ငါတွေးနေပြန်ပြီ… တွေးပြီ ဆိုတော့လည်း အတိတ်အကြောင်းတွေ ချည်းပါပဲလား။ ငါ အနာဂတ်ကို ဘာကြောင့်မတွေးတတ်တာလဲ… တခါတလေများ အနာဂတ်ကို တွေးကြည့်ပါဦးလားဟယ်။ အနာဂတ်ကို တွေးရတာက အားစိုက်ရတယ်။ အနာဂတ်ကိုတွေးတဲ့ ငါ့အတွေးတွေဟာ တလံလောက်မှာပဲ ပျင်းရိလေးတွဲစွာ တုံ့ကနဲ ရပ်သွားတတ်တယ်။ (ဖျတ်ကနဲ အတွေးထဲ ဝင်လာပြန်တာက) နွေရာသီကျောင်းပိတ်ရက် ရွာမှာသွားနေရင်း အဒေါ်အပျိုကြီးရဲ့ ဖြူလွလွ အိပ်ယာခင်း အကျခင်းထားတဲ့ မထူမပါး မွေ့ယာလေးပေါ် သဘောခွေစွာ အိပ်ခွင့်ရခဲ့တယ်… အဲ့ဒီ ကြည်နူးမှုလေးက ကြာကြာမခံပဲ… ချောက်ချားစရာတွေနဲ့ အဆုံးသတ်ခဲ့ရတယ်… အိပ်ယာထဲ ရှူးပေါက်မိလို့ လူကြီးတွေ မသိခင်… ကိုယ့်အဝတ်တွေ ထလဲ… နံစော် စိုရွဲကုန်တဲ့ စောင်တွေ အိပ်ယာခင်းတွေ ဖျာတွေကို ခိုးထုတ်ခိုးထည်တွေအလား… ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… မနက်မိုးလင်းရင် “သီတာ အိပ်ယာထဲ သေးပေါက်တယ်မလား” လို့ အစစ်ခံရတော့မယ်… ရင်ထဲမှာ တုန်လှုပ်ချောက်ချားလိုက်တာ…
အော် အခုတော့သိပြီ… ငါ လိမ်ညာ လှည့်ဖျား ဟန်ဆောင် ဖုံးကွယ်တတ်နေခြင်းဟာ ငယ်ငယ်က အိပ်ယာထဲ ရှူးပေါက်ချတတ်ခြင်းက အစ ပြုခဲ့တာပါလား...။
*****
ခြေလှမ်းတွေကတော့ လေးတွဲ့လျက်ပါပဲ….။
ပန်ပန်နဲ့ မလေးကို ဒီနေရာကနေ Tag Post ရေးဖို့ ခွင့်တောင်းပါတယ်။
*****
ကိုယ့်ရင်ထဲက စိတ္တဇတွေ… (၂)
ပုံမှန် အားဖြင့်တော့ နေ့လည် နေ့ခင်းလည်း အိမ်တံခါးတွေ ပိတ်ပြီး သားအမိတစ်တွေ အိမ်ထဲ နေကြတာပဲ…။ အဲ့ဒီနေ့ကတော့ သားကြီးကို ကိစ္စတခုနဲ့ အောက်ဆင်းဖို့ ခိုင်းလိုက်တော့ သူ တံခါးမကြီးကို ဖွင့်တယ်။ ဝရံတာကို ထွက်သွားပြီး မကြာခင်မှာပဲ “မေမေ အိမ်ရှေ့မှာ ဆိုက်ကယ် Accident ဖြစ်ထားတယ်” လို့ လှမ်းပြောတယ်။ ကိုယ်လည်း “ဟုတ်လား သား” ဆိုပြီး ဝရံတာထွက်လာပြီး ကြည့်မိတယ်။ ရိုးရိုးရဲကားတစီး၊ အက်စိဒင့် ဖြစ်ထားတဲ့ ဆိုင်ကယ်၊ ယာဉ်ထိန်းရဲ ဆိုင်ကယ်နှစ်စီးကို တွေ့ရတယ်။ အကြီးအကျယ် ပြင်းပြင်းထန်ထန် ပုံစံတော့မဟုတ်ဘူး။ ခဏနေတော့ Civil Defence က မီးသတ်ကားကြီး ရောက်လာတယ်။ ကျန်းမာ ချမ်းသာကြပါစေ မေတ္တာတစ်ချစ်နှစ်ချက်ပို့ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်။
သားကြီးက လာပြောပြန်တယ်။ မေမေ “မီးသတ်ကားကြီးက သွေးကွက်တွေကို ဆေးနေတယ်။ နီရဲနေတာပဲ” တဲ့။ “ဟုတ်လား သား” ဆိုပြီး တခါထွက်ကြည့်မိပြန်တယ်။ မီးသတ်သမားတွေ လမ်းလယ်ကောင်မှာ အကွက်တကွက်ကို ဆပ်ပြာအမြှုပ်တွေကို ထလို့ တံမြတ်စည်းတံအရှည်တွေနဲ့ ကုတ်ခြစ်ပြီး အသေအချာကို ဆေးနေကြတယ်။ “သူတို့ သုံးတဲ့ ဆေးက အနီရောင်မို့လို့ပဲလား…သွေးတွေ မို့လို့ပဲလားတော့မသိဘူး…နီတော့ နီနေတယ်နော် မေမေ” လို့ သားကြီးက ပြောပြန်တယ်။ “အင်း” လို့ ခေါင်းငြိမ့်လိုက်တယ်။ ကျမစိတ်ထဲကတော့ ဓာတ်ဆီတို့ အင်ဂျင်ဝိုင်တို့ ဖိတ်သွားတဲ့ အကွက်ကို ဆေးနေတာလည်း ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ သားကြီးကိုတော့ ဘာမှ မပြောဖြစ်ပါဘူး… ငါ့သားကတော့ Drama တွေ လုပ်နေပြန်ပြီလို့ မှတ်ချက်ပြုရင်း သူ့အတွေးနဲ့သူ တွေးချင်သလို တွေးနေပါစေလို့ လွှတ်ပေးထားလိုက်တယ်။ သားကြီးက အဲ့ဒီလိုပါပဲ သူ့အတွေးတွေက ကျမတို့ အထင် အမှန်တရားနဲ့ မနီးစပ်တဲ့ ဒရမ်မာတွေ သိပ်များပါတယ်။ (ဒါလည်း ဘမျိုးဘိုးတူတာလား၊ မိမျိုးဖွားတူတာလား... မသိပါ။)
လမ်းပေါ် မောင်းလာကြတဲ့ ကားတွေက ဆေးကြောနေကြတဲ့ လူတသိုက်အနားအရောက်မှာ အရှိန်လျှော့ သတိထားပြီး ကွေ့ရှောင် မောင်းနေကြတယ်။ ကျမလည်း စိတ်ကူးနဲ့ ကားမောင်းကြည့်လာမိတယ်။ အဲ့ဒီနားအရောက်မှာ လမ်းပေါ်ကအကွက်ကို ကားဘီးမနင်းမိအောင်၊ ယုတ်စွအဆုံး ပိုက်နဲ့ ထိုးဆေးနေတဲ့ ရေတွေ လမ်းကြမ်းပြင်ကိုထိပြီး ပြန်ကန်တက်တဲ့ အညစ်အကြေးရေတွေ ကျမကားကို မစင်မိအောင် ဆတ်ဆတ်လူး ကွေ့ဝိုက်ရှောင်တိမ်း မောင်းနေမိတယ်။ ဘာမှန်း ညာမှန်းမသိ သားပြောတဲ့ သွေးတွေ ဖြစ်နေရင် ကျမကားကို သွေးစက်ရေ စင်မိပါပြီတဲ့ မကောင်းဆိုးဝါးက ကပ်ငြိပါလာလေသယောင်… စိတ်ထဲ မသတီလိုက်တာ…
ချက်ချင်းဆိုလလိုပဲ သတိဝင်မိပါတယ်။ ဘာမှန်း ညာမှန်း အသေအချာ မသိတဲ့ အရည်တွေကို ဓာတ်သဘောသတ်သတ်မမြင်ပဲ… အသက် လိပ်ပြာ ဝိညာဉ် တစုံတရာအလား ထင်ယောင်ထင်မှား ခိုင်တယ် မြဲတယ် ကူးတယ် ပြောင်းတယ် လို့ ယူဆနေတဲ့ သဿတဒိဋ္ဌိရဲ့ အတွေးတွေပါလားဟု…။
Labels:
ဒိုင်ယာရီ,
သီတာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
10 comments:
သီတာရေ...
ရင်ထဲက စိတ္တဇတွေကို ဒီနည်းနဲ့ ပြောပြလိုက်ရတာ ပေါ့သွားမှာပဲ... ကိုယ့်ရင်ထဲမှာလဲ စိတ္တဇတွေ ရှိနေတယ်... မလိုအပ်တဲ့ စိတ္တဇတွေလား.. လိုအပ်တဲ့ စိတ္တဇတွေလား မခွဲခြားနိုင်ဘူး... တနေ့တော့ သေသေချာချာ တွေးကြည့် ရေးကြည့်ပါအုံးမယ်လေ....
စိတ္တဇ ၁ ဖတ်ပြီး ပြုံးမိသွားတယ်။ ၂ ဖတ်ပြီးတော့ ဆင်ခြင်မိသွားတယ်။
P.S. ဇွန်လည်း ဗိုက်ပူပြီး ပိုဝလာတာ အထိုင်များလို့ပဲထင်တယ် မမသီတာရေ။ အနေအထိုင် အစားအသောက် ဘလော့ဂင်းနဲ့ဖေဘွတ်ကင်း လျှော့ဦးမှ :D
မတူတဲ့ ခံစားမှု နှစ်ခုကိုပေးတဲ့ စိတ္တဇ နှစ်ခုပါပဲ အမရေ...၊
သားတွေကို သဘောကျတယ်၊ သားကြီးက မော်ဒန်စာရေးဆရာ၊ ဒါမှမဟုတ် Lost တို့ Prison Break တို့လို ဇတ်လမ်းမျိုးရေးတဲ့ ဇတ်ညွှန်းရေးဆရာ ဖြစ်လာမယ်ထင်တယ်နော်၊ ဒါဆိုရင် သားငယ်ကတော့ စီးပွားရေး ပညာရှင်ပေါ့...၊ :)
အကြည် ဆိုလို့ တို့ကိုများ ပြောသလားလို့....:) ဒိဌိတခုခုကတော့ ကပ်နေတာပဲ သတိလေး ဝင်လာတာကိုပဲ ကျေးဇူးတင်ရမှာ...သီတာရေ တို့တွေမှာ စိတ္တဇတွေက အများသားလား...
ဖတ်၊ မှတ် ပြီး ကိုယ့်စိတ္တဇတွေကိုလည်း ဆင်ခြင် ဆန်းစစ် သုံးသပ် ဝေဖန်ရင်း အသက်တွေ ကြီးလာလို့ စိတ္တဇတွေ တပုံတပင်ဖြစ်လာရတာလားလို့ ဝေေ၀၀ါးဝါး .....
အင်း... ပြောစရာတွေကများပြီး ပြောလို့ မရတဲ့အခါ... ရေးချင်တာတွေများပြီး ရေးချလို့ မရတဲ့ အခါ.. လုပ်ချင်တာတွေ လုပ်ရမှာတွေများပြီး ဘာမှ မလုပ်ပဲ မှိုင်တွေ ငေးမော အချိန်တွေ ကုန်ဆုံးနေမိတဲ့..ငါ.....
သီတာ့ဆီက တခုမက အများကြီး ရသွားပါတယ်လေ....
သက်ဝေရေ
ခေါင်းစဉ် လှလှလေး ရွေးပေးလိုက်တာပါ။ ခေါင်းစဉ်ကလည်း ဆွဲဆောင်မှုရှိရမယ် လို့ ကိုဧရာက ညွှန်ကြားချက်ပေးထားလို့ ;)
ဇွန်ရေ
စိတ္တဇ (၁) ကို ရေးရမလား မရေးပဲနေရမလား တရက် စဉ်းစားလိုက်ရတယ်။ ကလေးကလား ဖြစ်မှာစိုးလို့ ;)
ကိုညီလင်းသစ်ရေ
သားတွေက ဒီလောက်မဟုတ်ပါဘူး...သူတို့ အမေက ထင်နေတာပါ ;)
ချစ်ကြည်ရေ
အကြည် လို့ ရေးလိုက်တော့ သတိရလိုက်ပါသေးတယ် တကယ် ;)
သိင်္ဂီရေ
Online ကနေ ရင်ဖွင့်နေကျမို့ ကိုဇဂနာ ပြောသလို သိနေတယ်လေ... သိနေတယ် ဆိုသလိုလား ;)
အစ်မရေ
လူတိုင်းမှာ စိတ္တဇကိုယ်စီတော့ ရှိကြပါတယ်နော်
သိသိသာသာနဲ့ မသိမသာလေးဘဲ ကွာကြတာပါ။
လူမှန်ရင် စိတ္တဇနဲ့မကင်းဘူးလို့တောင် ဆိုနိုင်သေးတယ် မဟုတ်လားနော်
လေးနက်တဲ့ ခံစားချက်တွေကို နက်ရှိုင်းစွာဖြင့် မလေး ခံစားသွားပါတယ်...
စွဲလန်းမှုပြဿနာတွေပေါ့။
စားပြီးတော့ ကွန်ပြူတာရှေ့ထိုင်၊ အဲ့ဒီတော့ ဘာဖြစ်သလဲ… ဗိုက်ကြီးက ပူလာတာပေါ့... အဲဒါကတော့ သိပ်မှန်
ချောရေ
အမှန်အတိုင်း ပြောရရင် စိတ္တဇ ဆိုတဲ့ စကားလုံး ကိုယ်၌က အမအတွက် နားလည်ဖို့ ခက်နေပါသေးတယ်လေ...
မလေးရေ
တို့တတွေ ပေါ့ပေါ့ပါးပါးပဲ သွားကြရအောင်လား... ကြုံတုန်း အဖော်စပ်ကြည့်တာ
ပန်ပန်ရေ
ပြဿနာ တဖြစ်လဲ ဒုက္ခတွေ ပေါ့နော်
Post a Comment