Thursday, May 10, 2012

မဇ္ဈိမဒေသ နယ်နိမိတ်

ဗုဒ္ဓသာသနာ ပွင့်ထွန်းပေါ်ပေါက်လာရာ မဇ္ဈိမဒေသ၏ နယ်နိမိတ်အား
(၁) အရှေ့ဖက်တွင် ကဇင်္ဂလနိဂုံး၊ ထိုနိဂုံးအလွန်မှ မဟာသာလ (အင်ကြင်းပင်ကြီး)၊
(၂) အရှေ့တောင်ဖက်တွင် သလဠ၀တီမြစ်၊
(၃) တောင်ဖက်တွင် သေတကဏ္ဏိကနိဂုံး၊
(၄) အနောက်ဖက်တွင် ထူဏပုဏ္ဏားရွာနှင့်
(၅) မြောက်ဖက်တွင် ဥသိရဒ္ဓဇတောင်ဟူသော နိမိတ် ၅-ရပ်ဖြင့် ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် သတ်မှတ်တော်မူခဲ့သည် (၀ိနည်းမဟာဝါ၊ စမ္မက္ခန္ဓက)။

ထိုနယ်နိမိတ်တို့အား ယနေ့ခေတ်တွင် အတိအကျ သတ်မှတ် ဖော်ပြရန် မလွယ်ကူတော့သော်လည်း အကြမ်းအားဖြင့် မြောက်ဖက်တွင် ဟိမ၀န္တာတောင်တန်း၊ တောင်ဖက်တွင် ၀ိဉ္ဇတောင်တန်း (Vindhya Range) တို့ဖြင့် ပိုင်းခြားထားသော ဂင်္ဂါမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဟိမ၀န္တာတောင်တွင် မြစ်ဖျားခံ၍ ဂင်္ဂါမြစ်နှင့် ပေါင်းဆုံကာ ဘင်္ဂလားပင်လယ် အတွင်းသို့ စီးဝင်သွားကြသော ဂင်္ဂါ၊ ယမုနာ၊ အစိရ၀တီ၊ သရဘူ၊ မဟီဟူသော မြစ်ကြီးငါးသွယ်တို့၏ ဖြတ်သန်း စီးဆင်းသွားသော လွင်ပြင်ဒေသ ဖြစ်လေသည်။ ယနေ့ခေတ် နီပေါနိုင်ငံတောင်ပိုင်း Terai ခေါ် ဟိမ၀န္တာတောင်ခြေ အရပ်ဒေသ၊ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် နှင့် Bihar ပြည်နယ်တို့ ပါဝင်ကြသည်။

မဇ္ဈိမဒေသသည် အလျား ယူဇနာ ၃၀၀၊ အနံ ၂၅၀ ယူဇနာ၊ အ၀န်း ယူဇနာ ၉၀၀ ရှိ၍ ဇမ္ဗူဒိပ်ကျွန်း၏ အလယ်တွင် ရှိကြောင်း၊ လေးထောင့် စပ်စပ် ရှိသည်မဟုတ်ဘဲ အလယ်တွင်ကျယ်၍ အဖျားနှစ်ဖက်တွင် ကျဉ်းသော မုရိုးစည် သဏ္ဍာန်ရှိကြောင်း အဋ္ဌကထာတို့တွင် ဖော်ပြလေ့ရှိသည်။

ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မဇ္ဈိမဒေသတွင် လူဖြစ်ရခြင်းသည် သစ္စာတရားသိမြင်ရန် အခွင့်ကောင်း ရခြင်းဖြစ်၍၊ ပစ္စန္တိမအရပ်တွင် အသိဉာဏ်နည်းပါးသော မိလက္ခု (လူရိုင်း) အဖြစ် မွေးဖွားရခြင်းသည် အခွင့်အရေးဆုံးရှုံးမှု (အက္ခဏ) ၈-မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်း ဟောကြားထားသည် (အံ-၈-၂၉။ အက္ခဏသုတ်)။ ထို အခွင့်အရေးဆုံးရှုံးမှု ၈-မျိုးအား ရှေးဆရာတော်တို့က “ရပ်ပြစ်ရှစ်ပါး” ဟုခေါ်ဝေါ်၍ သြကာသကံတော့ချိုးတွင် ထည့်သွင်းကာ၊ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါစေကြောင်း ဆုတောင်းလေ့ရှိ ကြ၏။


နယ်နိမိတ် အပိုင်းအခြား


အရှေ့ဖက်နယ်နိမိတ်ဖြစ်သော ကဇင်္ဂလနိဂုံးသည် ဣန္ဒြိယဘာဝနသုတ် (မ-၃-၄၅၃) နှင့် ဒုတိယမဟာပဉှာသုတ် (အံ-၁၀-၂၈) တို့အား ဟောကြားခဲ့ရာ နေရာဖြစ်သည်။ ဂဇင်္ဂလ၊ ကဇင်္ဂလာယစသဖြင့် ရေးသည်လည်း ရှိ၏။ အေဒီ ၇-ရာစုက မဇ္ဈိမဒေသသို့ လာရောက်ခဲ့သော တရုတ် ရဟန်းတော် ရွှမ်းကျန်း(Xuan Zang)၏ မှတ်တမ်းအရ စမ္ပာမြို့မှ အရှေ့ဖက် လိပေါင်း ၄၀၀ ( ၆၇ မိုင်) သွားသော် ကဇင်္ဂလ (Kie-Ching-Kie-Lo) သို့ရောက်ကြောင်း ဖော်ပြထား၍၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရှိ Rajmahal မြို့တောင်ဖက် ၁၈-မိုင် အကွာမှ Kankjol အရပ်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဌာနမှူး Alexander Cunningham က သတ်မှတ်သည်။ ရာဟုလာသံကိစ္စည်းက ဗုဒ္ဓစရိယာတွင် Santhal Pragnas အရပ်ဟု ဖော်ပြထားသည်။ ထိုအရပ်ဒေသ နှစ်ခုလုံးသည် အနောက်ဘင်္ဂလားပြည်နယ်၊ ဂင်္ဂါမြစ်ကြောင်း  မြောက်မှ တောင်သို့ ပြောင်းလဲ စီးဆင်းသွားရာ အနီး၌ တည်ရှိလေသည်။

မဇ္ဈိမဒေသ၏ အရှေ့တောင်ဖက် နယ်နိမိတ် သလဠဝတီြမစ် အား ယနေ့ခေတ် Salai (Shilabati) မြစ် ဟု သတ်မှတ်ကြသည်။ သလ္လာဝတီ၊ သလလဝတီ စသဖြင့်လည်း ရေးကြသည်။ တောင်ပေါက် ဆရာတော်က ဖြူဆူးများ ပေါများသဖြင့် သလလဝတီဟု ခေါ်ကြောင်း ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ တောင်ဖက် နယ်နိမိတ် သေတကဏ္ဏိကနိဂုံးသည် မိုက္ကာ (လချေး) အများအပြား ထွက်သော Hazaribagh နယ်ဖြစ်၍ သေတကဏ္ဏိက ဟူသောအမည်သည်ပင် region of mica ဟုအဓိပ္ပါယ်ရကြောင်း Buddhism in India: from sixth century BC to Third Century AD တွင် ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ် ထူဏမည်သော ပုဏ္ဏားရွာ သည် အိန္ဒိယပြည်မြောက်ပိုင်း ဟာယန (Hayana) ပြည်နယ် ကုရုခေတ္တ (Kurukshetra) ခရိုင်ရှိ ဌာနေသရ (Thanesar) အရပ်ဖြစ်ကြောင်း သတ်မှတ်ကြသည်။ ထိုအရပ်သို့ တရုတ်ရဟန်းတော် ရွှမ်းကျန်း ရောက်ခဲ့ဖူး၍၊ ထိုစဉ်က ဘုန်းကြီးကျောင်း ၃-ကျောင်း၊ ရဟန်းတော် ၇၀၀ ခန့်ရှိကာ ဟိနယာန ဗုဒ္ဓဘာသာကို သင်ယူ ပို့ချကြကြောင်း ဖော်ပြထားသည်။ ဥဒါန်းပါဠိတော် ဥဒပါနသုတ်တွင် ဗုဒ္ဓမြတ်စွာ မလ္လတိုင်းအတွင်း လှည့်လည်စဉ် ထူဏပုဏ္ဏားရွာသို့ ရောက်ကြောင်းလာသောလည်း၊ မလ္လတိုင်းသည် မဇ္ဈိမဒေသ၏ အရှေ့ပိုင်းတွင် တည်ရှိသဖြင့် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်ဖြစ်သော ထူဏရွာ မဖြစ်နိုင်ပေ။ အမည်တူ အရပ်ဒေသသာ ဖြစ်နိုင်၏။ အချို့ကလည်း ဂရိဘုရင် အလက်ဇန္ဒားက အိန္ဒိအား လာရောက် သိမ်းပိုက်စဉ် (BC 326) တွင် မလ္လမျိုးနွယ်များသည် ပန်ဂျပ်ပြည်နယ် Ravi (ဧရာဝတီ) မြစ်ကမ်းတွင် (31°N 73°E) အခြေချ နေထိုင်နေကြကြောင်း မှတ်တမ်းအရ ထူဏရွာသည် ထိုနေရာပင် ဖြစ်ကြောင်း ယူဆကြ၏။ သို့သော် ထိုဂရိမှတ်တမ်းများမှ မလ္လမျိုးနွယ် ဆိုသူများသည် မဇ္ဈိမဒေသအရှေ့ပိုင်းမှ မလ္လများ မဟုတ်ကြဘဲ၊ ယနေ့တိုင် ပန်ဂျပ်ပြည်နယ်တွင် နေထိုင်ကြသော မလ၀ (Malwa) လူမျိုးများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုရုခေတ္တမှ Thanesar အရပ် (29.97°N 76.84°E) ကိုသာလျှင် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်အဖြစ် ယူဆအပ်သည်။

မဇ္ဈိမဒေသ၏ မြောက်ဖက် နယ်နိမိတ် ဥသိရဒ္ဓဇတောင်အား ဒိဗျာဝဒါနတွင် ဥသီရဂိရိဟူသော အမည်ဖြင့်တွေ့ရ၍ ဟိမဝန္တာတောင်၏ အနိမ့်ပိုင်းမှ တောင်ထွဋ်တစ်ခု ဖြစ်နိုင်သည်။ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဟရိဒွါရ (Haridwa) မြို့အနီးတွင် တည်ရှိသည်။ ပန်းရင်းနံ့သာမြက်မျိုး (fragrant root of Andropogon Muricatum) တို့ အများအပြား ပေါက်ရောက်သော တောင်ဖြစ်၍ ပန်းရင်းမြက်တို့ အလံတန်ခွန် ထူဘိသကဲ့သို့ ဖြစ်ခြင်းကြောင့် ဥသိရဒ္ဓဇ အမည်ရကြောင်း တောင်ပေါက် ဆရာတော်က ဖော်ပြသည်။

စာညွှန်း
၁။ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်ကြီး၊ တောင်ပေါက်ဆရာတော် 
၂။ Ancient Geography of India, Alexander Cunningham
၃။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. 
၄။ Buddhism in India: from sixth century BC to Third Century AD, Ashok Kumar Anand
၅။ Haryana: Past and Present, By Suresh K Sharma
၆။ Notes on the middle countries of Ancient India, TW Rhys Davids.

2 comments:

Ousai said...

Thank you so much for this Articles.

Ousai said...

Thank you so much for this compilation of Articles. Very informative....