Saturday, December 25, 2021

A Note on Active Reading/ Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။
စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။ 
 
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
 ပိဋကတ်ပါဠိတော်လာ ဝါကျတစ်ကြောင်း ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။
တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။
 
ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။
 
အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ 
 
လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမသဘောကို သိခြင်း (#ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။
 
လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လူ့သဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ 
 
ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။
ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။
 
အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။
 
  • စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
  • ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
  • မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
  • နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
  • လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)
 
ဧရာ (မန္တလေး)
(၂၇၊ ဇန်နဝါရီ၊ ၂၀၁၈)

သင်ယူလိုစိတ်နှင့် Art of Listening

သင်ယူလိုစိတ်ရှိမှ ပညာရတယ် (သုဿူသံ လဘတေ ပညံ)၊ ‘သင်ယူလိုစိတ်’ (သုဿူသာ)နဲ့ ‘ဆိုဆုံးမလွယ်ခြင်း’ (သောဝစဿတာ) တို့က ဆက်စပ်နေတယ်၊ ဆရာ, ကိုယ်သင်ယူမယ့် ပညာနဲ့ သင်ယူလေ့ကျင့်မှုတို့ကို ရိုသေ လေးစား တန်ဖိုးထားမှု (သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သိက္ခာဂါရဝတာ) တွေရှိမှ ‘သောဝစဿတာ’ မင်္ဂလာနဲ့ ပြည့်စုံနိုင်တယ်၊ တနည်းအားဖြင့် ‘သောဝစဿတာ’ မင်္ဂလာရှိဖို့ အတွက် Howard Gardner ပြောတဲ့ Respectful Mind မျိုးကို မွေးမြူလေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ရေးခဲ့ပါတယ်။ ဒါက အခြေခံ စိတ်ထားအနေနဲ့ ပြောတာပါ။ သင်ယူလိုစိတ်နဲ့ နားထောင်တော့မယ်ဆိုရင် နားထောင်ခြင်း အတတ်ပညာလည်း လိုအပ်ပါသေးတယ်။
 
‘နားထောင်ခြင်း အတတ်ပညာ’ (art of listening) လို့ ပြောရတာက မွေးရာပါ နားအကြားအာရုံ ရှိတာနဲ့ သူ့အလိုလို နားထောင်တတ်တာမျိုး မဟုတ်ဘဲ၊ ပြုစုပျိုးထောင်ယူရတဲ့ အရည်အချင်းတစ်မျိုး ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် ခေါင်းဆောင်မှု သင်တန်း, စီမံခန့်ခွဲမှု သင်တန်းတွေမှာ ဆိုရင် နားထောင်ခြင်း အတတ်ပညာကို Active Listening, Listening Intelligence စတဲ့ အမည်တွေ တပ်ပြီး ဘာသာရပ်တစ်ခု အနေနဲ့ တခုတ်တရ သင်ကြားကြရတယ်။ 
 
‘နားထောင်ခြင်း အတတ်ပညာ’ ဆိုတာ လွယ်မယောင် ထင်ရပေမယ့် အလွန်ခက်ပါတယ်။ ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြပါဘူး။ တခါတလေမှာ တဖက်လူရဲ့ စကားကို အာရုံစိုက်ပြီး နားမထောင်ဘဲ၊ ကိုယ်ပြောချင်တာကို ပြောဖို့ အတွက် အခွင့်အရေးကို စောင့်နေတာမျိုး၊ ဒါမှမဟုတ် စောင့်တောင် မစောင့်တော့ဘဲ စကားဖြတ်ပြီး ပြောချင်ရာ ဝင်ပြောတာမျိုး ဖြစ်နေနိုင်ပါတယ်။ တခါတလေမှာ တဖက်လူရဲ့ စကားကို ဆုံးအောင် နားမထောင်ဘဲ၊ သူ့စကားကို အဆောတလျင် ဝေဖန်ဆုံးဖြတ်တတ်တယ်။ နားလည်အောင် အားမထုတ်ဘဲ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ကို ဆွဲယူလိုက်တယ်။ ပိုဆိုးတာကတော့ အဲဒီလို လိုရာဆွဲထားတဲ့ အချက်ကို ပစ်မှတ်တခုလို သဘောထားပြီး ဝေဖန်တိုက်ခိုက်တာပါဘဲ။ ဒါမျိုးကို straw-man argument လို့ ခေါ်လေ့ရှိပါတယ်။ 
 
နားထောင်တတ်ဖို့ အတွက် စိတ်က အခြားကို ပြန့်လွင့်မနေဘဲ အာရုံစိုက်ထား ရတယ်။ စိတ်ရှည်ရတယ်။ အဆောတလျင် ဝေဖန်ရေး မလုပ်သေးဘဲ နားလည်အောင် အားထုတ်ရတယ်။ နားမလည်သေးရင် နားလည်အောင် ပြန်မေးရတယ်။ နားလည်ထားတာကို တိုတိုရှင်းရှင်း ပြန်ပြောနိုင်အောင် ကြိုးစားရတယ်။ တဖက်သားရဲ့ စကားကို ဝေဖန်တော့မယ် ဆိုရင်လည်း လိုရာဆွဲထားတဲ့ အပေါ် ဝေဖန်တာမျိုး မဟုတ်ဘဲ၊ သူ့စကားကို သေခြာနားလည်ပြီးမှ အချက်ကျကျ ဝေဖန်ရပါတယ်။ သင်ယူမှုအတွက် နားထောင်ရင်လည်း ဒီအချက်တွေက လိုအပ်တာပါပဲ။
 
ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြဘူး။ နားထောင်ဖို့ထက် ဝေဖန်အကဲဖြတ်ဖို့ကို ရှေ့တန်းတင်ကြတယ်။ ဘာလို့လဲဆိုတော့ နားထောင်ရတာက သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် နားထောင်ဖို့ အတွက် သတ္တိရှိဖို့ လိုတယ်” လို့ စိတ်ကုပညာရှင် Carl Rogers က ပြောဖူးတယ်။ သူပြောနေတဲ့ “အန္တရာယ်” ဆိုတာက နားထောင်ခြင်းကနေ လူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်ကို ဆိုလိုတာပါ။ တကယ်တော့ အပြောင်းအလဲ ဆိုတာက တိုးတက်တဲ့ ပြောင်းလဲခြင်း ရှိသလို၊ ဆုတ်ယုတ်နိမ့်ကျတဲ့ ပြောင်းလဲခြင်းလည်း ရှိပါတယ်။ 
 
ဗုဒ္ဓစာပေတွေအရ မှန်ကန်တဲ့ အတွေးအမြင်တွေရဖို့ အတွက် ‘တဖက်သားရဲ့ စကား’ (ပရတော ဃောသော) ဆိုတဲ့ ပြင်ပအကြောင်းရင်းက သူတော်ကောင်းပညာရှိတွေရဲ့ စကားဖြစ်ဖို့ လိုတယ်။ ထို့အတူဘဲ အတွင်းအဇ္ဈတ္တ အကြောင်းတရားဖြစ်တဲ့ သင့်တင့်မှန်ကန်တဲ့ နှလုံးသွင်းမှု (ယောနိသော မနသိကာ‌ရော) လည်း လိုအပ်ပါတယ်။ သူတော်ကောင်း ပညာရှိရဲ့ စကားကို ကြားနာရတာ မှန်ပေမယ့် ‘နားထောင်မှု အတတ်ပညာ’ ချို့တဲ့ နေရင်တော့ တိုးတက်မှန်ကန်တဲ့ အပြောင်းလဲကို ဖြစ်စေမှာ မဟုတ်ပါဘူး။ ‘နားထောင်မှု အတတ်ပညာ’ နဲ့ ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်က သုဿူသာသုတ်မှာ အောက်ပါ အချက် (၆) ကို ထုတ်ပြီး ဟောထားပါတယ်။ 
 
၁။ သင်ယူနာကြားလိုစိတ် ရှိတယ် (သုဿူသတိ)။
၂။ အာရုံစိုက်ပြီး နားထောင်တယ် (သောတံ ဩဒဟတိ)။
၃။ အသိဉာဏ်ရရန် စိတ်ကို ရှေးရှုထားတယ် (နားလည်ဖို့ စိတ်ဝင်စားတယ်) (အညာ စိတ္တံ ဥပဋ္ဌာပေတိ)။
၄။ အကျိုးရှိတာ, အဓိပ္ပါယ်ရှိတာကို ယူတယ် (အတ္ထံ ဂဏှာတိ)။
၅။ အကျိုးမရှိ, အဓိပ္ပါယ် မရှိတာကို စွန့်တယ် (အနတ္ထံ ရိဉ္စတိ)။
၆။ အမှန်တရားနဲ့ ဆီလျော်တာကို နှစ်သက်လက်ခံတယ် (အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဟောတိ)။ 
 
‘နားထောင်မှု အတတ်ပညာ’ နဲ့ ပြည့်စုံတဲ့ သင်ယူနာကြားမှုမျိုးက တိုးတက်မှန်ကန်တဲ့ အပြောင်းအလဲ ကို ဖြစ်စေနိုင်ပါတယ်။

သင်ယူလိုစိတ်နှင့် Respectful Mind

“သင်ယူခြင်း” ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ပညာရေးဒဿန အမျိုးမျိုး အလိုက် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် “သင်ယူမှု ဆိုတာ အပြုအမူ, အတွေးအမြင်, အသိဉာဏ်, ပညာတွေ တိုးတက် ဖြစ်‌ပေါ်စေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်” လို့ သတ်မှတ်နိုင်ပါတယ်။ 
 
“မိမိရဲ့ အပြုအမူနဲ့ အတွေးအမြင်တွေက အသားကျသွားပြီ, အသိဉာဏ်ပညာတွေကလည်း ဒီထက် ပိုပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးတွေက “သင်ယူခြင်း”ရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ သင်ယူလိုစိတ် ပိတ်ဆို့ရပ်တန့်သွားစေတဲ့ စိတ်ဓာတ် (Fixed Mindset) လို့ ခေါ်ပါတယ်။ မိမိရဲ့ စဉ်းစား, ပြောဆို, ပြုမူပုံတွေကို အကောင်းဖက်ကို ပြောင်းလဲ ယူလို့ ရနိုင်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်မျိုးကိုတော့ တိုးတက်တဲ့ စိတ်ဓာတ် (Growth Mindset) လို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် (တနည်း Growth Mindset) နဲ့ သင်ယူလိုစိတ်က “သင်ယူခြင်း” ကို ဖြစ်စေပါတယ်။ 
 
ပိဋကတ်စာပေတွေမှာ “သင်ယူလိုစိတ်” ကို အာဠာဝကသုတ်မှာ “သုဿူသာ” ဆိုတဲ့ ပုဒ်၊ မင်္ဂလသုတ်နဲ့ မေတ္တသုတ်တွေမှာ “သောဝစဿတာ” နဲ့ “သုဝစော” ဆိုတဲ့ ပုဒ်တွေနဲ့ တွေ့နိုင်ပါတယ်။ အလွန်ခက်ထန်ကြမ်းတဲ့ ဘီလူးကြီး အာဠာဝက အဖြစ်ကနေ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ရာမှာ စံတင်ရတဲ့ အာဠာဝက အဖြစ် တိုးတက်ပြောင်းလဲစေခဲ့တဲ့ spiritual transformation ကိုလည်း သင်ယူမှု ဖြစ်စဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဠာဝကဘီလူး မေးလျှောက်တဲ့ ပုစ္ဆာတွေထဲမှာ “ပညာကို ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ မြတ်စွာဘုရားက ပညာရကြောင်း လေးပါးကို ဟောထားပါတယ်။ 
 
(၁) တရားတော်အပေါ်မှာ ယုံကြည်ခြင်း (သဒ္ဓါ)
(၂) တရားတော်ကို နာကြားသင်ယူလိုစိတ် ရှိခြင်း (သုဿူသာ)
(၃) မမေ့မလျော့သော သတိဖြင့် အားထုတ်ခြင်း (အပ္ပမာဒ)
(၃) အမှားအမှန်ကို စူးစမ်း စိစစ် ဆင်ခြင်း (ဝိစက္ခဏာ) 
 
ဒီအမေးအဖြေတွေက လောကုတ္တရာ နိဗ္ဗာန်ကို ရည်ညွှန်းတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ယေဘုယျသဘောနဲ့ လောကီရှုထောင့်က ပညာရကြောင်းကို ကြည့်ရင်လည်း ဒီအချက်လေးချက်က အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။
 
မင်္ဂလသုတ်မှာလာတဲ့ ‘သောဝစဿတာ’ ဆိုတဲ့ ဝေါဟာရကို ‘ဆိုဆုံးမလွယ်ခြင်း’ လို့ မြန်မာပြန်လေ့ ရှိပါတယ်။ ဒါကို အချို့က obedience လို့ ဘာသာပြန်လိုက်ကြပါတယ်။ မမှားပေမယ့် အဓိပ္ပါယ် ပြည့်စုံမှုတော့ မရှိပါဘူး။ “အမိန့်နာခံမှု, ဆိုဆုံးမမှုကို နာခံမှု” ဆိုတာတွေက အထက်အောက် ဆက်ဆံရေးသဘော ဆန်ပါတယ်။ ကိုယ့်အထက်က လူကပြောဆိုတာကို နာခံတယ်ဆိုတာက ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ တန်းတူက ပြောဆိုတာကို လက်ခံနားထောင်တာကလည်း နားမထောင်ရင် ကိုယ့်ကို ဝေဖန်အပြစ်တင်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် (သရဘင်္ဂဇာတ်၊ ဇာတက အမှတ် ၅၂၂)။ ကိုယ်ထက်သာသူ, တန်းတူသာမက ကိုယ်အောက်လူရဲ့ ဆုံးမ, ဝေဖန်, အကြံပေး, ထောက်ပြတာတွေကို တလေးတစား နာယူလိုစိတ်မျိုးကို ‘သောဝစဿတာ’ လို့ ခေါ်ပါတယ်။ တခါတုန်းက အရှင်သာရိပုတ္တရာ မထေရ်ကြီးက သင်္ကန်းရုံတာ အဝန်းမညီဘဲ ဖြစ်နေတဲ့ အခါ ကိုရင်လေး တစ်ပါးက သတိပေးဖူးတယ်။ အဲဒီအခါမှာ တလေးတစားနဲ့ သင်္ကန်းကို ပြန်ဝတ်ရုံပြီး ကိုရင်လေးကို ညီမညီ ပြန်မေးတယ်။
 
“ခုနှစ်သားအရွယ် ရှင်ဖြစ်စ သာမဏေလေးက ငါ့ကို ဆိုဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသမဏေကို မြင်လျှင် ထက်သန်သော ဆန္ဒ, ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့် အကြိမ်ကြိမ် အရိုအသေပြု၍ ဆရာအရာ ထားပါအံ့” (မိလိန္ဒပဉှာ. ၆.၄.၈၊ ‌ဂေါရူပင်္ဂပဉှာ) လို့ အရှင်သာရိပုတ္တရာက မိန့်သတဲ့။
 
‘သောဝစဿတာ’ ဆိုတာက ‘အမိန့်နာခံမှုမျိုး (obedience)’ မဟုတ်ဘဲ၊ အရှင်သာရိပုတ္တရာမထေရ်လို မိမိကို ဝေဖန် အကြံပေးလာတဲ့ စကားကို တလေးတစား နာယူပြုပြင်လိုတဲ့ စိတ်ထားမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ‘သောဝစဿတာ’ ကို being amenable to advice, being open to criticism စသဖြင့် ဘာသာပြန်ကြပါတယ်။ 
 
မင်္ဂလသုတ်အရ ‘သောဝစဿတာ’ က သူ့ရှေ့က ရိုသေလေးစားမှု (ဂါရဝ), မိမိကိုယ်ကို နိမ့်ချမှု (နိဝါတ), သည်းခံမှု (ခန္တီ) ဆိုတဲ့ တရားတွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေပါတယ်။ ကြောက်လို့ ဖြစ်စေ, လာဘ်လာဘကြောင့် ဖြစ်စေ အမိန့်နာခံတာ, ချိုချိုသာသာ နားထောင်တာတွေက ‘သောဝစဿတာ’ အစစ် မဟုတ်ပါဘူး။ ဆရာအပေါ်မှာ ရိုသေလေးစားမှု (သတ္ထုဂါရဝ) အထူးသဖြင့် တရားအပေါ်မှာ ရိုသေလေးစားမှု (ဓမ္မဂါရဝ) ကို အခြေခံမှ ‘သောဝစဿတာ’ အစစ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “တရားကို ရိုသေလေးစား, မြတ်နိုး ပူဇော်မှုပြုပြီး ‘သောဝစဿတာ’ ဖြစ်အောင် ကျင့်ရမယ်” လို့ ကကစူပမာသုတ် (မ.၁.၂၂၆) မှာ ဟောထားပါတယ်။ 
 
“ဗဟုဉာဏ်စွမ်းရည် သဘောတရား” (Multiple Intelligence Theory) ကို ဖော်ထုတ်ခဲ့သူ အဖြစ် ပညာရေးနယ်ပယ်မှာ ထင်ရှားတဲ့ Howard Gardner က "အနာဂတ်အတွက် နှလုံးရည်ငါးသွယ်" (Five Minds for Future) ဆိုတဲ့ စာအုပ်မှာ မတူညီတဲ့ ပညာရပ် နယ်ပယ်, မတူညီတဲ့ နောက်ခံအခြေအနေတွေရှိတဲ့ အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ Respectful Mind က လူ့ဘဝမှာ အရေးပါတဲ့၊ အထူးသဖြင့် အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်ကြောင်းရေးခဲ့ပါတယ်။ 
 
Respectful Mind ကိုသာ လေ့ကျင့် မထားခဲ့ရင် မိမိကိုယ်ကို အထင်ကြီးတဲ့ ‘မာန’, ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခေါင်းမာတဲ့ ‘ထမ္ဘ’, တဖက်သားရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ဝေဖန် ရှုတ်ချတတ်တဲ့ ‘သာရမ္ဘ’ ဆိုတဲ့ စိတ်ထားတွေကြောင့် ပညာရဖို့ အတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာကို လေးစားမှု (သတ္တုဂါရဝ), အမှန်တရားကို လေးစားမှု (ဓမ္မဂါရဝ), မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ သင်ယူလေ့ကျင့်မှုအပါ်လေးစားမှု (သိက္ခာဂါရဝ) ဆိုတဲ့ ဂါရဝတရားတွေနဲ့ ‘သောဝစဿတာ’ တရားကို မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယဓမ္မ) အဖြစ် သုတ္တန်ဒေသနာတွေမှာ ဟောထားပါတယ် (အံ.၆.၂၂၊ အပရိဟာနိယသုတ်။ အံ.၇.၃၄၊ ပဌမသောဝစဿတာသုတ်)။ 
 
တနည်းပြောရင် Respectful Mind, openness to criticism, desire to learn ဆိုတာတွေက Growth Mindset အတွက် လိုအပ်တဲ့ အခြေခံ စိတ်ထားတွေပါပဲ။

သင်ယူလိုစိတ်နှင့် Growth Mindset

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အ‌‌‌ရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။ 
 
ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။ 
 
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။ 
 
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။ 
 
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။ 
 
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။ 
 
P.S. 
၁။ အာဠာဝက မေးတဲ့ ပုစ္ဆာ အဖြေထဲက ‘သင်ယူလိုစိတ်’ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရင်း Carol Dweck ပြောတဲ့ Growth Mindset အကြောင်းကို စိတ်ထဲပေါ်လာလို့ အရင် ချရေးဖြစ်ပါတယ်။ နောက်မှပဲ အာဠာဝကသုတ် အပါအဝင် သုတ္တန်တွေက ပြောတဲ့ “သင်ယူလိုစိတ်” အကြောင်းကို ဆက်ရေးပါမယ်။ 
၂။ အခုတလော ရေးဖြစ်နေတဲ့ နိယတိဝါဒ (determinism) နဲ့ ဆက်စပ်ပြောရရင် ဘဝဆိုတာက မွေးကတည်းက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်လို့ ပြုပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ခံယူချက်မျိုးက Carol Dweck ပြောတဲ့ Fixed Mindset မျိုး ပါပဲ။