Wednesday, December 6, 2017

ပုံစံဖွဲ့၍ တွေးခေါ်ခြင်း

ယနေ့ခေတ်သည် သတင်းအချက်အလက်များ ပြည့်အီနေသည့် ခေတ်ဖြစ်သည်။ မိမိ သိလိုသမျှကို အင်တာနက်ပေါ်တွင် ခလုပ်တချက် နှိပ်လိုက်ရုံဖြင့် မိမိဦးနှောက်က လက်ခံနိုင်လောက်သည်ထက် ပိုလွန်းနေသည့် အချက်အလက်များ တသီတတန်းကြီး ထွက်ကျလာမည် ဖြစ်သည်။ အဖိုးတန်သည့် အချက်များပါသလို သတင်းယောင်များ၊ သတင်းမှားများလည်း ရောပါလာမည်။ ထို့ကြောင့် ထိုသတင်း အချက်အလက်များကို စိစစ်ဝေဖန်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းက ပို၍ ပို၍ အရေးပါလာသည်။ စဉ်းစားတွေးခေါ်ခြင်းဟု ဆိုလျှင် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း (critical thinking)၊ သမားရိုးကျလမ်းမှ ဖောက်ထွက်၍ တွေးခေါ်ခြင်း (lateral thinking)၊ ပုံဆောင်၍ တွေးခေါ်ခြင်း (metaphoric thinking) စသည်တို့ကို အသိများပြီး ဖြစ်ပါလိမ့်မည်။ ယခုစာစုတွင် လူသိနည်းသေးမည်ဟု ထင်ရသည့် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။

၁၉၉၄-ခုနှစ်က ဆော့ဖ်ဝဲအင်ဂျင်နီယာ လောကတွင် အလွန် ရေပန်းစားသွားခဲ့သည့် “ဒီဇိုင်းပုံစံများ” Design Patterns: Elements of Reusable Object-Oriented Software အမည်ရသော စာအုပ်တအုပ် ထွက်ခဲ့ဖူးသည်။ မိမိတို့ ဖြေရှင်းရမည့် ပြဿနာအများစုမှာ အသစ်အဆန်း မဟုတ်၊ အရင်က အလားတူ ပြဿနာများ ရှိခဲ့ဖူးသလို၊ ထိုပြဿနာတို့ အတွက် အဖြေများကလည်း ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာတိုင်းကို အစမှ စကာ ကျားကုတ်ကျားခဲ အဖြေထုတ်နေရန် မလိုတော့။ ပြဿနာတို့၏ သဘောသဘာဝနှင့် နောက်ခံ အခြေအနေတို့ကို သေခြာစနစ်တကျ နားလည်ရန် ကြိုးစား၍ ယင်းပြဿနာနှင့် ဆင်တူသည့် ပြဿနာဟောင်းများ၏ အဖြေများကို ပြန်လည် အသုံးချနိုင်သည်။ ဤစာအုပ်တွင် ရှေးယခင်က ရှိခဲ့ဖူးသည့် ပြဿနာတို့ကို စနစ်ကျသရုပ်ခွဲကာ၊ အသင့်ပြန်လည် အသုံးချနိုင်မည့် စံပြအဖြေများကို ထုတ်ပေးထားသည်။ ဤစာအုပ် ထွက်ပြီး မကြာမီပင် “ဒီဇိုင်းပုံစံများ” နှင့် ဆိုင်သည့် အလားတူ စာအုပ်များ တအုပ်ပြီး တအုပ် ထွက်လာသည်။ “ဒီဇိုင်းပုံစံများ” သည် ဆော့ဖ်ဝဲ ရေးသူများနှင့် ဆော့ဖ်ဝဲ ပိသုကာများအတွက် တတ်အပ်သည့် ဘာသာရပ်တခု ဖြစ်လာသည်။ ဆော့ဖ်ဝဲ ရေးသူများကလည်း “ဒီဇိုင်းပုံစံများ” များကို တွင်တွင်ကြီး သုံးလာကြသည်။

“ဒီဇိုင်းပုံစံများ” ကို အကြောင်းပြု၍ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) ဟူသည့် ဝေါဟာရကို တစတစ သုံးလာကြသည်။ မည်မျှ ရှုပ်ထွေးခက်ခဲသော ပြဿနာ ဖြစ်ပါစေ အပေါ်ယံ အသေးစိတ်အချက်များတွင် နစ်မြုတ်မနေဘဲ၊ ပဓာနသည့် အချက်များကို ဆွဲထုတ်ကာ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ပြဿနာကို အပေါ်စီးမှ ခြုံငုံသုံးသပ်ရှုမြင် အဖြေရှာနိုင်သည်။ ပြဿနာတို့ကို ထိုသို့ ချဉ်းကပ် အဖြေရှာသည့်နည်းလမ်းကို “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ဟု ခေါ်သည်။ ဤဝါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးသော်လည်း၊ အသစ်အဆန်းတော့ မဟုတ်။ မိမိတို့ တွေ့ကြုံသိမြင်သည့် အချက်အလက်များထဲမှ ပုံစံတူ၊ အဆင်တူများကို သိမှတ်နိုင်သည့် စွမ်းရည်သည် လူ့ဦးနှောက်၏ အရေးပါသည့် ကိစ္စတရပ်ဖြစ်သလို၊ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည်လည်း စဉ်းစားတွေးခေါ်မှုများ အားလုံး၏ အခြေခံ ကျောရိုးပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း”ကို ဆော့ဝဲနယ်တွင် သာမက သိပ္ပံ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးအသီးတွင်လည်း အသုံးချနိုင်သည်။ သိပ္ပံပညာ၏ သဘော ကိုယ်တိုင်က လောကမှ ဖြစ်ရိုးဖြစ်စဉ် နိယာမ သဘောတရားများကို ထုတ်ဖော် ရှင်းလင်းခြင်းပင် ဖြစ်သည်။ သိပ္ပံပညာရှင်တို့သည် အချက်အလက်များကို စနစ်တကျ စူးစမ်း လေ့လာ၍ ထူးခြားသည့် လက္ခဏာများ၊ ဆက်စပ်ပုံများကို ရိုးရှင်းစွာ ရှင်းလင်းပြနိုင်မည့် သဘောတရား ပုံစံကို ဖွဲ့စည်း တည်ဆောက်သည်။ ထို့နောက် ထပ်မံတွေ့ရှိရသည့် အချက်များကို မိမိ တည်ဆောက်ထားသည့် ပုံစံသစ်တွင် ဘောင်ဝင် မဝင် စစ်ဆေးရသည်။ ဤသည်မှာ သိပ္ပံသုတေသနလုပ်ငန်း၏ သဘောသဘာဝပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု အဖြစ် ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သဘောတရား ထုတ်ဖော်တွေ့ရှိခဲ့ပုံကို လေ့လာကြည့်နိုင်သည်။ ဒါဝင်သည် ကမ္ဘာပတ်၍ တိရိစ္ဆာန်နှင့် အပင်မျိုးကွဲများကို ရှာဖွေစုဆောင်း သုတေသနပြုခဲ့သည်။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂလပဂို့စ်ကျွန်းစုတွင် တွေ့ရှိရသည့် စာငှက်မျိုးကွဲများက သူ့ကို အံအားသင့်စေခဲ့သည်။ အချို့ကျွန်းမှ စာငှက်များက ကြီး၍ မာကျောသည့် နှုတ်သီး ရှိကြပြီး၊ အချို့ကျွန်းမှ စာငှက်များက ချွန်ထက်သော နှုတ်သီး ရှိကြသည်။ မျိုးစိတ်တို့သည် ပြောင်းလဲမှု မရှိဘဲ မျိုးရိုးလိုက်သည်ဟု ရှေးက လက်ခံယုံကြည် ထားခဲ့ကြသည်။ ယခု သူတွေ့ရှိထားသော အချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်၍ နေသည်။ ထို့နောက် နှုတ်သီး အရွယ်အစားနှင့် ပုံသဏ္ဍာန်များသည် ထိုငှက်တို့ စားသည့် အစားအစာများနှင့် ဆက်နွယ်နေသည်ကို သတိပြုမိသည်။ နှုတ်သီး ချွန်၍ သွယ်သော ငှက်များသည် အင်းဆက်ပိုးများကို စားကြသည်။ နှုတ်သီး မာ၍ တိုသော ငှက်များက မြေပြင်ပေါ် ကျနေသည့် သစ်စေ့များကို စားကြသည်။ ရှားစောင်း စေ့ကို စားသည့် ငှက်တို့၏ နှုတ်သီးက ကြီး၍ ချွန်နေကြသည်။ မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်ကြီးပြင်းရသည့် ပတ်ဝန်းကျင် ရေမြေသဘာဝအလိုက် ပြောင်းလဲနေပုံကို ဒါဝင် နားလည် သဘောပေါက်လာသည်။

ဒါဝင်သည် သူငယ်စဉ်က ဖတ်ခဲ့ဖူးသည့် မားလ်သပ်စ်၏ “လူဦးရေတိုးပွားမှု သဘောတရား စာတမ်း” (Thomas Malthus’s Essay on the Principle of Population, 1798) ကို ပြန်၍ အမှတ်ရသည်။ ထိုစာတမ်း၏ အနှစ်ချုပ်သဘောမှာ စာနပ်ရိက္ခာ အထွက်နှုန်းက ပုံမှန်သာ တိုးတက်နေသော်လည်း၊ လူဦးရေက ဆပွားနှုန်းဖြင့် တိုးတက်နေသဖြင့်၊ ငတ်မွတ် ခေါင်းပါးမှုဘေး၊ ကပ်ရောဂါဘေးနှင့် စစ်ဘေးတို့နှင့် ရင်ဆိုင်ကြရလိမ့်မည်၊ နောင်မျိုးဆက်တို့သည် မိမိတို့ ဘဝ ဆက်လက်ရှင်သန်နိုင်ရန် ရုန်းကန်ကြရမည် ဟူ၍ ဖြစ်သည်။ ဒါဝင်က ထိုစာတမ်းကို ပြန်၍ ဖတ်သည်။ ထို့နောက် ထိုသဘောတရားနှင့် မိမိ လေ့လာ တွေ့ရှိချက်များကို ပေါင်းစပ်ကာ၊ “မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်သည့် သဘာဝ ပတ်ဝန်းကျင် အလိုက် ကွဲပြားပြောင်းလဲမှုများ ဖြစ်ပေါ် နေကြသည်။ သဘာဝတရားနှင့် အသင့်တော်ဆုံး မျိုးစိတ်က ဆက်လက် ရှင်သန်ပွားများကြသည်” ဟူသည့် သဘာဝရွေးချယ်မှု (Natural Selection) နှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သဘောတရား (Theory of Evolution) ကို ဖော်ထုတ်နိုင်ခဲ့လေသည်။ စင်စစ် ဒါဝင်သည် သူ့ယခင်က သုတေသီတို့ စုဆောင်းခဲ့သည့် အချက်အလက် အများအပြားကိုလည်း အသုံးပြုခဲ့ပါသည်။ သို့သော် ထိုသူများက သူတို့၏ တွေ့ရှိချက်များကို ပုံစံဖွဲ့၍ မတွေးနိုင်ခဲ့ကြ။ ဒါဝင်ကမူ လေ့လာတွေ့ရှိသည့် အချက်အလက်များကို “လူဦးရေတိုးပွားမှု သဘောတရား” ပုံစံနှင့် ဆက်စပ်ကာ၊ ပုံစံသစ် တခုဖွဲ့၍ စဉ်းစားနိုင်ခဲ့သည်။

ကားလ် မာ့က်စ်၏ သမိုင်းအမြင်မှာ သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်မှ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု ဖြစ်သည်။ သူက လူ့သမိုင်း ဖြစ်စဉ်ကြီးတခုလုံးကို ကုန်လုပ်ဆက်ဆံရေးနှင့် လူတန်းစားပဋိပက္ခ ရှုထောင့်မှ ခြုံငုံ၍ ရှုမြင်သည်။ လူ့သမိုင်းသည် သမိုင်းဦး ဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ဟူ၍ ကြောင်လိမ်လှေကား သဖွယ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ဟု ပုံစံထုတ်ပြသည်။ နောက်ဆုံးတွင် သမိုင်းဦး ဘုံမြေခေတ်ကလိုပင် လူတန်းစားခွဲခြားမှု မရှိတော့ဘဲ ကုန်ထုတ်စွမ်းအားစု တရပ်လုံးကို ဘုံပိုင်ဆိုင်သည့် ခေတ်သို့ ရောက်ရမည်၊ ပစ္စည်းမဲ့လူတန်းစားတို့ အောင်ပွဲခံရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မာ့က်စ်၏ အတိတ်သမိုင်းကို ရှုမြင်သုံးသပ်ပုံမှာ ရှင်းလင်းထိရောက်သည်။ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးနယ်တို့တွင် အရေးပါ အရာရောက်ခဲ့သည်။ သို့သော် အများသိသည့်အတိုင်း “ပစ္စည်းမဲ့တို့ အောင်ပွဲခံ၍ သမိုင်းဖြစ်စဉ်ကြီး နိဂုံးချုပ်တော့မည်” ဆိုသည့် အနာဂတ်ဟောကိန်းကတော့ သူနှင့် ကွန်မြူနစ်ဝါဒီတို့ မျှော်မှန်းသလို ဖြစ်မလာခဲ့။ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” တွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါသည်။ အားသာချက်သည် ပြဿနာ၏ ရင်းမြစ်နှင့် ပဓာနအချက်များကို ဆွဲထုတ်၍ ရိုးရှင်းအောင်ပြုခြင်း (simplification)၊ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ရှုမြင်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပြဿနာ၏ အခြားအရေးပါသည့် အကြောင်းတရားများ၊ အခြေအနေများကို မျက်ကွယ်ပြုကာ လိုသည်ထက်ပို၍ ရိုးရှင်းအောင်ပြုခြင်း (over-simplification)၊ မိမိ တွေးခေါ်ထားသည့် ပုံစံအတွင်းသို့ အတင်းဇလုပ်တိုက်၍ သွင်းကြည့်ခြင်း၊ မိမိတို့ တည်ဆောက်ထားသည့် ပုံစံခွက်ကြီးအား လှေနံဓားထစ် ဖက်တွယ်မိခြင်းတို့သည် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ၏ ထောင်ချောက်များပင် ဖြစ်သည်။


နိုင်ငံရေးနယ်ပယ်မှ နောက်ထပ် သာဓကတခုအဖြစ် ဟန်တင်တန်၏ “တတိယလှိုင်း – ၂၀-ရာစု နှောင်းပိုင်း ဒီမိုကရေစီအကူးအပြောင်း” (Samuel Huntington’s The Third Wave: Democratization in the Late Twentieth Century, 1992) စာအုပ်ကို ကြည့်နိုင်ပါသည်။ ဟန်တင်တန်သည် ၁၉၇၄-ခု ပေါ်တူဂီနိုင်ငံ ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) က စတင်ခဲ့သည့် ဒီမိုကရေစီ တတိယလှိုင်းမှ နိုင်ငံပေါင်း ၆၀ ကျော်၏ သဘောလက္ခဏာများကို စနစ်တကျ သုတေသနပြုကာ၊ အောက်ပါအတိုင်း ဒီမိုကရေစီကူးပြောင်းပုံ ပုံစံလေးမျိုးကို ထုတ်ပြထားသည်။

(၁) Transformation – အာဏာရှင် ခေါင်းဆောင်များ ကိုယ်တိုင်က အပြောင်းလဲကို စတင်ဖော်ဆောင်ပေးခဲသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (စပိန်၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ဘရာဇီး စသည့် နိုင်ငံများ)
(၂) Replacements – အတိုက်အခံအုပ်စုက အာဏာရှင် အစိုးရကို ဖြုတ်ချ ဖယ်ရှားလိုက်သည့် ဒီမိုကရေစီ ကူးပြောင်းမှု (အရှေ့ဂျာမနီ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ အာဂျင်တီးနား စသည့် နိုင်ငံများ)
(၃) Transplacement – အတိုက်အခံနှင့် အာဏာရှင်အစိုးရတို့ ငြိနှိုင်းဆွေးနွေးကာ အာဏာရှင်က အတိုက်အခံအား နေရာ ဖယ်ပေးသည့် ဒီမိုကရေစီ ကူးပြောင်းမှု (ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ ဗော်လီဗီးယား၊ နီကာရာဂွါ စသည့် နိုင်ငံများ)
(၄) Interventions – ပြင်ပ အင်အားကြီး နိုင်ငံများက ကြားဝင်စွက်ဖက်၍ ဒီမိုကရေစီ အစိုးရတရပ်ကို ဖော်ဆောင်ပေးခဲ့သည့် ကူးပြောင်းမှု (ဂရင်နာဒါ၊ ပနားမား စသည့် နိုင်ငံများ)

ဟန်တင်တန်သည် ထိုသို့ ပုံစံလေးမျိုး ခွဲခြားပြရုံသာမက ပုံစံ တခုချင်းစီ အတွက် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်စေရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များလည်း ထည့်သွင်း အကြံပေးထားပါသည်။ အဆင်တူ ပြဿနာများအတွက် စံပြအဖြေကို ထုတ်ပေးထားသည်။ ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ရေးအတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေမည့် စံပြအဖြေကို အသင့်ယူသုံးနိုင်သည်။ သို့သော် ယနေ့ခေတ် ဒီမိုကရေစီ ကူးပြောင်းတိုင်းများကို ဤပုံစံလေးမျိုးတွင် ထည့်သွင်းကြည့်၍ ရ-မရ ဆိုသည်က မေးခွန်း ထုတ်စရာ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သလိုပင် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည် ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်။ ထောင်ချောက်များလည်း ရှိနေနိုင်သည်ကိုတော့ သတိပြုကြရမည် ဖြစ်သည်။



ဧရာ (မန္တလေး)

1 comments:

Anonymous said...

Hey, I think your site might be having browser compatibility issues.

When I look at your website in Chrome, it looks fine but when opening in Internet Explorer, it has
some overlapping. I just wanted to give you a quick heads up!
Other then that, excellent blog!