Monday, April 4, 2011

နေ့စဉ်ဘ၀ထဲက စိတ်ကြိုက်လေးများ

ရွှန်းမီက နေ့စဉ်ဘ၀ထဲက စိတ်ကြိုက်လေးများတဲ့ ရေးခိုင်းပါတယ်။

အခုအချိန်မှာ ရေးခိုင်းတာကို ကျေးဇူးတင်ပါတယ်။ ကြိုက်တာလေးတွေ ရေးရမှာဆိုတော့ စိတ်လက်ကြည်သာနေမှ ရေးနိုင်မှာလေ။ တချိန်တခါက ဆိုရင် မသီတာ လောကကြီးကို ငြီးငွေ့ပြီး မြင်မြင်သမျှ ကြားကြားသမျှကို စိတ်ပျက် လက်ပျက်နဲ့ အခန်းတံခါးပိတ် ရေမချိုးပဲ နေတဲ့အချိန်တွေ ရှိခဲ့ဖူးလို့၊ အဲ့ဒီအချိန်ကသာ ရေးခိုင်းမယ် ဆိုရင်… ရွှန်းမီရေ ဒီတခါတော့ ခွင့်လွှတ်ပါလို့ လွယ်လွယ်လေး ပြောထွက်သွားမှာပဲ…။ အခုတော့ ရေးပါမယ်… ကြိုက်တာတွေရော… မကြိုက်တာလေးတွေပါ အဆစ်ထည့်ရေးလိုက်မယ်နော်။
*****

အိမ်ရှင်မတယောက်ရဲ့ နိစ္စဓူဝ ဘ၀ဟာ ထွေထွေထူးထူး စိတ်လှုပ်ရှားစရာတွေနဲ့တော့ ပြည့်နှက်မနေပေဘူး။ ဒါပေမဲ့ ကိုယ်လည်းလေ လောကီသားပေမို့ လူသားတယောက်ပီသစွာ စိတ်ခံစားချက် အတက်အကျတွေကတော့ လေအလာလှိုင်းထသလို လူးလူးလိမ့်လိမ့်လေးတွေတော့ ရှိသပေါ့။

မနက်အိပ်ယာထ ငါးပါးသီလဆောက်တည်၊ သတ္တ၀ါတွေကို မေတ္တာပို့ပြီး တနေ့တာလေး စလိုက်ရတာက ကြည်နူးစရာ… ၀ိပဿနာ ဘာဝနာ ပွားများဖို့ကို ဘယ်တော့မှန်းမသိတဲ့ တချိန်ချိန်ကို ပို့လိုက်ရင်း ဘုရားခန်းက ကသုတ်ကရက် ခွာမိတာက စိတ်ပျက်စရာ။

ကိုယ်နဲ့ နေ့စဉ် ပတ်သက် ဆက်နွယ်နေသူတွေမှာ ကိုယ်ပါပါမှ လက်ဝါးတဖက်စာ။ လက်ငါးချောင်း လူငါးယောက်…။ ယောက္ခနဲ့ ချွေးမ… ကမ္ဘာ့ရန်တွေလို့ ဆိုကြပေမဲ့၊ သားအတွက်ဆို ငါသာလျှင် အတော်ဆုံး အသာလွန်ဆုံးလို့ ထင်တတ်တာ သားတို့ မအေတိုင်းရဲ့ သဘာဝလို့ နားလည်ပေးရင်း အိမ်နေရင်းလည်း Life Long Learning… ။ စာမကြိုးစားပဲ ပေါ့ပေါ့လေးနေတဲ့ သားကြီးကို မကြိုက်ပေမဲ့၊ သူ့ရဲ့ ရူးပေါပေါ အမူအကျင့်လေးတွေက ပြုံးရယ်ချင်စရာ ကောင်းနေပြန်တယ်။ ယောက်ျားတန်မဲ့ မျက်ရည်လေးကလယ်ကလယ်နဲ့ စိတ်ကောက်တတ်တဲ့ သားငယ်ကို မကြိုက်ပေမဲ့၊ သူ့ရဲ့ စေ့စပ်သေချာမှုလေးတွေကို ကြည်နူးရပြန်တယ်။ စာအုပ်နဲ့ ကွန်ပြူတာကိုသာ သားမယားထင်တဲ့ ဟိုလူကြီးကို မကြိုက်ပေမဲ့၊ လမ်းသွားရင် ကိုယ့်လက်ကို ဆွဲ သူ့ဘယ်ဘက် ရင်အုံပေါ်ဖိကပ်ပြီး သွက်သွက်ကြီး လျှောက်ပြန်တော့လည်း မမောတန်း လိုက်မိပြန်တယ်။

အချက်အပြုတ်မှာ တော်ရိရော်ရိ၊ အချုပ်အလုပ်ဆို ဗုံမဟုတ် ပတ်မဟုတ်၊ အထားအသိုကျ တောင်မရောက် မြောက်မရောက်၊ သန့်ရှင်းရေး လုပ်တော့ ဟိုကျန်ဒီကျန်၊ စကားပြောရင် တုတ်ထိုးအိုးပေါက်၊ ယောက္ခမကြီးကို အရိုအသေ မတော်၊ သားတို့ကိုလည်း အပြုအစုမတတ်၊ သားတို့အဖေကိုလည်း အယုအယ မကျွမ်းကျင်ပေမဲ့ နေ့စဉ်ဘ၀ကို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး (ကြိုးစား) ဖြတ်သန်းနေတဲ့ ကိုယ့်ကိုကိုယ် ကြိုက်ပါတယ်။

18 comments:

မောင်မျိုး said...

စာအုပ်နဲ့ ကွန်ပြူတာကိုသာ သားမယားထင်တဲ့ ဟိုလူကြီးကို မကြိုက်ပေမဲ့၊ လမ်းသွားရင် ကိုယ့်လက်ကို ဆွဲ သူ့ဘယ်ဘက် ရင်အုံပေါ်ဖိကပ်ပြီး သွက်သွက်ကြီး လျှောက်ပြန်တော့လည်း မမောတန်း လိုက်မိပြန်တယ်။

း))) အဲ့ အချက်လေးက သဘောကျစရာ ကြိုက်တာနဲ့မကြိုက်တာတွေလည်း ဒွန်တွဲနေတတ်တာပဲနော့် ။

မောင်လေး said...

အစ်မရဲ့ ပို့စ်လေးက ရိုးရိုးလေးနဲ့ တစ်မျိုးကောင်းပြန်ရော..၊
ဒါပေမယ်သိပ်လည်းမစုံဘူး...:)၊တိုထှာ.....၊

ညီလင်းသစ် said...

ဟုတ်တယ်၊ အဲဒါ သိပ်အရေးကြီးတယ်၊ လူဟာ ကိုယ့်ကိုယ်ကိုမှ ပြန်ပြီး မကြိုက်တော့ဘူးဆိုရင် တခြား ဘယ်အရာကိုမှ မကြိုက်နိုင်တော့ဘူး...၊ Carry on..! :D

sonata-cantata said...

မောင်မျိုးလေးက အမကို အားပေးရှာတယ်
အမလည်း မောင်မျိုးဆီ ရောက်ပါတယ်...ကော်မန့်မရေးခဲ့ပေမဲ့ ပြုံးစိစိနဲ့ ပြန်လာခဲ့ရတာချည်းပဲ

မောင်လေးရေ
ဟုတ်တယ်... အမလည်း ဆက်တော့ရေးချင်သေးတယ်
ဘာဆက်ရေးရမှန်းမသိတော့လို့
အားပေးတာ ကျေးဇူးနော်

sonata-cantata said...

ကိုညီလင်းသစ်ရေ စင်္ကာပူမှာတော့ တိုက်ပေါ်က ခုန်ချတာတွေ သိပ်ခေတ်စားတော့ အတုခိုးမမှားဖို့ ကိုယ့်ကိုကိုယ် ဆုံးမရပါတယ်...း)

Mon Petit Avatar said...

မမသီတာရဲ့ "အချက်အပြုတ်မှာ တော်ရိရော်ရိ၊ အချုပ်အလုပ်ဆို ဗုံမဟုတ် ပတ်မဟုတ်၊ အထားအသိုကျ တောင်မရောက် မြောက်မရောက်၊ သန့်ရှင်းရေး လုပ်တော့ ဟိုကျန်ဒီကျန်၊ စကားပြောရင် တုတ်ထိုးအိုးပေါက်" ဒီစကားအကြိုက်ဆုံးပဲ
ညီမကိုယ်ညီမပြန်မြင်နေသလို။

sonata-cantata said...

ညီမ မွန်ရေ...မသီတာတော့ ဘလော့ဂ်ဖတ်ရင်း ရေးရင်း အဆိုပါ အဖက်ဖက်မှာ တိုးတက်အောင် ကြံဆောင်နေတယ်...း)

သက်ဝေ said...

သီတာ စာရေးရင် တိုတိုနဲ့ ထိထိမိမိရေးတတ်တာကို သိပ်ကြိုက်တယ်...
ဒါပေမယ့် ဒီပိုစ့်ကတော့ ဒီ့ထက် ရှည်ရှည်ရေးလို့ ရပါသေးတယ်လေ... သီတာ ဆက်မရေးရင် ကိုဧရာ့ကို ရေးဖို့ ပြောလိုက်ပါလား... အဟီး...

T T Sweet said...

လမ်းသွားရင် ကိုယ့်လက်ကို ဆွဲ သူ့ဘယ်ဘက် ရင်အုံပေါ်ဖိကပ်ပြီး သွက်သွက်ကြီး လျှောက်ပြန်တော့လည်း မမောတန်း လိုက်မိပြန်တယ်။

အစ်မ အဲလိုဆိုတော့လဲ ကိုဧရာကြီးက တော်ရှာပါတယ် အေ့လူရေ ဖြစ်သွားပြီ အစ်မ။ အိမ်ကလူလေ လက်ကိုတွဲပြီး လမ်းမလျှောက်တာ ဘယ်လောက်တောင် ရှိပြီလဲမသိ ... ဟင်း)))) (နှာမှုတ်သံ)

ThuHninSee said...

ချစ်ဖို့ကောင်းတဲ့ မသီတာရဲ့ စိတ်ကိုကြိုက်တယ်

sonata-cantata said...

သက်ဝေ၊ တီတီဆွိ၊ သုနှင်းဆီ ...
နေ့စဉ် ဖြတ်သန်းနေတဲ့ မေတ္တာရပ်ဝန်း၊ သံယောဇဉ်ရပ်ဝန်း၊ ဘလော့ဂ်ရပ်ဝန်း ထဲက မှတ်တိုင်လေးတွေ

ShwunMi- said...

မသီတာ စိတ်ထဲရှိတဲ့အတိုင်း ရေးပေးထားတာကို ကြိုက်ပါတယ်..
ကိုဧရာအကြောင်း ရေးထားတာကို ပြုံးမိသွားတယ်..
ရေချမ်းနဲ့ ရေစင်လည်း သူ့နည်းသူ့ဟန်နဲ့ လိမ္မာကြပါတယ် :)
တစ်မိသားစုလုံး ပျော်ရွှင်ကြပါစေ..

PS
အပင်လေးတွေ အရွက်သစ်ထွက်နေပြီ.. အခန်းက သိပ်မလှပေမဲ့ အပင်ရှိတော့ မျက်စိအေးနေတယ်.. အနံ့မွှေးမွှေးလည်း တခါတခါရတယ် =)

PhyoPhyo said...

ကိုယ့်ကိုယ်ကို ကြိုက်တဲ့ မသီတာကို ကြိုက်သွားပါတယ်၊
မသီတာ ကိုဧရာ ရေချမ်း ရေစင် ရေမိသားစုလေးကို အမြဲသတိရပါတယ်၊ ရေလောင်းမယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မသီတာ ရေးပုံက ဟန်ဆောင်မှုမရှိ ပကတိရိုးရှင်းလွန်းတယ်..
ဒါလေးကိုကြိုက်တယ်..
ကိုယ့်ကိုယ်ကို ပြန်ကြိုက်တတ်တာလေးကိုလည်း ကြိုက်တယ်။
ကောင်းတာလေးတွေကို ရှာကြံပြောတတ်တာလေးကိုလည်း ကြိုက်တယ်။ ပြုံးချင်အောင် ရေးတတ်တာလေးကိုလည်းကြိုက်တယ်။

sonata-cantata said...

ရွှန်းမီ၊ ဖြိုးဖြိုး၊ ချော၊ ပေါက်...
နေ့စဉ် ဖြတ်သန်းနေတဲ့ မေတ္တာရပ်ဝန်း၊ သံယောဇဉ်ရပ်ဝန်း၊ ဘလော့ဂ်ရပ်ဝန်း ထဲက မှတ်တိုင်လေးတွေ

Anonymous said...

ကြိုက်တယ်
နှလုံးလှနေတာကို စာထဲမှာ မြင်နေရတယ်။

ခရီးရောက်မဆိုက် ရေးသည်
အပြုံးပန်း

ဇွန်မိုးစက် said...

ဒီပို့စ်ဖတ်ပြီး မသီတာကို ပိုချစ်သွားတာ ကြိုက်တယ်။း)

တန်ခူး said...

မ ဘ၀လှလှ စာထဲမှာ ချပြတတ်တာ ကြိုက်တယ်...
ကြိုက်တာတွေသာရသော ရတာတွေကိုကြိုက်သော နှစ်သစ်ဖြစ်ပါစေလို့ ....