Sunday, August 17, 2008

သားကြီး (၁၀)နှစ်ပြည့်

ဤမိသားစု၌ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း အလေ့အထ မရှိသော်လည်း ၀ါဆိုလဆန်း (၆)ရက်နေ့တွင် မွေးသော အဖေသည် ထိုရက် ၀န်းကျင်၌ ၀ါဆိုသင်္ကန်းကပ်ရန် စီစဉ်လေ့ရှိသည်။ ပြာသိုလထဲ မွေးသော အမေ မှာတော့ သူ့မွေးနေ့ကို မသိရှာပါလေ။

ဤမိသားစု၌ ပထမဆုံး မှတ်မှတ်ရရ ကျင်းပသော မွေးနေ့ပွဲမှာ စတုတ္ထမြောက်သား၏ (၂၅)နှစ်မြောက် မွေးနေ့ဖြစ်သည်။ တစ်ခုသော မေလ၏ တတိယပတ် စနေနေ့တွင် ဖြစ်သည်။ မွေးနေ့ရှင်၏ အစီအမံအတိုင်း ပင့်သံဃာ (၂၅)ပါးကို နေအိမ်၌ နေ့ဆွမ်း ဆပ်ကပ်ပြီး ပိဋကတ်သုံးပုံ စာအုပ် တစ်စုံ သံဃာအား လှူဒါန်းသည်။ သူ၏ သူငယ်ချင်းများ ယောက်ျားလေးရော၊ မိန်းကလေးပါ စုံစုံညီညီ တတ်ရောက်ခဲ့ကြသည်။ မွေးနေ့ရှင်က သူ Scholarship ဆုကြေးရထားတဲ့ စုငွေတွေနဲ့ ဒီပွဲကို စီစဉ်ခဲ့ခြင်းဆိုဘဲ။

သူ့အောက်က ညီမလည်း ရှေ့က ဥပမာကောင်းကို အားကျလေတော့ သူ့မုန့်ဖိုးတွေကို ကြိုစုလေသည်။ နောက် လေးနှစ်အကြာ မတ်လ၏ တတိယပတ် စနေနေ့တွင် သူ့ရဲ့ (၂၅)နှစ်မြောက် မွေးနေ့ကို ရှေးနည်းအတိုင်း သံဃာ (၂၅)ပါးကို နေအိမ်သို့ ပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်နိုင်ခဲ့ပါသည်။ ပိဋကတ်သုံးပုံတော့ မပါနိုင်ရှာတော့။

သူ့အောက်က အငယ်မကလည်း ရှေ့က ဥပမာကောင်းများကို အားကျပါလေသည်။ သို့သော် … သူ့၌ စုငွေဆိုတာ ဗလာနတ္တိ။ (မိမိ)

ဤမိသားစု၌ ၀ါဆိုသင်္ကန်း ဆပ်ကပ်သည့် အလေ့အထ နှစ်စဉ်နှစ်တိုင်း မပျက်ကွပ်သော်လည်း၊ ငွေရတု မွေးနေ့ပွဲလေးများ ကျင်းပခြင်းမှာမူ တပိုင်းတစနှင့် တိမ်မြုပ်ပျောက်ကွယ် ခဲ့ရလေတော့သည်။

သားကြီး (၁၀)နှစ်ပြည့် မွေးနေ့ အမှတ်တရ
ဆွေမျိုးများနှင့် နီးနီးစပ်စပ် လက်ပွန်းတတီး နေထိုင်ခွင့် မရရှာသော သားတို့အတွက်
ဘဘဌေးနဲ့ ကြီးမိုးကို အတု ယူရမယ်နော်။ အစဉ်အလာကောင်းများ ထိန်းသိမ်းနိုင်ကြပါစေ။


4 comments:

Anonymous said...

tg: သားကြီးရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှသည် ချစ်သော ဖေဖေ မေမေ ညီလေး မိသားစုများနှင့် အတူ ပျော်ရွှင်သော နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ...လို့

(CBox မှကူးယူထားသည်။)

စူး said...

အမ ရဲ့သားကြီး ၁၀နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့...။
အောင်မြင်မူတွေနဲ့ ထပ်တူပြုံးပျော်နိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်

တန်ခူး said...

မ သားကြီးက Aug 17 မွေးတာလား… ဒါဆို ကျွန်မသားလေးမွေးနေ့ နဲ့  ၂ ရက်ပဲ ကွာတာပေါ့… ယဉ်ကျေးလိမ္မာတဲ့ သားလေး နာမည်နဲ့ လိုက်အောင် ငြိမ်းချမ်းမှုတွေနှင့် ထုံလွှမ်းသော မွေးနေ့ ပေါင်း ရာထောင်သောင်း တိုင်ပါစေ….

သက်ဝေ said...

မသီတာရေ...
သားကြီး မွေးနေ့ အတွက် ဆုတောင်းပေးတယ်နော်...
ကျန်းမာပြီး ပညာတွေ ထူးထူးချွန်ချွန် တတ်မြောက်တဲ့..
မိဘကျေးဇူး သိတတ်တဲ့...
အစစ အရာရာ မတောင့်မတ မကြောင့်မကြ လိုလေသေးမရှိ ပြည့်စုံတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ရတဲ့ သားတစ်ယောက် ဖြစ်ပါစေ လို့ ...။