Friday, October 31, 2008

အတွင်း၊ အပြင်၊ အဖော်များကို ဆက်စပ်ခြင်း


ပုံကို ဤနေရာမှ ယူသည်။

“အချိန်ကို အကျိုးရှိစွာ အသုံးချဖို့” အတွက် အချိန်နောက် အမောတကြီး လိုက်နေခဲ့တယ်။ တကယ်ပါ နောက်ကလိုက်ရတာပါ။ သူရှေ့များရောက်ဖို့တော့ စိတ်တောင်မကူးရဲပါဘူး၊ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားမှာစိုးလို့ပါ။ တနေရာရောက်တော့ ရပ်ကြည့်တယ်။ ကိုယ့်ကိုကိုယ် ပြန်မေးတယ်။ “ဘာရလိုက်သလဲ”။ သည်းသည်းကွဲကွဲ ပြန်ကြားရတဲ့ အသံက “ဘာမှလည်း မအောင်မြင်သလိုပဲ” တဲ့။ အသံကတော်တော်လေး ကျယ်လောင်နေတယ်။ ကိုယ် ကိုယ်တိုင်ရော ဘေးကလူတွေပါ ၀ိုင်းပြောကြတာကိုး။ ဘေးဘီကို ကြည့်လိုက်တော့ ကိုယ်လိုလူတွေ ရှိတယ်။ သတိထားမိသွားတယ်။ ဘယ်အချိန်ဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်ဆိုတာ ကိုယ်လိုလူတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါလား ဆိုတာ။ လူရယ်လို့ ဖြစ်လာတော့ ကိုယ့်မိသားစုက ကိုယ့်ကို ဆီးကြိုနေတယ်။ ငယ်ငယ်တုန်းက ကိုယ့်ပတ်ဝန်းကျင်မှာ ကျောင်းနေဖက် သူငယ်ချင်းတွေရှိတယ်။ ပညာရှာတဲ့ အရွယ် ပညာရှာခွင့် ရခဲ့သူပေကိုး။ ဒ်ီအခွင့်အရေး မရရှာခဲ့ သူတွေကတော့ သူတို့နဲ့ ဆိုင်ရာဆိုင်ရာ ပတ်ဝန်းကျင်မှာ ကျင်လည် ကျက်စားကြလို့။ ကျောင်းပညာစခန်းပြီးလို့ လုပ်ငန်းခွင်ဝင်ကြတော့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ လုပ်ငန်းခွင်ဆိုတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လိုလူတွေနဲ့ တွေ့ကြပြန်ပါတယ်။ အချို့လည်း ကံကောင်းတော့ ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ လုပ်ငန်းခွင်မှာလည်း တပူးတွဲတွဲ။ လုပ်ငန်းခွင်က အနားယူလို့ ကျောင်းကန်ဘုရားသွား ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေ လုပ်ကြပြန်တော့လည်း စေတနာ ဓာတ်ခံခြင်း အကျိုးအကြောင်းညီညွတ်တဲ့ လူတွေနဲ့။

အရေးကြီးတာက သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဖို့ ပါ။
အမှိုက်ရှိရာ အမှိုက်စု ထဲမပါဖို့ရာ။

လက်ရှိအခြေအနေအရ လောဘကတော့ သိပ်ခေါင်းမထောင်နိုင်ပေဘူး။ ရှာမှ မရှာနိုင်တာကို။ ရှာရတာနဲ့ လောက်အောင်သုံးရတာလည်း အကြပ်အတည်း မရှိလေပဲ။ ‘လောဘ နဲနဲလျှော့မလား’ ဆိုတော့ ဒေါသက ... လျှော့ထားရတဲ့ လောဘအတွက်ပါ ပိုပိုသာသာ အားဖြည့်လို့ အလုံးအရင်းနဲ့ နေရာယူတယ်။ နိစ္စဓူဝ ကိုယ်ပတ်သက်နေရသူတွေက အခြားသူတွေလည်း မဟုတ်။ များများစားစားလည်း အခြေအနေ အရ မရှိ။ မရှိနိုင်။ ကိုယ့်ကို မွေးသူတွေ၊ ကိုယ်ကမွေးသူတွေ၊ ကိုယ်နဲ့ ရင်ဘောင်တန်းသူတွေကို လှည့်ပတ်ပြီး မေတ္တာရဲ့ ဆန့်ကျင်ဘက်နဲ့ ကာယကံ၊ ၀စီကံတွေ လုပ်နေတာ။ ပြဿနာရှာစရာမရှိရင် ထုတက်နေတဲ့ ဖုန်တွေ၊ ကြမ်းပြင်အနှံတွေ့နေရတဲ့ ဆံပင်ချည်တွေနဲ့ ရန်ဖြစ်တယ်။ တော်တော်လေး မောလာပြီဆိုရင်တော့ အမြဲတမ်း အဖေါ် မောဟကိုပဲ ညရယ်၊ နေ့ရယ် အချိန်အခါမရွေး သာသာထိုးထိုးလေး မျက်နှာသာပေးပြီး အိပ်ယာပေါ်မှာ စက်တော်ခေါ်။

အခုတော့ သင်တို့မိတ်ဆွေကြီး
အမြဲတမ်း အဖေါ်ကို လက်တွဲဖြုတ်ဖို့
တစ်ကိုယ်တည်း သီချင်းအော်ဆိုရင်း
တံခါးခြောက်ပေါက်မှာ ဒရ၀မ်စောင့်နေတယ်။

"မိတ်ဆွေ..လူ့ဘ၀ကို အကျိုးရှိဖို့ အသုံးချလိုက်..."
"မိတ်ဆွေ..လူ့ဘ၀ကို အကျိုးရှိဖို့ အသုံးချလိုက်..."

5 comments:

tg.nwai said...

သီတာရေ..တို.လည်း လိုက်မယ် ချန်မထားနဲ့။ ထုက ကြီးနေတော့ ဖြေးဖြေးချင်းလွှာနေရတယ်။ သတိ အနေအထားကနေ လျော့ရဲရဲ အေးစေ နေနေတာ များနေလို့။

စူး said...

ကျေးဇူးအမ..

ပြန်ဆင်ခြင်တော့ အမအတိုင်းပဲ
တခါတလေတော့ လူ့ဘဝဆိုတာ ဘာလဲ သေချာမသိပေမဲ့

အပျော်အပါးနောက်ကို လိုက်နေမိတယ်..

တချက်တချက်တော့ အသိလေးရှိသား..
ခက်တာက .. လူဆိုတော့လည်းးး
လူစိတ်ကလေးနဲ့ပေါ့..
ဘယ်လိုလုပ်ရပါ့

khin oo may said...

1 Nov 08, 10:14
kom: သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဖို့ လာရောက်ခဲ့ပါတယ်။

khin oo may said...

ကျော်ဟိန်းသီချင်း ကို အော်ဆိုနေတာလား မသိ။

Yu Wa Yi said...

အရေးကြီးတာက သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဖို့ ပါ။
အမှိုက်ရှိရာ အမှိုက်စု ထဲမပါဖို့ရာ။ အင်းဟုတ်တယ်နော် မရေ။
ခက်တာက လူတိုင်းကတော့ ကိုယ့်ကိုယ်ကို သူတော်ပဲ ထင်ချင်ကြ ထင်ခံချင်ကြတာကလား( မြွေဖမ်းခြင်း)။
အမှိုက်ကလည်း အမှိုက်ရှိရာမသွားချင်ကြဘူးလေ။ မနည်းရှင်းထုတ်နိုင်မှရတာ(အိမ်မှာ အမှိုက်သွန်ရတာ
မောတယ်)။ မီးမီးလည်း ဘယ်သူ့ အတွက် အမှိုက်ဖြစ်နေလည်းမသိ။