Wednesday, August 27, 2008

အတ္တရုပ်ကြွင်းအား တူးဆွခြင်း



ငါဟာ …
ဘတ်စ်ကားတစ်စီးပေါ်ကို တိုးဝှေ့တက်နေတဲ့
လူအုပ်ထဲက လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။
မျှော်လင့်ချက်တွေနဲ့ ခရီးတစ်ခုကို ချီတက်နေတဲ့
လူအုပ်ကြီးထဲက လူတစ်ယောက်ဖြစ်နေတယ်။
သေခြင်းတရားဆီကို တရွေ့ရွေ့ခရီးနှင်နေတဲ့
လောကကြီးထဲက လူတစ်ယောက် ဖြစ်တယ်။

ငါဟာ …
နံနက်ခင်းရဲ့ နေခြည်နုနုလေးကို ခံစားတယ်။
ကျေးငှက်လေးတွေရဲ့ တေးသီသံကို သာယာတယ်။
မိုးစက်တွေ ထိမှန်ထားတဲ့ မြေသင်းရနံ့ကို ရှူရှိုက်တယ်။
အိပ်မက်ရထားနဲ့ ကြယ်တာရာတွေဆီလည်း ခရီးနှင်တယ်။
လောကကြီးကို ငါ့ရဲ့ ပြူတင်းတံခါးတွေကနေ သိရှိခံစားတယ်။

ငါဟာ …
နေခြည်နုနုလေးထဲမှာ
တေးသီငှက်လေးတွေရဲ့ ဂီတထဲမှာ
မြေသင်းရနံ့တွေအကြားမှာ
ကြယ်တာရာတွေရဲ့ အလယ်မှာ ရှိနေခဲ့ဖူးတယ်။

တကယ်တော့ ငါဟာ …
ငါ့ရဲ့ ပြူတင်းတံခါးတွေကနေ ပစ်လွှတ်ဖန်ဆင်းထားတဲ့
လောကကြီးသာဖြစ်တယ်။

ငါသာ မရှိခဲ့ရင် …
နေရောင်ခြည်တွေလည်း သာနိုင်မှာ မဟုတ်ဘူး။
ကျေးငှက်တွေလည်း တေးသီမှာ မဟုတ်ဘူး။
မြေသင်းနံ့ ဝေးလို့
ဒီပထ၀ီမြေကြီး, ကြယ်တာရာတွေနဲ့,
လောကကြီးတစ်ခုလုံးတောင်မှ ဖြစ်တည်နိုင်မှာ မဟုတ်ဘူး။

ငါ့အတွက် ငါဟာ လောကကြီးနဲ့အတူ တည်ရှိနေတယ်။
ငါဟာ ငြင်းပယ်လို့မရတဲ့ အမှန်တရားဖြစ်တယ်။

မင်းဟာ …
လောကကြီးတစ်ခုလုံးကို
မင်းရဲ့ ပြူတင်းတံခါးတွေကနေ ဆွဲထုတ် ဖန်ဆင်းခဲ့လို့ …
အနှစ်မဲ့ ဟင်းလင်းပြင် တစ်ခုသာဖြစ်တယ်။
မင်း တည်ဆောက်ထားတဲ့ လောကကြီးရဲ့…
ပုံရိပ်တစ်ခု, အိပ်မက်တစ်ပုဒ်သာ ဖြစ်တယ်။

မင်းဟာ … 
ကိုယ်တိုင်ရေး ဇာတ်လမ်းတစ်ပုဒ်ကို
ဖတ်ရှုခံစားရင်း ငိုကြွေး, ရယ်မောလိုက်နဲ့
ရူးသွပ်နေသူ တစ်ဦးသာဖြစ်တယ်။

မင်းဟာ …
ဘတ်စ်ကားပေါ် တိုးဝှေ့တက်နေတဲ့ လူအုပ်ထဲမှာ၊
မျှော်လင့်ချက်တွေနဲ့ ရုန်းကန်နေတဲ့ လူအုပ်ကြီးထဲမှာ၊
သေခြင်းတရားဆီကို တရွေ့ရွေ့ခရီးနှင် နေတဲ့ လောကကြီးထဲမှာ၊
မင်းရဲ့ ရှုးသွပ်မှုကို မေ့လျော့နေခဲ့တယ်။

ဧရာ (မန္တလေး)

အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင် မရေးနိုင်သေးတဲ့ စာတမ်းတစ်ခု အတွက် အဓိကရေးချင်တဲ့ အကြောင်း အချက်တွေကို ခပ်တိုတိုပဲ ကဗျာပုံစံနဲ့ ဖြစ်ဖြစ် ရေးမယ်လို့ စိတ်ကူး ခဲ့ပါတယ်။
အကျဉ်းချုပ်အနေနဲ့တော့
(၁) ပုထုဇဉ် = လူတွေထဲက လူ
(၂) သိခြင်း
(၃) ရှိခြင်း
(၄) ငါ = လောက
(၅) ငါ = Nothingness
(၆) ငါ = အထင်
(၇) ပုထုဇဉ် = အရူး
ဆိုတဲ့ အချက် (၇) ချက်ကို ရေးထားပါတယ်။

6 comments:

တန်ခူး said...

အတ္တတွေကြားမှာ မိန်းမောမျောလွင့်ပြီး အနတ္တတွေမေ့လျော့နေတဲ့ ကျွန်မတို့ လို ငါတွေကို သတိပေးတဲ့ တန်ဖိုးရှိလွန်းတဲ့ ကဗျာတပုဒ်အတွက် ကျေးဇူးပါဆရာ…

Anonymous said...

btw i've read your new post. v good. but i dare not comment to saya. hehe
actually, we are finding everything but i can't find ourself.

Yu Wa Yi said...

“မင်းဟာ …
ကိုယ်တိုင်ရေး ဇာတ်လမ်းတစ်ပုဒ်ကို
ဖတ်ရှုခံစားရင်း ငိုကြွေး, ရယ်မောလိုက်နဲ့
ရူးသွပ်နေသူ တစ်ဦးသာဖြစ်တယ်။” မြတ်ဗုဒ္ဓဟောကြားခဲ့သလို “လူတိုင်းဟာအရူး”
ဆိုတဲ့တရားသဘောလေးကို လူတိုင်းနားလည်ထားရင်ကောင်းမယ်မသီတာ။ ကိုယ်သာအ
ကောင်း သူများကတော့အရူးလို့ ထင်နေတဲ့လူတွေအတွက်ပေါ့။

sonata-cantata said...

အဟမ်း.. အဟမ်း.. မယုဝရီ
အတ္တတွေကို တူးဆွနေတာ သူ (အတ္တ အတုံးအခဲကြီး - ကိုဧရာ) မသီတာ မဟုတ်ဘူး။
အချင်းချင်းမို့ ပြောပြတာ မသီတာက shadow ပဲလုပ်တာ။ နှစ်ယောက်, ပေါင်းစားနေတာ ကြာပြီ

တန်ခူး, tg, နဲ့ ဆောင်းရေ ကိုဧရာက ကျေးဇူးပါတဲ့
အဲ့ဒါသာကြည့် shadow ကဘဲ ရှဲရှဲ လုပ်ရတယ်။

Ko Paw said...

ဒီကဗျာကို လာလာဖတ်ကြည့်နေတာ ကြာပြီ။ တစုံတခုကို နားလည်သွားသလိုလို။ နားရှုပ်သွားသလိုလို။ မအူမလည် နဲ့ ပြန်သွားရပေါင်း မနည်းတော့ဘူး။

ကိုယ့်ဟာကိုယ် တခါတလေ စဉ်းစားမိတာနဲ့လည်း ဆက်စပ်နေသလိုလိုလည်း ရှိတယ်။

လောကကြီးဟာ တကယ်ဘဲ ကိုယ်မြင်တဲ့အတိုင်း တကယ်တည်ရှိနေတာလား။ တကယ်တည်ရှိနေတာကိုဘဲ ငါက မြင်တဲ့အခါ ငါထင်ချင်သလို ထင်ပစ်လိုက်တာလား။
ငါကရော ငါ့ဟာငါ ဘာလို့ ထင်မြင်ယူဆထားတဲ့အတိုင်း ဟုတ်လို့လား။

ပြူတင်းပေါက်ကနေ အပြင်ကို ချောင်းကြည့်တဲ့အနေနဲ့ သုံးသပ်ရမှာလား။ ပြူတင်းပေါက်အပြင်ကနေ အထဲကို ချောင်းကြည့်တဲ့အနေနဲ့ သုံးသပ်ရမှာလား။ အထဲရောအပြင်ရော မြင်ရတဲ့ တနေရာရာက ကြည့်ရမှာလား။

စဉ်းစားလို့မရ။ ပဟေဠိကို အဖြေညှိပါဟေ လို့ သီချင်းသာ ထဟစ်လိုက်ချင်မိတယ်။

ကိုဧရာသို့……..စာတမ်းလေးကို ပြီးအောင်ရေးပါလို့ တိုက်တွန်းချင်ပါတယ်။

အရူးဆိုတာနဲ့ ပတ်သက်လို့ “နောင်” ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးတပုဒ်၊ အလျဉ်းသင့်လို့ အမှတ်တရ ရေးပေးလိုက်ပါတယ်။

ဥမ္မတ္တကော…
ဥမ္မတ္တကောလို့
တို့ကိုလာပြော
သူ့ကိုပြောနဲ့
ရော…ခက်ကပြီ
ဟီဟီ..သူကများ
ဘိန်းစားချင်းနှာတဖျား
အသားယူနေ
ဟေ…ဘယ်သူမှတ်
လက်စသတ်တော့
တကျော့ပြန်လာ
သံသရာမြစ်ထဲက
ခေါင်းပေါင်းစ တလူလူနဲ့
အလို…လူကြီးမင်းပါကလား….
ငုပ်သွားလိုက် ပေါ်လာလိုက်
ပေါ်လာလိုက် ငုပ်သွားလိုက်
သတိထား သတိထား
တရားရှု တရားရှု
ပုထုဇဉ် ပုထုဇဉ်
အသွင်မထူး အမြင်မထူး
အယဉ်ရူးနဲ့ အရိုင်းရူး
နှစ်ဦးဘဲရှိ
သိတယ်မှုတ်လား
ခင်ဗျားနဲ့ ကျနော်လေ။

sonata-cantata said...

ကိုပေါရေ… ငယ်ငယ်က သိပ်ကြိုက်တဲ့ စကားတစ်ခုရှိတယ်။ “ရှင်းနေရင် ရှုတ်အောင်လုပ်။ ပြီးမှ ပြန်ရှင်း…။ ဒါဆို ပိုရှင်းသွားရော” တဲ့။ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဇာတ်ကားထဲ မှာ B.Ed. အောင်သိုက် ပြောတဲ့ စကားလို့ထင်တာပဲ။ တကယ် ရှင်းတာမဟုတ်ပဲ… အရှုတ်တွေကို မျက်ကွယ်ပြုထားတာနဲ့ စာရင်၊ ရှုပ်နေတာဟာ ရှင်းဖို့ ပိုနီးလာပြီလို့ ခံယူထားပါတယ်။

တကယ်တော့ ကျွန်တော်လည်း အရှုပ်ထဲမှာပဲ ရှိနေသေးလို့ ရေးဖို့ လက်တွန့်နေတာပါ။ ဖြစ်တည်မှုဝါဒ အပါအ၀င် အနောက်တိုင်းဒဿနသမိုင်းက အတ္တ အယူအဆတွေကို ဗုဒ္ဓဘာသာရှုထောင့်ကနေ comparative study သဘောမျိုး ရေးဖို့ပါ။ ရေးဖြစ်ရင် လက်တို့ လိုက်ပါမယ်။

ကိုပေါရဲ့ comment နဲ့ ဝေမျှတဲ့ ကဗျာအတွက် ကျေးဇူးပါ။