Thursday, June 13, 2013

သူတော်ကောင်း ဆိုတာ (မဟာဂန္ဓာရုံဆရာတော်)


(အသံဖိုင်ကို Dhamma Download မှ ကူးယူထားပါသည်)  
ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ၀ဒန္တိ။ (သရဘင်္ဂဇာတ်)

ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘ၀နောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ဝေ - စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ - ဖြစ်၍
ဒုခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ - သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘ၀နောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။

Sunday, June 2, 2013

ဘိန်း၊ အဆိပ်နှင့် ဆေး

ဘာသာရေးဟူသည် အဖိနှိပ်ခံတို့၏ ပင့်သက်၊ အကြင်နာမဲ့ လောကကြီး၏ နှလုံးသား၊ လူသားဆန်မှု ကင်းဆိတ်နေသည့် အခြေနေများ၏ ၀ိညာဉ်…။ ဘာသာရေးသည် လူထုအတွက် ဘိန်း တမျိုးပင်။ (Karl Marx)

မြန်မာပြည် အထက်ပိုင်းရှိ ရွာလေးတရွာတွင် ရေထမ်းသမား ဘိန်းစားတဦးကို တွေ့ဖူးသည်။ တနေကုန် ရေထမ်းထား၍ ကိုယ်လက်နာကျင် ပင်ပန်းလာလျှင် ဘိန်းစားသည်။ ဘိန်း မစားရပြန်လျှင်လည်း ရေထမ်းရန် ခွန်အား မရှိဟု ဆိုသည်။ ဒီလိုနှင့် လုံးချာလည်ရင်း ဘိန်းစား ဖြစ်နေသည်။ သူ ရေထမ်းစရာ မလိုတော့လျှင် ဘိန်းစားဘ၀မှ လွတ်ပြီဟုကား မဆိုနိုင်။ သို့သော် ပို၍ ပြင်းသော မူးယစ်ဆေးများ စွဲ မသွားခြင်းကိုပင် ဘေးလူများက ဖြေစရာ တခုအဖြစ် မြင်ပေးကြရသည်။

ဘာသာတရားအား ဘိန်းနှင့် တင်စားသော မာ့က်စ်၏ စကားကို ဖတ်ရင်း ရေထမ်းသမား ဘိန်စားကို ပြန်သတိရသည်။ “လူတို့၏ ဘ၀အခြေအနေမှန်အား ဖုံးကွယ်ထားသည့် အတုအယောင် ဖြေသိမ့်မှုတို့ကို စွန့်လွှတ်ရန် တောင်းဆို တရားချခြင်းသည် ထိုအတုအယောင် ဖြေသိမ့်မှုတို့ လိုအပ်နေကြရသည့် သူတို့၏ ဘ၀အခြေအနေများကို စွန့်လွှတ်ရန် တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘာသာတရားကို ဆန်းစစ်ဝေဖန်ခြင်းသည် စင်စစ်အားဖြင့် ထိုဘာသာတရားဟူသော ရောင်ဝါအောက်မှ လူသားတို့၏ ဘ၀အမော ဒုက္ခတောအား ဆန်းစစ်ဝေဖန်ခြင်းပင် ဖြစ်တော့သည်” ဟု မာက့်စ်က ဆက်ပြောသည်။ ဘာသာရေးဟူသည် အဖိနှိပ်ခံ လူတန်းစားတို့ကို ခေါင်းပုံဖြတ်ရာတွင် အသုံးချသည့် ဘူဇွာတို့၏ လက်နက်ကိရိယာဖြစ်သည်ဟု သတ်မှတ်ကာ၊ မာ့က်စ်ဝါဒီတို့က ဘာသာရေးကို ဖိနှိပ်ချေမှုန်းလေသည်။ သူတို့က ဘိန်းဖြတ်ရန် ဆေးခါးကြီးတိုက်ခြင်းဟု ယူဆကောင်း ယူဆပေလိမ့်မည်။ သူတို့၏ ဆေးက “ဆေးထက် ဘေး” ပိုဖြစ်စေသည်ဟု ဝေဖန်သူကလည်း ဝေဖန်နိုင်သည်။

စင်စစ် လောကတွင် ဘိန်းထက်ဆိုးသည့် ဘာသာတရားများ၊ အတွေးအခေါ် အယူဝါဒများလည်း ရှိနေသေး၏။ မေတ္တာတရား၊ ကရုဏာတရားတို့ ကင်းမဲ့၍ မှန်ကန်သည့် ကိုယ်ကျင့် သီလကိုမျှ လမ်းညွှန်မှု မပေးနိုင်သည့် ဘာသာ၊ အယူဝါဒများသည် သုံးစွဲသူတို့ကို အကျိုးယုတ်စေရုံသာမက၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကိုလည်း အကျည်းတန်စေသည့် အဆိပ်နှင့် တူ၏။ ထိုဘာသာ၊ အယူဝါဒများနှင့် နှိုင်းစာလျှင် ဘိန်းနှင့် တူသော ဘာသာတရားများက တော်ပေဦးမည်။ ဘိန်းနှင့် တူသော ဘာသာတရားများက ဘ၀အမောကို တခဏတာဖြစ်စေ ဖြေဖျောက်ပေးနိုင်ပါသည်။ အနာဂတ်ကို ရင်ဆိုင်ရန်အတွက် အတော်အသင့်သော ခွန်အားကိုလည်း ပေးပါလိမ့်မည်။ သို့သော် ထိုဖြေသိမ့်မှုတို့သည် အတုအယောင်သာဖြစ်နေသဖြင့်၊ သက်သာရာ အစစ်ကိုကား ရနိုင်ကြမည် မဟုတ်။ ရောဂါ၏ အရင်းအမြစ်ကို ကုစားခြင်း မဟုတ်ဘဲ၊ ရောဂါ နှိပ်စက်မှု၏ ဒဏ်ကို သက်သာ၊ မိန်းမော၊ မေ့ပျောက်စေရုံမျှသာ စွမ်းနိုင်၏။ အဆိပ်နှင့်တူသော ဘာသာတရား၊ ဘိန်းနှင့်တူသော ဘာသာတရားတို့အပြင်၊ ရောဂါ၏ အကြောင်းရင်း ဇစ်မြစ်ကို ကုစား ပယ်သတ်ပေးနိုင်သည့် ဆေးနှင့်တူသော ဘာသာတရားလည်း ရှိပါသေး၏။ သို့သော် ဆေးကောင်း တလက်ကိုပင် အဆိပ် အဖြစ် အသုံးချနိုင်သလို၊ မူးယစ်ဆေး အဖြစ် အသုံးပြုကောင်း ပြုနိုင်ပါသေးသည်။ ထိုကြောင့် (ဆေးနှင့်တူသော ဘာသာတရားပင် ဖြစ်စေကာမူ) မိမိတို့၏ လက်ခံကျင့်သုံးမှု မှန် မမှန်ကိုလည်း သတိတရားဖြင့် စစ်ကြော ဝေဖန်နေရပါမည်။

စာညွှန်း။
၁။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ပရိဗ္ဗာဇက၀ဂ်၊ သန္ဒကသုတ်
၂။ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သြပမ္မ၀ဂ်၊ အလဂဒ္ဒူပမသုတ်
၃။ http://en.wikipedia.org/wiki/Opium_of_the_people

Friday, May 17, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၉) လုမ္ဗိနီ

လုမ္ဗိနီမြန်မာရွှေကျောင်း
 ကပိလဝတ်မြို့ဟောင်းကို ကြည့်ရှု လေ့လာပြီးတဲ့နောက် လုမ္ဗိနီဥယျာဉ် အတွင်းမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို ညအိပ် တည်းခိုဖို့ ထွက်ခွာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သာသနာရေးဦးစီဌာနက ကြီးမှူးပြီး မြန်မာ့ရိုးရာဆန်ဆန် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေကျောင်းနဲ့ ပုံစံတူ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် လုမ္ဗိနီ မြန်မာရွှေကျောင်းလို့ အသိများပါတယ်။ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ လောကမဏိစူဠာစေတီ၊ သိမ်ကျောင်း၊ ဓမ္မာရုံနဲ့ တည်းခိုဆောင်တွေ ပါဝင်ပါတယ်။ သာသနာရေးဦးစီးဌာနကပဲ ရဟန်းတော် ၂-ပါးနဲ့ ကပ္ပိယ ၁-ယောက်တို့ကို ၂-နှစ် တစ်ကြိမ် အလှည့်ကျ ပို့ပြီး ကျောင်းထိုင်စေတာလို့ သိရပါတယ်။ နောက်တစ်နေ့ မနက်စောစော နှင်းမကွဲသေးခင် အချိန်လောက်မှာ ဘုရားအလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကို သွားရောက် ဖူးမြော်ကြပါတယ်။

ရှုမောဖွယ်ရာ ပန်းမာလာတို့ဖြင့်
အလှဆင်ထားသော လုမ္ဗိနီသည်
လုလင်ပျိုတို့ စိတ်လှုပ်ရှားလောက်အောင်
အဆင်တန်ဆာ ပန်းမာလာတို့ဖြင့် အလှဆင်ထားသည့်
မိန်းမပျိုတစ်ဦးက ဖမ်းစားငြို့ယူသည့်နှယ်
တင့်တယ်လှပါပေ၏။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝံသဝဏ္ဏနာ)

အင်ကြင်းပန်းတွေ ပင်လုံးကျွတ်ပွင့်နေတဲ့ လုမ္ဗိနီဥယျာဉ်ရဲ့ အလှကို ကဗျာဆန်ဆန် ရေးဖွဲ့လေ့ရှိတတ်တဲ့ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဒတ္တက ဗုဒ္ဓဝင်အဋ္ဌကထာမှာ အထက်ပါအတိုင်း ရေးစပ်ခဲ့ဖူးပါတယ်။ မယ်တော်မာယာက ကပိလဝတ်ကနေ ဇာတိအရပ်ဖြစ်တဲ့ ဒေဝဒဟကို အသွားလမ်းခရီးမှာ ကြည်နှုးဖွယ်ကောင်းလှတဲ့ လုမ္ဗိနီအင်ကြင်းဥယျာဉ်ကိုဝင်ရင်း အလောင်းတော်ကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ အင်ကြင်းကို ပါဠိဘာသာနဲ့ “သာလ” လို့ ခေါ်ပြီး အင်္ဂလိပ်လို Sal tree လို့ပဲ အသံဖလှယ်ပြီးခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Shorea robusta ပါ။

အင်ကြင်းပင်လို့ အမှတ်မှားတတ်ကြတဲ့ Cannon Ball Tree

Cannon Ball Tree flower
အင်တာနက်ပေါ်မှာ Sal tree, Shorea robusta ဆိုပြီး ရှာကြည့်ရင် ပင်စည်နားမှာကပ်ပြီး လိမ္မော်နဲ့ အနီရောင် အပွင့်ကြီးတွေ ပွင့်လေ့ရှိတဲ့ Cannon ball tree (ရုက္ခဗေဒအမည် Couroupita guianensis) တွေပဲ ထွက်လာတာ များပါတယ်။ အမြောက်ဆံလို အညိုရောင် အသီးလုံးကြီးတွေ ပင်စည်မှာ ကပ်ပြီး သီးလေ့ရှိတဲ့အတွက် Cannon ball tree လို့ခေါ်တာပါ။ သီရိလင်္ကာနဲ့ ထိုင်းဘုန်းကြီး ကျောင်းဝင်တွေမှာလည်း ဒီလို အပင်မျိုးတွေကို တွေ့ရတတ်တဲ့ အတွက် “အင်ကြင်းပင်ဆိုတာ ဒါမျိုးပဲ” လို့ အရင်က အမှတ် မှားခဲ့ဖူးပါတယ်။ တကယ်တော့ Cannon ball tree က ဟိမဝန္တာ တောင်ခြေတဝိုက်နဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အပင်မျိုး မဟုတ်ပါဘူး။ အမေဇုန် သစ်တောတွေမှာ ပေါက်လေ့ရှိတဲ့ အပင်မျိုးဖြစ်ပြီး၊ ပေါ်တူဂီတွေက သီရိလင်္ကာနိုင်ငံကို ၁၈၈၁-ခုနှစ်လောက်ကမှ သယ်ဆောင်လာခဲ့တာလို့ သိရပါတယ်။ အပွင့်က သီဝလိင်ကို မြွေနဂါးကနေ ပါးပြင်းမိုးပြီး စောင့်နေတဲ့ပုံစံရှိတယ်လို့ ဟိန္ဒူတွေက ယူဆကြပြီး ဟိန္ဒူဘုရားကျောင်းတွေမှာ တလေးတစား စိုက်ပျိုး ပူဇော်ထားလေ့ရှိပါတယ်။ တမီလ်၊ ဟန္ဒီ စတဲ့ဘာသာစကားတွေမှာ နာဂလိင်္ဂံ၊ သီဝလိင်္ဂံ စသဖြင့် ခေါ်လေ့ရှိကြပါတယ်။

အင်ကြင်းပန်း

ဟိမဝန္တာ တောင်ခြေနဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အင်ကြင်းပင်ကတော့ အင်ပင်၊ သစ်ရာပင်တို့လို သစ်မာအမျိုးအစားမှာ ပါဝင်ပြီး အမြင့်ပေ ၆၀၊ လုံးပတ် ၅-ပေ ၆-ပေလောက် အထိ ရှိတတ်ပါတယ်။ ပန်းပွင့်ချိန်ရောက်ရင် ငှက်အတောင်လို အဝါရောင် အပွင့်တွေနဲ့ တစ်တောလုံး သင်းကြိုင်နေအောင် ပွင့်လေ့ရှိတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ မဟာဂေါသိင်္ဂသုတ်မှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းပန်းတွေရဲ့ ရနံ့ကို နတ်ပန်းရနံ့နဲ့ တင်စားထားပါတယ်။ ဖြောင့်စင်းတဲ့ ပင်စည်၊ စိမ်းညိုရောင် အရွက်ရှိပြီး၊ အကိုင်းအခက်တွေက အထက်မိုးတိမ်မှာ အချင်းချင်း ရောယှက်နေကြတယ်လို့ အင်ကြင်းပင်ရဲ့ပုံစံကို သောဏကဇာတ် (ဇာတကအမှတ် ၅၂၉) ဂါထာမှာ ရေးဖွဲ့ထားပါတယ်။ အင်ကြင်ပင်ကြီးတွေကို တောစိုးသစ်ပင် (ဝနပ္ပတိ) လို့လည်း ပါဠိစာတွေမှာ ခေါ်လေ့ရှိပါတယ်။
ခေတ်သစ် လုမ္ဗိနီဥယျာဉ်

ယခုခေတ် လုမ္ဗိနီဥယျာဉ်မှာတော့ တောစိုးသစ်ပင်လို့ ခေါ်ရလောက်တဲ့ အင်ကြင်းပင်ကြီးတွေ မရှိတော့ပါဘူး။ နောက်မှ အသစ်ပြန်စိုက်ထားတဲ့ အင်ကြင်းပင်ပျိုတွေပဲ ရှိပါတယ်။ ယခုခေတ် လုမ္ဗိနီဒေသ ဖွံ့ဖြိုးရေးအဖွဲ့(Lumbini Development Trust) က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်က တောင်မြောက် အလျား ၃-မိုင်၊ အရှေ့အနောက် ၁-မိုင် ကျယ်ပါတယ်။ တောင်ဖက်ဆုံးမှာ ဗုဒ္ဓမြတ်စွာ အလောင်းလျာ ဖွားမြင်တော်မူရာ မြေမြတ်မဟာ နယ်မြေ၊ အလယ်ပိုင်းမှာ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ နယ်မြေ၊ မြောက်ဖက်ဆုံးမှာတော့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ လုမ္ဗိနီ ရွာသစ်ဆိုပြီး နယ်မြေ သုံးခုခွဲထားပါတယ်။ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ နယ်မြေမှာ တောင်မြောက် တူးမြောင်းဖောက်လုပ်ထားပြီး၊ အရှေ့ဖက်ခြမ်းမှာ ထေရဝါဒ နိုင်ငံတွေက ဘုန်းတော်ကြီးကျောင်းတွေ တွေရှိပါတယ်။ အနောက်ဖက်ခြမ်းမှာတော့ မဟာယာနနဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ ချွင်းချက်အနေနဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာ ရှိပါတယ်။ တူးမြောင်းရဲ့ တောင်ဖက်ထိပ်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းနဲ့ ငြိမ်းချမ်းရေး မီးရှုးတိုင်တို့ ရှိပါတယ်။
ငြိမ်းချမ်းရေး မီးရှုးတိုင်

မာယာဒေဝီ ကျောင်းဆောင်နှင့် အသောကကျောက်တိုင်
 အလောင်းတော် ဖွားမြင်ရာ မြေမြတ်မဟာ နယ်မြေမှာ ဖူးမြော်လေ့လာစရာတွေအနေနဲ့ မာယာဒေဝီကျောင်းဆောင်၊ အသောကကျောက်တိုင်၊ ပေါက္ခရဏီရေကန်နှင့် အခြားစေတီပုထိုးပျက်များ ရှိပါတယ်။ ယခုရှိနေတဲ့ မာယာဒေဝီ ကျောင်းဆောင် အဆောက်အအုံက ၂၀၀၃-ခုနှစ်ကမှ ရှေးအဆောက်အအုံကို ငုံပြီး ဆောက်လုပ်ထားတာပါ။ ရှေးဟောင်းအဆောက်အအုံမှာ မယ်တော်မာယာက အင်ကြင်းကိုင်းကို ကိုင်ပြီး အလောင်းတော်ကို ဖွားမြင်နေဟန် ဂုတ္တခေတ်လက်ရာ ကျောက်ရုပ်တစ်ခု ရှိပါတယ်။ ဒေသခံ ဟိန္ဒူဘာသာဝင်တွေကတော့ ရုမ္မိနိဒေဝီ (Rumminidevi) နတ်သမီး ရုပ်တုလို့ ယူဆပြီး ကိုးကွယ်ကြပါတယ်။ ၁၉၉၆-ခုနှစ် ထပ်မံတူးဖော်တဲ့အခါ အသောကမင်းက အမှတ်အသားအဖြစ် ထားခဲ့တဲ့ ကျောက်တုံး (marker stone) ကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက အလောင်းတော်ရဲ့ ခြေတော်ရာလို့ ရှင်းပြလေ့ရှိပါတယ်။ ယခုအခါမှာ ကြည်ကာမှန်အတွင်းမှာ ထည့်သွင်းပြီး စောင့်ရှောက်ထားပါတယ်။

အလောင်းတော်ဖွားမြင်ခန်း

Marker Stone (credit: wikipedia)

မာယာဒေဝီကျောင်းဆောင်ရဲ့ နံဘေးမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင် ရှိပါတယ်။ ဒီနေရာကို ၇-ရာစုကရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်က ကျောက်စာတိုင်ရဲ့ ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ကျောက်စာတိုင် ထိပ်ပိုင်းမရှိတော့ပါဘူး။ ကျောက်စာတိုင် ထိပ်ပိုင်းရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ ကျောက်တုံး တစ်တုံးကို ခြံဝင်းအတွင်းမှာ ကျောက်စာတိုင်နဲ့ အတူထားပါတယ်။ အတော်လေး ပျက်စီးနေတဲ့အတွက် မြင်းရုပ်ပုံတော့ မပေါ်တော့ပါဘူး။

အသောကကျောက်စာတိုင် ထိပ်ပိုင်း
အသောက ကျောက်စာ
အသောက ကျောက်စာ ဘာသာပြန်

ကျောက်စာတိုင်မှာ ရေးထိုးထားတဲ့စာက “နန်းသိမ်းပွဲခံပြီး အနှစ် ၂၀-မြောက်အကြာတွင် နတ်တို့ချစ်သော ပိယဒဿီမင်းကြီးသည် သကျမုနိ ဗုဒ္ဓ ဖွားမြင်တော်မူရာ ဤအရပ်သို့ လာရောက်၍ ရှိခိုး ပူဇော်တော်မူခဲ့သည်။ ဖွားမြင်တော်မူရာတွင် ကျောက်သား တိုက်ခန်းကို တည်ထား၍ ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူတော်မူခဲ့သည်။ ဘုရားရှင် ဖွားမြင်တော်မူရာဖြစ်သော ဤလုမ္ဗိနီရွာအား အခွန် ကင်းလွတ်စေပြီး၊ ရှစ်ဖို့ တဖို့ကိုသာလျှင် ပေးဆောင်စေရမည်” လို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ (မှတ်ချက်။ နောက်ဆုံးဝါကျက “ဥဗလိကေ ကတေ အဌဘာဂိယေ စ” ကို ဘာသာပြန်ရာမှာတော့ မူကွဲ အမျိုးမျိုး ရှိပါတယ်။ ဘာသာရေး အထွတ်အမြတ် နေရာတွေကို လာရောက်တဲ့ အခါပေးရတဲ့ အခွန်ကို ကင်းလွတ်စေပြီး၊ မြေခွန်အဖြစ် ထမ်းဆောင်ရလေ့ရှိတဲ့ ထွက်ကုန်ရဲ့ ခြောက်ဖို့ တစ်ဖို့၊ လေးဖို့ တစ်ဖို့သော ခိုင်ကြေး (အခွန်) အစားလျော့ပြီး ရှစ်ဖို့ တစ်ဖို့ကိုသာ ထမ်းဆောင်စေတယ်လို့ အချို့က ယူဆပါတယ်။ အချို့ကလည်း “အခွန်ကို လျှော့ပေါ့၍ ရှစ်ဖို့တစ်ဖို့သာ ထမ်းဆောင်စေသည်” လို့ ခပ်ရိုးရိုး ဘာသာပြန်ပါတယ်။ အရှင်အာဒိစ္စဝံသကတော့ ပါဠိဘာသာနဲ့ “အတ္ထံ စ ဘာဇယေ” လို့ ဖလှယ်ယူပြီး “မိမိပြုသော ကုသိုလ်အဖို့ကို ဝေခြမ်းပါ၏” လို့ ဘာသာပြန်ပါတယ်။)

ကျောက်စာတိုင်ရဲ့ အထက်နားမှာတော့ နောက်ပိုင်းခေတ်ရောက်မှ တိဘက်ဘာသာနဲ့ ရေးထိုးထားတဲ့ “ဥုံမဏိ ပဒမေဟုံ” ဆိုတဲ့ စာတမ်းရှိပါတယ်။ ကျောက်စာတိုင်က အက်ကွဲနေတဲ့အတွက် အရှည်တည်တံ့အောင် ကုသိနာရုံကျောင်း မြန်မာဆရာတော် ဦးစန္ဒြမုနိက သံပြားနဲ့ ပတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
ပေါက္ခရဏီကန်

ကျောက်စာတိုင်ရဲ့ တောင်ဖက်မှာတော့ ပေါက္ခရဏီ ရေကန်ရှိတယ်။ အလောင်းတော်ကို ဖွားတော်မူစဉ်က ကောင်းကင်က ရေပူ၊ ရေအေး အလျဉ်အစုံကျလာပြီး၊ (အပူအအေး မျှတစေရန်) မယ်တော်နဲ့ အလောင်းတော်တို့ ရေချိုးတော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ အလောင်းတော် ဖွားမြင်ချိန်မှာ ကောင်းကင်က ရေပူရေအေး အလျဉ်တွေ ကျလာတဲ့ ဖြစ်ရပ်အပါအဝင် မြေငလျှင်တုန်လှုပ်ခြင်း၊ အထက် ဗြဟ္မာပြည်ကနေ အောက် လောကန္တရိတ်ငရဲတိုင်အောင် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကြီး ပေါ်ထွန်းလာခြင်း စသဖြင့်သော အလွန်ထူးခြား အံ့သြဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နဲ့ ဒီဃနိကာယ် မဟာပဒါနသုတ်တို့မှာ ဟောကြားထားတာကို တွေ့ရပါတယ်။ အဲဒီလို ထူးဆန်းတဲ့ အခြင်းအရာတွေအနက် စိတ်ဝင်စားစရာ ဖြစ်ရပ် တစ်ခုကတော့၊ ဖွားမြင်စ အလောင်းတော်က ညီညွတ်တဲ့ ခြေအစုံနဲ့ မြေမှာရပ်ပြီး မြောက်ဖက်အရပ်ကို ရှေုးရှုကာ ခြေဖဝါး ၇-လှမ်း လှမ်းကြွတော်မူပြီးတဲ့နောက် အောက်ပါ စကားကို ကြုံးဝါးတော်မူတယ်လို့ အဆိုရှိပါတယ်။

“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။

“ငါသည် လောကတွင် အမြင့်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။”
*****

စာကြွင်း။  ။ လုမ္ဗိနီ အနာဂတ်...

သတင်းများအရ တရုတ်အစိုးရကို ကျောထောက် နောက်ခံပြုထားတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဥက္ကဋ္ဌ Xiao Wunan နဲ့ နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သလို နီပေါနိုင်ငံ လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ (LDNDC) ဥက္ကဖြစ်တဲ့ Pushpa Kamal Dahal တို့က မက္ကာမြို့ကို နမူနာယူပြီး လုမ္ဗိနီကို ဘုရားဖူးနဲ့ ကမ္ဘာလှည့် ခရီးသွားမြို့တော်ကြီး အဖြစ်ဖန်တီးဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားလမ်း၊ ရထားလမ်းနဲ့ တည်းခိုခန်းတွေ၊ ဗုဒ္ဓတက္ကသိုလ်စတာ တွေပါဝင်မှာ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Vertical Theme Park (VTP) အုပ်စုနဲ့ ဖက်စပ်ပြီး Lumbini Cloud Tower နဲ့ Theme Park တွေလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းက ဒေါ်လာသန်း သုံးထောင်ကနေ ငါးထောင်အထိ ကုန်ကျမှာဖြစ်ပြီး ထက်ဝက်လောက်ကို (APECF) ကနေ မတည် ရင်းနှီးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရင်းနှီးမြုတ်နှံမှုအတွက် နိုင်ငံတကာက တရုတ်ကုမ္ပဏီတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။ “ကမ္ဘာငြိမ်းချမ်းရေးမြို့တော်” လို့ အမည်ပေးထားပါတယ်။ 

ဒီစာချုပ်နဲ့ ပတ်သက်ပြီး လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ အတွင်းမှာတောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ မရှိခဲ့သလို၊ “… စာချုပ် ချုပ်တယ်ဆိုတာ သိလိုက်ရတော့ အံအားသင့်သွားတယ်” လို့ ကော်မတီဝင် တစ်ဦးက ဆိုပါတယ်။ ဒါအပြင် ဒီစီမံကိန်းက ဘာသာရေးထက် စီးပွားရေး ဆန်လွန်းနေရုံသာမက၊ ဒီဒေသတဝိုက်ကို တရုတ်ရဲ့ နိုင်ငံရေး သြဇာချဲ့ထွင်မှုလည်း ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံသားတွေနဲ့ တိဗက်လွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ထိုအတူပဲ ဒီစီမံကိန်းအကြောင်းကို ကြားသိရတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကလည်း လုမ္ဗိနီရဲ့ ဘာသာရေး အနှစ်သာရနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ကွယ်ပျောက်သွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ကုလသမဂ္ဂထံ အသနားခံစာ တင်မယ့် လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။ စိတ်ဝင်စားသူများက Dhamma Download ရဲ့ ဒီစာမျက်နှာမှာ သွားရောက် လေ့လာပြီး ပါဝင် လက်မှတ်ရေးထိုး နိုင်ပါတယ်။

 
*****

Saturday, April 27, 2013

မုန့်လုံးရေပေါ်

နှစ်ကူးကာလက ကျော်သွားခဲ့လေပြီ
အိမ်ကလူ၏ သင်္ကြန်ပိုးကတော့ မကုန်သေး
TP Myanmar 2005 သင်္ကြန်ပွဲကို Online မှ သားကြီးနှင့်အတူ ကြည့်နေကြ၏။
မြန်မာပြည် သင်္ကြန်ပွဲ မကြုံဖူးလေသော သားကြီးက မေးလာ၏။
(ရန်ကုန်အိမ်ကို ရည်ရွယ်ပြီး) “မေမေ သားတို့ လမ်းထိပ်မှာ မဏ္ဍပ်ရှိလား။ သားက မဏ္ဍပ်မှာ ရေပက်ချင်တာ”
“အရင်ကတော့ ရှိခဲ့ဖူးတယ်…သားပက်ချင်တယ်ဆိုရင် မေမေမဏ္ဍပ်ဆောက်ပေးမှာပေါ့” ဟု ပြောလိုက်သောအခါ ဘ၀င်ကျလို့ ပြုံးစစ ဖြစ်သွားသော သားမျက်နှာကို ကြည့်ရင်း၊ ကျမ အခုလို အလျင်အမြန် (တမင်တကာ ကြံရွယ်ပြီး) ဖြေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်းကို တွေးမိရင်း မလုံမလဲ ဖြစ်မိပါတော့တယ်။
*****
ဒီနှစ် အတာ သင်္ကြန် အကြိုနေ့ဟာ ရုံးပိတ်၊ ကျောင်းပိတ် စနေနေ့နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ပွဲတော်နဲ့ အလှမ်းဝေးရာမှာ ရောက်ရှိနေရသူများအဖို့မှာတော့ Online ကနေသာ ပွဲတော်၌ စီးပျော်ရပါတယ်။ နေ့လည် ရောက်လာချိန်မှာတော့ Online ပေါ် ပလုံစီပြီးတက်လာတဲ့ မုန်လုံးရေပေါ်ပုံများကြောင့် “မေမေ မုန့်လုံးရေပေါ် စားမယ် လုပ်ပေးလို့” ဆိုလာပါတော့တယ်။

ရတယ်လေ… ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ထန်းလျက် အကုန် အိမ်မှာ အရံသင့်ရှိသမို့…
“အေးအေး” ဆိုပြီး မုန့်သားနှပ်ထားလိုက်ပါတယ်။ အချိုးကတော့ နှစ်အချိုးတစ်လို့ မှတ်ထားတာပဲ…။ ဘာက နှစ်…ဘာက တစ် လည်းတော့မသိ…။ အိမ်မှာ ရှိနေတဲ့ ကောက်ညှင်းမှုန့်ထုတ်က နည်းနေပြီး၊ ဆန်မှုန့်ထုတ်က များနေတော့… ကောက်ညှင်းက တစ်၊ ဆန်က နှစ်… အဲ့လိုပဲ ဖြစ်မှာပါလေ ဆိုပြီး ပြီးစလွယ် မုန့်နှစ် ရေဖျော် နှပ်ထားလိုက်တယ်…။ မေမေ မုန့်နယ်နေပုံကို သားတော်မောင်က ကင်မရာကြီးချိန်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရယူပါသေးတယ်။

မုန့်သားမနပ်ခင်လေးမှာ သားတို့နဲ့ မုန့်လုံးရေပေါ် ပတ်သက်ပုံအကြောင်းလေး ဖတ်ထားပါဦး။ အထဲမှာ ဌာပနာ တခုခုပါတဲ့ မုန့်လုံးကို လူသားတွေ ဘယ်အချိန်ကတည်းက စတင်စားသုံးကြသလဲတော့ မသိပါဘူး။ တရုတ်ပြည်ကြီးမှာတော့ ဆောင်းတွင်းလို အေးချမ်းတဲ့ရာသီမှာ မီးဖိုကြီးဖို၊ ရေနွေးအိုး အကြီးကြီးတည်၊ မိသားစုတွေ မီးဖိုကြီးနား ပတ်လည်ဝိုင်းပြီး ရေနွေးအိုးထဲ မုန့်လုံးတွေ ပစ်ပေါက်ထည့်လို့ ပူပူနွေးနွေး စားသောက်ကြတဲ့ ဓလေ့ရှိတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကြောင့်ပဲလား၊ မုန့်လုံးရဲ့ အရသာ ကြောင့်ပဲလား၊ သူတို့ အမေက ကောင်းကောင်းမွန်မွန် လုပ်မကျွေးတတ်ပေမဲ့ သားနှစ်ယောက်ကတော့ ရေပေါ်သောမုန့်လုံးကို အလွန်ကြိုက်ကြပါတယ်။ ဒီမှာ ရနိုင်တဲ့
Tang Yuan (မုန့်လုံးရေပေါ် Chinese Version)

ondeh ondeh (မုန့်လုံးရေပေါ် Malay Version) တို့ကို မြိန်ရည်ယှက်ရည် စားလေ့ရှိပါတယ်။

မုန့်သား နပ်လောက်ချိန်၊ စိတ်ထားပြီးသား ထန်းလျက်တွေကို ပဲဆီလေးဆမ်း… လုံးတော့မယ်ဆိုတော့ မုန့်နှစ်တွေက လုံးမရအောင် ပျော့ဖတ်နေပါတော့တယ်။ ဒီတော့ ဆန်မှုန့်တွေ ထပ်ထည့်ပြီး လုံးပလိုက်ပါတယ်။ ရေနွေးအိုးကြီးထဲ ပစ်ပစ်ထည့်။ အဲ…မုန့်လုံးတွေက ပေါ်ချိန်တန်လို့လည်း ပေါ်မလာကြဘူးတော့…။ ပစ်ထည့်တဲ့ အရှိန်များပြီး အိုးဖင်ကပ်နေကြသလားဆိုပြီး ယောင်းမနဲ့ ထိုးမွှေ… မလုံတလုံ မုန့်လုံးတွေ ပေါက်ထွက်ကုန်မှာလည်း စိုးရိမ်ရသေး…။ အဲ့သလို ဓာတ်ကြမ်းတွေ တိုက်လိုက်တော့ မုန့်လုံးလေးတွေက မတက်ချင်တက်ချင်နဲ့ ဟိုတလုံး ဒီတလုံးတက်လာသား…။ ရေအေးထဲစိမ် အအေးခံတုန်းရှိသေး…သားကြီးက “ဘယ်လိုနေလဲ စားကြည့်မယ်” ဆို… တလုံးကောက်ဝါး…။ “ဟင်..မေမေ့ဟာတွေက အထဲက မကျက်သေးဘူး… သေချာ မတက်သေးပဲနဲ့ မေမေက ဆယ်တာကိုး” ဆိုပြီး… အညူဆူကလည်း ခံရသေး။ ဒါဆို “ပြန်ထည့် ပြန်ထည့် ရေနွေးအိုးထဲ ပြန်ထည့်…” သူတို့ဟာ သူတို့ ပေါ်ချင်တဲ့ အချိန်ကြမှသာ ပေါ်ကြတော့ အေ… ဆိုပြီး… မုန့်လုံးရေပေါ် တပန်းကန် ရလိုက်လေသတည်းပေါ့။ အပေါ်က ဖြူးစားစရာ အုန်းသီးမှုန့်ကို သားကြီး သွားဝယ်တာ မရခဲ့လို့၊ မအေကိုယ်တိုင် တခေါက်သွားဝယ်ရသေးတယ်။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အကြိုနေ့မှာ ဘာကိုမှန်းမသိ ကြိုလိုက်တဲ့ မုန့်လုံးရေပေါ် မာတောက်တောက်ကို သားနှစ်ယောက် မစားချင် စားချင် စားနေတာကို မကြည့်ရက်လေလို့… အခန်းထဲ ၀င်နေလိုက်ပါတယ်။ နောက်တနေ့ မှာတော့ Bengawan Solo က ondeh ondeh ကို ဘုရားဆွမ်းတော်ကပ်ရန်တဗူး၊ သားနှစ်ယောက်အတွက် တဗူးစီ စုစုပါင်း သုံးဗူးကို စင်္ကာပူဒေါ်လာငွေ ရှစ်ဒေါ်လာကျော် အကုန်အကျခံ၍ ၀ယ်လာပါတယ်။ တဗူးသာ ဘုရားဆွမ်းတော်ကပ်လိုက်ရပြီး၊ သားနှစ်ယောက်မှာမူ သူတို့အလွန် နှစ်သက်ဖူးသော Malay Version မုန့်လုံးရေပေါ်ကို အဖက်မလုပ်ကြတော့ပါ။ ဆွမ်းတော်စွန့်ထားသည့် ပန်းကန်ထဲမှ တလုံးယူစားရင်း သားကြီးက “သူတို့က ဘယ်လို လုပ်ထားတာလဲ မသိဘူးနော်… မုန့်သားလေးက ပါးပါးလေးနဲ့ အထဲက အချိုတွေက အရည်ပျော်ပြီး အပြင်ကိုလည်း ပေါက်မထွက်ဘူးလို့”…ရိုးရိုးလေး သူမြင်တာ ပြောနေသည်ကို… ဖအေလုပ်သူက “သူတို့က သေသေချာချာ အချိုးအစားနဲ့ လုပ်တာ…ဒါကြောင့် ဘယ်တော့မဆို တသမတ်ထဲ ဖြစ်နေတာ… မြန်မာတွေက ထင်သလိုလုပ်တာ…တခါလာ တမျိုးနဲ့ အချိုးအစားမရှိဘူး… စနစ်တကျ မရှိဘူး” ဟူ၍ အမျိုးသားထုကြီး တခုလုံး လိုက်နာရန် မှတ်ချက်များ တသီတတန်းကြီး ပေးနေလေတော့သည်။
ဒီတော့ ရင်ထဲကကြိတ်ပြီး… သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာရယ်…” လို့ လာပြောလေတဲ့ မမထားလို ငါ့မှာ မဏ္ဍပ်ဆောက်ပေးဖို့ မပြောနဲ့ ရေပေါ်တဲ့ မုန့်လုံးလေးတောင် စားကောင်းအောင် လုပ်မကျွေးနိုင်တဲ့ ဘ၀ ပါလားရယ်လို့…။
*****
(ကျမ၏ ပစ်စလက်ခတ် လုပ်တတ်သော အကျင့်ကြောင့် အခြားသူများ လက်လွတ်ရသော အခွင့်အရေးများအတွက်)

Sunday, April 21, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၈) - ကပိလဝတ္ထု



နဝမမြောက်နေ့ နံနက်စောစောမှာ သာဝတ္ထိကနေ နီပေါနိုင်ငံ လုမ္ဗိနီကို ခရီးဆက်ခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ အိန္ဒိယ-နီပေါနယ်စပ်က ဆိုနောလီမြို့ (Sonauli) မြန်မာကျောင်းကို ရောက်ပါတယ်။ ကျောင်းက ဆောက်လက်စပဲ ရှိပါသေးတယ်။ အရင်က နီပေါနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်လို့ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားရင် ဘုရားဖူးတွေ အတော်လေး ဒုက္ခရောက်တဲ့ အတွက်၊ ဘုရားဖူးတွေ တည်းခိုလို့ရအောင် ဒီကျောင်းကို ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အများအားဖြင့် ဒီကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားလေ့ရှိကြပါတယ်။
 
သာဝတ္ထိမှ လုမ္ဗိနီနှင့် ကပိလဝတ္ထုသို့




ဆိုနောလီကနေ နယ်စပ်ဂိတ်ကို ဖြတ်ရင် နီပေါနိုင်ငံဖက်ခြမ်းက ဘိုင်ရဟဝါ (Bhairahawa) မြို့ကို ရောက်ပါတယ်။ အခုအခါမှာတော့ ဒီမြို့ကို သိဒ္ဓတ္ထနာဂရ (Siddharthanagar) လို့ အမည် ပြောင်းထားပါတယ်။ သိဒ္ဓတ္ထနာဂရကနေ အနောက်ဖက်ကို ၁၄-မိုင်လောက်သွားရင် လုမ္ဗိနီဥယျာဉ်ကို ရောက်ပါတယ်။ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်ဖက် ၁၄-မိုင်မှာရှိတဲ့ တောလိဟဝါမြို့ (Taulihawa) ကနေ မြောက်ဖက် ၂-မိုင်လောက် ဆက်သွားရင် ဒေသခံတွေက တိလောရကွတ် (Tilaurakot) လို့ခေါ်တဲ့ ကပိလဝတ် (ကပိလဝတ္ထု) မြို့ဟောင်းကို ရောက်ပါတယ်။ ဘုရားဖူးအဖွဲ့က လုမ္ဗိနီကို မဝင်သေးဘဲ ကပိလဝတ်မြို့ဟောင်းကို အရင် သွားကြပါတယ်။

ကပိလဝတ်မြို့နဲ့ သကျ (သာကိယ၊ သက္က) မျိုးနွယ်စုရဲ့ သမိုင်းကြောင်းကို ဒီဃနိကာယ် အမ္ဗဋ္ဌသုတ်နဲ့ သုတ္တနိပါတ် သမ္မာပဗ္ဗဇနီယသုတ် အဖွင့် အဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာဦးအစ မဟာသမ္မတမင်းက ဆင်းသက်လာတဲ့ ဥက္ကာကမင်းကြီးရဲ့ သားသမီးတွေကနေ သကျမျိုးနွယ်စုကို ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကာကမင်းကြီးဆိုတာက ရာမာယန၊ မဟာဘာရတစတဲ့ ရှေးဟောင်း ပူရဏ်ကျမ်းတွေမှာပါတဲ့ ဣက္ခာကု(Ikṣvāku) မင်းနဲ့ အတူတူပဲလို့ သိရပါတယ်။ ပူရဏ်ကျမ်းတွေအရ ဇမ္ဗုဒိတ်ကျွန်းလို့ခေါ်တဲ့ အိန္ဒိယကို လွှမ်းမိုးခဲ့တဲ့ မျိုးနွယ်စုကြီး နှစ်ခု ရှိခဲ့ပါတယ်။ လနတ်သားက ဆင်းသက်လာတဲ့ လမင်းမျိုးနွယ်နဲ့ နေနတ်သားက ဆင်းသက်လာတဲ့ နေမင်းမျိုးနွယ်တို့ပါ။ ဥက္ကာကမင်းက နေမင်းမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကျမ်းစာတွေမှာလည်း သကျမျိုးတွေကို နေမင်းမျိုးနွယ် (သူရိယဝံသ၊ အာဒိစ္စဝံသ) စသဖြင့် ခေါ်လေ့ရှိပါတယ်။ ကတိကဝတ်အရ မိဖုရားငယ်တစ်ပါးက ဖွားမြင်တဲ့ သားကို ထီးနန်တင်ဖို့အတွက် ဥက္ကာကမင်းက သားတော်ကြီးတွေကို တိုင်းပြည်ကနေ နှင်ထုတ်ရပါတယ်။ အဲဒီအခါမှာ မိဖုရားအကြီးတွေက ဖွားမြင်တဲ့ သားတော် သမီးတော်တွေက တိုင်းပြည်ကနေခွာပြီး ဟိမဝန္တာတောင်ခြေ အနီးက ကျွန်းတောအတွင်းက မြို့သစ်ထူထောင် နေကြပါတယ်။ ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းရှိရာ အောင်မြေအရပ်မှာ မြို့တည်ခဲ့တဲ့ အတွက် ကပိလဝတ္ထု လို့အမည်တွင်ပါတယ်။ ဥက္ကာကမင်းရဲ့ သားတော်တွေက မျိုးနွယ်ဆက်မပျက်အောင် နှမတော်တွေနဲ့ အိမ်ထောင်ပြုပြီး မင်းဆက် ထူထောင်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် ဥက္ကာကမင်းက “သကျာ ဝတ ဘော ကုမာရာ - အချင်းတို့ သားတော်တို့သည် စွမ်းနိုင်ကြပေ၏ (သကျာ)” လို့ ချီးမွန်းပါတယ်။ ဒါကို အကြောင်းပြုပြီး သကျမျိုး၊ သာကီဝင်မျိုးလို့ အမည်တွင်ခဲ့ပါတယ်။ (မဟာသာကဝန) ကျွန်းတောကြီးမှာ မြို့သစ်ထူထောင်ခဲ့တဲ့အတွက် သာကိယလို့ အမည်တွင်တယ်လို့လည်း ဆိုကြပါသေးတယ်။

ကပိလဝတ်မြို့နေရာနဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသနပညာရှင်တွေကြားမှာ ဝိဝါဒကွဲနေပါတယ်။ အုပ်စုတစ်ခုက နီပေါနိုင်ငံဖက်ခြမ်းက တိလောရကွတ် (Tilaurakot) အရပ်လို့ ယူဆကြပြီး၊ အခြားအုပ်စုကတော့ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်တောင်ဖက် ၉-မိုင်လောက်မှာရှိတဲ့ အိန္ဒိယနိုင်ငံဖက်ခြမ်းက ပိပရဟဝါ (Piprahawa) အရပ်လို့ ယူဆကြပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ် ရဟန်းတော်တွေရဲ့ မှတ်တမ်းကို ခြေရာခံပြီး ကပိလဝတ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျာမာန်သုတေသီ ဒေါက်တာ အန်တွန် ဖျူးရာ (Anton Führer) က ၁၈၉၆-ခုနှစ်မှာ ဂေါတမ မြတ်စွာဘုရား၊ ကောဏာဂုံနှင့် ကကုသန် မြတ်စွာဘုရား အလောင်းတော်တို့ ဖွားမြင်တော်မူ နေရာ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီး စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင်တွေကို ရုမ္မိန်ဒေး (Rummindei လုမ္ဗိနီ)၊ နိဂလိဟ၀ (Niglihawa)နဲ့ ဂေါတိဟ၀ (Gotihawa) စတဲ့ နေရာအသီးသီးမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အသောကကျောက်တိုင်တွေကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး တိလောရကွတ်အရပ်ကို အလောင်းတော် သိဒ္ဓတ္ထမင်းသား ၂၉-နှစ်တာ နေထိုင်ကြီးပြင်းခဲ့ရာ ကပိလဝတ်မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသတဝိုက်ကို ထပ်မံ ရှာဖွေတူးဖော်ခဲ့တဲ့ အိန္ဒိယသုတေသီ မူခါဂျီး (P.C. Mukhaji) က တိလောရကွတ်ဟာ ကပိလဝတ်မြို့ဟောင်း ဖြစ်ကြောင်း ၁၈၉၉-ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ကပိလ၀တ်နှင့် လုမ္ဗိနီ အနီးတ၀ိုက်


၁၈၉၈-ခုနှစ်မှာ အင်္ဂလိပ်မြေပိုင်ရှင် ဝီလျံပက်ပ် (W.C. Peppé) က အိန္ဒိယနိုင်ငံ ပိပရဟဝါ (Piprahawa) အရပ်မှာရှိတဲ့ စေတီဟောင်း တစ်ဆူကနေ အရိုးအိုးတွေပါတဲ့ ကျောက်သေတ္တာ တစ်လုံးကို တူးဖော်ရခဲ့ပါတယ်။ အဲဒီအထဲမှာ “… ဣယံ သလိလာနိဓနေ ဗုဒ္ဓဿ ဘဂဝတေ သာကိယာနံ” လို့ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းကို တွေ့ရပါတယ်။ ဒါကြောင့် ဒီအရိုးအိုးဟာ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကီဝင်မျိုးတွေရဲ့ အရိုးအိုးဖြစ်နိုင်ပါတယ်။ ဒီအပြင် တရုတ်ရဟန်းတော် ဖာရှန်ရဲ့ မှတ်တမ်းမှာပါတဲ့ တည်နေရာနဲ့ ပိုပြီးနီးစပ်နေတဲ့အတွက် ပိပရဟဝါအရပ်က ကပိလဝတ်နေရာ ဖြစ်နိုင်ကြောင်း တင်ပြလာကြပါတယ်။ သမိုင်းပညာရှင် ဗင်းဆင့်စမစ် (Vincient A. Smith) က တိလောရကွတ်က ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့တဲ့ ကပိလဝတ် ဖြစ်ပြီး၊ ပိပရဟဝါက ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ ကပိလဝတ်လို့ ၁၉၀၀-ခုနှစ်မှာ သူ့ရဲ့အယူအဆကို တင်ပြခဲ့ပါတယ်။ ၁၉၇၂-ခုနှစ်ရောက်တော့ သီရိဝသ်တ၀ (KM Srivastava) က ပိပရဟဝါမှာ ထပ်ပြီး တူးဖော်တဲ့အခါ “ဥုံ ဒေဝပုတြ ဝိဟာရေ ကပိလဝတ္ထုဿ ဘိက္ခုသံဃဿ”လို့ ကုသျှန်အက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာကို တွေ့ပြန်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် ပိပရဟဝါသာလျှင် ကပိလဝတ္ထု မြို့ဟောင်း အစစ်လို့ အိန္ဒိယနိုင်ငံသား သုတေသီ်တွေက အခိုင်အမာ ကောက်ချက် ဆွဲကြပါတယ်။ နီပေါနိုင်ငံသား သုတေသီတွေကလည်း အနီးဝန်းကျင်က အသောကကျောက်စာတိုင် သုံးခုနေရာနဲ့ ကြီးကျယ်တဲ့ မြို့ရိုးဟောင်းတွေကို ထောက်ပြီး တိလောရကွတ်သာလျှင် ကပိလဝတ္ထုမြို့ဟောင်း အစစ်လို့ ငြင်းဆိုကြပါတယ်။ ပါဠိပညာရှင် ရီးစ် ဒေဗစ် (T.W. Rhys Davids) ရဲ့ အယူအဆကတော့ သိဒ္ဓတ္ထမင်းသား ကြီးပြင်းခဲ့တဲ့ ကပိလဝတ်မြို့ဟောင်းက တိလောရကွတ်မှာရှိပြီး၊  ဝိဋဋူဘမင်းက သာကီဝင်တွေကို သတ်ဖြတ် မြို့ကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှ ပိပရဟဝါမှာ ကပိလဝတ် မြို့သစ် ပြန်တည်ခဲ့တာ လို့ဆိုပါတယ်။

ဝိဋဋူဘက သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့အကြောင်းကို ဘဒ္ဒသာလဇာတ် (အမှတ် ၄၆၅) အဋ္ဌကထာနဲ့ ဓမ္မပဒအဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ သကျမျိုးနွယ် မြတ်စွာဘုရားကို အလွန်ကြည်ညိုတဲ့ ကောသလမင်းက မိမိနဲ့ လက်ဆက်ဖို့အတွက် ကပိလဝတ်က သကျ အမျိုးသမီးတစ်ဦးကို တောင်းခဲ့ရာက ဇာတ်လမ်းစပါတယ်။ သက္ကတိုင်းက ကောသလမင်းရဲ့ သြဇာအာဏာ အရိပ်အောက်မှာ ရှိတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ကောသလမင်းရဲ့ တောင်းဆိုမှုကို မလွန်ဆန်ဝံ့ပါဘူး။ သာကီဝင်မင်းသမီးတွေကို အမျိုးဇာတ်မတူသူတွေနဲ့ လက်ဆက်မပေးလို့တဲ့အတွက် သာကီဝင် မဟာနာမ်မင်းနဲ့ ကျွန်မတစ်ဦးကနေ မွေးတဲ့ သမီး ဝသဘခတ္တိယာကို ပေးလိုက်ပါတယ်။ ဝိဋဋူဘက ပသေနဒီကောသလမင်းနဲ့ ဝသဘခတ္တိယာတို့က ရတဲ့သားပါ။ ဝိဋဋူဘမင်းသား အရွယ်ရောက်တော့ မိမိရဲ့ ဆွေတော်မျိုးတော်တွေ ရှိတဲ့ ကပိလဝတ်ကို သွားလည်ပါတယ်။ မိမိကို ကောင်းကောင်း ဧည့်ဝတ် မပြုကြရုံသာမက မိမိထိုင်သွားတဲ့နေရာကို “ကျွန်မရဲ့သား ထိုင်သွားတဲ့ နေရာ” ဆိုပြီး နို့ရည်တွေနဲ့ လောင်း ဆေးကြတယ်ဆိုတာကို သိသွားသွားတော့ ဝိဋဋူဘက သာကီဝင်တွေ အပေါ်မှာ ရန်ငြိုးထားခဲ့ပါတယ်။ နောင်မှာ ဝိဋဋူဘက ခမည်းတော် ပသေနဒီကို ထံက အာဏာသိမ်းပြီး နန်းတက်လာတဲ့အခါ ကပိလဝတ်ကို စစ်ချီပါတယ်။ ဗုဒ္ဓမြတ်စွာကလည်း ကပိလဝတ်ကို သုံးကြိမ်တိုင်တိုင် ကြွပြီး ဆွေတော်မျိုးတော်တွေကို ဝိဋဋူဘရဲ့ ရန်ဘေးကနေ ကာကွယ်ပေးတော်မူပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့ မရနိုင်တော့ဘူးဆိုတာကို သိတဲ့အတွက် စတုတ္ထအကြိမ် သွားရောက် တိုက်ခိုက်တဲ့အခါမှာတော့ ဗုဒ္ဓက ကပိလဝတ်ကို မကြွတော့ပါဘူး။ ဝိဋဋူဘက သကျမျိုးနွယ်တွေကို အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်ပြီး ကပိလဝတ်ကို ဖျက်ဆီးခဲ့ပါတယ်။ ကပိလဝတ်မြို့ရဲ့ မြောက်ဖက် သဂါဟ၀ (Sagarhawa) အရပ်က Lambu Sagar ( ရေကန်ရှည် ) လို့ခေါ်တဲ့ ရေကန်ကို သကျမျိုးတွေကို လူမျိုးတုန်းသတ်ခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ မဟာနာမ်မင်းကြီး ရေထဲကို ဆင်းပြီး မိမိကိုယ် မိမိ အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ရေကန်ကလည်း ဒီရေကန်ပဲ ဖြစ်နိုင်ပါတယ်။


View Kapilavastu and Lumbini in a larger map
 
ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ရဲ့ ဝေးသောအကြောင်းအဖြစ် ကံကြမ္မာကို ရိုးမယ်ဖွဲ့ကောင်း ဖွဲ့နိုင်ပေမယ့်၊ နီးသောအကြောင်းအနေနဲ့ သကျတို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး မာန်မာနက သူတို့ လူမျိုး၊ သူတို့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ သားသမင်တွေကို ကျားခြင်္သေ့တွေကတောင် ပြန်ပြီး ကြောက်ရတယ်ဆိုတဲ့ ကပိလရသေ့ရဲ့ အောင်မြေလည်း ဝိဋဋူဘ ရန်ကနေ အကာအကွယ် မပေးနိုင်တော့တာကို သတိပြုနိုင်ပါလိမ့်မယ်။ သတ်ဖြတ်မှုကနေ လွတ်မြောက်သွားတဲ့ သကျမျိုးနွယ်တွေက ပိပ္ပလိဝန (ပိတ်ချင်းတော) ထဲမှာ မောရိယ (ဒေါင်း) အမည်နဲ့ မျိုးနွယ်စု အသစ် ထူထောင်ခဲ့ကြတယ်လို့ သီဟိုဠ်ကျွန်းမှာရေးတဲ့ မဟာဝံသကျမ်းမှာ ဖော်ပြကြပါတယ်။ အချို့က အိန္ဒိယဖက်ခြမ်းမှာရှိတဲ့ ပိပရဟဝါ ဆိုတာ ပိပ္ပလိဝနကနေ အခေါ်ရွေ့လျောပြီး လာတာလို့ ယူဆကြပါသေးတယ်။ မောရိယမျိုးနွယ်စုက ဘိုးတော် စန္ဒဂုတ်မင်း လက်ထက် (340 BC – 298 BC) မှာ မောရိယမင်းဆက်ကို ထူထောင်ခဲ့ပြီး မြေး အသောကမင်း လက်ထက် (304–232 BCE) မှာ မောရိယအင်ပါယာက အဲဒီခေတ်အခါရဲ့ကမ္ဘာမှာ အကြီးဆုံး အင်ပါယာနိုင်ငံကြီး ဖြစ်သွားခဲ့ပါတယ်။ အသောကမင်းရဲ့ ကျေးဇူးနဲ့ ဗုဒ္ဓသာသနာက ကမ္ဘာ အရပ်အရပ် ပြန်နှံ့ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ သာသနာစတင် မြစ်ဖျားခံရာ အိန္ဒိယနိုင်ငံမှာ သာသနာ တိမ်ကော ကွယ်ပျောက်ခဲ့ရပြန်ပါတယ်။ အသောကမင်းကြီးရဲ့ရေးထိုးခဲ့တဲ့ ကျောက်စာတိုင်တွေ၊ တည်ထားခဲ့တဲ့ စေတီပျက်တွေကနေပဲ တချိန်က ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနာကို ပြန်လည်မှန်းဆ ကြည်ညိုရပါတော့တယ်။ ဖြစ်ချည်တလှဲ့ ပျက်ချည်တခါ လောကဓမ္မတာကို သံဝေဂယူနိုင်ပါတယ်။

နိဂလိဟ၀ (ကောဏာဂုံဘုရား အလောင်းဖွားရာ)၊ ဂေါတိဟ၀ (ကကုသန်ဘုရား အလောင်းဖွားရာ)၊ သဂါဟ၀ (သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ရေကန်)၊ ပိပရဟဝါ စတဲ့နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ မြန်မာဘုရားဖူး ဝန်ဆောင်အဖွဲ့တွေက ကပိလဝတ္ထု (တိလောရကွတ်) ကိုပဲ ပို့ပေးလေ့ရှိပါတယ်။ မြို့ရိုးဟောင်းက ၂၂-ပေကျယ်တဲ့ ကျုံး၊ ၁၀-ပေ ကျယ်တဲ့ မြို့ရိုးနဲ့ ဝန်းရံထားပါတယ်။ အရှေ့ဖက်နဲ့ အနောက်ဖက်က မြို့တံခါးကြီးတွေကို ရှေးဟောင်းသုတေသနက တူးဖော်ထားပါတယ်။ မြို့ရိုးဟောင်းတွေ၊ တံခါးမကြီးတွေကို ကြည့်ပြီး တချိန်က ကပိလဝတ်ဟာ ကြီးကျယ်ခမ်းနားခဲ့မယ် ဆိုတာမှန်းဆနိုင်ပါတယ်။ ကပိလဝတ်ဟာ ချမ်းသာကြွယ်ဝပြီး လူနေ ထူထပ်ကြောင်း၊ လမ်းတွေမှာ ဆင်တွေ မြင်းတွေ လှည်းတွေ ရထားတွေနဲ့ ပြည့်ကျပ်စည်ကားကြောင်း မဟာဝဂ္ဂသံယုတ် မဟာနာမသုတ်မှာ တွေ့ရပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ အချိန်မှာတော့ ကပိလဝတ်မှာ အိမ်ခြေ ဆယ်စုလောက်ပဲ ရှိပါတော့တယ်။ ကပိလဝတ်ကနေ လုမ္ဗိနီကို သွားတဲ့လမ်းမှာလည်း လူသူကင်းဆိတ်နေပြီး ဆင်ဖြူတွေ၊ ခြင်္သေ့တွေရဲ့ ရန်ကြောင့် အထူးသတိထားပြီး သွားရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။




ကပိလဝတ္ထု နန်းတော်ရာ

ကပိလဝတ်မြို့ဟောင်းအတွင်းကို အနောက်ဖက် တံခါးအနီးကနေ ဝင်ရပါတယ်။ လူသွားလမ်းလေးအတိုင်း မီတာ-၂၀၀ လောက် လျှောက်လိုက်ရင် နန်းတော်ရာ အုတ်မြစ်ခုံကို တွေ့ရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသား စိုးစံဖို့အတွက် နွေမိုးဆောင်း ဥတုသုံးပါးနဲ့ လျော်ညီအောင် ဆောက်လုပ်ထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ နန်းပြသာဒ်ကြီး သုံးဆောင်ရဲ့ အုတ်မြစ်ခုံတွေလည်း ဖြစ်နိုင်ပါတယ်။ နန်းတော်ရာရဲ့ မြောက်ဖက်နားမှာ နတ်ကွန်းတစ်ခုရှိပါတယ်။ ဒီနတ်ကွန်းမှာ ဒေသခံတွေက အတီးအမှုတ်တွေနဲ့ ပူဇော်ပသပြီး သားဆု တောင်းလေ့ရှိကြောင်း သိရပါတယ်။

သားဆုတောင်းရာ နတ်ကွန်း

ကပိလဝတ္ထု အရှေ့တံခါးဆီသို့



ကပိလဝတ္ထု အရှေ့တံခါးနှင့် မြို့ရိုး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု မြို့ရိုး

နန်းတော်ရာနေရာကနေ အရှေ့ဖက်ကို မီတာ-၂၀၀ လောက်ဆက်ပြီး သွားရင် အရှေ့ဖက် မြို့တံခါးကို ရောက်ပါတယ်။ သိဒ္ဓတ္ထမင်းသားက ဒီအရှေ့ဖက်တံခါးကနေ တောထွက်တော်မူခဲ့တာ ဖြစ်လို့ “မဟာဘိနိက္ခမနဒွါရ” လို့လည်း ခေါ်ပါတယ်။ မြို့တံခါးကနေ အရှေ့ဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မလှမ်းမကမ်းမှာ စေတီပျက်ကုန်းလေး တစ်ခုကို တွေ့ရပါတယ်။ ဧည့်လမ်းညွှန်တွေကတော့ ကဏ္ဍကမြင်း ရင်ကွဲနာကျပြီး နတ်ရွာလားတဲ့ နေရာအထိမ်းအမှတ် လွမ်းစေတီလို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ်းစာတွေ အရဆိုရင်တော့ ကဏ္ဍကမြင်း ရင်ကွဲနာကျတဲ့နေရာဟာ အနောမာမြစ်ကမ်း နံဘေးမှာ ရှိရမှာ ဖြစ်လို့ ဟုတ်ဟန် မတူပါဘူး။ အလောင်းတော်မင်းသား တောထွက်မယ်လို့ ဆုံးဖြတ်ပြီး မြို့တံခါးက ထွက်တဲ့အခါ ကပိလဝတ်ကို ပြန်ပြီး ကြည့်လိုတဲ့ စိတ်ဖြစ်ပါတယ်။ ဒီလိုစိတ်ဖြစ်တာနဲ့ မဟာပထဝီမြေကြီးက အိုးထိန်းစက်လို လည်ပြီး မြို့တော်ကို ပြတယ်၊ နောင် ဒီနေရာမှာ ကဏ္ဍကအနိဝတ္တနစေတီ တည်ခဲ့ကြကြောင်း ဗုဒ္ဓဝင်အဋ္ဌကထာမှာ တွေ့ရပါတယ်။ အခုလှမ်းမြင်နေရတဲ့ ကုန်းမို့မို့လေးက ဒီစေတီ ဖြစ်နိုင်ပါတယ်။ ကပိလဝတ်ရဲ့ အရှေ့ဖက်တကျောက လယ်ကွင်းတွေမှာ ခမည်းတော် သုဒ္ဓေါဒနမင်း လယ်ထွန်မင်္ဂလာ ကျင်းပခဲ့ဖူးပါလိမ့်မယ်။ အလောင်းတော် မင်းသားလေးဟာ ခမည်းတော်ကို စောင့်ဆိုင်းရင်း မိမိရဲ့ ဝင်သက်ထွက်ကို အာရုံပြုနေတဲ့အခါ ပထမဈာန်အဆင့်ရှိတဲ့ သမာဓိကို ရတော်မူခဲ့တယ်ဆိုတဲ့ သပြေပင်ရိပ်နေရာသည်လည်း ဒီလယ်ကွင်းပြင်တွေရဲ့ အလယ်တနေရာရာမှာ ဖြစ်လိမ့်မယ်လို့ မှန်းဆ ကြည့်ရပါတယ်။ သပြေပင်ရင်းမှာ ကလေးဘဝက ရခဲ့ဖူးတဲ့ အာနာပါန ဈာန်သမာဓိဟာ နောင် မဟာဗောဓိပင်ရင်းမှာ ရရှိမယ့် သမ္မာသမ္ဗောဓိ ဉာဏ်တော်အတွက် အလွန် ကျေးဇူးများတယ်ဆိုတာကို စဉ်းစားမိခဲ့ပါတယ်။
ကပိလဝတ္ထု (@ Tilaurakot)

ကပိလဝတ်မြို့ရိုးဟောင်းရဲ့ မြောက်ဖက်မှာ မယ်တော်မာယာရဲ့ အရိုးအိုးစေတီနဲ့ ဖမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ ဓာတ်တော်စေတီလို့ ယူဆရတဲ့ စေတီပျက်နှစ်ဆူ ရှိပါတယ်။ ဒီစေတီ နှစ်ဆူကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြောက်ဖက်ကို ဆက်သွားရင် ဟိမဝန္တာတောင်ခြေထိ တိုင်အောင် ကျွန်းပင်၊ အင်ကြင်းပင်တွေ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ မဟာဝုန်တောကြီး ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အခါတွေမှာ ဆွမ်းစားပြီးရင် မဟာဝုန်တောကို ဝင်ပြီး နေ့သန့်စဉ် (တစ်ပါးတည်း သမာပတ်ဝင်စား) တော်မူလေ့ရှိပါတယ်။ နိဂြောဓာရုံက ကပိလဝတ်မြို့ တောင်ဖက် ၃-မိုင်ခွဲ (တောလိဟဝါမြို့ကနေ ၁-မိုင်ခွဲ) လောက်က ကူဒန်ရွာ (Kudan) အနီးမှာ ရှိပါတယ်။ ကပိလဝတ်မြို့ဟောင်းကို လေ့လာပြီးတဲ့နောက ဘုရားဖူးအဖွဲ့က နိဂြောဓာရုံကို သွားကြပါတယ်။

 



သားတော် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီလို့ သတင်းကြားတဲ့အခါ သုဒ္ဓေါဒနမင်းက အမတ်တွေကို စေလွှတ်ပြီး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ပင့်ဖိတ်စေခဲ့ပါတယ်။ ဘုရားပင့်ဖို့ ရောက်လာတဲ့ အမတ်တွေက တရားတော်ကို နာကြားရပြီးတဲ့နောက် ရဟန်းပြုသွားကြပြီး သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို လစ်လျူရှုထားကြပါတယ်။ အကြိမ်ကြိမ် စေလွှတ်ပေမယ့် မရတဲ့အဆုံး ဗုဒ္ဓနဲ့ ဖွားဖက်တော်ဖြစ်တဲ့ ကာဠုဒါရီအမတ်ကို စေလွှတ်လိုက်ပါတယ်။ ကာဠုဒါရီအမတ်လည်း ရဟန်းပြုသွားပေမယ့် သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို မမေ့လျော့ပဲ နွေဦးရာသီရဲ့ သာယာလှပပုံတွေကို ဖော်ကြူးပြီး မွေးရပ်မြေဖြစ်တဲ့ ကပိလဝတ်ပြည်ကို ကြွတော်မူဖို့ ဂါထာတော် ခြောက်ဆယ် (အတိအကျအားဖြင့် ၆၄-ဂါထာ) နဲ့ ပင့်လျှောက်တော်မူပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းသံဃာတော်တွေ ခြံရံပြီး တစ်နေ့ တစ်ယူဇနာခရီးနဲ့ နှစ်လကြာ ရာဇဂြိုဟ်ကနေ ကပိလဝတ္ထုကို ဒေသစာရီကြွ ချီခဲ့ပါတယ်။ ကပိလဝတ်ကို ရောက်တဲ့အခါ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ သီတင်းသုံးဖို့အတွက် နိဂြောဓ အမည်ရတဲ့ သာကီဝင်မင်းသားရဲ့ ဥယျာဉ်အရံကို လှူဒါန်းခဲ့ပါတယ်။ သာကီဝင်မင်းတွေက အလွန် မာန်မာနကြီးသူတွေ ဖြစ်တဲ့အလျောက် ဗုဒ္ဓမြတ်စွာထက် အသက်ရွယ် ငယ်ရွယ်သူတွေကသာ လက်အုပ်ချီမိုးပြီး ရှိခိုးကြပါတယ်။ ဗုဒ္ဓမြတ်စွာထက် အသက်အရွယ် ကြီးသူ သာကီဝင်မင်းများကတော့ ရှိခိုးခြင်း မပြုဘဲ နောက်ကနေသာ ခရီးဦး ကြိုဆိုကြပါတယ်။ မာန်မာနထောင်လွှားတဲ့ ဆွေတော်မျိုးတော်များကို ချေချွတ်ဖို့အတွက် ကောင်းကင်ယံထက်မှာ ယမိုက်ပြာဋိဟာ တန်ခိုးတော်ကို ပြတော်မူပါတယ်။ အဲဒီနောက် စိုစေလိုသူကိုသာ စိုစွတ်စေပြီး မစိုစေလိုသူတွေကို မစိုစွတ်စေတဲ့ ပေါက္ခရဝဿမိုးကြီး ရွာသွန်းတယ်လို့ ဗုဒ္ဓဝင်များမှာ ဖော်ပြထားပါတယ်။
နိဂြောဓာရုံကျောင်းတော်ရာ(@ Kudan)
နိဂြောဓာရုံ ကျောင်းဝင်းအတွင်းရှိ ပေါက္ခရဏီကန်
နိဂြောဓာရုံ ကျောင်းဆောင် (၁)

နိဂြောဓာရုံ ကျောင်းဆောင် ၂
စေတီပျက် ကုန်းမြင့် အမှတ် (၃)

ရှေးဟောင်းသုတေသနဌာနက ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နိဂြောဓာရုံဝင်းအတွင်းကို ဝင်လိုက်တာနဲ့ ပေါက္ခရဝဿမိုး ရွာသွန်းဖြိုးစဉ်က ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆရတဲ့ ပေါက္ခရဏီ ကြာကန်ကို တွေ့ရပါတယ်။ ကြာကန်ရဲ့ အနောက်ဖက် ကပ်လျှက်မှာတော့ ပင်မကျောင်းဆောင် (အမှတ် ၁) ရှိပါတယ်။ ကျောင်းဆောင်ထက်ကို သံလှေကားကနေ တက်လို့ ရပါတယ်။ အပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ စိုက်ထူထားတဲ့ သီဝလိင်ကို တွေ့ခဲ့ရပါတယ်။ ဒီကျောင်းရဲ့ မြောက်မှာ ရေတွင်း တတွင်းနဲ့ ကျောင်းဆောင် အမှတ် (၂) တို့ ရှိပါတယ်။ ရေကန်ရဲ့ တောင်ဖက်မှာ ရှိတဲ့ စေတီကုန်းမြင့်လေးကိုတော့ ရှေးဟောင်းသုတေသနဌာနက တူးဖော်ခြင်း မပြုရသေးပါဘူး။ ဒီကုန်းရဲ့ အထက်မှာ အစ္စလာန် အဆောက်အအုံတစ်ခု ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက ဒီစေတီကုန်းလေးဟာ သားတော်ရာဟုလာကို သာသနာ့အမွေ ပေးတဲ့အနေနဲ့ ရှင်သာမဏေပြုပေးတဲ့ နေရာ အထိမ်းအမှတ် စေတီလို့ ရှင်းပြပါတယ်။ “ရှင်သာမဏေအစ နိဂြောဓာရုံက” လို့ အဆို ရှိခဲ့ပါတယ်။ ထို့အတူ မိထွေးတော် ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးများက ဘိက္ခုနီအဖြစ် သာသနာဘောင် ဝင်ခွင့် ပြုဖို့ လျှောက်ထားခဲ့တာလည်း နိဂြောဓာရုံမှာပဲ ဖြစ်ပါတယ်။ လျှောက်ထားစဉ်ကတော့ ခွင့်မပြုခဲ့ပါဘူး (ဘိက္ခုနီသာသနာကို ဝေသာလီပြည်မှာ စတင်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်)။ အမျိုးသမီးတွေကို ပိုင်ဆိုင်စရာ ပစ္စည်းအဖြစ် သဘောထား ဆက်ဆံလေ့ရှိတဲ့ အိန္ဒိယ လူ့မှုအသိုင်းအဝိုင်းထဲမှာ ယောက်ျားသားများနဲ့ တန်းတူ ရဟန်းခံခွင့်ကို တောင်းဆိုခဲ့တဲ့ မိထွေးတော် ဂေါတမီကို ဗုဒ္ဓခေတ်ရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ် တင်စားနိုင်မယ် ထင်ပါတယ်။

Sunday, April 14, 2013

နှစ်သစ်မင်္ဂလာ - မန်းတောင်ရိပ်ခို

သူတို့ရဲ့ စန္ဒယားဆရာ စီစဉ်ပေးတဲ့ note ကို ရေစင်က www.noteflight.com မှာ ရိုက်သွင်းပေးထားပါတယ်။

Monday, April 8, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၇) - ဇေတဝန်ကျောင်းတော်ရာ

မင်္ဂလသုတ် အစရှိတဲ့ သုတ္တန်ဒေသနာ အတော်များများကို “အခါတစ်ပါးတွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏ (ဧကံ သမယံ ဘဝဂါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ)” ဆိုတဲ့ နိဒါန်းနဲ့ အစချီလေ့ရှိပါတယ်။ ဇေတဝန်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့တဲ့ သုတ္တန်ဒေသနာတွေက အလွန်များပြားတဲ့အတွက် ဇေတဝန်ဟာ အလွန်အရေးပါတဲ့ ဗုဒ္ဓသာသနိက ဌာနတစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာ မလိုလှပါဖူး။

ပသေနဒီကောသလမင်းရဲ့ သားတော် ဇေတမင်းသား ပိုင်ခဲ့တဲ့ ဥယျာဉ် ဖြစ်တဲ့အတွက် ဇေတဝန် (ဇေတဝန) လို့ အမည်ရပါတယ်။ အနာထပိဏ်သူဌေးက ဥယျာဉ်မြေကို ရွှေဒင်္ဂါးပြားချင်း အစွန်းချင်းထိစပ်အောင် အပြည့်ခင်းပြီး ဇေတမင်းသားထံက ဝယ်ယူကာ ဘုရားရှင်ကို လှူဒါန်းခဲ့တာပါ။ အနာထပိဏ်သူဌေးရဲ့ သဒ္ဓါတရားကို အားကျပြီး ဇေတမင်းသားက မြေနေရာတကွက်ကို မရောင်းတော့ပဲ ကျောင်းမုခ်ဦး ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ် ပါဝင်ခဲ့ပါတယ်။ အနာထပိဏ်သူဌေးက ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်၊ တရားဟော ခန်းမဆောင်၊ စင်္ကြံလမ်း၊ အိမ်သာ၊ မီးဖိုဆောင်၊ ရေတွင်း၊ ရေကန်၊ ဇရုံးအိမ် (ရေနွေးငွေ့နဲ့ ချွေးပေါင်းတဲ့ အခန်း) စတာတွေ ထည့်သွင်းပြီး ခမ်းခမ်းနားနား ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ကျောင်းဆောင်တွေကို မဆိုထားနဲ့ ကျောင်းတိုက်မုခ်ဦးကတောင် အလွန် ခမ်းနားကြီးကျယ်တယ်လို့ အဆိုရှိပါတယ်။ တခါက ဘုရားရှင်နဲ့ ဝါဒပြိုင်မယ်ဆိုပြီး လာတဲ့ တိတ္ထိတစ်ဦးဟာ ကျောင်းတိုက်မုခ်ဦးရဲ့ ခမ်းနားမှုကို မြင်တာနဲ့ မဝင်ရဲတော့ဘဲ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်ပြေးဖူးကြောင်း ပလာယိတဇာတ်မှာ ဖော်ပြဖူးပါတယ်။

အသောမင်းက ဇေတဝန် ကျောင်းတိုက်မုခ်ဦးရဲ့ တဖက်တချက်မှာ အမြင့်ပေ-၇၀ လောက်ရှိတဲ့ ကျောက်တိုင် တတိုင်စီ စိုက်ထူထားခဲ့ပါတယ်။ ဘယ်ဖက် ကျောက်တိုင်ထိပ်မှာ ဓမ္မစကြာဘီး၊ ညာဖက် ကျောက်တိုင်ထိပ်မှာ နွားလားဥသဘရုပ်ထုတွေ ထုလုပ်ထားကြောင်း တရုတ်ရဟန်းတော် ဖာရှန်နဲ့ ရွှန်ကျန်တို့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ကျောင်းတိုက်မုခ်ဦးနေရာက ဒီနေ့ခေတ် သာဝတ္ထိ မြန်မာကျောင်းဟောင်းနေရာလောက်မှာ ရှိတယ်လို့ ယူဆကြပါတယ်။ ဒီကျောက်တိုင် နှစ်ခုရဲ့ အခြေကို ကြိုးစား ရှာဖွေတူးဖော်ခဲ့ပေမယ့် မတွေ့ရတော့ပါဘူး။

အေဒီ ၄၀၇-ခုနှစ် ရဟန်းတော် ဖာရှန် ရောက်ခဲ့စဉ်က ဇေတဝန်ဥယျာဉ် ကျောင်းတိုက် အတွင်းမှာ အရံကျောင်းဆောင် ၉၈ ကျောင်းလောက် ရှိခဲ့ပြီး၊ တစ်ကျောင်းမှအပ ကျောင်းဆောင် အားလုံးမှာ သံဃာတော်တွေ သီတင်းသုံး နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ ၆၃၇-ခုနှစ် ရဟန်းတော် ရွှန်ကျန်ရောက်ချိန်မှာတော့ ဇေတဝန်ကျောင်းတိုက်ကြီးက ပျက်စီးယိုယွင်းနေပြီး ရဟန်းတော်အချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောင်မှာ ရဟန်းသံဃာများနဲ့ ပြန်လည် စည်ကားခဲ့ဟန်ရှိပါတယ်။ ၁၃-ရာစု နောက်ပိုင်းမှာတော့ လုံး၀ ပျက်စီးတိမ် ကောသွားတဲ့အတွက် ယခုအခါမှာ အုတ်မြစ်ပဲ ကျန်ပါတော့တယ်။



ကျောင်းဆောင် အမှတ် ၁၁ နှင့် ၁၂

ဇေတဝန်ဥယျာဉ် အတွင်းမှာ ပြန်လည်တူးဖော်ထားတဲ့ ကျောင်းဆောင် အုတ်မြစ်နေရာတွေကို ရှေးဟောင်းသုတေသနဌာနက အမှတ်စဉ်တွေ ထိုးထားပါတယ်။ သီရိလင်္ကာကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဇေတဝန်ဥယျာဉ် ဂိတ်ပေါက်ကနေ ဝင်ပြီး လူသွားလမ်း အတိုင်းသွားရင် ကျောင်းဆောင်အမှတ် (၁၁) နဲ့ (၁၂) ကို တွေ့ရပါမယ်။ ဆက်ပြီးသွားရင် ကျောင်းဆောင်အမှတ် (၁၉) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်က ပသေနဒီကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ သာလာလဂါရကုဋိ (အင်ကြင်းပင် ကျောင်းဆောင်) လို့ မြန်မာဆရာတော်များက ယူဆကြပါတယ်။ သာလာလဂါရကုဋိ ဆိုတာက ဇေတဝန်ဥယျာဉ်ထဲမှာ ပင်မကျောင်းဆောင်ကြီး (မဟာဂေဟာနိ) လေးဆောင် ရှိတဲ့အနက်က တစ်ဆောင်ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုအရကတော့ အစောဆုံး ခရစ်နှစ် ၆-ရာစုလောက်ကမှ တည်ထားခဲ့တာလို့ ဆိုပါတယ်။ သုံးကြိမ်တိုင်တိုင် ပြန်လည်ပြုပြင် မွမ်းမံခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒီကျောင်းဆောင်ရဲ့ အခန်းတခန်းကနေ ခရစ်နှစ် ၁၁၃၀-ခုနှစ်က ရေးထိုးခဲ့တဲ့ ကဏ္ဏကုဇ္ဇဘုရင် ဂေါဝိန္ဒစန္ဒြရဲ့ ကြေးပြားကမ္ပည်းစာတန်းကို တူးဖော်ရရှိခဲ့ပါတယ်။ ဂေါဝိန္ဒစန္ဒြဆိုတာက မိဂဒါဝုန်က ဓမ္မစကြဇိနကျောင်းဆောင်ကို လှူဒါန်းခဲ့တဲ့ ကုမာရဒေဝီရဲ့ ခင်ပွန်းပါ။ သာဝတ္ထိအနီးတဝိုက်က ရွာပေါင်း ၆-ရွာကို ဇေတဝန်ကျောင်း သံဃာကို လှူဒါန်းခဲ့တယ်လို့ ရေထိုးထားပါတယ်။ ဒီကမ္ပည်းစာမှာ ပါတဲ့ ရွာအမည်အချို့က ယနေ့ထက်ရှိနေသေးတဲ့အတွက် ဒီနေရာဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရာ နေရာအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့အတွက် အရေးပါတဲ့ အထောက်အထားတခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန မှတ်တမ်းတွေက ဆိုပါတယ်။

ကျောင်းဆောင်အမှတ် ၁၉ (သာလာလဂါရကုဋိ)



ကျောင်းဆောင် အမှတ် (၁၁) နဲ့ (၁၂) ရဲ့ မြောက်ဖက်မှာ ရဟန္တာမထေရ်တွေရဲ့ ဓာတ်တော်စေတီ ၈-ဆူ ရှိပါတယ်။ လမ်းအတိုင်း ဆက်သွားရင် မြန်မာဆရာတော်တွေက ရှင်သီဝလိကျောင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် အမှတ် (၇) ကို ရောက်ပါတယ်။ ကျောင်းဆောင် အဝင်ဝမှာ ကုလားဘုန်းကြီးတွေက စာရွတ်ပြီး အလှူခံနေကြပါတယ်။ ဘုရားခန်းဆောင် တခုပါဝင်ပြီး အုတ်နဲ့ လုပ်ထားတဲ့ ခပ်နိမ့်နိမ့် ပန်းတင်ခုံလေး ရှိပါတယ်။ ဘုရားဖူးတွေက အဲဒီပန်းတင်ခုံပေါ်မှာ အမွှေးတိုင် ဆီမီးတိုင်တွေ ထွန်းညှိ ပူဇော်ကြပါတယ်။ ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်နေရာ အတော်များများရှိပေမယ့် ဂန္ဓကုဋိကျောင်း၊ အာနန္ဒာဗောဓိပင်နဲ့ ရှင်သီဝလိကျောင်းဆောင် နေရာသုံးခုလောက်မှာပဲ ဘုရားဖူးတွေ စည်စည်ကားကား ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။ “လာဘ်လာဘပေါများရာမှာ ဧတဒဂ်ရတဲ့ ရှင်သီဝလိရဲ့ ကျောင်းတော်ရာဖြစ်တဲ့အတွက် ဘုရားဖူးတွေက တခုပ်တရ ဆုတောင်းပူဇော်မှု ပြုကြတယ်” လို့ ယူဆနိုင်သလို၊ “သက်တော်ထင်ရှား မရှိတော့ပေမယ့် ရှင်သီဝလိမထေရ်ရဲ့ အမည်နာမနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေကတောင် ပူဇော်သက္ကာရ အထူးကို ခံတော်မူရသေးတယ်” လို့လည်း တွေးယူနိုင်ပါတယ်။

ကျောင်းဆောင် အမှတ် ၇ (ရှင်သီဝလိကျောင်းဆောင်)


အရှင်သီဝလိကျောင်းဆောင်ကနေ အရှေ့ဖက်ကို သွားရင် လမ်းရဲ့ ညာဖက်မှာ စေတီ အမှတ် (၁၇) နဲ့ (၁၈) တို့ ရှိပါတယ်။ ခရစ်နှစ် ၁-ရာစု ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာဖြစ်ပြီး ဓာတ်တော်ကြုတ်၊ ဓာတ်တော်သပိတ်တို့ကို တူးဖော်ရရှိခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒီ စေတီနှစ်ဆူရဲ့ တောင်ဖက်မှာ စေတီအမှတ် (၅) ရှိပါတယ်။ ဒီစေတီကလည်း ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာပါ။ မြန်မာဆရာတော်တွေက ပူတိဂတ္တ တိဿမထေရ်ရဲ့ ဓာတ်တော်တွေကို ဌာပနာထားတဲ့ စေတီလို့ ယူဆကြပါတယ်။ တိဿမထေရ်က သွေးစုနာလို အနာဖုတွေ ပေါက်ပြီး တကိုယ်လုံး ပြည်ပုတ်သွေးပုတ်တွေ လိမ်းကျံနေပြီး ပြုစုမယ့်သူ မရှိဘဲ တပါးတည်း ဖြစ်နေခဲ့ပါတယ်။ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကြွရောက်ပြီး ရေနွေးကြိုကာ အနာတွေကို ဆေးကြော သုတ်သင်ပေးခဲ့ပါတယ်။ ပြည်သွေးတွေပေနေတဲ့ သင်္ကန်းတွေကိုလည်း ရေနွေးနဲ့ ဖွတ်လျှော်ပေးခဲ့ပါတယ်။ တရားဓမ္မဟောကြားပေးပြီးတဲ့ အဆုံးမှာ တိဿမထေရ် ရဟန္တာဖြစ်ပါတယ်။ ဒီမထေရ် ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ ဓာတ်တော်တွေကို စေတီတည်ခဲ့ကြတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ ဒီစေတီအကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်ကလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ဇေတဝန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက်မယ် ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ယခုတွေ့ဖူးမြော်ရတဲ့ စေတီအမှတ် (၅) နေရာနဲ့ ကွဲလွဲနေပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး ဇေတန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက် ပေ-၅၅၀ အကွာမှာရှိတဲ့ အုတ်ပုံကုန်းမြင့်လေးကို ဂိလာနရဟန်းတော်ကို ဗုဒ္ဓမြတ်စွာ သူနာပြုခဲ့တဲ့ အထိမ်းမှတ်တည်ခဲ့တဲ့ စေတီလို့ သတ်မှတ်ထားပါတယ်။

စေတီအမှတ် ၅ (ဂိလာနရဟန်းအား သူနာပြုရာ အထိမ်းအမှတ်စေတီ)
 
စေတီငယ်ရှစ်ဆူနှင့် အနောက်မှ စေတီအမှတ် (၅)

ကောသမ္ဗကုဋိနှင့် စင်္ကမစေတီ

လမ်းအတိုင်း အရှေ့ဖက်ကို ဆက်သွားရင် အာနန္ဒာဗောဓိပင်ကို ရောက်ပါတယ်။ မဝင်သေးဘဲ လမ်းအတိုင်း မြောက်ဖက်ကို သွားတဲ့အခါ လမ်းရဲ့ ညာဖက်မှာ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွတော်မူရာ အထိမ်းအမှတ် စင်္ကမစေတီ အုတ်ခုံရှိပါတယ်။ ဘယ်ဖက်မှာတော့ ကျောင်းဆောင် အမှတ် (၃) ရှိပါတယ်။ “ဗလ အမည်သော ရဟန်းတော်က ကောသမ္ဗကျောင်းရှိ ရဟန်းတော်များအတွက် ပေးလှူသည်” လို့ ကမ္ပည်းစာပါတဲ့ မထုရာလက်ရာ ကျောက်ဆင်းတုတစ်ဆူကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေရာဟာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကောသမ္ဗကုဋိ (ကြို့ပင် ကျောင်းဆောင်) ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကျောင်းဆောင် အမှတ် ၃ (ကောသမ္ဗကုဋိ)
 


စင်္ကမစေတီ

လမ်းအတိုင်း မြောက်ဖက်ကို ဆက်သွားတော့ ကျောင်းဆောင် အမှတ် (၂) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ဖက်ဆုံး အုတ်မြစ်က ၈-ပေလောက်ထူပြီး၊ အရှေ့အနောက် ၁၁၅-ပေ၊ တောင်မြောက် ၈၉-ပေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူလေ့ရှိတဲ့ ဂန္ဓကုဋိ (နံ့သာ ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာကြတဲ့ ဘုရားဖူးတွေက ပန်း၊ စန္ဒကူး နံ့သာတွေ ယူဆောင်လာပြီး ပူဇော်လေ့ရှိကြတဲ့တွက် ဂန္ဓကုဋိဆိုတဲ့ အမည်ရပါတယ်။ ဂန္ဓကုဋိကျောင်းမှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူလေ့ရှိတဲ့ အတွက် ဂန္ဓကုဋိဆိုရင် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်လို့ အသိများကြသလို၊ နောင်မှာ ဘုရားဆင်းတုတော်တွေ ထားတဲ့ကျောင်းဆောင်တိုင်းကို ဂန္ဓကုဋိလို့ဘဲ ခေါ်ဝေါ် သုံးစွဲလေ့ရှိကြပါတယ်။ ရှေ့ဝင်ပေါက် အနီးက ပန်းတင်ခုံပေါ်မှာ စေတီပုံ ဖော်ထားပြီး၊ ဘုရားဖူးတွေက ရွှေချပူဇော်ထားကြတာကို တွေ့ရပါတယ်။ ကျောင်းဆောင်က ကြက်ခြေခတ်ပုံစံရှိပြီး ဘုရားခန်းက ၉-ပေ ပတ်လည်လောက် ကျယ်ပါတယ်။ အုတ်ဘောင်ပေါ်မှာ ပန်းအနီ ပန်းအဝါတွေ ဖြန့်ခင်းပြီး ပူဇော်ထားတဲ့အတွက် ပန်းရနံ့တွေ ထုံသင်းနေပါတယ်။ ဂန္ဓကုဋိတိုက်အတွင်း ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူတဲ့ ကုတင်ခြေထောက်တို့ ချရာနေရာကို ဘုရားရှင်တိုင်း မစွန့်တဲ့ အဝိဇဟိတ လေးဌာနမှာ ထည့်သွင်းဖော်ပြထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မြေမြတ်မဟာ နေရာလို့ ဆိုနိုင်ပါတယ်။


ဂန္ဓကုဋိကျောင်းတိုက်ရှေ့ ပန်းတင်ခုံထက်မှ စေတီငယ်


ပန်းနံသာတို့ဖြင့် ပူဇော်ထားသည့် ဂန္ဓကုဋိ

မူလဂန္ဓကုဋိကျောင်းဆောင်က သစ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဘုံစဉ် ၇-ဆင့်ရှိခဲ့ကြောင်း၊ ကြွက်တစ်ကောင် ကိုက်ချီသွားတဲ့ မီးစကနေ ပိတာန်မျက်နှာကျက်ကို မီးစွဲလောင်ပြီး ကျောင်းဆောင်တခုလုံး ပြာကျသွားခဲ့အတွက် အုတ်နဲ့ နှစ်ထပ်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ခရစ်နှစ် ၄၀၀မှာ ရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ခရစ်နှစ် ၆၄၃-ခုနှစ် တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့စဉ်ကတော့ ဂန္ဓကုဋိကျောင်းဆောင်အပါအဝင် ဇေတဝန်တိုက်အတွင်းက ကျောင်းဆောင် အတော်များများ လုံးဝပျက်စီးနေပြီလို့ ဆိုပါတယ်။

ဒီနေရာမှာ စပ်လို့ တရုတ်ရဟန်းတော် ဖာရှန်ရဲ့ ခရီးသွားမှတ်တမ်းမှာပါတဲ့ စန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို ပြောချင်ပါတယ်။ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ တာဝတိံသာ နတ်ပြည် ကြွနေစဉ်မှာ ဘုရားရှင်ကို ဖူးမြင်လိုတဲ့ ဆန္ဒကြောင့် စန္ဒကူးသားနဲ့ ရုပ်ပွားဆင်းတုတော် ထုလုပ်ပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူလေ့ရှိတဲ့ နေရာမှာ သီတင်းသုံးစေပြီး ကိုးကွယ် ခဲ့ပါတယ်။ မြတ်စွာဘုရား ပြန်ကြွလာတဲ့အခါ ရုပ်ပွားတော်က နေရာကနေထပြီး ဘုရားရှင်ကို ခရီးဦးကြိုဆိုတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “သင်၏ နေမြဲနေရာ၌သာ စံနေလော့။ ငါဘုရား ပရိနိဗ္ဗာန် စံဝင်သောအခါတွင် သင်သည် ပရိသတ်လေးပါးတို့အတွက် ငါ၏ ကိုယ်စားဖြစ်ပေလိမ်မည်” လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒီဆင်းတုတော်ဟာ ပထမဆုံး ရုပ်ပွားဆင်းတုတော်ဖြစ်ပြီး နောင်လာနောင်သားတွေက ဒီဆင်းတုတော်ရဲ့ ပုံတူကို ကူးယူပြီး ထုလုပ်ခဲ့ကြတယ်လို့ ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ဂန္ဓကုဋိကျောင်းဆောင် မီးစွဲလောင်တဲ့အချိန်က ဒီရုပ်ပွားဆင်းတုတော်က မီးထဲပါမသွားဘဲ ထူးထူးဆန်းဆန်း အနီးနားက ကျောင်းဆောင်တခုမှာ ပြောင်းပြီးစံနေတာကို ပြန်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထေရဝါဒ ပါဠိ အဋ္ဌကထာ ကျမ်းစာတွေမှာတော့ ဘုရားရှင်လက်ထက်က ထုလုပ်ကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဒီစန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို မတွေ့ရပါဖူး။ ထို့အတူ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အသောကမင်း ခေတ်လောက်အထိ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို ထုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ကြဘဲ၊ ဇာတ်နိပါတ်ပုံတွေ ထုလုပ်ရာမှာတောင် ဘုရားရှင်ကိုယ်စား ဗောဓိပင်၊ ဓမ္မစကြာဘီးစတဲ့ သင်္ကေတတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂန္ဓာရဒေသကို ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကာလမှာမှ ဂရိယဉ်ကျေးမှုတွေ ကူးလူးဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကို ထုလုပ်တဲ့ အလေ့အထ ထွန်းကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ တရုတ်ရဟန်းတော် ဖာရှန် ဂန္ဓာကုဋိတိုက်ထဲမှာ ဖူးမြော်ခဲ့ရတဲ့ စန္ဒကူးရုပ်ဆင်းတုတော်ရဲ့ သမိုင်းကြောင်းက တဆင့်စကား ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါလိမ့်မယ်။

ဂန္ဓကုဋိတိုက်ရဲ့ အရှေ့မြောက်ဖက်မှာ ကျောင်းဆောင်အမှတ် G နဲ့ F ရှိပါတယ်။ ကျောင်းဆောင်အမှတ် G က စတုဂံပုံရှိပြီး အလယ်တွင် ခန်းမကို ဘေးပတ်လည်က အခန်းပေါင်း ၂၆ ခန်း ဝန်းရံထားပါတယ်။ အလယ်ခန်းမထဲမှာ ၅-ပေခန့် မြင့်တဲ့ အုတ်ပလ္လင်ကြီး ရှိပါတယ်။ အုတ်ပလ္လင်ရဲ့ မျက်နှာစာနံရံကို ဘုရားဖူးတွေက ရွှေချထားပါတယ်။ အောက်ခြေမှာတော့ အမွေးတိုင်၊ဆီးမီပူဇော်ထားတဲ့အတွက် မှိုင်းစွဲနေပါတယ်။ ဒီအုတ်ပလ္လင်ကြီးပေါ်မှာ ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူ သီးတင်းသုံးခဲ့ဟန် ရှိပါတယ်။ အချို့ကလည်း ဒီနေရာဟာ ဘုရားရှင် လက်ထက်က တရားဟော ဓမ္မာရုံကျောင်းခန်းမလို့ ယူဆကြရပါတယ်။ ဒီဓမ္မာရုံကျောင်း ခန်းမနေရာမှာပဲ ဘုရားဖူးတွေ စုပေါင်းပြီး ဝတ်ပြုကြ၊ မင်္ဂလသုတ်စတဲ့ ပရိတ်တွေ ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။

တရားဟောခန်းမဆောင်

တရားဟော ခန်းမဆောင် အုတ်ပလ္လင်

ဂန္ဓကုဋိကျောင်းတော်ရာနဲ့ ဓမ္မာရုံ ကျောင်းတော်ရာတို့ရဲ့ ရှေ့ မနီးမဝေးမှာ ရေတွင်း တတွင်း ရှိပါသည်။ မြတ်စွာဘုရားရှင် ဆွမ်းခံရာမှ ပြန်လာတဲ့အခါ ခြေဆေးလေ့ရှိတဲ့ ရေတွင်းလို့ ဆိုပါတယ်။အခု အခါမှာတော့ တွင်းကို အဖုံး ဖုံးထားပါတယ်။ တွင်းက ရေကို လက်လှုပ်ရေတိုင်ကနေ ဆွဲတင်ယူနိုင်ပါတယ်။ အဲဒီတွင်းကရေကို အဓိဋ္ဌာန်ပြုပြီး မျက်နှာ၊ ဒူးခေါင်းစသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လိမ်းသပ်ပေးရင် ရောဂါဘယ ပျောက်ကင်းစေနိုင်တယ်လို့ မြန်မာဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ အစောင့် ကုလားတဦးက ရေတိုင်ကို လှုပ်ကာ ဘုရားဖူးများအတွက် ရေတင်ပေးပြီး “ရူပီး တဆယ် ရူပီး တဆယ်” လို့ တောင်းနေပါတယ်။ အဖွဲ့ထဲက ဘယ်သူမှတော့ ပိုက်ဆံပေးဟန် မတူပါဘူး။
ဂန္ဓကုဋိတိုက်အနီးမှ ရေတွင်း


လူသွားလမ်းအတိုင်း ဂန္ဓကုဋိတိုက်ရဲ့ မြောက်ဖက်ကို ဆက်သွားရင် ကျောင်းဆောင် အမှတ် (၁) ကို ရောက်ပါတယ်။ ဇေတဝန်ဥယျာဉ်ရဲ့ မြောက်ဖက်ဆုံးမှာ တည်ရှိပြီး တွေ့ရသမျှ ကျောင်းတော်ရာတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အတွေ့များတဲ့ ပုံစံအတိုင်း အလယ်မှာ ခန်းမဆောင်ရှိပြီး ဘေးပတ်လည်မှာ အခန်းငယ် ၃၄-ခန်း ဝန်းရံထားပါတယ်။ ဒီကျောင်းဆောင်က မြတ်စွာဘုရားရှင် လက်ထက်တော်က ကရေရိကုဋိ (ခံတက်ပင် ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ ဂန္ဓကုဋိနဲ့ သိပ်အလှမ်း မဝေးလှပေမယ့် ဒီကျောင်းတော်ရာကို ဘုရားဖူးတွေ လာရောက် လေ့လာဖူးမြော်ကြတာ သိပ်မတွေ့ရပါဘူး။

ကျောင်းဆောင် ၁ (ကရေရိကုဋိ)



အဲဒီနောက် ဘုရားဖူးအဖွဲ့က လမ်းအတိုင်း တောင်ဖက်ကို ပြန်လှည့်ပြီး အာနန္ဒာဗောဓိပင် ရှိရာကို သွားကြပါတယ်။ အာနန္ဒာဗောဓိပင် အကြောင်းကို ဇာတကအမှတ် ၄၇၉ ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ မြတ်စွာဘုရား ဒေသစာရီ လှည့်လည်နေတဲ့အခါတွေမှာ ဘုရားဖူးလာတဲ့ မြို့သူမြို့သားတွေက အခြားပူဇော်စရာမရှိတဲ့အတွက် မိမိတို့ ယူဆောင်လာတဲ့ ပန်းနံ့သာတွေကို ဂန္ဓကုဋိ တံခါးဝမှာသာ ချပြီးသွားရပါတယ်။ ဘုရားရှင် ဖူးမြော်စဉ်ကလို ဝမ်းမြောက်ပီတိ မဖြစ်ကြရပါဘူး။ အဲဒီအကြောင်းကို အရှင်အာနန္ဒာကလျှောက်တဲ့အခါ သရီရစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီလို့ ခေါ်တဲ့ စေတီသုံးမျိုးအနက် ပရိဘောဂစေတီထိုက်တဲ့ (ဗုဒ္ဓဂယာက) မဟာဗောဓိပင်ရဲ့ မျိုးကို ယူပြီး ဇေတဝန်ကျောင်း တံခါးဝအနီးမှာ စိုက်ဖို့အတွက် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။ ဗောဓိမျိုးစေ့ကို ရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ယူဆောင်ပေးပြီး အနာထပိဏ်သူဌေးက စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒက တောင်းပန်တဲ့အတွက်ပဲ မြတ်စွာဘုရားရှင်က ဗောဓိပင်ရင်းမှာ တစ်ညတာ သမာပတ် ဝင်စားတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့ အစီအမံနဲ့ စိုက်ပျိုးခဲ့တဲ့ အတွက် အာနန္ဒာဗောဓိလို့ အမည်တွင်ပါတယ်။ ဘုရားရှင် လက်ထက်ကတည်းက နယ်ကနေ ဘုရားဖူး ရောက်လာတဲ့ ရဟန်းတော်တို့က အာနန္ဒဗောဓိကို ပန်းတွေနဲ့ ပူဇော်လေ့ ရှိကြတယ်လို့ ဇာတကအမှတ်၂၆၁ ပဒုမဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ ဘုရားဖူးတွေက အာနန္ဒာဗောဓိပင်ကို လက်ယာရစ်ပတ်ပြီး ပူဇော်ကြပါတယ်။ အိမ်မှာ ကိုးကွယ်ဖို့အတွက် ကျနေတဲ့ ဗောဓိညောင်ရွက်တွေကို ကောက်ယူကြပါတယ်။ ဗောဓိညောင်ရွက်ကို ဥယျာဉ်စောင့် ကုလားတွေကလည်း ကောက်ပြီး ရောင်းနေပါတယ်။
 
အရှင်အာနန္ဒာ အစီအမံဖြင့် အနာထပိဏ်သူဌေး ဗောဓိပင်စိုက်ပျိုးပုံ (သီရိလင်္ကာကျောင်းနံရံပန်းချီ)
အာနန္ဒာဗောဓိပင်

အာနန္ဒာဗောဓိပင်