Wednesday, February 10, 2010

အောင်မြင်စွာ ခွဲထွက်ခြင်း

ဘလော့ဂ်နှစ်ခု ခွဲလိုက်ရခြင်းကတော့ နှစ်အိုး နှစ်အိမ် ထူထောင်လိုက်တာပါ။ CBox ကို တခုတည်း ထားခြင်းကတော့ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ဧည့်ခန်းမှာ အပေါက်ဖောက်ထားသလိုမျိုးပါ။

အဖြစ်အပျက်တိုင်းမှာ ရှေးကြာမြင့်လှစွာသော ကာလကတည်းက သန္ဓေတည်လာခဲ့တဲ့ အကြောင်းတရားများနဲ့ လတ်တလော အကြောင်းတရားများဆိုပြီး နှစ်မျိုးရှိပါတယ်။ ကမ္ဘာစစ်ကြီးတွေ ဘာကြောင့်ဖြစ်သလဲ ဆိုတာကို လေ့လာတဲ့ အခါမှာ ချဉ်းကပ်ရသလိုမျိုးပါ။

SONATA-CANTATA ဖြစ်တည်စ ကနဦးကာလကတည်းက မသီတာက ခွဲဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကိုဧရာက လက်မခံခဲ့ပါဘူး။ ခါးခါးသီးသီးကို ငြင်းခဲ့ပါတယ်။ ကိုယ်စီမှာ အကြောင်းတရားတွေရှိပါတယ်။ ပေါ်လွင်တဲ့ အချက်ကို ထုတ်ဖော်ပြောရရင် မသီတာက အပေါ့တွေရေးတယ်။ ကိုဧရာရေးတာက အလေးတွေ…။ မတူတဲ့အတွက် ခွဲထားကြရရင် ကောင်းမယ်လို့ မသီတာက အဆိုတင်သွင်းပါတယ်။ ကိုဧရာက အတူတွဲထားပြီးကာမှ ခွဲထုတ်လိုက်ရင် လာလည်တဲ့သူတွေ ကရိကထများမယ်လို့ အားနာပါတယ်။ နောက်တချက်က ကိုဧရာက စာနဲ့ လူ အမြဲတန်း တထပ်တည်းကျတယ်။ တသွေးတည်း တသားထဲ ဖြစ်တယ်။ မသီတာကတော့ ဘလော့ဂ်ကို ရှဲဒိုးနဲ့ရေးတာ မဟုတ်ပေမဲ့ စာနဲ့ လူ အခါအတော်များများမှာ တထပ်တည်းမကျပါဘူး။ အဲ့ဒီအခါမှာ ဘာမှန်းမသိတဲ့ တစုံတရာရဲ့ ခြောက်လှန့်မှုကို ခံစားရပါတယ်။

SONATA-CANTATA ဆိုတဲ့ လေထဲဆောက်တဲ့ ဘလော့ဂ်အိမ်လေးကို ကိုဧရာ မသီတာတို့ရဲ့ ကိုယ်တွေ့ စိတ်တွေ့ တွေနဲ့ ဖန်တီးလိုက်တဲ့ အခါ နှစ်ဦးနှစ်ယောက်တည်း တကမ္ဘာတည်လိုက်တာ မဟုတ်ပါဘူး။ ဒီနေရာလေးမှာ စိတ်တူ ကိုယ်တူ ချစ်တဲ့သူတွေနဲ့လည်း ဆုံရပါတယ်။ ဘာသာမတူ၊ လူမျိုးမခွဲပဲ ချစ်ခင်ရတဲ့လူတွေနဲ့လည်း ကြုံရပါတယ်။ တူရာ တူရာ စုတတ်ကြတာ သဘာဝပေမဲ့၊ တူတာတွေနဲ့ချည်းသာ အစဉ်အမြဲ ယှဉ်တွဲနေဖို့ဆိုတာကလည်း သဘာဝ မကျပြန်ပါဘူး။ မတူတာတွေ လက်တွဲလို့ရတဲ့ အခြေအနေတွေလည်း တပုံတပင်ပါ။

ဒါကြောင့် မတူလို့ ခွဲထားချင်ခြင်းဟာ အကြောင်းတရပ်ဖြစ်ပေမဲ့ မတူကွဲပြားတဲ့ သဘောသဘာဝတွေကို လိုအပ်သလို ညှိနှိုင်းတိုင်ပင်ရင်း၊ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေး မူဝါဒအောက်မှာ ဆက်လက် ရှင်သန်ရပ်တည်ခဲ့ပါတယ်။

ဒါဆို ဘာကြောင့် ခွဲရသလဲ
SONATA-CANTATA က ပို့စ်တွေကို တန်းစီပြီး ဖတ်ကြည့်ရင် ခုနှစ်ထွေအက ကြည့်ရသလို ဖြစ်နေပါတယ်။ အစကတည်းက ခုနှစ်တွေအက ကြည့်မယ်လို့ မျှော်မှန်းထားသူတယောက်အတွက် အကြောင်းမဟုတ်ပေမဲ့၊ မျှော်လင့် မထားသူတဦးတယောက်အတွက်မှာတော့ ခိုးလို့ခုလုဖြစ်စေပါတယ်။ ဥပမာ SONATA-CANTATA က ဘာသာရေးတွေ ရေးတယ်လို့ မိတ်ဆက်ပေးလိုက်လို့ ရောက်လာသူဟာ မသီတာရဲ့ ရင်တွင်းဖြစ်တွေနဲ့ တန်းတိုးသွားခဲ့ရင်၊ ရယ်ချင်ရင်သွားဖတ်လို့ လမ်းညွှန်ပေးလိုက်မူကြောင့် ရောက်လာသူကို ကိုဧရာက ပိသာလေးကြီးနဲ့ ပစ်လိုက်မိရင် အလည်ရောက်လာသူကို အလွန်ပဲ မလေးမစားပြုရာကျမယ်လို့ ခံစားမိလာပါတယ်။ ဒါကြောင့် SONATA-CANTATA ကို လာလည်ကြသူများကို မတူတာတွေကြောင့် အမြင်မတော်တာတွေ မဖြစ်စေချင်တဲ့ လေးစားမှုက ခွဲဖို့ရာ ဖန်လာတဲ့ လတ်တလော အကြောင်းတရားသာ ဖြစ်ပါတော့တယ်… လို့ အသိပေး ပြောကြားရင်း

SONATA-CANTATA မှ SONATA-CANTATA2
အောင်မြင်စွာ ခွဲထွက်ခြင်းကို ဘလော့ဂ်မိတ်ဆွေသူငယ်ချင်းများ နားလည်လက်ခံနိုင်ကြပါစေ ဟူသော ဆန္ဒမွန်ဖြင့်

10 comments:

ချစ်ကြည်အေး said...

သီတာရေ...အိမ်ခွဲဆင်းလာသူကြီးကို လာနှုတ်ဆက်တာ...ပို့စ်ဖတ်အပြီးမှာ...ဪ...လို့ပဲ မှတ်ချက်ချနိုင်ပါတော့တယ်...အိုးခွဲ အိမ်ခွဲ အစဆိုတော့ လိုတာရှိလည်း ပြောအုံးနော်...:))

Anonymous said...

တကယ်ကွဲသွားကြပြီပေါ့..(အဟင့်)၊.
ဟုတ်ပါတယ်...
တခါတလေ..ကိုဧရာရြေးတာနားမလည်ပါ။ဝ။
ဒါနဲ့..
အိမ်သစ်တက်ပွဲ...ဘာကျွေးမှာလဲ..

ပေါက်

Moe Cho Thinn said...

ခွဲရေး တွဲရေး အတော် စဉ်းစားလိုက်ရသလား မမ။ နှစ်ယောက်စလုံး တမျိုးစီကောင်းတာမို့ နှစ်ယောက်စလုံးရဲ့ ပရိသတ် ဖြစ်မှာ..

သက်ဝေ said...

ခွဲဖို့ရာ ဖန်လာတဲ့ လတ်တလော အကြောင်းတရားလေးတွေကြောင့် ခွဲလိုက်တာ တမျိုးတော့ ကောင်းပါတယ်လေ... သူငယ်ချင်း တဦးတည်းပိုင် ဖြစ်သွားတော့ကာ ထင်ရာမြင်ရာတွေ ပေါတောတော မှတ်ချက်တွေ ဝင်ရေးလို့ ရသွားတာပေါ့... (အရင်ကတော့ မရေးတာကျနေတာပဲ...)

ဇွန်မိုးစက် said...

ွှနှစ်ယောက်လုံးရဲ့ ပရိတ်သတ်ဆိုတော့လည်း blog list မှာ ကိုဧရာနဲ့မသီတာဆိုပြီး ခေါင်းစဉ်လေး ခွဲတပ်လိုက်တာပေါ့ရှင်။း)

Anonymous said...

ရေချမ်းတို့ရေစင်တို့ပါ ဘလော့ဂ်ရေးရင် ၃ တို့ ၄တို့ ဆက်ယူလို့ရတယ်နော်။
း)
mm

tin min htet said...

ပိုပြီး ကွဲပြားသွားအောင် ကိုဧရာ ဘလော့ဂ်ကို SONATA လို့ နာမည်ပေးလိုက်။ မသီတာ ဘလော့ဂ်ကို CANTATA လို့ နာမည်ပေးလိုက် :P

သင်းနွယ်ဇင် said...

ကောငိးပါတယ်သီတာ။ အိမ်နှစ်အိမ်လည်ရတာပေါ့။ တအိမ်က ဗဟုသုတရ။ တအိမ်က လွတ်လပ်ပျော်ရွှင်ခြင်းတွေရတာပေါ့။း)

ရွှန်းမီ said...

:)

မငုံ said...

:) စိတ်ကောက်ပြီး ဆင်းလာတာလား ။ ဟိဟိ မစတော့ဘူးနော်။ အိမ်ဆင်းပွဲ ဘယ်တော့ကျွေး အဲ အိမ်အသစ်တက်ပွဲ ဘာကျွေးမလဲ။ နှစ်အိမ်လုံးကို လိုက်လည်နေမှာ။