Saturday, August 16, 2014

ဆရာတော် ဦးသီလာနန္ဒာဘိဝံသ ပြုစုသည့် ယုတ္တိဗေဒကျမ်း

ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ကထာဝတ္ထု အနုဋီကာတို့ကို ရေးသားပြုစုသည့် အရှင်ဓမ္မပါလ မထေရ်သည် လိုအပ်သည့် အခါတိုင်းတွင် ထိုခေတ်အခါက ထင်ရှားသည့် အိန္ဒိယဒဿနကျမ်းလာ ဝေါဟာရများကို ထည့်သွင်း ရေးသားလေ့ရှိသည်။ ထိုထို ဒဿနများနှင့် စိမ်းနေသူတို့အတွက် ၀ိသုဒ္ဓိမဂ် မဟာဋီကာနှင့် ကထာဝတ္ထု အနုဋီကာကျမ်းတို့ကို လေ့လာသောအခါတွင် အနက်အဓိပ္ပါယ်ကို မှန်ကန်စွာ နားလည်ရန် ခက်ခဲသည်။ ထို့ကြောင့်ပင် “ကထာဝတ္ထု အနက်ခု၊ အနုခက်” ဟု ဆရာ အစဉ်အဆက် ပြောလေ့ရှိကြသည်။

ကထာဝတ္ထုကျမ်းသည် ထေရ၀ါဒီ ဆရာနှင့် (သဗ္ဗတ္ထိက, မဟာသံဃိကစသည့်) ဂိုဏ်းတပါးအယူရှိသော ဆရာတို့ အချေအတင် ဆွေးနွေးကြသည့် ပုံစံဖြင့် မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။ ပုဂ္ဂိုလ်သတ္တ၀ါ၊ ပရမတ္ထတရားစသည့် လေးနက်ပြီး အဓိပ္ပါယ်ကောက် လွဲမှားနိုင်သည့် အကြောင်းရာများကို ဆွေးနွေးထားခြင်း ဖြစ်ရုံသာမက၊ ထိုခေတ်က အသုံးပြုသည့် အချေအတင် ဆွေးနွေးသည့် နည်းလမ်းများ (debate techniques)၊ ယုတ္တိဗေဒ နည်းလမ်းများကို အသုံးပြုကာ ဆွေးနွေးကြခြင်း ဖြစ်၍ ပုံသဏ္ဌာန်ပိုင်းအရလည်း နားလည်ရန် ခက်ခဲသည်။ ထိုသို့ အချေအတင် ဆွေးနွေးသည့် ပုံသဏ္ဌာန်ပိုင်းကို ဖွင့်ဆိုသောအခါတွင် အနုဋီကာဆရာ အရှင်ဓမ္မပါလသည် (ခရစ်နှစ် ၂-ရာစုခန့်က ဂေါတမ ရသေ့ စီရင်သည့်) နျာယသုတ္တ (Nyāya Sūtras) မှလာသော ၀စနာဝယ၀ယ (fivefold syllogism) နှင့် နိဂ္ဂဟဌာန (points of defeat) ၂၂-ပါးကို ယူ၍ ပြထားသည်။ နျာယသုတ်နှင့် အဖွင့်ကျမ်းများကို လေ့လာ မထားပါက အနုဋီကာ အဖွင့်များ၏ အနက်အဓိပ္ပါယ်ကို မှန်ကန်စွာ နားလည်ရန် မလွယ်ပါ။ ထို့ကြောင့် ကျမ်းစာတစောင် ရေးသားပြုစုရန် မဟာစည်ဆရာတော်ဘုရားက ဆရာတော် ဦးသီလာနန္ဒအား ပန်ကြား မိန့်မှာခဲ့သည်။ ထိုပန်ကြားချက်အရ အဘယရာမ ရွှေဂူတိုက် ဒုတိယနာယက ဆရာတော် ဦးသီလာနန္ဒက “၀ါကျာဝယ၀ ၀ဏ္ဏနာ” ကျမ်းကို ရေးသား ပြုစုတော်မူခဲ့သည်။

ဆရာတော် ဦးသီလာနန္ဒသည် “၀ါကျာဝယ၀ ၀ဏ္ဏနာ” ကျမ်းကို ရေးသား စီရင်သောအခါတွင် မူရင်းနျာယသုတ်အပြင် ယင်း၏ အဖွင့်ဖြစ်သော နျာယဘာဿ၊ နျာယ၀ုတ္တိ၊ နျာယမဉ္ဇရီ၊ တက္ကဘာဿစသည့် ကျမ်းများကို လည်းကောင်း၊ မဟာယာနကျမ်းပြု အရှင်ဓမ္မကိတ္တိ၏ နျာယဗိန္ဓုကျမ်းကို လည်းကောင်း ကိုးကားထားသည်။ အနောက်တိုင်း ယုတ္တိဗေဒကျမ်းများကိုလည်း အလျှဉ်းသင့်သလို ကိုးကားထားသည်။ ထို့အပြင် ၀ိသုဒ္ဓိမဂ် မဟာဋီကာ၊ ကထာဝတ္ထု အနုဋီကာ ကျမ်းလာစကားတို့ကို တိုက်ဆိုင်ကာ ရှင်းလင်းပြထားပါသည်။ ခရစ်နှစ် ၆-ရာစု ၇-ရာစုက ပေါ်ထွန်းခဲ့သည့် မဟာယာနကျမ်းပြုဆရာ ဒိနာဂနှင့် ဓမ္မကိတ္တိတို့၏ ကျမ်းများအား Kant, Hegel, J.S. Mill တို့၏ အယူအဆများဖြင့် နှိုင်းယှဉ်ကာ “Buddhist Logic” ဟု Stcherbatsky က ကျမ်းတစ်စောင် ရေးဖူးပါသည်။ ဆရာတော်၏ “၀ါကျာဝယ၀ ၀ဏ္ဏနာ” သည်လည်း ထေရ၀ါဒ စာပေကွက်လပ် တစ်နေရာကို ဖြည့်ပေးသည့် Buddhist Logic ကျမ်းတဆူဟု ဆိုနိုင်ပါသည်။

ဆရာတော် ဦးသီလာနန္ဒာဘိဝံသ ပြုစုသည့် ယုတ္တိဗေဒကျမ်း
[ဆရာတော် ဦးသီလာနန္ဒ၏ ၀ါကျာဝယ၀ ၀ဏ္ဏနာ e-book]


မိမိသည် ဆရာတော်၏ “၀ါကျာဝယ၀ ၀ဏ္ဏနာ” မူရင်း ပုံနှိပ်စာအုပ်ကို မတွေ့ဖူးပါ။ အင်တာနက်မှ Download လုပ်ထားသော e-book ကို သိမ်းထားရာ ယခုမှ ပြန်လည် ဖတ်မိပါသည်။ ထို ebook တွင် end-notes များက အညွှန်းသင်္ကေတ ပျောက်နေသဖြင့် မည်သည့် စာပိုဒ်အတွက် မှတ်ချက်ဖြစ်ကြောင်း အလွယ်တကူ မသိနိုင်တော့ပါ။ ထို့ကြောင့် စာပြန်စီ၍ မိမိ ဉာဏ်မီသလောက် အောက်ချေမှတ်စုများကို ပြန်ထည့်ထားကာ e-book အဖြစ်ပြန်၍ စီစဉ်ထားပါသည်။ ရှာမရတော့သည့် အောက်ချေမှတ်စု အချို့ကို ချန်ထားခဲ့ရပြီး၊ သင့်တော်မည်ဟု ယူဆရသည့် မှတ်ချက်အချို့ကို ထပ်မံဖြည့်စွက် ထည့်သွင်းထားပါသည်။

2 comments:

natthi said...

ဝကျာဝယဝ ဝဏ္ဏနာကျမ်းebook တင်ပေးထားတဲ့အတွက် ကျေးဇူးပါခင်ဗျာ :)

sosegado said...

လေ့လာသင့်သော ကျမ်းစာအုပ်ဖြစ်ပါသည်၊