Monday, April 16, 2018

ဉာဏ်ကြီးရှင်၊ ကွန်ပြူတာနှင့် ပညာရေး

TED show တစ်ခုမှာ ဂဏန်း ၅လုံးပါတဲ့ ကိန်းတခုရဲ့ နှစ်ထပ်ကိန်းကို စက္ကန့်ပိုင်းအတွင် စိတ်တွက်နဲ့ တွက်ပြသွားတာကို ကြည့်လိုက်ရပါတယ်။ Little Big Shots ဆိုတဲ့ ရုပ်သံအစီအစဉ်တခုမှာ လည်း ငါးနှစ်သား ကလေး တယောက်က စိတ်တွက်နဲ့ ဂဏန်း သုံးလုံးပါတဲ့ ကိန်းရဲ့ နှစ်ထပ်ကိန်းကို တွက်ပြသွားဖူးပါတယ်။

သူတို့ကို ဉာဏ်ကြီးရှင်တွေလို့ ဆိုရင် မမှားပါဘူး။ ဉာဏ်ကြီးရှင်ဆိုတဲ့နေရာမှာ ကွန်ပြူတာစကားနဲ့ ပြောရင် အကြမ်းအားဖြင့် hardware နဲ့ software လို့ နှစ်ပိုင်းခွဲကြည့်နိုင်ပါတယ်။ hardware အရဆိုရင် (၁) တွက်ချက်နှုန်းမြန်တဲ့ processor (၂) အချက်အလက်တွေနဲ့ software တွေကို သိမ်းဆည်းထားနိုင်မယ့် storage device/memory (၃) တွက်ချက်နေတဲ့ အချိန်မှာ အလွယ်တကူ မြန်မြန်ဆန်ဆန် ဖတ်နိုင်၊ သိမ်းနိုင်တဲ့ cache memory/working memory တွေလိုပါတယ်။ software ဖက်ကပြောရင် (၄) မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အဖြေထုတ်ပေးနိုင်မယ့် နည်းလမ်း Algorithm တွေလိုပါတယ်။

ပါရမီရှင်တွေရဲ့ ဦးနှောက်က အထက်ကပြောခဲ့တဲ့ ကောင်းခြင်း လေးမျိုးလုံး မရှိတောင်၊ အနည်းဆုံး နှစ်ခု-သုံးခုလောက်တော့ ပိုင်ဆိုင်ကြပါတယ်။ အချို့က စာတစ်ပုဒ်ကို တစ်ခေါက် နှစ်ခေါက်လောက်ဖတ်လိုက်ရုံနဲ့ နှစ်ပေါင်းများစွာ မမေ့ မပျောက်တော့တဲ့ မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ကြပါတယ်။ long-term memory က hard disk နဲ့ သဘောတူပါတယ်။ အချို့ကတော့ ဗဟုသုတတွေ သိပ်အများကြီး သိမ်းဆည်းထားတာ မရှိပေမယ့်၊ လတ်တလော လိုအပ်တာတွေကို ခပ်မြန်မြန် မှတ်နိုင် ထုတ်သုံးနိုင်ပါတယ်။ ဦးနှောက်ရဲ့ short-term memory က ကွန်ပြူတာက DRAM တို့ cache memory တို့နဲ့ တူပါတယ်။ စာတပုဒ်ကို ဖတ်ရင် ရှေ့ဆက် မတိုးနိုင်ဘဲ နောက်ကို ပြန်ပြန် ဖတ်ပြီး ဖော်နေရတယ်ဆိုရင် ဒါက short-term memory မကောင်းလို့ပါပဲ။ short-term memory မကောင်းရင် သင်ယူဖို့၊ အလုပ်လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ စိတ်တွက်နဲ့ သင်္ချာတွက်ရာမှာ short-term memory က အတော်လေး အရေးကြီးပါတယ်။ နောက် မှတ်ဉာဏ်တွေ ဘယ်လောက် ကောင်းကောင်း စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိပြန်ရင်လည်း၊ hard disk တွေ၊ memory တွေ အကြီးကြီး ထည့်ထားပေမယ့်၊ လေးအီနေတဲ့ processor တလုံး တပ်ထားတဲ့ ကွန်ပြူတာလို ဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ hard disk ထဲမှာ software ကောင်းကောင်းကို သွင်းထားဖို့လည်း လိုပါသေးတယ်။ ဉာဏ်ကြီးရှင်တွေက သူတို့ မွေးရာပါရမီ အလျောက် hardware ကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အပြင်၊ သူတို့ကိုယ်တိုင် ရေးထားတဲ့ software တွေရော၊ သူများရေးထားတဲ့ software ကောင်းကောင်းတွေကိုပါ ထည့်သွင်းထားကြပါတယ်။

ကွန်ပြူတာ hardware ကတော့ ကိုယ်ဝယ် ထားတာထက် ပိုပြီးကောင်း လာစရာ မရှိပါဘူး။ ဒါပေမယ့် ပိုမြန်ပိုကောင်းတဲ့ ပစ္စည်းတွေနဲ့ အသစ်လဲပြီးတော့ upgrade လုပ်ယူနိုင်ပါတယ်။ လူတွေမှာကတော့ မွေးရာ ဦးနှောက်ကို အသစ်ပြန်လဲလို့ မရပါဘူး။ ဒါပေမယ့်၊ Neuroplasticity သဘောအရ “အထိုက်အလျှောက်” ပိုကောင်းလာအောင် ပုံသွင်းပြုပြင် upgrade လုပ်ပေးလို့ ရပါတယ်။ ဉာဏ်ကြီးရှင် တဦးကို မမီပေမယ့် “အထိုက်အလျောက်” သုံးလို့ရတဲ့ hardware ရှိမယ်ဆိုရင် ဉာဏ်ကြီးရှင်တွေ ရေးထားတဲ့ software တွေကို ကိုယ့်ခေါင်းထဲ သွင်းယူထားနိုင်ပါတယ်။ ဥပမာ အထက်ကပြောခဲ့သလို ကိန်းဂဏန်းကြီးတွေ စိတ်တွက်နဲ့ တွက်တာမျိုးကို ပညာရှင်တွေ ထွင်ထားတဲ့ နည်းလမ်းတွေကို သင်ယူမှတ်သားပြီး လိုက်တွက်နိုင်ပါတယ်။ ဂျူးသင်္ချာပညာရှင် Jakow Trachtenberg (1888 – 1953) ဖော်ထုတ်ခဲ့တဲ့ Trachtenberg နည်းစနစ်၊ အိန္ဒိယက ဆွာမိ Bhāratī Krishna Tīrtha (1884 – 1960) ဖော်ထုတ်ခဲ့တဲ့ ဝေဒသင်္ချာ၊ အခုTED show မှာ ပြောသွားတဲ့ အမေရိကန် သင်္ချာဆရာ Arthur Benjamin ရေးတဲ့ စာအုပ် စတာတွေက လူဦးနှောက်မှာ ထည့်သွင်းနိုင်တဲ့ software တွေနဲ့ တူပါလိမ့်မယ်။ (နောက်အလျဉ်းသင့်ရင်တော့ ဝေဒသင်္ချာ နည်းလမ်း အချို့ကို မျှဝေပေးပါမယ်)။

ပညာရေးဆိုတာက (၁) ဦးနှောက်ရဲ့ hardware ကို coaching နည်းစနစ်တွေနဲ့ upgrade လုပ်ပေးပါတယ်။ (၂) ဆော့ဖ်ဝဲ ကောင်းနဲ့ တူတဲ့ နည်းလမ်းကောင်းတွေ၊ အတွေးခေါ်ကောင်းတွေကို teaching by instruction နည်းစနစ်တွေနဲ့ install လုပ်ပေးပါတယ်။ ဒါမှ ကိုယ့်ခေတ်၊ ကိုယ့်ဘိုးဘွားခေတ်က ပညာရှင်တွေရဲ့ ပခုံးပေါ်ကနေ တက်ကြည့်နိုင်ပါလိမ့်မယ်။ ပညာရေးဆိုတာက ဒီမှာ တင်ရပ်မနေဘဲ (၃) အတွေးအခေါ်သစ်၊ နည်းလမ်းသစ်၊ ဒီဇိုင်းသစ်တွေ ထွက်ပေါ်လာအောင်၊ တနည်း software အသစ်တွေကို ကိုယ်တိုင် ရေးထည့်နိုင်လာအောင် midwifery or maieutic method ဆိုတဲ့ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးရပါသေးတယ်။ (၄) ကိုယ့်ခေါင်းထဲကို အတွေးမှား အတွေးဆိုးတွေ တိတ်တခိုး ဝင်မလာအောင် ကာကွယ်ပေးမယ့် Anti-Virus software ကောင်းကောင်း တခုထည့်ဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်သိပ္ပံပညာရှင်အချို့ဟာ ကွန်ပြူတာကောင်းတွေ၊ ဆော့ဖ်ဝဲကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဟစ်တလာရဲ့ ဗိုင်းရပ်စ်ရန်ကို မကာကွယ်နိုင်ခဲ့ကြဘဲ၊ အသုံးချခံတွေ ဖြစ်ခဲ့ရဖူးပါတယ်။

Thursday, February 15, 2018

သုတ္တန်များနှင့် မိတ်ဖွဲ့ခြင်း

လွန်ခဲ့သည့် ၃-နှစ်ခန့်က စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ လူငယ်တရားစခန်းပွဲ တခု၏ Sutta Study အစီအစဉ်အတွက် သုတ္တန် ၅-ပုဒ်ကို ရွေးထုတ် ပေးခဲ့ဖူးသည်။ သုတ္တန်ကောက်နှုတ်ချက်များကို ဖတ်ကြ ဆွေးနွေးကြရန် ဖြစ်သည်။ Sutta Study ဟု အမည်ပေးထားသော်လည်း “သုတ္တန် လေ့လာချက်” သဘောမျိုးထက် သုတ္တန်များနှင့် မိတ်ဆက်ပေးရုံမျှလောက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူတဦးနှင့် တဦး မိတ်ဆက်ပေးပြီးနောက် တရင်းတနှီး မိတ်ဆွေ ဖြစ်သွားကြသည်လည်း ရှိသည်။ ရင်းနှီးမသွားဘဲ တွေ့ဖူး သိဖူးရုံမျှလောက်သာ ဆက်ဖြစ်နေကြသည်လည်း ရှိနိုင်ပါသည်။

လူငယ်အများစုသည် မြန်မာများ ဖြစ်ကြသော်လည်း မြန်မာစာကို ဖတ်နိုင်သူက နည်း၍ အင်္ဂလိပ်စာကို ပို၍ အကျွမ်းဝင်ကြသည်။ ထို့ကြောင့် သုတ္တန်များကို အမေရိကန် ရဟန်းတော် Bhikkhu Bodhi နှင့် Ṭhānissaro Bhikkhu တို့၏ အင်္ဂလိပ်ဘာသာပြန်များကို အဓိက မှီငြမ်း၍ သုတ္တန် ကောက်နှုတ်ချက်များနှင့် ဆွေးနွေးရန် မေးခွန်းများကို ပြင်ဆင်ဖြစ်ခဲ့သည်။ ရွေးထုတ်ခဲ့သည့် သုတ္တန် ၅-ပုဒ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. Danger of Lying and Importance of Constant Reflection on Actions (MN61: Ambalaṭṭhikarāhulovāda Sutta)
2. Three Wrong Views Regarding Karma (AN3.62 Titthāyatana Sutta)
3. Present Welfare and Future Welfare (AN8.54 Dīghajāṇu Sutta)
4. Protecting Onself and Protecting Others (SN47.19 Sedaka Sutta)
5. Dealing with Destructive Thoughts (MN20 Vitakkasaṇṭhāna Sutta)

၇-နှစ်သားအရွယ် သားတော် ရာဟုလာကို ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် ကျောင်းသားအရွယ် လူငယ်များနှင့် သင့်တော်မည်ဟု ယူဆသဖြင့် ရွေးချယ်ဖြစ်ခဲ့သည်။ သုတ္တန်၏ ပထမပိုင်းတွင် အပျော်သဘောဖြင့် ဖြစ်စေ လိမ်ညာ မပြောရန်နှင့် ဆုံးမထားသည်။ သုတ္တန်၏ ဒုတိယပိုင်းတွင် ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အမှုတို့ကို မပြုမီ၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံးတွင် မိမိနှင့် သူတပါးတို့ကို ထိခိုက်ပျက်စီးစေသလောဟု သုံးသပ်ဆင်ခြင်ရန် ဟောကြားထားသည်။ အကယ်၍ မိမိ (သို့မဟုတ်) သူတပါးကို ထိခိုက်ပျက်ပြားစေသည့် မကောင်းမှုမှန်း သိပါက၊ မပြုလုပ်ရသေးလျှင် မပြုဘဲနေရမည် ဖြစ်သည်။ ပြုလုပ်ဆဲ အမှုဖြစ်ပါက ဆက်လက် မပြုဘဲ ရပ်တန်းက ရပ်ရမည်။ ပြုပြီးသောအမှု ဖြစ်ပါက မိမိ၏ အပြစ်ကို ဝန်ခံ၍ နောင်တွင် မပြုမိစေရန် စောင့်ထိန်းရမည်ဟု ဟောကြားထားသည်။ အသောကမင်းကြီး၏ ကျောက်စာများအနက် ကျောက်စာတခုတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တန့်နိုင်စေရန်အတွက် လူနှင့် ရဟန်းတို့ လိုက်နာကျင့်သုံးသင့်သည့် သုတ္တန်များ စာရင်းကို ကမ္ပည်း ရေးထိုးထားရာ အမ္ဗလဋ္ဌိက-ရာဟုလောဝါဒသုတ်လည်း ပါဝင်သည်။ ဗုဒ္ဓအဆုံးအမများတွင် ဤသုတ်၏ အရေးပါမှုကို မှန်းဆ ကြည့်နိုင်သည်။

ဗုဒ္ဓအဆုံးအမအရ ကံသည် ရည်ရွယ်ချက်ပါဝင်သည့် လုပ်ဆောင်မှုများ (intentional actions) ဖြစ်သည်။ (သိလျှက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ) ရည်ရွယ်ချက်ပါဝင်သည့် ကိုယ်နှုတ်စိတ် ၃-ပါး လုပ်ဆောင်မှုများ ဖြစ်သည်။ ကံတရားသည် ပစ္စုပ္ပန်ရှုထောင့်အရ လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုလျှင်၊ အနာဂတ်ရှုထောင့်အရ ထိုလုပ်ဆောင်ချက်၏ အကျိုးဆက်များ (consequences) တနည်း ကံ၏ အကျိုးတရားများနှင့် ဆက်နွယ်နေမည် ဖြစ်သည်။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် အကျိုးဆက်များကို ဆင်ခြင်သုံးသပ်၍ ပစ္စုပ္ပန် အကြောင်းကံကောင်းစေရန် ဆုံးမသြဝါဒပေးသည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မိမိတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် မိမိတွင် တာဝန်ရှိသည်။ အနာဂတ်သည် ပစ္စုပ္ပန်လုပ်ဆောင်မှုများ၏ ဆိုးမွေ ကောင်းမွေကို လက်ခံရသည်။ ထို့အတူပင် ပစ္စုပ္ပန်သည် အတိတ်က လုပ်ဆောင်မှုများ၏ ဆိုးမွေကောင်းမွေကို လက်ခံရသည်။ “ကမ္မ” သည် မိမိတို့၏ ကောင်းဆိုး လုပ်ဆောင်မှုများဖြစ်၍ “သက” သည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ မိမိတို့ ပြုသော အမှုများ၏ အကျိုးဆက်ကို မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့ လုပ်ဆောင်မှုများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟူသော အမြင်ကိုပင် ကမ္မဿကတ အမြင်ဟု ဆိုရသည်။ လောကတွင် ကမ္မဿကတအမြင်နှင့် ဆန့်ကျင်သည့် အမြင်မှားများ ရှိသည်။ ကမ္မဿကတအမြင်နှင့် ထိုအမြင်မှားတို့၏ ခြားနားချက်ကို နားလည်သဘောပေါက်မှသာလျှင် မှန်ကန်သည့် ကမ္မဿကတအမြင် ရနိုင်သည်။ Sutta Study အစီအစဉ်အတွက် ဒုတိယမြောက် သုတ်အဖြစ် ရွေးချယ်ခဲ့သည့် တိတ္ထာယတနသုတ်သည် ကံတရားနှင့် ပတ်သက်သည့် အမြင်မှား သုံးမျိုးကို Responsibility ရှုထောင့်မှ ငြင်းပယ်ထားသည့် သုတ်ဖြစ်သည်။

မျက်မှောက်တွင် တွေ့ကြုံခံစားနေရသမျှသည် (၁) အတိတ်ကပြုခဲ့သော ကံများကြောင့် (ပုဗ္ဗေကတဟေတု) ဖြစ်သည်ဟု အချို့က ယူဆသည်။ (၂) ဘုရားသခင်က ဖန်ဆင်းသောကြောင့် (ဣဿရနိမ္မာနဟေတု) ဖြစ်သည်ဟု အချို့က ယုံကြည်သည်။ (၃) အကြောင်းမရှိဘဲ သူသဘောအလျှောက် (အဟေတုက) ဖြစ်ရသည်ဟု အချို့က ဆိုသည်။ ပထမအမြင်အရ ဆိုလျှင် လူသတ်သမား တယောက်သည် မိမိ၏ အတိတ်ကံကြောင့် လူသတ်သမား ဖြစ်လာခြင်း ဖြစ်ပေလိမ့်မည်။ ဒုတိယအမြင်အရ ဆိုလျှင် လူသတ်သမားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့၍ (သို့မဟုတ်) ဘုရားသခင် အလိုတော်အတိုင်း လူသတ်သမား ဖြစ်နေရခြင်း ဖြစ်ပေမည်။ တတိယအမြင်အရ ဆိုလျှင် အကြောင်းရင်း မရှိဘဲ လူသတ်သမား ဖြစ်နေရခြင်း ဖြစ်မည်။ ဤအမြင်သုံးမျိုးကို လက်ခံယုံကြည်ထားပါက မိမိတို့၏ ညစ်ထေးသည့် စိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ကို ပြုပြင်ရန် “လုပ်သင့်သည်ကို လုပ်ရန်၊ မလုပ်သင့်ကို မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးစားအားထုတ်မှုတို့ ဖြစ်ပေါ်လာမည် မဟုတ်တော့။ မည်သည်ကို လုပ်သင့်၍၊ မည်သည်ကို မလုပ်သင့်ဟုလည်း မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သိနိုင်တော့မည် မဟုတ်။ လုပ်သင့် မလုပ်သင့်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းနေမည်လည်း မဟုတ်တော့။” ထို့ကြောင့် ထိုအမြင် ၃-မျိုးတို့ကို (တာဝန်ယူစိတ် ကင်းသည့် အမြင်များအဖြစ်) တိတ္ထာယတနသုတ်တွင် ငြင်းပယ်ထားသည်။

ဤနေရာတွင် အရာရာသည် ကံကြောင့် ဖြစ်ပေါ်လာရသည်ဟူသည့် ပထမအမြင်သည် ဗုဒ္ဓ၏ ကမ္မဿကတဝါဒနှင့် မတူကြောင်း သတိပြုရန်လိုသည်။ ကံတရားတိုင်း၏ အကျိုးဆက်သည် မိမိတွင် တာဝန်ရှိသည် မှန်သော်လည်း၊ ဖြစ်ပေါ် ခံစားနေရသမျှသည် ကံတရားကြောင့်သာ ဖြစ်ရသည် မဟုတ်။ ကံတရားသည် အကြောင်းတရားများအနက်မှ တခုသော အကြောင်းသာ ဖြစ်သည်။ တိတ္ထာယတနသုတ် ပထမပိုင်းတွင် မှားယွင်းသည့် အမြင် ၃-မျိုးကို ငြင်းပယ်ထားပြီးနောက်၊ ဒုတိယပိုင်းတွင် မှန်ကန်သည့် အမြင်ကို ပြရန်အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားထားသည်။ သို့သော် သိပ်နက်လွန်းသွားမည် စိုး၍ Sutta Study ကောက်နှုတ်ချက်တွင် မထည့်ဘဲ ချန်လှပ်ခဲ့ရပါသည်။

တတိယရွေးချယ်ခဲ့သည့် ဒီဃဇာဏုသုတ်သည် မျက်မှောက်နှင့် တမလွန် ကောင်းကျိုးချမ်းသာကို ရစေနိုင်မည့် နည်းလမ်းကို ညွှန်ပြထားသည်။ မျက်မှောက် ကောင်းကျိုးချမ်းသာအတွက် (၁) ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေရာတွင် ထကြွနိုးကြားမှု ရှိခြင်း (ဥဋ္ဌာနသမ္ပဒါ) (၂) ရရှိထားသည့် စည်းစိမ်ဥစ္စာတို့ကို စောင့်ရှောက်မှု ရှိခြင်း (အာရက္ခသမ္ပဒါ) (၃) အတုယူထိုက်သည့် သဒ္ဓါ, သီလ, စာဂ, ပညာနှင့် ပြည့်စုံသည့် မိတ်ဆွေကောင်း ရှိခြင်း (ကလျာဏမိတ္တတာ) (၄) ဝင်ငွေထွက်ငွေကို မျှတစွာ သုံးစွဲအသက်မွေးခြင်း (သမဇီဝိတတာ) ဟူသည့် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံစေရသည်။ တမလွန် ကောင်းကျိုးချမ်းသာကို ရစေရန်အတွက် (၁) သဒ္ဓါ (၂) သီလ (၃) စာဂ (၄) ပညာဟူသည့် သူတော်ကောင်းတရား လေးပါးကို ပြည့်စုံစေရသည်။ ဤနေရာတွင် အထက်က ပြခဲ့သည့် ကလျာဏမိတ္တတာသည် ဤသူတော်ကောင်းတရား လေးပါးအရာတွင် အားကျအတုယူလောက်သည့် မိတ်ဆွေကောင်းမျိုးနှင့် ပြည့်စုံခြင်းကို ဆိုလိုကြောင်း တွေ့နိုင်သည်။ ပညာသမ္ပဒါတွင် ပညာသည် သာမန် ဗဟုသုတအသိပညာမျိုး၊ တွေးခေါ်မျှော်မြင်မှုမျိုးမျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ထိုးထွင်းသိမြင်သည့် ဝိပဿနာပညာမျိုးကို ဆိုလိုကြောင်းတွေ့ရမည် ဖြစ်သည်။

မျက်မှောက်ဘဝ အကျိုးစီးပွားများကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်နည်းမှသည် လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိစေရန် ဝိပဿနာတရားပွားများ အားထုတ်ရန် လမ်းညွှန်သည့် သုတ္တန်ဖြစ်သဖြင့် လူငယ်တရားစခန်းအတွက် သင့်တော်မည်ဟု ယူဆသောကြောင့် ဒီဃဇာဏုသုတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒီဃဇာဏုသုတ်သည် လောကီနှင့် လောကုတ္တရာကို မျက်မှောက်နှင့် တမလွန် (ဒိဋ္ဌဓမ္မိက-သမ္ပရာယိက) ဟူသည့် အချိန်ကာလရှုထောင့် (temporal aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုလျှင် စတုတ္ထမြောက် ရွေးချယ်ခဲ့သည့် သေဒကသုတ်သည် လောကီနှင့် လောကုတ္တရာကို မိမိနှင့် သူတပါးဟူသည့် အတွင်း-အပြင်ရှုထောင့် (spatial aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သေဒကသုတ်သည် ဝါးတိုင်ထိပ်ဖျားတွင် ဂျွမ်းကစား၍ ကပြဖျော်ဖြေရသည့် ဆရာတပည့်နှစ်ဦးကို ပုံဆောင်ကာ ဟောကြားထားသော သုတ်ဖြစ်သည်။ အန္တရာယ် မဖြစ်စေရန်အတွက် တဦးကို တဦး လုံခြုံအောင် စောင့်ရှောက်ပြီး ကပြကြရန် ဆရာက ဆိုသည်။ ထိုအခါ တပည့်က မိမိကိုယ် မိမိလုံခြုံအောင် စောင့်ရှောက်၍ ကပြကြရန် ဆိုသည်။ ဤအဆိုနှစ်ရပ်တွင် ဗုဒ္ဓက တပည့်ဖြစ်သူ၏ အဆိုကို ပို၍ သဘောကျသည်။ ဗုဒ္ဓဝါဒအရ သူတစ်ပါးကို ကာကွယ် စောင့်ရှောက်ခြင်းထက် မိမိကိုယ်ကို အားကိုးခြင်း၊ မိမိကိုယ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်းကို လေးထားသည်။ မိမိကိုယ်ကို မိမိ လုံခြုံအောင် စောင့်ရှောက်လျှင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်။ သူတပါးကို စောင့်ရှောက်ရာတွင်လည်း မိမိကိုယ် မိမိ လုံခြုံအောင် စောင့်ရှောက်ရာရောက်သည့် နည်းမျိုးဖြင့် စောင့်ရှောက်ရသည်။ သူတပါးကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ အစဉ်သနားခြင်းတို့ဖြင့် စောင့်ရှောက်လျှင် မိမိကိုယ်ကို စောင့်ရှောက်ရာလည်း ရောက်သည်၊ သတိပဋ္ဌာန်တရား လေးပါးကို ပွားများဖြင့် မိမိကို မိမိ စောင့်ရှောက်သူသည် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်ဟု ဟောကြားထားသည်။ တနည်းအားဖြင့် လောကီသဘောအရ ပတ်ဝန်းကျင်ဖြင့် ဆက်ဆံရာတွင် ဗြဟ္မစိုရ်တရားလေးပါးကို အခြေခံရသည်။ လောကုတ္တရာသဘောအရ မိမိ၏ အားကိုးအားထားအဖြစ် သတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းကို အခြေခံရသည်။

တရားအားထုတ်ရာတွင် ဖြစ်စေ၊ အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လမ်းချော်သွားစေနိုင်သည့် အဖျက်စိတ်များ (destructive thoughts) ဝင်လာတတ်သည်။ မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ သွေဖီသွားစေနိုင်သည့် အတွေးများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ဝိတက္ကသဏ္ဌာနသုတ်က လမ်းညွှန်ပေးသည်။ (၁) အဖျက်အတွေးများ ပေါ်လာပါက အပြုသဘောဆောင်သည့် အာရုံများကို ပြောင်း၍ နှလုံးသွင်းရသည် (၂) အဖျက်အတွေးများ၏ အပြစ်ကို စက်ဆုပ်ဖွယ်ဖြစ်လာအောင် ဆင်ခြင်ရသည်။ (၃) အဖျက်အတွေးများကို နှလုံးမသွင်းဘဲ နေရသည်။ (၄) မရပါက ထိုအဖျက်အတွေးတို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ဆင်ခြင်၍ ထိုအတွေးများ တဖြည်းဖြည်း ငြိမ်ဝပ်သွားစေရန် အားထုတ်ရသည်။ (၅) မည်သို့မျှ မရခဲ့လျှင် နောက်ဆုံးအဆင့်အနေဖြင့် အံကို ကြိတ်ကာ မိမိ၏ စိတ်အင်အား (will-power) ကို အသုံးချ၍ အတွေးဆိုးများကို ဖယ်ထုတ်ရသည်ဟု နည်းလမ်း ၅-သွယ်ကို ဥပမာများဖြင့် ဝိတက္ကသဏ္ဌာနသုတ်တွင် ရှင်းလင်းထားသည်။ ဘဝအောင်မြင်မှုအတွက် IQ ထက် စိတ်ဓာတ်ကြံ့ခိုင်မှု (Grit) က ပို၍ အရေးပါကြောင်းကို သုတေသနပြုရင်း ထင်ပေါ်ကျော်ကြားလာခဲ့သည့် စိတ်ပညာရှင် Angela Duckworth ၏ “Self-Control in School-Age Children” စာတမ်းတွင် လမ်းညွှန်ထားသည့် နည်းလမ်းများနှင့် အတော်လေး နီးစပ်နေသည်ကို တွေ့ရသည်။ မိမိကို မိမိ အောင်မြင်ခြင်းသည် အခြားသော အောင်မြင်မှုများထက် ပို၍ အဖိုးထိုက်တန်သဖြင့်၊ ဝိတက္ကသဏ္ဌာနသုတ်ကို လူငယ်တို့ ဖတ်စေလိုသော ဆန္ဒဖြင့် ရွေးချယ် ဖြစ်ခဲ့ပါသည်။

တရားစခန်းဝင်သည့် လူငယ်များ သုတ္တန်တို့နှင့် တရင်းတနှီး မိတ်ဆွေဖြစ်ကာ ဆက်လက် ဖတ်ရှုဖြစ်ကြသလားတော့ မသိပါ။ တွေ့ဖူး သိဖူးရုံမျှ ဖြစ်ခဲ့လျှင်လည်း အကျိုးတော့ မနည်းတန်ရာဟု ယူဆမိပါသည်။






Sunday, February 4, 2018

Note on Active Reading & Active Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။

စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။

သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။

ပိဋကတ်ပါဠိတော်လာ ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။

တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။

ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။

အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။

လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမ သဘောတရားကို သိခြင်း (ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။

လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လ့ူသဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။ ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။

အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။

(၁) စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
(၂) ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
(၃) မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
(၄) နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
(၅) လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)

စာညွှန်း။
Mortimer Adler - How to Read a Book: The Art of Getting a Liberal Education
ဦးရွှေအောင် - စာဖတ်သူများ
ဇော်ဂျီ - ရသစာပေ၏ သဘော



Wednesday, December 6, 2017

ပုံစံဖွဲ့၍ တွေးခေါ်ခြင်း

ယနေ့ခေတ်သည် သတင်းအချက်အလက်များ ပြည့်အီနေသည့် ခေတ်ဖြစ်သည်။ မိမိ သိလိုသမျှကို အင်တာနက်ပေါ်တွင် ခလုပ်တချက် နှိပ်လိုက်ရုံဖြင့် မိမိဦးနှောက်က လက်ခံနိုင်လောက်သည်ထက် ပိုလွန်းနေသည့် အချက်အလက်များ တသီတတန်းကြီး ထွက်ကျလာမည် ဖြစ်သည်။ အဖိုးတန်သည့် အချက်များပါသလို သတင်းယောင်များ၊ သတင်းမှားများလည်း ရောပါလာမည်။ ထို့ကြောင့် ထိုသတင်း အချက်အလက်များကို စိစစ်ဝေဖန်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းက ပို၍ ပို၍ အရေးပါလာသည်။ စဉ်းစားတွေးခေါ်ခြင်းဟု ဆိုလျှင် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း (critical thinking)၊ သမားရိုးကျလမ်းမှ ဖောက်ထွက်၍ တွေးခေါ်ခြင်း (lateral thinking)၊ ပုံဆောင်၍ တွေးခေါ်ခြင်း (metaphoric thinking) စသည်တို့ကို အသိများပြီး ဖြစ်ပါလိမ့်မည်။ ယခုစာစုတွင် လူသိနည်းသေးမည်ဟု ထင်ရသည့် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။

၁၉၉၄-ခုနှစ်က ဆော့ဖ်ဝဲအင်ဂျင်နီယာ လောကတွင် အလွန် ရေပန်းစားသွားခဲ့သည့် “ဒီဇိုင်းပုံစံများ” Design Patterns: Elements of Reusable Object-Oriented Software အမည်ရသော စာအုပ်တအုပ် ထွက်ခဲ့ဖူးသည်။ မိမိတို့ ဖြေရှင်းရမည့် ပြဿနာအများစုမှာ အသစ်အဆန်း မဟုတ်၊ အရင်က အလားတူ ပြဿနာများ ရှိခဲ့ဖူးသလို၊ ထိုပြဿနာတို့ အတွက် အဖြေများကလည်း ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာတိုင်းကို အစမှ စကာ ကျားကုတ်ကျားခဲ အဖြေထုတ်နေရန် မလိုတော့။ ပြဿနာတို့၏ သဘောသဘာဝနှင့် နောက်ခံ အခြေအနေတို့ကို သေခြာစနစ်တကျ နားလည်ရန် ကြိုးစား၍ ယင်းပြဿနာနှင့် ဆင်တူသည့် ပြဿနာဟောင်းများ၏ အဖြေများကို ပြန်လည် အသုံးချနိုင်သည်။ ဤစာအုပ်တွင် ရှေးယခင်က ရှိခဲ့ဖူးသည့် ပြဿနာတို့ကို စနစ်ကျသရုပ်ခွဲကာ၊ အသင့်ပြန်လည် အသုံးချနိုင်မည့် စံပြအဖြေများကို ထုတ်ပေးထားသည်။ ဤစာအုပ် ထွက်ပြီး မကြာမီပင် “ဒီဇိုင်းပုံစံများ” နှင့် ဆိုင်သည့် အလားတူ စာအုပ်များ တအုပ်ပြီး တအုပ် ထွက်လာသည်။ “ဒီဇိုင်းပုံစံများ” သည် ဆော့ဖ်ဝဲ ရေးသူများနှင့် ဆော့ဖ်ဝဲ ပိသုကာများအတွက် တတ်အပ်သည့် ဘာသာရပ်တခု ဖြစ်လာသည်။ ဆော့ဖ်ဝဲ ရေးသူများကလည်း “ဒီဇိုင်းပုံစံများ” များကို တွင်တွင်ကြီး သုံးလာကြသည်။

“ဒီဇိုင်းပုံစံများ” ကို အကြောင်းပြု၍ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” (pattern thinking) ဟူသည့် ဝေါဟာရကို တစတစ သုံးလာကြသည်။ မည်မျှ ရှုပ်ထွေးခက်ခဲသော ပြဿနာ ဖြစ်ပါစေ အပေါ်ယံ အသေးစိတ်အချက်များတွင် နစ်မြုတ်မနေဘဲ၊ ပဓာနသည့် အချက်များကို ဆွဲထုတ်ကာ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ပြဿနာကို အပေါ်စီးမှ ခြုံငုံသုံးသပ်ရှုမြင် အဖြေရှာနိုင်သည်။ ပြဿနာတို့ကို ထိုသို့ ချဉ်းကပ် အဖြေရှာသည့်နည်းလမ်းကို “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ဟု ခေါ်သည်။ ဤဝါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးသော်လည်း၊ အသစ်အဆန်းတော့ မဟုတ်။ မိမိတို့ တွေ့ကြုံသိမြင်သည့် အချက်အလက်များထဲမှ ပုံစံတူ၊ အဆင်တူများကို သိမှတ်နိုင်သည့် စွမ်းရည်သည် လူ့ဦးနှောက်၏ အရေးပါသည့် ကိစ္စတရပ်ဖြစ်သလို၊ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည်လည်း စဉ်းစားတွေးခေါ်မှုများ အားလုံး၏ အခြေခံ ကျောရိုးပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း”ကို ဆော့ဝဲနယ်တွင် သာမက သိပ္ပံ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးအသီးတွင်လည်း အသုံးချနိုင်သည်။ သိပ္ပံပညာ၏ သဘော ကိုယ်တိုင်က လောကမှ ဖြစ်ရိုးဖြစ်စဉ် နိယာမ သဘောတရားများကို ထုတ်ဖော် ရှင်းလင်းခြင်းပင် ဖြစ်သည်။ သိပ္ပံပညာရှင်တို့သည် အချက်အလက်များကို စနစ်တကျ စူးစမ်း လေ့လာ၍ ထူးခြားသည့် လက္ခဏာများ၊ ဆက်စပ်ပုံများကို ရိုးရှင်းစွာ ရှင်းလင်းပြနိုင်မည့် သဘောတရား ပုံစံကို ဖွဲ့စည်း တည်ဆောက်သည်။ ထို့နောက် ထပ်မံတွေ့ရှိရသည့် အချက်များကို မိမိ တည်ဆောက်ထားသည့် ပုံစံသစ်တွင် ဘောင်ဝင် မဝင် စစ်ဆေးရသည်။ ဤသည်မှာ သိပ္ပံသုတေသနလုပ်ငန်း၏ သဘောသဘာဝပင် ဖြစ်သည်။

“ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု အဖြစ် ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သဘောတရား ထုတ်ဖော်တွေ့ရှိခဲ့ပုံကို လေ့လာကြည့်နိုင်သည်။ ဒါဝင်သည် ကမ္ဘာပတ်၍ တိရိစ္ဆာန်နှင့် အပင်မျိုးကွဲများကို ရှာဖွေစုဆောင်း သုတေသနပြုခဲ့သည်။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂလပဂို့စ်ကျွန်းစုတွင် တွေ့ရှိရသည့် စာငှက်မျိုးကွဲများက သူ့ကို အံအားသင့်စေခဲ့သည်။ အချို့ကျွန်းမှ စာငှက်များက ကြီး၍ မာကျောသည့် နှုတ်သီး ရှိကြပြီး၊ အချို့ကျွန်းမှ စာငှက်များက ချွန်ထက်သော နှုတ်သီး ရှိကြသည်။ မျိုးစိတ်တို့သည် ပြောင်းလဲမှု မရှိဘဲ မျိုးရိုးလိုက်သည်ဟု ရှေးက လက်ခံယုံကြည် ထားခဲ့ကြသည်။ ယခု သူတွေ့ရှိထားသော အချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်၍ နေသည်။ ထို့နောက် နှုတ်သီး အရွယ်အစားနှင့် ပုံသဏ္ဍာန်များသည် ထိုငှက်တို့ စားသည့် အစားအစာများနှင့် ဆက်နွယ်နေသည်ကို သတိပြုမိသည်။ နှုတ်သီး ချွန်၍ သွယ်သော ငှက်များသည် အင်းဆက်ပိုးများကို စားကြသည်။ နှုတ်သီး မာ၍ တိုသော ငှက်များက မြေပြင်ပေါ် ကျနေသည့် သစ်စေ့များကို စားကြသည်။ ရှားစောင်း စေ့ကို စားသည့် ငှက်တို့၏ နှုတ်သီးက ကြီး၍ ချွန်နေကြသည်။ မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်ကြီးပြင်းရသည့် ပတ်ဝန်းကျင် ရေမြေသဘာဝအလိုက် ပြောင်းလဲနေပုံကို ဒါဝင် နားလည် သဘောပေါက်လာသည်။

ဒါဝင်သည် သူငယ်စဉ်က ဖတ်ခဲ့ဖူးသည့် မားလ်သပ်စ်၏ “လူဦးရေတိုးပွားမှု သဘောတရား စာတမ်း” (Thomas Malthus’s Essay on the Principle of Population, 1798) ကို ပြန်၍ အမှတ်ရသည်။ ထိုစာတမ်း၏ အနှစ်ချုပ်သဘောမှာ စာနပ်ရိက္ခာ အထွက်နှုန်းက ပုံမှန်သာ တိုးတက်နေသော်လည်း၊ လူဦးရေက ဆပွားနှုန်းဖြင့် တိုးတက်နေသဖြင့်၊ ငတ်မွတ် ခေါင်းပါးမှုဘေး၊ ကပ်ရောဂါဘေးနှင့် စစ်ဘေးတို့နှင့် ရင်ဆိုင်ကြရလိမ့်မည်၊ နောင်မျိုးဆက်တို့သည် မိမိတို့ ဘဝ ဆက်လက်ရှင်သန်နိုင်ရန် ရုန်းကန်ကြရမည် ဟူ၍ ဖြစ်သည်။ ဒါဝင်က ထိုစာတမ်းကို ပြန်၍ ဖတ်သည်။ ထို့နောက် ထိုသဘောတရားနှင့် မိမိ လေ့လာ တွေ့ရှိချက်များကို ပေါင်းစပ်ကာ၊ “မျိုးစိတ်တို့သည် မိမိတို့ ရှင်သန်သည့် သဘာဝ ပတ်ဝန်းကျင် အလိုက် ကွဲပြားပြောင်းလဲမှုများ ဖြစ်ပေါ် နေကြသည်။ သဘာဝတရားနှင့် အသင့်တော်ဆုံး မျိုးစိတ်က ဆက်လက် ရှင်သန်ပွားများကြသည်” ဟူသည့် သဘာဝရွေးချယ်မှု (Natural Selection) နှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သဘောတရား (Theory of Evolution) ကို ဖော်ထုတ်နိုင်ခဲ့လေသည်။ စင်စစ် ဒါဝင်သည် သူ့ယခင်က သုတေသီတို့ စုဆောင်းခဲ့သည့် အချက်အလက် အများအပြားကိုလည်း အသုံးပြုခဲ့ပါသည်။ သို့သော် ထိုသူများက သူတို့၏ တွေ့ရှိချက်များကို ပုံစံဖွဲ့၍ မတွေးနိုင်ခဲ့ကြ။ ဒါဝင်ကမူ လေ့လာတွေ့ရှိသည့် အချက်အလက်များကို “လူဦးရေတိုးပွားမှု သဘောတရား” ပုံစံနှင့် ဆက်စပ်ကာ၊ ပုံစံသစ် တခုဖွဲ့၍ စဉ်းစားနိုင်ခဲ့သည်။

ကားလ် မာ့က်စ်၏ သမိုင်းအမြင်မှာ သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်မှ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သာဓကတခု ဖြစ်သည်။ သူက လူ့သမိုင်း ဖြစ်စဉ်ကြီးတခုလုံးကို ကုန်လုပ်ဆက်ဆံရေးနှင့် လူတန်းစားပဋိပက္ခ ရှုထောင့်မှ ခြုံငုံ၍ ရှုမြင်သည်။ လူ့သမိုင်းသည် သမိုင်းဦး ဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ဟူ၍ ကြောင်လိမ်လှေကား သဖွယ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ဟု ပုံစံထုတ်ပြသည်။ နောက်ဆုံးတွင် သမိုင်းဦး ဘုံမြေခေတ်ကလိုပင် လူတန်းစားခွဲခြားမှု မရှိတော့ဘဲ ကုန်ထုတ်စွမ်းအားစု တရပ်လုံးကို ဘုံပိုင်ဆိုင်သည့် ခေတ်သို့ ရောက်ရမည်၊ ပစ္စည်းမဲ့လူတန်းစားတို့ အောင်ပွဲခံရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မာ့က်စ်၏ အတိတ်သမိုင်းကို ရှုမြင်သုံးသပ်ပုံမှာ ရှင်းလင်းထိရောက်သည်။ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးနယ်တို့တွင် အရေးပါ အရာရောက်ခဲ့သည်။ သို့သော် အများသိသည့်အတိုင်း “ပစ္စည်းမဲ့တို့ အောင်ပွဲခံ၍ သမိုင်းဖြစ်စဉ်ကြီး နိဂုံးချုပ်တော့မည်” ဆိုသည့် အနာဂတ်ဟောကိန်းကတော့ သူနှင့် ကွန်မြူနစ်ဝါဒီတို့ မျှော်မှန်းသလို ဖြစ်မလာခဲ့။ “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” တွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါသည်။ အားသာချက်သည် ပြဿနာ၏ ရင်းမြစ်နှင့် ပဓာနအချက်များကို ဆွဲထုတ်၍ ရိုးရှင်းအောင်ပြုခြင်း (simplification)၊ ရိုးရှင်းသည့် ပုံစံတခုအဖြစ် ရှုမြင်နိုင်ခြင်း ဖြစ်သည်။ သို့သော် ပြဿနာ၏ အခြားအရေးပါသည့် အကြောင်းတရားများ၊ အခြေအနေများကို မျက်ကွယ်ပြုကာ လိုသည်ထက်ပို၍ ရိုးရှင်းအောင်ပြုခြင်း (over-simplification)၊ မိမိ တွေးခေါ်ထားသည့် ပုံစံအတွင်းသို့ အတင်းဇလုပ်တိုက်၍ သွင်းကြည့်ခြင်း၊ မိမိတို့ တည်ဆောက်ထားသည့် ပုံစံခွက်ကြီးအား လှေနံဓားထစ် ဖက်တွယ်မိခြင်းတို့သည် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” ၏ ထောင်ချောက်များပင် ဖြစ်သည်။


နိုင်ငံရေးနယ်ပယ်မှ နောက်ထပ် သာဓကတခုအဖြစ် ဟန်တင်တန်၏ “တတိယလှိုင်း – ၂၀-ရာစု နှောင်းပိုင်း ဒီမိုကရေစီအကူးအပြောင်း” (Samuel Huntington’s The Third Wave: Democratization in the Late Twentieth Century, 1992) စာအုပ်ကို ကြည့်နိုင်ပါသည်။ ဟန်တင်တန်သည် ၁၉၇၄-ခု ပေါ်တူဂီနိုင်ငံ ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) က စတင်ခဲ့သည့် ဒီမိုကရေစီ တတိယလှိုင်းမှ နိုင်ငံပေါင်း ၆၀ ကျော်၏ သဘောလက္ခဏာများကို စနစ်တကျ သုတေသနပြုကာ၊ အောက်ပါအတိုင်း ဒီမိုကရေစီကူးပြောင်းပုံ ပုံစံလေးမျိုးကို ထုတ်ပြထားသည်။

(၁) Transformation – အာဏာရှင် ခေါင်းဆောင်များ ကိုယ်တိုင်က အပြောင်းလဲကို စတင်ဖော်ဆောင်ပေးခဲသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (စပိန်၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ဘရာဇီး စသည့် နိုင်ငံများ)
(၂) Replacements – အတိုက်အခံအုပ်စုက အာဏာရှင် အစိုးရကို ဖြုတ်ချ ဖယ်ရှားလိုက်သည့် ဒီမိုကရေစီ ကူးပြောင်းမှု (အရှေ့ဂျာမနီ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ အာဂျင်တီးနား စသည့် နိုင်ငံများ)
(၃) Transplacement – အတိုက်အခံနှင့် အာဏာရှင်အစိုးရတို့ ငြိနှိုင်းဆွေးနွေးကာ အာဏာရှင်က အတိုက်အခံအား နေရာ ဖယ်ပေးသည့် ဒီမိုကရေစီ ကူးပြောင်းမှု (ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ ဗော်လီဗီးယား၊ နီကာရာဂွါ စသည့် နိုင်ငံများ)
(၄) Interventions – ပြင်ပ အင်အားကြီး နိုင်ငံများက ကြားဝင်စွက်ဖက်၍ ဒီမိုကရေစီ အစိုးရတရပ်ကို ဖော်ဆောင်ပေးခဲ့သည့် ကူးပြောင်းမှု (ဂရင်နာဒါ၊ ပနားမား စသည့် နိုင်ငံများ)

ဟန်တင်တန်သည် ထိုသို့ ပုံစံလေးမျိုး ခွဲခြားပြရုံသာမက ပုံစံ တခုချင်းစီ အတွက် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်စေရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များလည်း ထည့်သွင်း အကြံပေးထားပါသည်။ အဆင်တူ ပြဿနာများအတွက် စံပြအဖြေကို ထုတ်ပေးထားသည်။ ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ရေးအတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေမည့် စံပြအဖြေကို အသင့်ယူသုံးနိုင်သည်။ သို့သော် ယနေ့ခေတ် ဒီမိုကရေစီ ကူးပြောင်းတိုင်းများကို ဤပုံစံလေးမျိုးတွင် ထည့်သွင်းကြည့်၍ ရ-မရ ဆိုသည်က မေးခွန်း ထုတ်စရာ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သလိုပင် “ပုံစံဖွဲ့၍ တွေးခေါ်ခြင်း” သည် ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်။ ထောင်ချောက်များလည်း ရှိနေနိုင်သည်ကိုတော့ သတိပြုကြရမည် ဖြစ်သည်။



ဧရာ (မန္တလေး)

Sunday, December 3, 2017

ဝါဇီမှာ ရိုက်ထုတ်စရာ မလိုတဲ့ (e)အီးပိုက်ဆံ …

၂၀၀၈-ခု ကမ္ဘာ့ စီးပွားပျက်ကပ်ဆိုက်တော့ ငွေတမျိုး ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ အစိုးရတွေက ငွေအလုံးအရင်းနဲ့ ဘဏ်တွေကို ကယ်ကြ ဒါပေမယ့် တကယ် အထိနာတာက လူလတ်တန်းစား လူအများစု။ ဒီတော့ ဘဏ်တွေ အစိုးရတွေရဲ့ ချုပ်ကိုင်မှု ကင်းတဲ့ ငွေကြေးကို လူလတ်တန်းစား ပညာတတ်တွေက စိတ်ကူးယဉ်ခဲ့ကြတယ်။ သူ့ကိုယ်သူ Satoshi Nakamoto လို့ အမည် ပေးထားတဲ့ (အခုအထိ ဘယ်သူမှန်း မသိရသေး) ဉာဏ်ကြီးရှင် တဦးက ၂၀၀၉-ခု ဇန်နဝါရီမှာ Bitcoin: A Peer-to-Peer Electronic Cash System ဆိုတဲ့ စာတမ်းတခု ရေးခဲ့တယ်။ လက်တွေ့လည်း သူကိုယ်တိုင် ဆော့ဖ်ဝဲရေးပြီး Bitcoin လို့ခေါ်တဲ့ cryptocurrency ကို ထုတ်ခဲ့တယ်။ စိတ်ကူးယဉ် ဆန်ဆန် စခဲ့တယ်လို့ ပြောနိုင်ပေမယ့် ဒီနေ့ အွန်လိုင်းပေါ်က နေရာအတော်များများမှာ Bitcoin နဲ့ ဈေးဝယ်လို့ ရနေပြီ။ စထုတ်တဲ့ အချိန်က Bitcoin တခု တန်ဖိုးက ပြားဂဏန်းလောက်တောင် မတန်ပေမယ့် ဒီနေ့ ပေါက်ဈေးအရ US$ 10866 တန်နေပြီ (ပြီးခဲ့တဲ့ အပတ်ကမှ 7000 ကျော်ပဲ ရှိသေး)။ Bitcoin လို အခြား cryptocurrency တွေလည်း ထွက်လာကြတယ်။ အခုဆိုရင် IPO (initial public offering) လို ICO (Initial Curreency Offering) ဆိုတာတောင် ပေါ်လာတယ်။


ပုံမှန်အားဖြင့် ငွေအဝင်အထွက် လယ်ဂျာ စာရင်းစာအုပ်ကို ဘဏ်တွေက ချုပ်ကိုင်ထားတယ်။ ဒီတော့ Bitcoin မှာ ဘဏ်တွေရဲ့ ထိန်းချုပ်မှု ကင်းတယ်ဆိုတော့ ဘယ်မှာ သိမ်းသလဲလို့ မေးစရာ ရှိတယ်။ လယ်ဂျာကို တနေရာတည်းမှာ ထိန်းချုပ် မထားဘဲ၊ ကွန်ပျူတာတွေထဲမှာ ထားပါတယ်။ ဒီကွန်ပျူတာတွေကို တခုနဲ့ တခု ကွန်ရက် (Peer-to-Peer Network) နဲ့ ချိတ်ထားတယ်။ လယ်ဂျာက ကွန်ပျူတာ တလုံးထဲမှာ မရှိဘဲ၊ ကွန်ရက်ပေါ်က ကွန်ပျူတာ တွေပေါ်မှာ ရှိပါတယ်။ အချက်အလက်တွေကို တိမ်ပေါ်မှာ သိမ်းတယ် (store on cloud) လို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ တိမ်ဆိုတာ အခြားမဟုတ်ပါဘူး Google, Microsoft, Apples စတဲ့ Data Center ကြီးတွေမှာပါ။ အခုကွန်ရက်ကတော့ အဲဒီလို ဗဟိုထိန်းချုပ်ထားတဲ့ Data Center တွေပေါ်မှာ သိမ်းတာ မဟုတ်ဘဲ အလုံးတိုင်းကို တလုံးနဲ့ တလုံး ချိတ်ထားတဲ့ ကွန်ပျူတာတွေထဲမှာ distributed ledger အဖြစ် ဖြန့်ပြီး သိမ်းထားတာပါ။

စာရင်းအင်းမှာ အဝင်အထွက် စာရင်းတခုခု ပျောက်သွားရင် ပြဿနာရှိပါတယ်။ ဒီလို မဖြစ်အောင် Blockchain လို့ ခေါ်တဲ့ နည်းစနစ်ကို အသုံးပြုပါတယ်။ ငွေအဝင်အထွက် စာရင်း ကို Block ထဲမှာ သိမ်းပါတယ်။ Block တခုနဲ့ တခုကို Cryptographic Hash တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ရှိပါတယ်။ Hash ဆိုတာက သင်္ချာသဘောနဲ့ ပြောရင် one-way function တမျိုးပါ။ x ဆိုတဲ့ ဂဏန်းကို ဆိုတဲ့ hash function ထဲထည့် သွင်းလိုက်ရင် y ဆိုတဲ့ ဂဏန်းရပါတယ် ဆိုပါစို့။ hash function က တလမ်းသွား ဖြစ်တဲ့ အတွက် y ကနေ x ပြန်ရဖို့အတွက် inverse function မရှိပါဘူး။ Block တခုရဲ့ အစမှာ အရင် Block ရဲ့ hash ကို ထည့်ပြီး ချိတ်ထားတာပါ။ ဒီလို hash နဲ့ ချိတ်ထားတဲ့ လယ်ဂျာမှာ စာရင်း တခုခု ပျောက်သွားရင်၊ ဒါမဟုတ် အပိုတခု ဝင်လာရင် အလွယ်တကူ စစ်လို့ ရပါတယ်။ နောက်တခါ ဒီစာရင်းက ဘယ်ကလာသလဲဆိုတဲ့ ပြဿနာအတွက် အရောင်းအဝယ်လုပ်သူက ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ်ထိုးထားပါတယ်။

နောက်ပြဿနာတခုက ကွန်ပျူတာ တလုံးနဲ့ အခြားတလုံးမှာ ရှိတဲ့ လယ်ဂျာတွေက အမြဲ တူနေအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ပြဿနာပါ။ ဒီအတွက် Consensus Algorithm ကို သုံးပါတယ်။ ဒါက ဗဟိုထိန်းချုပ်မှု ကင်းတဲ့ မဲဆန္ဒပေးနည်း၊ တင်ဒါခေါ်နည်း မျိုးပါဘဲ။ အရောင်းအဝယ် လုပ်တော့မယ်ဆိုရင် ဝန်ဆောင်မှုပေးတဲ့ ကွန်ပျူတာကနေ ကိုယ်ရဲ့ စာရင်းကို အထက်ကပြောခဲ့တဲ့အတိုင်း Block တခုတည်ဆောက်ပြီး ကွန်ရက်ပေါ်မှာ ရှိတဲ့ အခြား ကွန်ပျူတာတွေ အားလုံးဆီကို ဖြန့်ပြီး ပို့ပေးပါတယ်။ အဲဒီအချိန်မှာ အခြားဘယ်သူက ပို့တာမရှိရင် ကျန်တဲ့ ကွန်ပျူတာတွေက အဲဒီ Block ကို ယူပြီး သူတို့ရဲ့ လယ်ဂျာမှာ ဖြည့်စွက်ရပါတယ်။ တကယ်လို့ တချိန်ထဲမှာ တခြား ကွန်ပျူတာတွေကနေ အခြားအရောင်းအဝယ် အတွက် အခြား Block ကို ပို့တယ်ဆိုရင် Blockchian ရှည်တဲ့ စာရင်းကို အတည်ယူရပါတယ်။ မအောင်မြင်တဲ့သူက နောက်ဆုံး Blockchain ကို မူတည်ပြီး နောက်တကြိမ် ပြန်ပို့ရပါတယ်။

ဒါဆိုရင် မကြာခဏသွားပြီး သူများနဲ့ တိုက်ဆိုင်နေရင် ခဏခဏ ပြန်ပို့နေရမှာပေါ့လို့ မေးစရာ ရှိပါတယ်။ ဒီအတွက် ကိုယ် Block မှာ nonce လို့ခေါ်တဲ့ ကျပန်းကိန်း တခုထည့်ပေးရပါတယ်။ nonce အမျိုးမျိုး ထည့်စမ်းပြီး ကိုယ့် Block ရဲ့ Hash ဂဏန်း အစမှာ 0 အလုံးပေါင်း (ဆိုပါစို့) ၁၃ လုံး ရအောင် လုပ်ရပါတယ်။ ယေဘုယျအားဖြင့် ဒီလိုလုပ် ဖို့ ၁၀ မိနစ်ကြာပါတယ်။ ဒီလိုကြိုးစားထားတာကို Proof-of-work လို့ သုံးပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ တိုက်ဆိုင်မိဖို့ ခက်ပါတယ်။ ဒီလိုကြိုးစားမှု ရလဒ်အဖြစ် ဝန်ဆောင်မှုပေးသူတွေက Bitcoins အချို့ရပါတယ်။ ဒီ Bitcoins က အရောင်းအဝယ် လုပ်သူဆီက ရတာမဟုတ်ပါဘူး။ ဒီ Bitcoin စနစ်ကနေ ရတာပါ။ ငွေကြေးရဲ့ သဘောက ရှားပါးမှုက အရေးကြီးပါတယ်။ အခုလည်း ရွှေတူးသလို ကြိုးစားပမ်းစား nonce တွေရှာ Blockchain တွေဆောက်ပေးပြီး Bitcoin တူးသူတွေကို miner တွေလို့ ခေါ်ပါတယ်။ အချို့ဝန်ဆောင်မှု ပေးသူတွေကတော့ အရောင်းအဝယ်လုပ်သူဆီကလည်း Bitcoin နဲ့ အခကြေးငွေ ယူပါတယ်။

Bitcoin ကို ကိုယ့်ကွန်ပျူတာကို အားကိုးပြီး တူးယူရတာဖြစ်လို့ အခြားငွေကြေးတွေလို ဗဟိုဘဏ်ကြီးတွေကနေ ငွေတွေ ရိုက်ထုတ်စရာ မလိုတော့ပါဘူး။ ခေတ်သစ် လောပန်လောင်းတွေက ကျောက်မတူးတော့ဘဲ Bitcoin တူးကြပါလိမ့်မယ်။

Monday, November 27, 2017

စာဖတ်သူများ

“စာ ဘယ်လို ဖတ်မလဲ” ဆိုတာကို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ် ဆိုရင်တော့ ဆရာဦးရွှေအောင် ရေးတဲ့ “စာဖတ်သူများ” ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဆိုရင်တော့ Mortimer Adler ရေးတဲ့ How to Read a Book ကို ညွှန်းရပါလိမ့်မယ်။ ဒီစာအုပ် နှစ်အုပ်ရဲ့ သဘောသဘာဝက သိပ်တော့ မတူလှပါဘူး။ ဒါပေမယ့် အဆင့် သုံးဆင့်ကို သုံးပြီး စာကို ဘယ်လို နားလည်သဘောပေါက်အောင် ဖတ်ရမလဲ ဆိုတာကို ညွှန်ပြသွားတာကတော့ သွားဆင်ပါတယ်။


“ဒီစာအုပ်က စာမဖတ်တတ်သေးသူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီလိုဆိုတော့ မရည်ရွယ်ပေမယ့်လည်း နည်းနည်း ရိုင်းရာကျမယ် တူတယ်” လို့ Mortimer Adler က သူ့စာအုပ်ကို စဖွင့်ပါတယ်။ သူကိုယ်တိုင် စာ ကောင်းကောင်း မဖတ်တတ်သေးတာကို ကိုလံဗီယာတက္ကသိုလ်မှာ ဆရာပြန်လုပ်တော့မှ သတိပြုမိတယ်လို့ ဆိုပါတယ်။ စာကို ပုံသဏ္ဍာန်ပိုင်းအရ ခွဲခြမ်း စိတ်ဖြာပြီးဖတ်တဲ့ အဆင့် (structural or analytic stage)၊ စာတပုဒ်လုံးကို ခြုံပြီး ဆက်စပ် အဓိပ္ပါယ်ဖော်တဲ့ အဆင့် (interpretative or synthetic stage) နဲ့ နောက်ဆုံး အဖြစ် ဝေဖန်သုံးသပ်တဲ့ အဆင့် (critical or evaluative stage) ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ဖတ်ရှုပုံ ဖတ်ရှုနည်းတွေကို ပေးထားပါတယ်။ Mortimer Adler ပြောခဲ့တဲ့ အဆင့်သုံးဆင့်ကို လစ်ဘရယ်ပညာရေးက အခြေခံအရေးအဖတ် အဆင့် (grammar stage), ယုတ္တိနည်းကျ ဝေဖန်ပိုင်းခြားတဲ့ အဆင့် (logical stage) နဲ့ မိမိရဲ့ အမြင် မိမိရဲ့ ဝေဖန်သုံးသပ်ချက်တွေကို သူတပါးကို ပြန်ပြီး ရှင်းလင်း ဟောပြော တင်ပြတဲ့ အဆင့် (rhetoric stage) တွေနဲ့လည်း နှိုင်းယှဉ် လေ့လာကြည့်နိုင်ပါတယ်။

စာကို စနစ်တကျ ဖတ်တတ်အောင် သင်ယူလေ့ကျင့်ထားသူရဲ့ စိတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကို လေ့ကျင့်ပြီး ဖြစ်စေတယ်။ အခြားသူတွေနဲ့ ဝေဖန်ဆွေးနွေးကြရာမှာလည်း သူတပါးအပေါ် နားလည်သည်းခံပြီး စာနာမှုအပြည့်နဲ့ ဆွေးနွေးနိုင်စွမ်း ရှိလာမယ်။ စာဖတ်ခြင်းနဲ့ စိတ်ကို ရင့်ကျက်စေပြီး၊ ဒီရင့်ကျက်တဲ့ စိတ်က သူ့ရဲ့ တွေးခေါ်မြော်မြင်မှုတွေကို လွတ်လပ်စေမယ်လို့ ဆိုပါတယ်။ စာအုပ်ရဲ့ နိဂုံးမှာတော့ Mortimer Adler က သူ တည်းဖြတ်ပြီး Encyclopedia Britannica ကနေ ထုတ်ဝေခဲ့တဲ့ “Great Books of the Western World” စာစဉ်က ဂန္ထဝင်စာအုပ်တွေကို ဖတ်ဖို့ ညွှန်းခဲ့ပါတယ်။ ဒီစာအုပ်စာရင်းမှာ ဂရိခေတ်ကနေ စပြီး ဒီနေ့ခေတ် အထိ ကာလအတွင်း ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ သမိုင်း၊ အတွေးအခေါ်နဲ့ သိပ္ပံ စတဲ့ နယ်ပယ်စုံက စာအုပ် ၁၀၀ ကျော်လောက် ပါဝင်ပါတယ်။

ဆရာဦးရွှေအောင်ရဲ့ “စာဖတ်သူများ” စာအုပ်မှာတော့ မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက် အရှင်ကုမာရ ရေးတဲ့ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း”၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” နဲ့ “အနာဂတ်သာသနာရေး” ဆိုတဲ့ စာအုပ်တွေကို ဖတ်ဖို့ မိတ်ဆက်ပေးထားတဲ့ အခန်းနဲ့ စဖွင့်ပါတယ် (တကယ်တော့ ဒီစာအုပ်က ခန်းဆက်ဆောင်းပါးတွေဖြစ်ပြီး ပထမဆုံး အခန်းက စာအုပ်ထုတ်တော့မှ ထည့်ရေးထားတာ ဖြစ်နိုင်ပါတယ်)။ ဒီတော့ ဘာသာရေး စာပေတွေကို ဘယ်လို ဖတ်မလဲဆိုတာကို အဓိကထား ရေးသားထားတယ်လို့ ဆိုနိုင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ကြားတဲ့ နေတ္တိနည်း၊ အလင်္ကာနည်း၊ ကျမ်းတက်နည်းတွေကို သုံးပြီး စာဘယ်လို ဖတ်ရမလဲဆိုတာ ရှင်းလင်းထားတာပါ။ ဘာသာရေး စာပေ ဖတ်ရှုနည်းကို အဓိက ရည်ရွယ်တယ် ဆိုပေမယ့်လည်း၊ ကဗျာ၊ ဝတ္ထုတွေ ဖတ်ရှုရာမှာလည်း ဒီနည်းလမ်းတွေကို သင့်သလို ယူသုံးသွားနိုင်တာကို တွေ့ရမှာပါ။

ဆရာဦးရွှေအောင်က စာဖတ်သူများကို စာကို နောက်ကလိုက်၍ ဖတ်သူ၊ စာကို ရင်ပေါင်တန်း၍ ဖတ်သူ၊ စာကို ရှေ့ကကြိုပြီး ဖတ်သူရယ်လို့ သုံးမျိုး ခွဲပြထားပါတယ်။ စာရဲ့ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါအနက်အတိုင်းသာ ခံယူ ကျင့်သုံးသူတွေကို ပထမအဆင့်စာဖတ်သူ အမျိုးအစားမှာ ထည့်သွင်းထားပါတယ်။ ဒုတိယအဆင့် အနေနဲ့စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို သိပြီး အဲဒီအတိုင်း ခံယူကျင့်သုံးသူတွေကို စာကို ရင်ပေါင်တန်း၍ ဖတ်သူလို့ သတ်မှတ်ပါတယ်။ တတိယအဆင့် ဖြစ်တဲ့ စာကို ရှေ့ကကြိုပြီး ဖတ်သူတွေကတော့ စာရေးသူရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို ထိုးဖောက်သိရုံသာမကဘဲ စာရဲ့ အနတ္တအနက်ကိုပါ သိမြင်နိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာဦးရွှေအောင်က ဒီအဆင့် သုံးဆင့်ကို ဝါစ္စတ္ထ၊ လက္ချတ္ထ၊ ဗျင်္ဂျတ္ထ ဆိုတဲ့ အနက်သုံးမျိုးနဲ့ ရေးသွားတာကို တွေ့ရပါတယ်။ ဒီဝေါဟာရတွေကို ရသစာပေရဲ့ သဘောကို ရှင်းလင်းဖွင့်ဆိုတဲ့ မမ္မဋရဲ့ ကာဗျပကာသကျမ်းနှင့် ဝိသွနာထရဲ့ သာဟိတဒပ္ပဏ ဆိုတဲ့ ကျမ်းတွေမှာ တွေ့ရပါတယ်။ ဆရာဦးရွှေအောင် ကိုယ်တိုင်ကလည်း ကာဗျာပကာသကျမ်းနဲ့ သာဟိတဒပ္ပဏကျမ်း နှစ်စောင်ကို ပေါင်းပြီး “ရသစာပေ၏ ရသ” ဆိုတဲ့ အမည်နဲ့ စာအုပ် တအုပ်ရေးဖူးပါတယ်။ အဲဒီစာအုပ်မှာတော့ ဝါစ္စတ္ထကို တိုက်ရိုက်အနက်၊ လက္ချတ္ထကို တင်စားအနက်၊ ဗျင်္ဂျတ္ထကို သိဆက်အနက်လို့ ဘာသာပြန်သွားပါတယ် (အင်္ဂလိပ်ဘာသာပြန်ထားတဲ့ စာအုပ်တွေမှာတော့ ဒီအနက်သုံးမျိုးကို denoted meaning, indicated meaning, suggested meaning လို့ ပြန်ထားတာ တွေ့ဖူးပါတယ်)။ တိုက်ရိုက် အနက်ဆိုတာက စာမှာပါတဲ့ စကားတွေကို အဘိဓာန်မှာ ဖွင့်တဲ့အတိုင်း၊ သဒ္ဒါကျမ်းတွေက လမ်းညွှန်တဲ့အတိုင်း တိုက်ရိုက် နားလည်တာမျိုးပါ။ တင်စားအနက်ကတော့ စာမှာ တိုက်ရိုက်မလာပေမယ့် စာရေးသူရဲ့ စေတနာနဲ့ နှလုံးသွင်းကို ထောက်ပြီး သိရတဲ့ အနက်မျိုးပါ။ သိဆက်အနက်တော့ စာရေးသူ ရေးသားဖော်ပြထားတာအပြင် စာရေးသူ မြုတ်ထားတာတွေ၊ စာရေးသူ ပြောမသွားတာတွေကိုပါ ဆက်သွယ်ပြီး စာဖတ်သူ ရလိုက်တဲ့ အသိသဘောပါ။ စာဖတ်သူက သိဆက်အနက် တခုခု ရသွားအောင် ရေးနိုင်ပါမှလည်း စာက အနုပညာလက်ရာ မြောက်တယ်လို့ ရှေးပညာရှိတွေက သတ်မှတ်ခဲ့ပါတယ်။

ဒီတော့ စာတပုဒ်ကို ဖတ်တဲ့အခါ စာရေးသူ ဆိုလိုရင်းကို တကယ်သဘောမပေါက်ဘဲ စကားလုံးတွေ၊ ဝေါဟာရတွေမှာတင်ပဲ ပြီးသွားတဲ့ သူတွေလည်း ရှိတယ်။ စကားလုံးတွေကို ကျော်လွန်ပြီး စာရဲ့ အနက်သဘော၊ စာရေးသူရဲ့ နှလုံးသားကို မြင်နိုင်သူတွေလည်း ရှိတယ်။ အချို့စာဖတ်သူတွေကတော့ စာကို သဘောပေါက်ရုံသာမက လောကသဘာဝကိုပါ ထိုးထွင်း သိမြင်သွားပြီး၊ ဘဝ အပြောင်းအလဲကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

Thursday, November 9, 2017

ကထာဝတ္ထုအနုဋီကာနှင့် Sophistical Refutations

စကားအချေအတင် ပြောဆိုဆွေးနွေးခြင်းနဲ့ ပတ်သက်ပြီး ကထာဝတ္ထု အနုဋီကာမှာ ဝါဒ၊ ဇပ္ပ၊ ဝိတဏ္ဍလို့ ကထာသုံးမျိုး ရှိကြောင်း ပြထားပါတယ်။

(၁) အမှန်တရားအတွက် ခိုင်လုံတဲ့ အချက်အလက်၊ သင့်တင့်တဲ့ ယုတ္တိတွေ သုံးပြီး ဆွေးနွေးခြင်းမျိုး (ဝါဒ Discussion)
(၂) အမှန်တရားထက် မိမိရဲ့အဆို အနိုင်ရရေးကို ဦးစားပေးပြီး ကလိမ်စေ့ ငြမ်းဆင် ဆွေးနွေးခြင်းမျိုး (ဇပ္ပ Wrangling)
(၃) ကိုယ့်အယူအဆကိုတောင် ခိုင်မာအောင် မတည်ဆောက်နိုင်ဘဲ သူတပါး အဆိုကို ကပျက်ယပျက် ဖြစ်အောင် အပျက်သဘော ငြင်းပယ် ဆွေးနွေးခြင်းမျိုး (ဝိတဏ္ဍ Cavil) တို့ပါ။

မှန်ကန်တဲ့ ဆွေးနွေးမှုမျိုး (ဝါဒကထာ) က ပမာဏလို့ ခေါ်တဲ့ ခိုင်မာတဲ့ အသိဉာဏ်ရကြောင်းနဲ့ အဝယဝယလို့ ခေါ်တဲ့ အဆင့် ၅-ဆင့်ပါတဲ့ ယုတ္တိဆင်ခြေကို အသုံးပြုပါတယ်။ ကလိမ်စေ့ ငြမ်းဆင် ဆွေးနွေးမှုမျိုး (ဇပ္ပကထာ) နဲ့ အပျက်သဘော ငြင်းပယ်မှုမျိုး (ဝိတဏ္ဍကထာ) တွေမှာတော့ တဖက်သား ပြောလိုရင်းကို မယူဘဲ ကပ်ဖဲ့ပြီး အခြားအဓိပ္ပါယ် တမျိုးကို ကောက်ယူ ဝေဖန်ဆွေးနွေးမှု (ဆလ Quibble)၊ ဟုတ်ယောင်ယောင် ဆင်ခြေပေးမှု (ဇာတိ Specious argument) နဲ့ အပြစ်တင်ထိုက်တဲ့ ဆင်ခြေအမှား (နိဂ္ဂဟဋ္ဌာနာနိ False Reasoning or logical fallacies) တွေကို အသုံးပြုပါတယ်။ ကထာဝတ္ထု အနုဋီကာမှာ (ဂေါတမရသေ့ ပြုစုခဲ့တဲ့ နျာယသုတ္တကျမ်းမှာ လာတဲ့) နိဂ္ဂဟဋ္ဌာန ၂၂-မျိုးကို ထုတ်ပြထားပါတယ်။ စကားအချေအတင် ဆွေးနွေးတဲ့ အခါမှာ တဖက်လူက ဒီလို ဆလ၊ ဇာတိ၊ နိဂ္ဂဟဋ္ဌာနတွေ သုံးလာမယ်ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ထောက်ပြပြီး ချေဖျက်ရပါတယ်။ ဒီလို စကားအချေအတင် ပြောဆို ဆွေးနွေးတဲ့ အတတ်ပညာတွေကို ရှေးနာလန္ဒတက္ကသိုလ်မှာလည်း သင်ကြားပို့ချခဲ့ကြပါတယ်။ နာလန္ဒတက္ကသိုလ်ရဲ့ debate hall ကို ဝင်ချင်တယ်ရင် အရင်ဆုံး ကျောင်းတံခါးစောင့် ဘုန်းကြီးရဲ့ စစ်ဆေးမှုကို ခံရတယ်လို့ တရုတ်ရဟန်းတော် ရွှင်ကျန်းရဲ့ မှတ်တမ်းတွေမှာ ဖတ်ဖူးပါတယ်။ တိဘက်ဘုန်းတော်ကြီးကျောင်းတွေမှာ ဒီနေ့အထိ စကားအချေ အတင်ပြောဆိုတဲ့ အတတ်ပညာကို သင်ကြားပို့ချပြီး လက်တွေ့လည်း လေ့ကျင့်ကြပါသေးတယ်။

ဒီတော့ မြန်မာယဉ်ကျေးမှုနယ်မှာ Critical thinking တို့၊ debating technique တို့နဲ့ ပတ်သက်လို့ လေ့လာသင်ကြားမှုများ ရှိသလားလို့ မေးလာရင် ဘုန်းတော်ကြီးကျောင်းတွေမှာ သင်တဲ့ ကထာဝတ္ထုကို ထုတ်ပြရမှာ ပါပဲ။ ဒါကြောင့်လည်း စာတတ်ချင်လျှင် နေတ္တိနှင့် ကထာဝတ္ထုကို ကျေညက်အောင်လေ့လာဖို့ လယ်တီဆရာတော် လောင်းလျာ အရှင်ဉာဏဓဇကို ယောမင်းကြီး ဦးဘိုးလှိုင်က အကြံပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ (နေတ္တိကတော့ Critical thinking ထက် ပုံစံချထားတဲ့ ဘောင်ထဲကို သွင်းယူတဲ့ Pattern thinking ပိုဆန်ပါတယ်)။


အနောက်တိုင်း ယဉ်ကျေးမှုမှာဆိုရင်တော့ မရိုးဖြောင့်တဲ့ (ဒါမှမဟုတ် လွဲမှားနေတဲ့) ဆွေးနွေးဝေဖန်မှုတွေ အကြောင်းတွေကို အရစ္စတိုတယ်က Sophistical Refutations ဆိုပြီး ကျမ်းတစောင် ဖွဲ့ထားတာ ရှိပါတယ်။ False Reasoning ၁၃-မျိုးကို ရှင်းပြထားပါတယ်။ နိဂ္ဂဟဋ္ဌာန ၂၂-မျိုးနဲ့ နှိုင်းယှဉ် လေ့လာကြည့်နိုင်ပါတယ်။

Sunday, November 5, 2017

မြန်မာစာနှင့် John Okell

စင်္ကာပူမှာနေစဉ်က တရုတ် ဒါယကာ၊ ဒါယိကာမတွေကို မြန်မာစာ သင်ပေးဖို့ ရိပ်သာဆရာတော်က တာဝန် ပေးခံရဖူးပါတယ်။ စာသင်ဖို့ကို ဝါသနာထုံတာကြောင့် တကြောင်း၊ ကိုယ်နေ့စဉ်ပြောနေတဲ့ စကားပဲလေ ဖြစ်မှာပါလို့ ခပ်လျှော့လျှော့ တွေးမိတာက တကြောင်း၊ “ရပါတယ် ဘုရား” လို့ လက်ခံခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ ကော်မတီဥက္ကဋ္ဌ လူကြီးက “မြန်မာစာက လွယ်တာမဟုတ်ဘူး။ ကြည့်ဗျာ … တစ်နဲ့ နှစ်ကို တစ်ခု၊ နှစ်ခုလို့ အသံထွက်ပေမယ့် သုံးကျတော့ သုံးဂု (သုံးခု) လို့ ဖြစ်သွားရော။ ကျွန်တော်ဆို မသင်တတ်ဘူး” လို့ ဆိုလာပါတယ်။ “ရေးတော့ အမှန်၊ ဖတ်တော့ အသံပေါ့ဗျာ” လို့ပဲ ဖြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြန်လမ်း တလျှောက်လုံး ငါဘယ်လို ရှင်းပြရပါ့မလဲလို့ အဖြေရှာခဲ့ပါတယ်။ မြန်မာတယောက် အနေနဲ့ကတော့ ဒီကိစ္စက အထူးသင်နေစရာ မလိုပေမယ့် နိုင်ငံခြားသား တယောက်အတွက်ဆိုရင်တော့ သိပ်လွယ်လှတာ မဟုတ်ပါဘူး။


မြန်မာစကားမှာ သံညင်းကနေ သံပြင်း အဖြစ် ပြောင်းလဲတတ်ပုံ voicing အကြောင်းကို လေ့ကျင့်ခန်းတွေနဲ့ ရှင်းပြထားပါတယ်။ မြန်မာစာ ဗျည်းအက္ခရာဇယားမှာ ပထမနဲ့ ဒုတိယတိုင်တွေမှာ ရှိတဲ့ က၊ ခ၊ စ၊ ဆ စတဲ့ ဗျည်းတွေကို သံညင်း (voiceless အဃောသ) လို့ ခေါ်ပါတယ်။ တတိယနဲ့ စတုတ္ထတိုင်မှာ ရှိတဲ့ ဂ၊ ဃ၊ ဇ၊ ဈ စတဲ့ ဗျည်းတွေကို သံပြင်း (voiced ဃောသ) လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် သံညင်းတွေကနေ သက်ဆိုင်ရာ သံပြင်းအသံတွေ အဖြစ် (ဥပမာ ခ ကနေ ဃ၊ စ ကနေ ဇ၊ ပ ကနေ ဗ) ပြောင်းတတ်ပါတယ်။ သူ့ရှေ့ကအသံတွေက glottal stop (-က် -ခ် -စ် -တ် -ပ် စတဲ့) အသတ်သံ သံရပ်တွေ ရှိနေရင်တော့ ချွင်းချက်အဖြစ် သံပြင်းပြောင်းစရာ မလိုတော့ပါဘူး။ ရှေ့သံက အသတ်သံဖြစ်ပေမယ့် သံရပ် (glottal stop) မဟုတ်ဘဲ မသတ် နသတ် စတဲ့ နှာသံ အသတ်၊ ညသတ် ယသတ် စတဲ့ သံရှည် အသတ်သံဆိုရင်လည်း သံပြင်း ပြောင်းရပါတယ်။ ဥပမာ “လေးခု” ဆိုရင် ရှေ့က “လေး” က glottal stop မဟုတ်တဲ့ အတွက် နောက်က “ခု” ကနေ သံပြင်း “ဂု” ပြောင်းပြီး “လေးဂု” လို့ အသံထွက်ပါတယ်။ (ခ ရဲ့ သက်ဆိုင်ရာ သံပြင်းက ဃ ဖြစ်ရမှာ ဖြစ်ပေမယ့် မြန်မာတွေက ဂ-သံနဲ့ ဃ-သံကို ကွဲအောင် ရွတ်လေ့မရှိတဲ့ အတွက် လေးဂုလို့ပဲ ထွက်ပါတယ်)။ တစ်ခု၊ နှစ်ခု စတာတွေမှာတော့ ရှေ့သံက စသတ်သံ ဖြစ်နေလို့ နောက်သံ “ခု” ကို သံပြင်းပြောင်းစရာ မလိုတော့ပါဘူး။ “ဆယ်ခု” ဆိုရင် ရှေ့သံက အသတ်ဖြစ်ပေမယ့် glottal stop မဟုတ်လို့ “ဆယ်ဂု” လို့ ထွက်ပါတယ်။ John Okell ကို အတော်လေး ကျေးဇူးတင်မိပါတယ်။ စင်္ကာပူရဲ့ စနစ်ကျလှတဲ့ စာကြည့်တိုက်တွေကိုလည်း ကျေးဇူးတင်မိပါတယ်။



နောက်တဆက်တည်း သူရေးတဲ့ Burmese/Myanmar Dictionary of Grammatical Form ဆိုတဲ့ စာအုပ်ကို တွေရပါတယ်။ မြန်မာစာမှာရှိတဲ့ ဝိဘတ်တွေ၊ ပစ္စည်းတွေ၊ ကြိယာထောက်တွေရဲ့ အဓိပ္ပါယ်နဲ့ အသုံးအနှုန်းကို အက္ခရာဝလိစဉ်ပြီး ရှင်းပြထားတဲ့ စာအုပ်ပါ။ မြန်မာစာ သင်ချင်တဲ့ နိုင်ငံခြားတွေအတွက်သာမက၊ ကျွန်တော့လို မြန်မာစာ အားနည်းသူတွေအတွက် အထောက်အပံ့ကောင်း တခုပါ။

Monday, September 25, 2017

မြန်မာအက္ခရာ သံပေါက်ကဗျာ သမိုင်း

ဆရာကြီး မင်းသုဝဏ် ရေးသား ပြုစုခဲ့တဲ့ မြန်မာအက္ခရာ သံပေါက်ကဗျာလေးရဲ့ သမိုင်းပါ။ နောင်တော့ အခြားဆရာတစ်ဦးကို ပြင်ရေးခိုင်းပြီး သူငယ်တန်း ပြဋ္ဌာန်းစာအုပ်တွေမှာ သုံးစွဲခဲ့ပါတယ်။

 
****
ထိုစနေနေ့က မိုးအတော်သည်းပါသည်။ ညနေ ကျွန်တော် အိမ်သို့ ပြန်ရောက်သောအခါ ကျွန်တော်၏ သားငယ်သည် သုံးထပ်သား ကျောက်သင်ပုန်းတွင် မြေဖြူနှင့် ရေးနေပါသည်။
“ဟေ့ လူလေး ဘာတွေများ ရေးနေသလဲ” ဟု ကျွန်တော်က မေးလိုက်သည်။
“မြန်မာစာတွေ ရေးနေတယ် အဘ ဖတ်ပြစမ်းပါ” ဟု ပြောကာ ကျောက်သင်ပုန်းကို ပြပါသည်။ သူရေးထားသော စာလုံးများကို မြင်ရသောအခါ ကျွန်တော် အံ့သြမိပါသည်။ လွန်ခဲ့သော နှစ်များက သူ့ကို သူ့ကျောင်းတွင် အေဘီစီကိုသာ သင်ပေးခဲ့ပါသည်။ ယခု ကျောင်းဖွင့်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ မြန်မာစာလုံးများကို ရေးနေလေပြီ။ ဘာစာ လုံးတွေပါလိမ့်။ ကျွန်တော် လှမ်းကြည့်လိုက်ပြီးလျှင် “ဆ၊ မ၊ တ ပေါ့ကွ - လူလေးက မြန်မာစာတွေကိုတောင် ရေးနေပြီလား …၊ ကိုင်း ဖတ်ပြစမ်းပါ” ဟု ကျွန်တော်က တုန့်ပြန် မေးခွန်းထုတ်လိုက်ပါသည်။ ထိုအခါ လူလေးက ရေးထားသည်ကို ဖျက်ပစ်ပြီးနောက် ဆလိမ်အက္ခရာကို ပြန်ရေးပြီးလျှင် “ဆ-ဆရာကြီး ခေါင်းလောင်းတီး” ဟု ဆိုပြပါသည်။ ကျွန်တော်၏ ဝမ်းသာခြင်း အားရခြင်းတို့ကား အတိုင်း မသိတော့ပေ။ ညောင်းညာသည်ကိုမျှ သတိမရ။ လူကလေးအနားတွင် ထိုင်ကာ “ကိုင်း ကကြီးက စပြီး ရေးစမ်းပါဦး” ဟု ခိုင်းမိသည်။ ထိုအခိုက်အနားတွင် ရှိနေသော သမီးထွေးကလည်း အားကျမခံ ဝင်လာကာ “ချိုချိုလည်း ရေးတတ်တယ် အဘ” ဟု ကျောက်သင်ပုန်းကို လုလေသည်။ ထို့ကြောင့် အခြား ကျောက်သင်ပုန်းတစ်ခု ရှာပေးကာ “ကဲ တစ်ယောက်စီ ရေးကြ၊ အဘ ကြည့်နေမယ်” ဟု ပြောလိုက်သောအခါ သူတို့ မောင်နှမနှစ်ဦးသည် ဂုဏ်တုဂုဏ်ပြိုင် အော်ဟစ် သီဆိုကာ ရေးကြပါသည်။
“က - ကစွန်းပင်၊ ရေမှာ ရွှင်။ ခ - ခရမ်းသီး၊ ဓားနှင့်လှီး”
ဤသို့ ဆိုကြ ရေကြရာ ဆယ့်လေး ငါးလုံးကို အမှားမပါ အထစ်အငေါ့ မရှိ၊ ဆိုတတ် ရေးတတ်နေသည်ကို တွေ့ရပါသည်။ ထိုမျှတိုတောင်းလှသော ကာလအတွင်း ထိုမျှ လိုလိုချင်ချင်၊ ပျော်ပျော်ပါးပါးနှင့် ထိုမျှသော အက္ခရာတို့ကို တတ်ကြသည့်အတွက် ထိုအက္ခရာသံပေါက်ကလေးများကို ရေးသားသူ ကျွန်တော့်မှာ ဝမ်းသာလုံး ဆို့မိသည်ဆိုလျှင် အပြစ်တင်ဖွယ် ရှိလိမ့်မည် မဟုတ်ဟု ယူဆမိပါသည်။ ထိုမျှမကသေး ထိုအက္ခရာ သံပေါက်ကလေးများ ဖြစ်ပေါ်လာရပုံ အထုပ္ပတ္တိကိုပင် လူသိရှင်ကြား ပြောပြချင်လာမိပါတော့သည်။ ထို့ကြောင့် …
ကျွန်တော်သည် ငယ်ရာမှ ကြီးလာရသူ တစ်ယောက်ဖြစ်သည့်အတိုင်း ကလေးဘဝက စာသင်ခဲ့ရသည့် အခက်အခဲ ဒုက္ခတို့ကို မမေ့နိုင်သေးပါ။ ဘုန်းကြီးကျောင်းတွင် နမောဗုဒ္ဓါယက စ၍ နှုတ်တိုက် သင်ခဲ့ရပုံတို့မှာ စိတ်ဆင်းရဲစရာပင် မဟုတ်ခဲ့စေကာမူ စိတ်ပျော်စရာကား မဟုတ်ခဲ့ပါ။ ကျွန်တော်တို့၏ ကျောင်းသားဘဝသည် အလိုက်အထိုက်အားဖြင့် ပျော်စရာပင် ဖြစ်ခဲ့စေကာမူ သင်နည်းစနစ်၊ သင်ရသော စာအုပ်၊ နေရသော ကျောင်းအဆောက်အအုံတို့ကို အခြား ခေတ်မီစနစ်၊ ခေတ်မီစာအုပ်၊ ခေတ်မီကျောင်းတို့နှင့် ယှဉ်လိုက်ပါမူ များစွာ အောက်ကျနောက်ကျ ဖြစ်လျှက်ရှိပါသည်။ ထိုအစွဲမှာ ကျွန်တော့အား အမြဲလိုလိုပင် နှိုးဆော်တိုက်တွန်းလျှက် ရှိပါသည်။ ထို့ကြောင့်လည်း ကျောင်းသားလူငယ်တို့၏ ဘဝ ကြည်သာရွှင်ပျရှိနိုင်အောင် သူတို့အဖို့ သီချင်းများ၊ ပုံဝတ္ထုများကို ကျွန်တော် ကြံစည်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားသည့် စာတို့တွင် ဤအက္ခရာသံပေါက်များလည်း ပါဝင်နေပါသည်။
သက္ကရာဇ်အားဖြင့်ဆိုသော် ၁၉၄၇ ခုနှစ်က ဇွန်လအတွင်းတွင် ကျွန်တော်သည် တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးရန် ဖျာပုံမြို့သို့ သွားရပါသည်။ ထိုအခါက ဖျာပုံ ရာဇဝတ်ဝန်မှာ ယခုအခါ ရန်ကုန် ရဲမင်းကြီး ဖြစ်နေသော ဦးခင်မောင်မောင် ဖြစ်ပါသည်။ ဦးခင်မောင်မောင်မှာ ကျွန်တော်၏ တပည့်အရင်း ဖြစ်သည်က တစ်ကြောင်း၊ စာမေးပွဲကိစ္စနှင့် သွားရာတွင် လုံခြုံမှုအတွက် အရပ်ထဲတွင် မတည်းခိုချင်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်သည် လူပျိုကြီး ဦးခင်မောင်မောင်ဆီတွင် တည်းခိုပါသည်။ ကံအားလျော်စွာ ဖျာပုံ အရေးပိုင် မစ္စတာရောဘတ်မိုး (Mr. Robert Mole) သည်လည်း ဦးခင်မောင်မောင်နှင့် အတူနေလျက် ရှိနေပါသည်။ မိုးဆိုသူက ဗိုလ်ချုပ်တို့နှင့် အတူ ကွယ်လွန်ရှာသော ဦးအုန်းမောင်၊ စစ်အတွင်းက ရခိုင် စစ်မျက်နှာတွင် ဆုံးရှာသူ မစ္စတာဗင်ဝိုက်၊ ယခုပညာရေးဝန်ကြီးဌာန အတွင်းဝန် ဦးဘကျော်တို့နှင့် အတူ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ဘီစီအက်အတန်း တက်ခဲ့သူဖြစ်သဖြင့် ကျွန်တော်နှင့်လည်း တက္ကသိုလ်တစ်ခုတည်း နေခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သုံးယောက်သားမှာ အလုပ်သိမ်း၍ အိမ်ပြန်ရောက်သောအခါ များ၌ ရှေးဟောင်းနှောင်းဖြစ်များကို ပြောကာ အားရဝမ်းသာဖြစ်လျက် ရှိကြပါသည်။
တစ်ခုသော နံနက် ကျွန်တော် စာမေးပွဲစစ်ရာ ကျောင်းသို့ သွားခါနီးတွင် ကျွန်တော့် ဝါသနာကို သိသော မိုးက အင်္ဂလိပ် ကဗျာစာအုပ် တစ်အုပ်ကို လှမ်းပေး၍ စာမေးပွဲ စစ်တုန်း အပျင်းပြေ ဖတ်ဖို့ပေါ့ဟု ပြောလိုက်ပါသည်။ ကျွန်တော်လည်း စာအုပ်ကို လှမ်းယူကာ ကသောကမျော ထွက်ခဲ့ပါသည်။ စာမေးပွဲ မေးခွန်းများ ပေးအပြီး၍ စာမေးပွဲစောင့်သူတို့ကို နေရာတကျ စီစဉ်ကာ စိတ်ချရသောအခါကျမှ မိုး ပေးလိုက်သော စာအုပ်ကို ကြည့်မိရာ၊ ဝေါ်လတာ ဒီလမဲယား (Walter de la Mare) တည်းဖြတ်သည့် “Nursery Rhymes for Certain Times” ခေါ် စာအုပ် ဖြစ်နေသည်ကို တွေ့ရပါသည်။ လူပျိုကြီး အရေးပိုင်က ကလေးချော့ သီချင်းစာအုပ်ကို ရှာရှာဖွေဖွေ ဖတ်တတ်ပလေဟု တွေးကာပြုံးမိပါသည်။ ဒီလမဲယားမှာ ကျွန်တော် ကြိုက်သော အင်္ဂလိပ် စာဆိုကျော်တစ်ဦး ဖြစ်သဖြင့် သူ ရွေးချယ် တည်းဖြတ် ထားသော ကဗျာတို့မှာလည်း ကျွန်တော့် အကြိုက်နှင့် အတော်ပင် တိုက်ဆိုင်လျက် ရှိပါသည်။ ထိုကဗျာတို့တွင် “Tom Thumb’s Alphabets” ခေါ် ငလက်မ၏ အက္ခရာ သံပေါက်များလည်း ပါဝင်နေပါသည်။ ထိုသံပေါက်များကို ဖတ်ရင်း စာမေးပွဲ ဖြေနေသော ကျောင်းသားကလေးများကို လှမ်း၍ ကြည့်မိပါသည်။ စာမေးပွဲ အခက်အခဲတို့ကြောင့် သူတို့၏ မျက်နှာကလေးများမှာ ညှိးငယ် နွမ်းလျ နေသည်ကို သတိပြုမိပါသည်။ နောက်ပေါက် ကလေးများလည်း စာသင်ရ အခက်အခဲတို့ကို တွေ့ကြရပါဦးမည်။ သို့သော် ထိုလာလတ္တံ့သော ကလေးများအတွက် ပျော်စရာ အက္ခရာသံပေါက်ကလေးများကို စီကုံး ရေးသားရလျှင် မကောင်းပေဘူးလား ဟူသော အတွေး ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်သည် စက္ကူစကလေး တစ်ခုပေါ်တွင် …
“ကကြီး - ကဆုန်၊ မိုးမှုန်မှုန်၊ ခခွေး - ခမောက်၊ မိုးမကြောက်” စသည်ဖြင့် စတင်ရေးသား မိပါသည်။ ဇွန်လမိုးသည် ခဏခဏ ရွာလျက် ရှိပါသည်။ စာမေးပွဲစစ်ရာ ကျောင်းမှ လှမ်းမျှော် ကြည့်လိုက်လျှင် မြစ်ဝကျွန်းပေါ် လယ်ကွင်းများကို ရေဖွေးဖွေးနှင့် တွေ့ရပါသည်။ လယ်ကွင်းသည် လယ်သမားကို ညွှန်ပြ၍ လယ်သမားသည် ခမောက်ကို လက်ညှိုးထိုးကာ ခမောက်သည် တဖြိုင်ဖြိုင် ရွာလျက်ရှိသော မိုးကို သတိရစေပါသည်။ ထို့ကြောင့် “ကကြီး - ကဆုန်၊ မိုးမှုန်မှုန်” စသည်တို့ကို ရေးမိခြင်း ဖြစ်ပါတော့သည်။ ထိုနေ့ အဖို့ ကျောင်းမှ ပြန်လာသောအခါ ကျွန်တော့်တွင် စာမေးပွဲတာဝန် အပြင် အက္ခရာ သံပေါက်ရေးဖို့ တာဝန်သစ်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
ညစာ ထမင်းဝိုင်းတွင် လူချင်းဆုံမိသောအခါ ကျွန်တော်က မိုးအား ပြောပါသည်။
“မစ္စတာမိုး၊ ခင်ဗျားမှာ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်များ ရှိပါသလား”
“ရှိပါတယ်။ ဘာလုပ်ချင်လို့လဲ”
“ကျွန်တော့ကို ခဏငှားစမ်းပါ၊ ကလေးကဗျာ ရေးချင်လို့ပါ”
“ကလေးကဗျာ ရေးဖို့အတွက် အဘိဓာန် လိုသေးသလား”
“လိုတာပေါ့ဗျာ၊ ခင်ဗျား ငှားလိုက်တဲ့ ကလေးကဗျာ စာအုပ်ထဲက အက္ခရာ သံပေါက်ကလေးမျိုး ရေးမလို့၊ ကလေးတွေအတွက် လွယ်ကူတဲ့ စကား၊ ပျော်စရာကောင်းတဲ့ စကား၊ သူတို့ ဘဝနဲ့ နီးစပ်တဲ့ စကား၊ လက်ဟန် ခြေဟန်နဲ့ ဆိုလို့ရတဲ့ စကားတွေကို ရွေးရအောင် အဘိဓာန် လိုတာပေါ့၊ နောက်ပြီး ကကြီးခခွေးနဲ့ ရေးရမှာမို့ အဘိဓာန်နဲ့ လုပ်မှ ဖြစ်မယ်။”
ထိုအခါ မိုးသည် သူ့အဘိဓာန်ကို ထုတ်ပေးပါသည်။ မိုးသည် အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ နေစဉ်ကပင် ရာဇဝင်ဆရာ မစ္စတာဟာဗေ သင်ပေးလိုက်သဖြင့် မြန်မာစာကို တတ်ခဲ့ပါသည်။ မြန်မာပြည် ရောက်သောအခါ ဆက်လက် ဆည်းပူးပြန်သဖြင့် စာကို အတော်အတန် တတ်လာ၍ စကားပြောကိုကား အတော့ကို တတ်နေသူ ဖြစ်ပါသည်။ သူ့အဘိဓာန်ကို ရသောအခါ ကျွန်တော်သည် အိပ်ခန်းထဲတွင် စကားလုံးများကို လှန်လှောရှာဖွေ၍ မှတ်တမ်း တင်ထားပါသည်။ နောက်တစ်နေ့ စာမေးပွဲခန်းသို့ ရောက်ပြန်သောအခါ လွန်ခဲ့သည့် နေ့က ရေးထားသည်တို့ကို ဖျက်ပယ်၍ အသစ် ရေးပြန်ပါသည်။ ထိုသံပေါက် အသစ်တို့ကား “က - ကစွန်းပင် ရေမှာရွှင်” စသဖြင့် ဖြစ်လာပါတော့သည်။ ထိုနေ့ ညနေ အိမ်ပြန်ရောက်၍ သုံးယောက်သား ဆုံမိပြန်သောအခါ ကျွန်တော်၏ စွန့်စားချက် သံပေါက်များ ဝရန်တာတွင် ဖတ်ပြပါသည်။ သံပေါက် တစ်ပုဒ်မှတပါး အားလုံးကို မိုးနှင့် ခင်မောင်မောင်တို့က သဘောကျ အတည်ပြုကြပါသည်။ သို့သော်လည်း “ဆ - ဆရာကြီး ခေါင်းကို ဖြီး” ဆိုသည့် အပုဒ်ကိုမူ ခင်မောင်မောင်က သဘာဝ မကျဟု ဆိုကာ “ဆ - ဆရာကြီး ခေါင်းလောင်းတီး” ဟု ပြင်ပေးပါသည်။ ကောင်းပေစွ။ အာဂ ပုလိပ်ပါတကား။ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကို စောင့်ရှောက်နိုင်ရုံမက ငြိမ်ဝပ်ပိပြားရေး၏ အကြောင်းရင်း တစ်ရပ်ဖြစ်သော ကဗျာကိုလည်း နားလည်ပါပေသည်။ လူပျိုကြီးဖြစ်လျက်နှင့် သားသည် အဖေ ကျွန်တော့်ကိုလည်း ကျောသွားလေပြီ။ ထိုသို့ဖြင့် အရေးပိုင်၊ ရာဇဝတ်ဝန်၊ ကျောင်းဆရာ သုံးဦးသားတို့ စုပေါင်း မွေးထုတ်လိုက်သော မြန်မာအက္ခရာ သံပေါက်များသည် ဇွန်လမိုးထဲတွင် ဖျာပုံကွင်းထဲ၌ ကောက်ပင်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။ ဤသို့ ပြုရ မြတ်ပုညကြောင့် ပုဒိအာနှင့် ပြည့်စုံရပါလို၏။ ဤကောင်းမှု၏ အကျိုးကို မိဘ နှစ်ပါးနှင့်တကွ သတ္တဝါအပေါင်းအားလည်း အမျှပေးဝေပါ၏။ အမျှယူကြပါစေလို။
မင်းသုဝဏ်
(ရှုမဝမဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၅၃)

Of Studies - Francis Bacon

Francis Bacon (1561-1626) ၏ “of Studies” အက်ဆေးကို ဆရာမြသန်းတင့်၏ မြန်မာဘာသာပြန်နှင့် တွဲဖက်ဖော်ပြထားပါသည်။

*****
Studies serve for delight, for ornament, and for ability.
စာပေလေ့လာခြင်းသည် စိတ်နှလုံးကို ကြည်နူးစေ၏။ အဆင်အယင်ကို ဖြစ်စေ၏။ အရည်အချင်းကို တိုးစေ၏။

Their chief use for delight, is in privateness and retiring; for ornament, is in discourse; and for ability, is in the judgment, and disposition of business.
စာပေကို လေ့လာဖတ်ရှုခြင်းဖြင့် အထီးတည်း နေထိုင်စဉ်နှင့် အနား ယူစဉ်တွင် စိတ်နှလုံးကို ကြည်နူး စေနိုင်ပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် စကားပြောရာတွင် အဆင်အယင် ဖြစ်စေပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် ဆုံးဖြတ်ချင့်ချိန်ခြင်းနှင့် အလုပ်တို့ကို စီမံခန့်ခွဲခြင်းပြုရာတွင် အရည်အချင်းတို့ကို တိုးတက် စေနိုင်ပါသည်။

For expert men can execute, and perhaps judge of particulars, one by one; but the general counsels, and the plots and marshalling of affairs, come best, from those that are learned.
တတ်ပွန်ကြေညက်သည့် ပုဂ္ဂိုလ်များမှာမူ စီမံခန့်ခွဲနိုင်ကြပါသည်။ အသေးစိတ် အချက်အလက်တို့ကိုလည်း တစ်ခုချင်း နှိုင်းချိန်စဉ်းစားတတ်ကြပါသည်။ သို့ရာတွင် သာမန်လူများမှာမူကား တိုင်ပင် နှီးနှောရပါသည်။ အကြံအစည်များ၊ အရာကိစ္စတို့ကို စီမံပုံများသည် ပညာရှိတို့ထံမှသာ အကောင်းဆုံး ရရှိတတ်ပါသည်။

To spend too much time in studies is sloth; to use them too much for ornament, is affectation; to make judgment wholly by their rules, is the humor of a scholar.
စာပေလေ့လာမှုတွင် အချိန်ကို များစွာအသုံးချခြင်းသည် လေးလံထိုင်းမှိုင်းစေပါသည်။ ထိုအဆင် အယင်အတွက် စာပေလေ့လာမှုကို အလွန်အမင်း ပြုလုပ်ခြင်းသည် ပလွှားဟန်ဆောင်ခြင်း ဖြစ်ပါသည်။ စာပေ လေ့လာမှုတို့ကိုချည်း အားကိုး၍ ဆုံးဖြတ်နှိုင်းချိန် စဉ်းစားခြင်းသည် ပညာရှိတို့ကို ရယ်ဖွယ် ဖြစ်တတ်ပါသည်။

They perfect nature, and are perfected by experience: for natural abilities are like natural plants, that need proyning, by study; and studies themselves, do give forth directions too much at large, except they be bounded in by experience.
စာပေလေ့လာမှုသည် သဘာဝကို ပြည့်စုံအောင်လုပ်ပေးပြီး၊ အတွေ့အကြုံက တစ်ဖန်ပြန်၍ စာပေလေ့လာမှုကို ပြည့်စုံအောင် လုပ်ပေးပါသည်။ သဘာဝ အရည်အချင်းတို့သည် သဘာဝ ပေါက်သော သစ်ပင်များနှင့် တူပါသည်။ အပင်တို့မှ အကိုင်းအခက်တို့ကို ခုတ်ထွင်ရှင်းလင်းရန် လိုသကဲ့သို့ သဘာဝ အရည်အချင်းတို့ကိုလည်း လေ့လာမှုဖြင့် ခုတ်ထွင် ရှင်းလင်းပစ်ရန် လိုပါသည်။ လေ့လာမှုသည် သူ့ပင်ကိုယ် သက်သက်အတိုင်း ဆိုလျှင် ထွေပြားလှသည့်အတွက် ထိုလေ့လာမှုကို အတွေ့အကြုံဖြင့် ထိန်းကွပ်ပေးရန် လိုပါသည်။

Crafty men contemn studies, simple men admire them, and wise men use them; for they teach not their own use; but that is a wisdom without them, and above them, won by observation.
ကောက်ကျစ်စဉ်းလဲသူတို့သည် လေ့လာမှုကို ရှုတ်ချ ပြစ်တင် ကြပါသည်။ ရိုးသားသူတို့ကား လေ့လာမှုကို နှစ်သက် သဘောကျကြပါသည်။ ပညာရှိသူတို့ကား လေ့လာမှုကို အသုံး ချကြပါသည်။ လေ့လာမှုများသည် သူတို့ကို အသုံးပြုရန် သင်ကြားခြင်း မပြုပါ။ သို့ရာတွင် လေ့လာမှုမရှိဘဲ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်ပြီဆိုလျှင်ကား ထိုအရာသည် ဉာဏ်ပညာ မည်ပါသည်။

Read not to contradict and confute; nor to believe and take for granted; nor to find talk and discourse; but to weigh and consider.
ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါလေနှင့်။ ယုံကြည်ရန်နှင့် သူများ ပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ စကားကြီး စကားကျယ် ပြောရန်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ နှိုင်းချိန်ရန်နှင့် တွေးတောရန် အတွက်သာ စာဖတ်ခြင်း ပြုပါလေ။

Some books are to be tasted, others to be swallowed, and some few to be chewed and digested; that is, some books are to be read only in parts; others to be read, but not curiously; and some few to be read wholly, and with diligence and attention.
အချို့စာအုပ်တို့သည် မြည်းစမ်းကြည့်ရန် ဖြစ်၏။ အချို့ကား မျိုချရန် ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့မှာ သာလျှင် ကြေညက်အောင် ဝါး၍ အစာချေရန် ဖြစ်၏။ တစ်နည်း ပြောရလျှင် အချို့သော စာအုပ်တို့သည် တစ်စိတ်တစ်ပိုင်းမျှသာ ဖတ်ရန် ဖြစ်၏။ အချို့စာအုပ်များကား သာမန်ဖတ်ရုံသာ ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့သာလျှင် လုံ့လ၊ ဝီရိယ၊ သတိ အာရုံစိုက်မှု တို့ဖြင့် အပြည့်အစုံ ဖတ်ရန် ဖြစ်ပေ၏။

Some books also may be read by deputy, and extracts made of them by others; but that would be only in the less important arguments, and the meaner sort of books, else distilled books are like common distilled waters, flashy things.
အချို့စာအုပ်များကား ကိုယ်စားဖြင့်သာ ဖတ်အပ်သော စာအုပ်များ ဖြစ်၏။ အခြားသူများ ထုတ်နှုတ်ပေးသော အချက်များကိုသာ ဖတ်အပ်၏။ သို့ရာတွင် ထိုစာမျိုးမှာ အရေးမကြီးသော အကြောင်းများနှင့် ညံ့ဖျင်းသော စာအုပ်များသာ ဖြစ်သင့်၏။ ပေါင်းခံ စာအုပ်များသည် ပေါင်းခံရေကဲ့သို့ပင် ဟိတ်ဟန်များသောအရာ ဖြစ်သောကြောင့် ဖြစ်၏။

Reading maketh a full man; conference a ready man; and writing an exact man.
စာဖတ်ခြင်းသည် ပြည့်ဝသော လူတစ်ယောက် ဖြစ်စေ၏။ တိုင်ပင်နှီးနှော ခြင်းသည် ကျယ်ပြန့်သော လူတစ်ယောက် ဖြစ်စေ၏။ စာရေးခြင်းသည် တိကျသော လူတစ်ယောက် ဖြစ်စေ၏။

And therefore, if a man write little, he had need have a great memory; if he confer little, he had need have a present wit: and if he read little, he had need have much cunning, to seem to know, that he doth not.
ထို့ကြောင့် စာရေးနည်းသူ တစ်ယောက်ဖြစ်လျှင် ကြီးသော မှတ်ဉာဏ်ရှိဖို့ လိုပါသည်။ ဆွေးနွေး တိုင်ပင်မှု နည်းလျှင် ဇဝနဉာဏ်ရှိ ဖို့လိုပါသည်။ စာဖတ်ခြင်း နည်းလျှင် ပါးနပ်မှု ရှိဖို့ လိုပါသည်။

Histories make men wise; poets witty; the mathematics subtile; natural philosophy deep; moral grave; logic and rhetoric able to contend. Abeunt studia in mores [studies develop into habits].
ရာဇဝင်များသည် လူများကို ပညာရှိစေပါသည်။ ကဗျာဆရာများကား လူများကို ဇဝနဉာဏ် ထက်သန် စေပါသည်။ သင်္ချာဆရာများသည် လူများကို နူးညံ့သိမ်မွေ့စေပါသည်။ ဒဿနပညာသည် လူကို လေးနက်စေပါသည်။ နီတိပညာသည် လူကို တည်ကြည်စေပါသည်။ ယုတ္တိဗေဒနှင့် နှုတ်မှုပညာသည် လူကို ယှဉ်ပြိုင် နိုင်စေပါသည်။

Nay, there is no stond or impediment in the wit, but may be wrought out by fit studies; like as diseases of the body, may have appropriate exercises.
ဇဝနဉာဏ်တွင် အတားအဆီး အရပ်အတန့် ဟူ၍ မရှိပါ။ လေ့လာမှုကြောင့်သာ ပျက်စီး သွားနိုင်ပါသည်။ ကိုယ်ခန္ဓာတွင် ဖြစ်သော ရောဂါတို့ အတွက် သင့်လျော်သော လေ့ကျင့်ခန်းများ ရှိသည့် နည်းတူ ဖြစ်ပါသည်။

Bowling is good for the stone and reins; shooting for the lungs and breast; gentle walking for the stomach; riding for the head; and the like.
ဘောလုံး လှိမ့်ကစား ခြင်းသည် ကျောက်တည်ခြင်းနှင့် အကြောများအတွက် ကောင်းပါသည်။ သေနတ် ပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘတ်အတွက် ကောင်းပါသည်။ ဖြည်းညင်းစွာ လမ်းလျှောက်ခြင်းသည် ဝမ်းဗိုက်အတွက် ကောင်းပါသည်။ မြင်းစီးခြင်းသည် ခေါင်းစသည်တို့ အတွက် ကောင်းပါသည်။

So if a man's wit be wandering, let him study the mathematics; for in demonstrations, if his wit be called away never so little, he must begin again.
ထို့ကြောင့် လူတစ်ယောက်၏ စိတ်သည် အတည်မနေ ထွေပြားလျက် ရှိပါက သင်္ချာကို လေ့လာသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်္ချာ တွက်ရာတွင် စိတ်အာရုံကို စုစည်းခြင်း မပြုနိုင်ပါက အစမှ ပြန်ထွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

If his wit be not apt to distinguish or find differences, let him study the Schoolmen; for they are cymini sectores [hairsplitters, literally cumin-seed sorters].
သူ့စိတ်သည် ခြားနားချက်ကို မခွဲခြားနိုင်ပါက သို့မဟုတ် မတွေ့ပါက ကျောင်းဆရာကို အတုယူသင့်ပါသည်။

If he be not apt to beat over matters, and to call up one thing to prove and illustrate another, let him study the lawyers' cases. ပြဿနာများကို မဖြေရှင်းနိုင်လျှင် အရာဝတ္ထုတစ်ခုကို သက်သေမထုတ်နိုင်လျှင် ရှေ့နေ၏ အမှုတွဲများကို လေ့လာသင့်ပါသည်။

So every defect of the mind, may have a special receipt.
ထို့ကြောင့်စိတ်၏ ချွတ်ယွင်းချက်အတိုင်းအတွက် အထူးဖြေဆေး တစ်ခုစီ ရှိတတ်ကြသည်သာ ဖြစ်ပါသည်။

မြသန်းတင့်
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

Saturday, July 22, 2017

Trip to Rocky Mountains (June 21, 2017)

Living at Colorado right next to the Rocky Mountains means it is a great place for adventurous people as it creates opportunities like hiking for them. I live in Longmont, Colorado which is about an hour drive to the entrance of the Rocky Mountain National Park. The park is known for its high altitude roads and the scenic view.
Even though my family were not very adventurous, my elder brother who happened to be in Colorado for two weeks was very enthusiastic of driving in America. In fact, my father had just planned this trip a day before we went there. It was our first time visiting the park since we arrived in August and probably the first I have ever been so high up with a car. My whole family were excited as we only got this chance because my brother was here since my father was only an amateur driver.
On the way to the park, we drove through Estes Park, which is another tourist attraction in Colorado that we visited a few months ago. After about 10 minutes driving past Estes Park, we finally reached the entrance to the Rocky Mountain National Park. The entrance fee was $20 per car and to be honest I thought it was expensive. The ranger gave us a map as well so we could have a look at the popular places to go since the place was just enormous.
Along the way, there were several pull-offs for car to pull over and take in the scenery. We stopped at most of the pull-offs to take picture and just enjoy the breeze. One thing that amazed me was that there were still ice from winter even though it was already June which was the start of summer. We reached the highest point of the trail after about 30 minutes and its was a staggering 13,000 feet high which is about a third of a plane’s cruising altitude.
We descended after taking some pictures and arrived in a small town called Grand Lake because of the huge lake as the name suggests. We had a picnic by the beach and after taking a rest we decided to head back home.
I was thinking about having a nap in the car but then my father suggested that he will drive back home. I knew I could not sleep for fear of my life and I had to be alert all the way back home since we were still in the mountains area. The drive back home was fine although nerve-wrecking and I could feel my legs shaking when I reached home.
We took a shower and lay down on our beds to rest while posting our pictures on social media to share our experience to our friends. I knew I would not be going on a road trip for another period time so I treasured my memories from our road trip to Rocky Mountain National Park.

Saturday, July 15, 2017

Confession of a Buddhist Atheist


ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (Confession of a Buddhist Atheist) စာအုပ်သည် ၂၀၁၀-ခုနှစ်က Stephen Batchelor ရေးသားထုတ် ဝေခဲ့သော စာအုပ်ဖြစ်သည်။ Atheism ဟူသည် a = without + theos = God/gods မှ ဆင်းသက်လာ၍ တိုက်ရိုက်အားဖြင့် ဘုရားမဲ့ဝါဒဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဝါဒနှင့် ဘုရားမဲ့ဝါဒ တွဲဖက် ဖော်ပြခြင်းသည် သိပ် အထူးအဆန်း မဟုတ်။ သုတ္တန်ဒေသနာ အတော်များများတွင် ဗုဒ္ဓက ဖန်ဆင်းရှင်ဝါဒ (ဣဿနိမ္မိတဝါဒ) ၏ အဓိပ္ပါယ်မဲ့ပုံ ခပ်ထေ့ထေ့ သရော်ဝေဖန်ထားသည်ကို တွေ့နိုင်သည်။ သို့သော် Atheism သည် ထာဝရဘုရားကို မယုံကြည်မှု သက်သက်မျှ မဟုတ်ဘဲ၊ တမလွန်ဘဝ၊ ကောင်းကင်ဘုံ၊ ငရဲ၊ နိဗ္ဗာန်တို့ကိုပါ လက်မခံသော အယူအဆဖြစ်သည်။ ထို့ကြောင့် “ထာဝရဘုရားမဲ့ဝါဒ” ဆိုသည်ထက် “ဘာသာမဲ့ဝါဒ” ဆိုက ပိုမှန်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမ အတော်များများကို (အထူးသဖြင့် သတိပဋ္ဌာန်တရား၊ သစ္စာလေးပါးတရား) လက်ခံ သဘောကျကြသော်လည်း၊ သံသရာနှင့် ကံတရားကို နားလည်လက်ခံနိုင်စွမ်း မရှိသော၊ အရှေ့တိုင်းဗုဒ္ဓဘာသာနိုင်ငံများမှ ဘာသာရေးထုံးတမ်းစဉ်လာများကို လက်ခံလိုက်နာလိုခြင်း မရှိသော အနောက်တိုင်းသားတို့ အကြားတွင် ဤစာအုပ်က အတော်လေး ရေပန်းစားသွားခဲ့သည်။ Secular Buddhism ဟူသော အမည်ဖြင့် ဂိုဏ်းဂဏ တစ်ခု ပေါ်ထွန်းလာခဲ့သည်။


“ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက်” သည် စတီဗင်ဘက်ချ်လာ၏ ဘဝဖြစ်စဉ်နှင့် အတွေးအမြင်များကို ပုဂ္ဂလိကရှုထောင့်မှ ဇာတ်ကြောင်းပြန်ပြောသလို ရေးထားသော စာအုပ်ဖြစ်သည်။ “ဖွင့်ဟဝန်ခံချက်” ဟု ဆိုသည့်အတိုင်း သူ ဖြတ်သန်းခဲ့ရသော တိဘက်ရဟန်းတော်ဘဝ၊ ဇင်ရဟန်းတော်ဘဝ ဖြစ်စဉ်များကို ပြန်ပြောရင်း ဗုဒ္ဓဘာသာ ရဟန်းတော်တဦး ဖြစ်ပါလျှက် တမလွန်ဘဝနှင့် ကမ္မနိယာမတို့ အပေါ် ဘဝင်မကျ၊ လက်မခံနိုင်သည့် သူ့၏ အဖြစ်ကို ဝန်ခံထားသည်။ လူဝတ်လဲပြီး နောက်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပိဋကတ်စာပေများကို လေ့လာခဲ့သည်။ ပိဋကတ်စာပေများတွင် မဟာလူသားဗုဒ္ဓ (Historical Buddha) ကို ရှာဖွေခဲ့သည်။ ဗုဒ္ဓသည် ဗြာဟ္မဏဝါဒကဲ့သို့ အခြားသော ဘာသာတရားတစ်ခုကို ထူထောင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အသိဉာဏ်ပွင့်လင်းနိုးကြားမှု ဟူသည့် လူ့ယဉ်ကျေးမှုတရပ်ကို ထူထောင်ရန် ဖြစ်သည်ဟူသော ရှုထောင့်မှ ရေးသား ပုံဖော်ထားသည်။ သတင်းစာ စက္ကူ၊ ဓာတ်ပုံ၊ အဝတ်စ စသဖြင့် တိုလီမုတ်စတို့ကို ဖြတ်ညှပ်ကပ် ပုံဖော်ထားသည့် collage ခေါ် ပို့စ်မော်ဒန် အနုပညာပုံစံမျိုးဖြင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို သူ့အတွေးအမြင်များ၊ သူ့ ဘဝဖြစ်စဉ်များနှင့် ဟိုတစ ဒီတစ ရောစပ်၍ ရေးသားထားခြင်း ဖြစ်သည်။

ဗုဒ္ဓခေတ် အိန္ဒိယယဉ်ကျေးမှုတွင် မတွေ့နိုင်သည့် ဗုဒ္ဓ၏ ဝိသေသထူးခြားသည့် ဓမ္မတို့ကို အောက်ပါအတိုင်း သတ္ထုချ ပြသည်။

  • ဣဒပစ္စယတာ (အကြောင်းကို စွဲမှီ၍ ဖြစ်ရသည်ဟူသည့် ပဋိစ္စသမုပ္ပါဒ်သဘောတရား) အခြေခံမူ (The principle of this-conditionality, condition-arising)
  • အရိယသစ္စာလေးပါးဟူသည့် လုပ်ငန်းစဉ် (The process the four Noble Truths)
  • သတိပဋ္ဌာန်ဘာဝနာ ကျင့်စဉ် (The practice of mindful awareness)
  • မိမိကိုယ် မိမိ ကိုးစားအားထားမှု စွမ်းအား (The power of self-reliance)

ဤတရားလေးပါးတို့သည် ဗုဒ္ဓ မြော်မြင်သည့် ယဉ်ကျေးမှုသစ်၊ လူဘောင်သစ်၏ အခြေခံ အဆောက်အအုံပင် ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ဆိုသည်။

စာအုပ်၏ အခန်းတခန်းတွင် အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏဝီရ၏ အကြောင်းနှင့် ထိုရဟန်းတော်ရေးသားသည့် “Clearing the Path” နှင့် “Notes on Dhammma” စာအုပ်တို့မှ ဗုဒ္ဓဝါဒအား Existential Phenomenology ရှုထောင့်မှ ချဉ်းကပ်ပုံကို ထုတ်နှုတ်ရေးသားထားသည်။ ဘိက္ခုဉာဏဝီရ၏ ငယ်နာမည်သည် Harold Musson ဖြစ်၍ နောင်တွင် ဘိက္ခုဉာဏမောဠိ ဖြစ်လာမည့် Osbert Moore နှင့် ခင်မင်ရင်းနှီးသော အခန်းဖော် မိတ်ဆွေဖြစ်သည်။ Harold Musson သည် ဆေးရုံတက်စဉ် ဖတ်မိသော Julius Evola's The Doctrine of Awakening စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စား သွားခဲ့သည်။ ထိုစာအုပ်ကို အီတလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ပင် ပြန်ခဲ့သည်။ နောင်တွင် လူ့ဘောင်လောကကို ငြီးငွေ့နေသော Harold Musson နှင့် Osbert Moore တို့သည် သီရိလင်္ကာသို့ သွားရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ဘိက္ခုဉာဏမောဠိသည် ဝိသုဒ္ဓိမဂ်၊ အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ မဇ္ဈိမနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ နေတ္တိ၊ ပေဋကောပဒေသ၊ ပါတိမောက္ခ စသည့် ပါဠိတော်၊ အဋ္ဌကထာများကို အင်္ဂလိပ် ဘာသာပြန်ခဲ့၍၊ ထေရဝါဒ ဗုဒ္ဓစာပေလောကတွင် ထင်ရှားသော ရဟန်းတော်တစ်ပါး ဖြစ်လာခဲ့သည်။ ဘိက္ခုဉာဏဝီရကမူ အဘိဓမ္မာနှင့် အဋ္ဌကထာအဖွင့်များကို လက်မခံဘဲ သုတ္တန်နှင့် ဝိနည်းကိုသာ ဓမ္မအစစ် အဖြစ် လက်ခံထားသူ ဖြစ်သည်။ သို့သော် ဘိက္ခုဉာဏဝီရက ကံနှင့် ဘဝသစ်ဖြစ်ခြင်းကိုမူ သုတ္တန် ပိဋကတ်တွင် ဖော်ပြထားသည့်အတိုင်း လက်ခံသည်။ ထိုထက်ပို၍ ရှင်းလင်း သက်သေပြမှုမျိုးကို လက်မခံ။ အထူးသဖြင့် သိပ္ပံနည်းကျ သို့မဟုတ် ယုတ္တိဗေဒနည်းဖြင့် ရှင်းလင်းချက်များကို လုံးဝ လက်မခံ။ ကံနှင့် ဘဝသစ်ဖြစ်ခြင်း သာမဟုတ်၊ ဗုဒ္ဓ၏ တရားတော်တခုလုံးကို သိပ္ပံရှုထောင့်မှ ချည်းကပ်ပါက အမှန်တကယ် နားလည်နိုင်မည်မဟုတ် ခံယူထားသည်။ ကံနှင့် ဘဝသစ်ဖြစ်ခြင်းသည် အရှိကို အရှိအတိုင်း ဖော်ပြခြင်းသာဖြစ်သည်။ ဘာကြောင့်ကံတွေ အကျိုးပေးရသည်၊ ဘာကြောင့် ဘဝသစ်ဖြစ်ရသည်ကို စဉ်းစားတွေးခေါ်နေရန် မလိုတော့၊ ရှင်းပြနေရန် မလိုတော့ဟု ယူဆသည်။ “အကယ်၍များ မိမိ၏ အယူအဆများသည် သုတ္တန်ဒေသနာတို့နှင့် ကွဲလွဲနေပါက သုတ္တန်ဒေသနာတို့က မှန်၍ မိမိမှားသည်။ ဤသည်မှာ သုတ္တန်ဒေသနာတို့အပေါ် မိမိ၏ သဘောထားပင် ဖြစ်သည်” ဟု ဘိက္ခုဉာဏဝီရက အတိအလင်း ဆိုခဲ့သည်။

ဘိက္ခုဉာဏဝီရ၏ စာများကို စတီဗင်ဘက်ချ်လာက သဘောကျသည်။ ယခင်က သူရေးသားခဲ့သည့် Alone with Others: An Existential Approach to Buddhism (1994) နှင့် Buddhism Without Beliefs: A Contemporary Guide to Awakening (1997) ဟူသည့် စာအုပ်များတွင် ဘိက္ခုဉာဏဝီရ၏ လောင်းရိပ် မကင်းပုံကို တွေ့နိုင်သည်။ ရှေးဘဝ နောက်ဘဝတို့သည် ရှိသည်ဟု သက်သေ မပြနိုင်သလို၊ မရှိဟုလည်း သက်မပြနိုင်ဟူသည့် Agnosticism ရှုထောင့်မျိုးမှ တင်ပြခဲ့သည်။ သို့သော် ယခု Confession of a Buddhist Atheist စာအုပ် တွင်မူ ဘိက္ခုဉာဏဝီရက “တမလွန်ဘဝ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ကံတရား” တို့ကို သံသယဖြင့် ဆန်းစစ်ဝေဖန်မှု မပြုနိုင်သည့် အပေါ် အားမရသလို ဝေဖန်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓက ရှေးဘဝ နောက်ဘဝကို မဟောခဲ့၊ ဘာသာတရား အသစ်တခုကို ဖန်တီးရန် မရည်ရွယ်ခဲ့၊ လူ့ယဉ်ကျေးမှု လူ့ဘောင် အသစ်တခု ဖန်တီးရန်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ကောက်ချက် ချလိုက်သည်။

စင်စစ် ဗုဒ္ဓဝါဒကို မျက်ကန်းယုံကြည်မှု၊ နာမ်ဝါဒ၊ ဂမ္ဘီရဝါဒ၊ သဿတဝါဒ အစွဲအလမ်းများဖြင့် ချည်းကပ်၍ မရနိုင်သလို၊ သံသယဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံဝါဒ၊ ဥစ္ဆေဒဝါဒ အစွဲအလမ်းများဖြင့်လည်း ချည်းကပ်၍ မရနိုင်။ ဗုဒ္ဓဝါဒကို မျက်မှောက်ဘဝရှုထောင့် Secularism သက်သက်မှ ချည်းကပ်ခြင်းဖြင့် လက်ရှိဘဝကို အကောင်းဆုံး နေထိုင်သွားနိုင်မည့် ဘဝနေနည်းကို ရနိုင်သည်မှန်သော်လည်း၊ ဗုဒ္ဓဝါဒ၏ အနှစ်သာရ ဖြစ်သည့် သံသရာမှ လွတ်မြောက်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော ပန်းတိုင်မှ လွဲချော်သွားမည် ဖြစ်သည်။