Tuesday, October 21, 2008

ခက်ထန်သော ယောကျ်ား၊ လွဲမှားသော မိန်းမ

ရှေး အဆိုအမိန့်တို့သည်လည်းရှိခဲ့ပါ၏။
မိန်းမတို့သည် ပညာဉာဏ်နုံ့နဲ၏။ ရေရှည်ကို မကြည့်၊ ရေတိုကိုသာ ကြည့်တတ်မြင်တတ်ကြ၏။ ထို့ကြောင့် အချို့သော အရေးကိစ္စများကို မိန်းမတို့အား မသိစေအပ်။
မနာလို ဝန်တိုမှုကိုလည်း မိန်းမတို့၏ ပြယုဂ်လေ အလား ဆိုတတ်ကြလေသေး၏။
သူရို့ကတော့ ပညာ၏ပြယုဂ်
ကြီးကျယ်မြင့်မြတ်ခြင်း၏ သင်္ကေတဟုလည်း ဆိုခွင့်ရှိက ဆိုကြလေသေး၏။
ရှိပါစေတော့ ..ရှိစေတော့
သို့သော်

အေး ယောက္ခမကြီး၏ မြန်မာပြည် ပြန်မည့်ရက်သည် နီးကပ်လာလေပြီ။ တနေ့တော့ မိတ်ဆွေ အန်ကယ်ကြီး တစ်ရောက်ထံမှ ဖုန်းဝင်လာ၏။ Jetstar Airline မှ Sale ချနေကြောင်း။ ဟုတ်ကဲ့အန်ကယ် သမီး အခုပဲ website ဝင်ကြည့်လိုက်ပါမယ် ဆိုပြီး ယောက္ခမကြီး၏ အသွားအပြန် လေယာဉ်လက်မှတ်ကို online မှပင် တစ်ခါတည်း ဝယ်လိုက်၏။ Confirmation ကို print out ထုတ်ယူထားလိုက်ပါသည်။ ဒါသည် အေးအတွက် ပထမဦးဆုံးအကြိမ် e-booking ဖြစ်ပါသည်။

ခရီးသွားမည့်ရက် မရောက်မီ တစ်ခုသော တနင်္ဂနွေနေ့ နံနက်တွင် ဖြစ်ပါသည်။ “ဒီမှာ မေမေ့ လေယာဉ်လက်မှတ်ကို website မှာ တစ်ချက် ပြန်စစ်ပေးဦး။” ခင်ပွန်းသည် ကိုပြေငြိမ်းကို ပြောလိုက်ခြင်းဖြစ်ပါသည်။ (အိမ်တွင် အေး၏လေသံသည် မည်သူနှင့် ပြောပြော ပုံမှန်အားဖြင့် မာကျောပါသည်။)

အေး ကမ်းပေးလိုက်သော စာရွက်များကို သုန်မှုံသော မျက်နှာဖြင့် လှမ်းယူကာ ကွန်ပြူတာ ကို မဖွင့်ချင် ဖွင့်ချင်ပုံစံဖြင့် ဖွင့်၏။ အေး၏ မူပိုင် ပညာရှင်ကြီးအကြောင်း အေးသိပါသည်။ သူသည် လုပ်ငန်းဆောင်တာ တစ်ခုကို အစမှ အဆုံးတိုင် စေ့စပ်သေချာစွာ အပင်ပန်းခံ လုပ်ဆောင်တတ်သူ ဖြစ်ပါသည်။ သို့ပါသော်လည်း သူတစ်ပါး လုပ်ထားသည့် လုပ်ငန်း တစ်ပိုင်းတစ်စကို စစ်ဆေးအပြီးသတ်ရခြင်းမျိုးကတော့ သူ့အသဲအူကို စွဲယူညှစ်သလို ခံစားရသည် ဟူသတတ်။
စ ပါပြီ…
ကိုပြေငြိမ်းက “verification number က ဘယ်မှာလဲ?”
“သိဘူးလေ”
“Verification number မသိရင် ဘယ်လိုလုပ်စစ်လို့ ရမှာလဲ... မှားပြီ ,,, မှားပြီ”
“အောင်မလေးတော်.. မှားရင်လည်း ရုံးအကြောင်းကြားပေါ့.. အေးလည်း မလုပ်တတ်လို့ ရှင့်ကို စစ်ခိုင်းတာပဲ
ရှင်ဟာလေ အိမ်အတွက် ဆို စေတနာလေးနဲ့ကို မလုပ်ချင်ဘူး။ မှားပြီ ဆိုရင်လည်း ဘယ်လိုဆက်လုပ်ကြမလဲ စေတနာလေးနဲ့ ရှင်စဉ်းစားပါလား။” အေးက ဗျစ်တောက်ဗျစ်တောက်ပြောပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

အေးတို့ အခန်းထဲမှာ ကျိတ်ကျိတ် ကျိတ်ကျိတ် ဖြစ်နေတာကို နားစွန် နားဖျား ကြားသော သားတော်မောင်သည် တာဝန်ကျေစွာ သူ့ အဖွားကို သတင်းပို့ နေပါပြီ။

“ဖွားဖွား.. ဖွားဖွား” .. “ဖွားဖွား လေယာဉ်လက်မှတ်က မရဘူးတဲ့”
“ဟေ ဟုတ်လား မရဘူးတဲ့လား။” ဒီလောက်ပဲပြောသံကြားလိုက်ရပါသည်။ ထစ်ကနဲဆို မြည်တွန်တောက်တီး တတ်သည့် လျှာနှင့် သွား အကြောင်းတော့ လူကြီးတွေက ဒါမျိုး ရိုး..ဟိုးဟိုးးးး ဆိုသော အနေအထား ဖြစ်နေပါပြီ။

ခဏ အကြာ မျက်နှာ ရှစ်ခေါက်ချိုးနှင့် အေး ဘာလိုလို ညာလိုလိုနှင့် အခန်းထဲ ပြန်ဝင်လာတော့ ကိုပြေငြိမ်းက
“ဒီမှာ ဒီမှာ ရပြီ အေး print out ထုတ်ထားတာနဲ့ တစ်ပုံစံထဲပဲ။”
“အဲ့ဒါလေးပါ print out ထပ်ထုတ် လိုက်ဦး” ဟု အေးက အထွန့်တက်၏။ (လူတို့၏ သဘောသည် ကိုယ်ကနိုင်ရပြီ ဆိုလျှင် ဖိနင်းချင်၏။)
“ဘယ်လိုလုပ် ထုတ်လို့ရမှာလဲ printer မှ install မလုပ်ထားတာ။”
“ထုတ်လို့ မရလည်း မထုတ်နဲ့ဟာ။”
“စကားပြောရင် ကောင်းကောင်းပြောစမ်းပါ။” ဟု ကိုပြေငြိမ်းက အော်သည်။

သားတော်မောင်၏ အခန်းကဏ္ဍရောက်ရှိလို့ လာပါချေပြီ။
“ဖေဖေနဲ့ မေမေတို့ ရန်ဖြစ်နေကြတာလား?”
“ရန်ဖြစ်ရင် သားသားကိုသာ ခေါ်လိုက် ရန်ငြိမ်းအောင် လုပ်ပေးမယ်။ သားနံမည်က ရန်ပြေငြိမ်းလေ။”
*****
အမှန်တရား အတွက် ပညာသည် ပဓာနကျပါ၏။ သို့သော်…
ကရုဏာ မပါသော ပညာသည် ခက်ထန်၏။ ကောက်ကျစ်ချင်၏။
ပညာမပါသော သဒ္ဓါ စေတနာသည် အရာမရောက်။ လမ်းလွဲတတ်၏။

အေးသည် “သားကို သခင်၊ လင်ကို ဘုရား” ဆိုသော အဆိုအမိန့်ကို ကောင်းကောင်းကြီး လက်ခံနိုင်သော အခွင့်ထူးကို ရရှိထားသည့် မိန်းမသား တစ်ယောက်ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

(မှင်စိမ်းလေးနဲ့ နောက်ဆက်တွဲ)
ဒီတစ်ခါတော့ အပီရေးမယ်လို့ လည်း ကိုယ့်ကိုယ်ကို သံပတ်တင်းပါတယ်။ (ဆရာမ မေအောင်ကလည်း အဖျားရှူးတတ်လွန်းလို့တဲ့ ဆူနေပြီ။) reference book တွေ ဘာတွေ ချပြီးတော့ကို ရေးတာပါ။ အဖြစ်အပျက်လေးနဲ့ ဆက်စပ်ပြီး ခေါင်းထဲရောက်လာတဲ့ အတွေးတွေ ချရေးပါတယ်။ အနီးဆုံးလူကို အချိုသာဆုံး မျက်နှာလေးနဲ့ စာမူပြတော့ ပယ်ချလေ၏။ စိတ်မဆိုးပါဘူး။ နင်လားဟဲ့ လောကဓံ ဆိုပြီး ပြင်ရတယ် ပြင်ရရှာတယ်။ မမခင်ဦးမေ .. ခင်မဟုတ်ဘူးနော်။ အေး.. အေး.. ပြင်လိုက်ဦး။ (သူလည်း ဝတ်ထု ဖတ်ပြီး ဈာန်ဝင်သွားတာ မင်းသမီးနေရာ ရောက်သွားလို့ ဖြစ်မှာပါ။ ခင်ရေ ဟုတ်တယ်ဟုတ်။)

ရေးချင်တာလေးကတော့ အယင်က မှတ်သား လေ့လာဖူးတဲ့
ယောကျ်ားတွေက ပညာကို ကိုယ်စားပြုတယ်။
မိန်းမတွေက သဒ္ဓါကို ကိုယ်စားပြုတယ်။
ယောကျ်ားနဲ့ မိန်းမ အတွဲညီရသလို ပညာနဲ့ သဒ္ဓါကလည်း အတွဲညီရတယ်။
တစ်ခုခုက လိုနေ ပိုနေရင်၊ လိုတိုးပိုလျှော့လေးပေါ့ သတိလေးနဲ့ ညှိရတယ်။
ပညာလွန်တော့ ကွန့်တယ်
သဒ္ဓါလွန်တော့ ညွန့်တယ် ဆိုတာကို အဖြစ်အပျက်လေးနဲ့ မ,ရောရော အောင် သမမွှေ၏။

နောက်ဆုံးစာကြောင်းကတော့ စာရေးသူသည် မိန်းမဖြစ်သော်ငြား (နိဒါန်း၌ မိန်းမပီပီ မည်သို့ပင် အငေါထူ ထားစေကာမူ နိဂုံး၌) သတိတရား လက်ကိုင်ထား၍ ပညာလည်း မတောက်တခေါက် ရှိကြောင်း အဖတ်ဆယ် လိုက်ပါတယ်။

(အား..နေဦး ရော, သမမွှေလိုက်ပုံလေး ပြည့်စုံသွားအောင်)

post တင်ခွင့်ရပြီးဆိုတော့ ခေါင်းစဉ် ဘယ်လိုတပ်ရမလဲလို့ ... ရောလေရာ ထိုအနှီ ယောကျ်ားသည် အထက်ပါ ခေါင်းစဉ်ကို ပေးလိုက်ရာ ဤအကြင် မိန်းမမှာ ဝမ်းမြောက် ဝမ်းသာစွာဖြင့် သဘောတူ၍ အသင်တို့ မျက်မှောက် ဦးနှောက်ခြောက်ရန် ရောက်လေသတည်း။

11 comments:

Kay said...

မသီတာရေ-
ဖတ်ရတာ..တမျိုးလေး - ကောင်းတယ်။ ရေးသားကျ နေတဲ့..စာရေးဆရာမ တယောက် လိုပဲ။ ( ဟုတ်နေလားမသိး)

ဒါပေမဲ့.. ဆုံးမစာ နဲ့ ဆက်စပ် ထားတာ ကိုတော့..မနဲ တွေးကြည့်နေရတယ်။ ဒိုင်တွေ..ထင်ပါ့.။း)

ခင်မင်လျက်-

tg.nwai said...

တွေးစရာတွေ အများကြီးထည့်ပေးထားတဲ့စာလေးပါလား။ လင်နဲ.မယားဆိုတော့ လျှာနဲ့သွားလို..အခန်မသင့်ရင် ကိုက်မိတတ်ကြတာပါပဲ...။ တအားကြီးဖိမကိုက်လိုက်ဖို.တော့လိုတယ် ထင်ရဲ.။ ဆက်တွေးလိုက်ဦးမယ်နော်..စာတွေ များများရေးနိုင်ပါစေ...

မေအောင် said...

ဖတ်လို့ကောင်းတယ်။
တစ်ခါကတော့
ညှို့ သောပင်လယ်၊ဆွဲငင်သောလမင်း...လို့
ခံစားမိတယ် မဟုတ်လား...ဟ ဟ ဟ ဟ ဟ။

စူး said...

အမ ဖတ်လို့ကောင်းတယ်
ခေါင်းစဉ်နဲ့ အဆုံးသတ်ကို စဉ်းစားမရဘူး
အမ ဒဲ့ရေးပါ..မီးမီးကတုံးတယ်။

khin oo may said...

ဟုတ်တယ်။ နောက်ဆူံ့းနှစ်ကြောင်း ကို လိုက် မမှီဘူး။ ခပ်ဒုံ ဒုံတွေ များနေပြီ။

ခင်ရယ်။ ဆယ့်နှစ်ကြိုးသုံးပါဦး။ မောင့်အမေရှေ့မှာတော့ မောင့် ကို ဒီလို အနိုင် မယူသင့်ပါဘူး။ မေမေ စိတ်မကောင်း ဖြစ် သွားလိမ့်မယ်။ မေမေ ပြန်မှနော်.။

sonata-cantata said...

ကေရေ ဒီက အပျံသင်စ ငှက်ငယ်လေးပါ။ မြှောက်ပေးနေကြသူတွေကတော့ ကေ့ အောက်ကိုသာ scoll down ကြည့်လိုက် တန်းစီပြီးတွေ့ရမယ်။

ဒိုင်တွေက ကြပ်ညပ်နေအောင် ထည့်မိသွားတယ်။ လက်ရေး သည်းခံပါတော့ မဟုတ်တဲ့
နောက်ဆက်တွဲလေး သည်းခံဖတ်လိုက်ကြပါနော်။

လင်းလက်ကြယ်စင် said...

လက်တွေ့မှာ ဖြစ်ပျက်တတ်သော ကိစ္စတွေပါပဲနော်။ လေ့လာဖတ်ရှုသွားပါတယ်မမ :)

Taungoo said...

ရေးနိုင်သော အမကြီးပါတကား

တန်ခူး said...

မ ရေ… စာရေးသူကို သိနေတော့ လွှမ်းမိုးမှုနဲ့ ဖတ်မိနေတယ်… ပထမတခေါက်…
နောက်တခေါက်… စာရေးသူကို မေ့ထားပြီးထပ်ဖတ်တယ်… ကောင်းတယ်… သဘောပေါက်သလိုလို ရှိတယ်…

tg.nwai said...

နောက်ဆက်တွဲ ထပ်ဖတ်၊ နောက်တမျိုး သဘောကျရပြန်ပါတယ်။ ဆရာမကတော့ ဆရာနဲ့ အပြိုင် အမှီ မလိုက်နဲ့လေ..။ တော်ကြာ ဒီဘလော့ဂ်ဖတ်ရဖို့ လှေကား ထောင်တက်နေရဦးမယ်.. ဖြေးဖြေးချင်းပဲ လိုက်ပါရစေ.. :)

Anonymous said...

myatnoe ရဲ့ ကွန်မန့် ကို ဖတ်ကြည့်ပြီး တခွိခွိနဲ့  ရီမိတယ်။ ဟီးဟီး