Sunday, February 27, 2011

စာရေးလိုက်ပါတယ်။

ဘလော့ဂ်တွေ ဖတ်နေကျ မိတ်ဆွေ အမ တယောက်နဲ့ တွေ့တော့
သီတာရေ ဘလော့ဂ်တွေမှာ ပို့စ်အသစ်တွေလည်း မတက်ပါလား။ တိုင်ပင်ပြီးတော့များ မရေးပဲနေကြသလား ထင်ရတယ်… ဘာဖြစ်လို့လဲ လို့ မေးလာပါတယ်။
ဘလော့ဂါတို့ ဖြေကြပါ။
မသီတာလည်း ထင်တာတော့ ဖြေခဲ့ပါတယ်။
ဘယ်လိုဖြေလိုက်သလဲ လို့တော့ မမေးပါနဲ့။
****
မသီတာ စာရေးခြင်း ၀ါသနာ ဘယ်ကရသလဲ လို့ တွေးကြည့်မိတော့… အဖေ့ဆီက ရခဲ့ဟန်တူတယ်လို့ အဖြေထွက်ပါတယ်။ အဖေက အိမ်ထောင်ကျပြီး စီးပွားရှာဖို့ တနယ်တကျေးမှာ အခြေချရတော့၊ သူ့ မိဘတွေဆီ စာရေးပြီးတော့ ဆက်သွယ်ပါတယ်။ အဖေ့စာတွေက အရှည်ကြီးတွေ … မကြာခဏလည်း ရေးပါတယ်။ မသီတာတို့ကိုလည်း ရေးခိုင်းပါတယ်။ ဥပမာ စာမေးပွဲအောင်စာရင်းထွက်တယ် ဆိုရင် အဖိုးအဖွားတွေဆီ အကြောင်းကြားတဲ့ စာမျိုးကို ကိုယ်တိုင်ရေးခိုင်းပါတယ်။ ဘာရေးရမလဲ မောင်နှမတွေ အချင်းချင်း ခေါင်းချင်းရိုက် စဉ်းစား။ သူရေးပြီးသားဟာ ငါရေးမရတော့ဘူးလေ။ မောင်နှမတွေကလည်း အများသားဆိုတော့ တကြောင်းနှစ်ကြောင်းရေးပြီး ရေးစရာက မရှိတော့ဘူး။ အဲ့ဒီတော့ ပေါက်ကရတွေ ထည့်ရေး။ ဘာရေးရေး အဖေကတော့ စာကို ပို့ပေးတာပဲ။ အဖိုးအဖွားတွေကလည်း ငါ့မြေးတွေ ရေးလိုက်တဲ့ စာဟဲ့ ဆိုပြီး လူစုံမှာ ထုတ်ဖတ်တာပဲ… အဆီအငေါ် မတည့်တာတွေ ဖတ်မိရင်လည်း ကလေးက ဘာပြောချင်မှန်းမသိပါဘူး ဆို ထားလိုက်တာပဲ…။ ပေါက်ကရတွေ ရေးရလားရယ်လို့ မဆူပါဘူး။
*****
၁၉၉၈ ခုနှစ် နေ့စွဲ တပ်ထားတဲ့ မသီတာ့ တူတွေဆီက စာလေးတွေပါ။

*****

ကလေးတွေကို ဆွေမျိုးတွေဆီ စာရေးခိုင်းကြည့်ပါ။

14 comments:

မေဓာဝီ said...

ကလေးတွေ စာလေးတွေက ဖတ်လို့ ကောင်းလိုက်တာ မသီတာရယ်။
တုံတုံအဆုံးသတ်ထားတာ သဘောကျတယ်။ လွမ်းရစ်လေးစားစွာဖြင့် .. တဲ့။ အဲဒီလိုသုံးတာ တခါမှ မမြင်ဖူးသေးဘူး ... တကယ်ကို အသစ်ပဲ။

ဆေးကျောင်းဝင်ကြတယ် ဆိုတော့။ အားလုံးလဲ တော်လိုက်ကြတာနော် ...
ကျမဆီကိုတော့ အဲဒီလို စာရေးမယ့်သူ ရှိပါဘူး။ တူ တူမ အရင်းလဲ မရှိ၊ အဖျားတွေကလဲ အနေ ဝေးတယ်။

ညီလင်းသစ် said...

ဟုတ်တယ်၊ အပေါ်မှာ မမေဓာဝီ ပြောခဲ့သလိုပဲ 'လွမ်းရစ် လေးစားစွာဖြင့်'က မျက်လုံးထဲ တန်းဝင်လာတယ်၊ ပြီးတော့ 'သားကြီးလာဖို့ မျှော်နေပါ' ဆိုပဲ၊ တုံတုံ ကြီးလာရင် မော်ဒန်စာရေးဆရာ ဖြစ်မယ် ထင်တယ်နော်...။ :)

Nge Naing said...

ကျွန်မပို့စ်တင်တော့ ကိုယ့်ဆီကို အရင်လာလည်နေကျသူတွေတော့ C-Box က ကျည်ဆံတွေကြောင့်လား ကျွန်မပဲ ဘလော့ဂ်မလည်ဖြစ်လို့လားမသိဘူး ကိုယ့်လူတွေ လာလည်တာ သိပ်မတွေ့ဘူး။ တခြားလူတွေတော့ တော်တော်လာကြတယ်၊ ကျွန်မငယ်ငယ်ကလည်း အဝေးမှာရှိတဲ့ မိသားစုဝင်တွေနဲ့ ဆရာဆရာမတွေကို အမြဲတမ်းစာရေးလေ့ရှိတယ်။ စာရေးစာဖတ်ဝါသနာပါတဲ့သူက ဘယ်သူမှ မတိုက်တွန်းလည်း ရေးကြတာပဲထင်တယ်။ မသီတာတူမတွေက လက်ရေးတော်တော် သေသပ်လှပတာပဲ။

Anonymous said...

မသီတာ..
တုံတုံက ရေးတတ်လိုက်တာ..။
ခုံခုံကိုလည်းရေးခိုင်းဦးမှ..။
ငယ်တုန်းက ကျနော့်အဒေါ်ဝမ်းကွဲတွေဆီ
စာရေးဖူးတယ်.။
အမေနဲ့ အဖေ့ဆီလည်းစာရေးဖူးတယ်။
(မပေးရဲလို့ သိမ်းထားတာ သူတို့ပြန်တွေ့သွားတယ်..
စာထဲမှာ..ကျနော့်ကို အမှိုက်ပုံက ကောက်လာတာတကယ်လား..။ဘာညာပေါ့..ဟီးဟီး)
ဒီမြို့ရောက်တော့ သူငယ်ချင်းတွေရေးတဲ့စာ
အခုထိသိမ်းထားတယ်..။
တရက်လောက်ကြုံရင် တင်အုန်းမယ်..။ဟားဟား

ပေါက်


ခုံခုံ= ခခ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးတွေစာက ချစ်ဖို့ကောင်းလိုက်တာ
ရိုးသားမှုတွေအပြည့်လဲရှိတယ်... ညီမမှာလဲ တူလေး၂ယောက် တူမတစ်ယောက် မကြာခင်ကမှ လပိုင်းတွေခြားပြီး ရလာပြီ
မမသီတာပြောသလို နောက်ဆို သူတို့လေးတွေကို စာရေးခိုင်းရမယ်... ခုတော့ ငယ်သေးတယ်
တူ တူမတွေနဲ့ ပျော်ရတော့မှာဘဲး)

Anonymous said...

အဲဒီလို စာရေးတဲ့ အိုင်ဒီယာ အရမ်းကောင်းတယ်၊

အပြုံးပန်းလည်း ငယ်ငယ်တုန်းက အဝေးမှာ တက္ကသိုလ်သွားတက်တဲ့ အမတယောက်ကို ရေးတာ
အမက သဘောကျလို့တဲ့၊

ဒါပေမယ့် အဲဒီစာတွေ ရှိတော့မယ် မထင်ပါဘူး၊
အခုတော့ ဘယ်သူက ဘယ်သူကိုမှ စာမရေးတော့ဘူး။

ဒါကြောင့် ဘလော့ဂ်ပေါ်မှာ ရေးနေတော့တာ။

Rita said...

ငယ်ငယ်တုန်းက အညာက ထွက်လာကာစ ၄တန်းတက်တဲ့အချိန်ကို ပြန်သတိရလိုက်တာ။ ကျန်ရစ်ခဲ့တဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတွေဆီကို မနည်းမနော စာရေးဖြစ်ခဲ့တာ။ အဲဒီမှာ စတာပဲ။

Anonymous said...

မသီတာ

ဘလော့တွေစရေးတုန်းကလွတ်လွတ်လပ်လပ်ပဲ စိတ်ထဲရှိတာတွေရေးကြတာများတယ်လို့သတိပြုမိတယ်။

ဘလော့ဂါတချို့( တချို့ကိုသာဆိုလိုပါသည်) က ဘလော့ရေးသက်လေး ရလာတဲ့ အခါ၊ ဒါမှမဟုတ် သူများစာတွေကို မူပိုင်ခွင့်၊ စာတွေရေးမှ၊ စာအုပ်ရောင်းရမှ စာရေးဆရာ့ရဲ့ မိသားစုဘဝကိုယ်ကျိုးစီးပွားပြေလည်တယ်ဆိုတာတွေကိုမေ့ထား၊ မသိဟန်ဆောင်ပြီး ဝေမျှတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စာရေးဆရာရဲ့ဘဝ တခုလုံး၊ သူတို့ မိသားစု ဘဝတခုလုံးကို ပုံအောပြီးဖန်တီးထားတဲ့ အနုပညာ၊ စာ တွေကိုအကုန် ၊ အစ အဆုံး၊ ကူးတင်ကြတယ်။

အဲသလို စာရေးဆရာကြီတွေရဲ့ ဖန်တီးမူတွေကို သူတို့ရဲ့ ဘလော့တွေပေါ် ကူးတင်ရင်း၊ ရည်စားစာနဲ့ ကဗျာဆိုတာ ဘာလဲဆိုတာကို သဲသဲကွဲကွဲမသိဘဲ ကဗျာဆိုတာတွေကိုရေးရင်း၊ ဒိုင်ယာရီနဲ့ ဝတ်ထုတိုဆိုတာကို မကွဲဘဲ စာတွေရေးရင်းနဲ့ နောက်ကျတော့ ကိုယ်ကိုကို ပြောပိုင်ဆိုပိုင်ခွင့်တခုရပြီထင်ပြီး ဆရာကြီးလေသံနဲ့ သူတို့ဘလော့ကိုလာဖတ်တဲ့သူတွေကိုပြန်ဆက်ဆံတယ်ဆိုတာကို သတိထားမိတယ်။ ဘလော့ကိုလာ ပြီး စာဖတ်တယ်ဆိုတဲ့သူတွေကိုလျော့တွက်တာမျိုးပါ။ ကိုယ်ဖတ်ထားတဲ့ စာ နဲ့ မတူတဲ့ပညာရပ်ဆိုင်ရာတွေကို ဖတ်ထားတဲ့သူတွေပါလာမယ်ဆိုတာကိုမေ့နေ့ကြဟန်တူပါတယ်။ (တခါက Social Science နဲ့philosophy ကို မသင်ဖူးတဲ့သိပ်ပံ ပညာရပ်ဆိုင်ရာ နယ်ပယ်ကပညာရှင်တယောက်ကို အဲဒါတွေ သင်ဖူးသူတယောက်က မင်းတို့ဒီအကြောင်းအရာတွေကိုမသိလို့ ဒီလိုခံစားနေရတာ လိုမျိုးပြောတာကိုတွေ့ဖူးတယ်။)

အဲသလို ဘလော့လာဖတ်တဲ့သူတွေကိုဆက်ဆံတဲ့ဘလော့ဂါတွေကို မျက်မုန်းကြိုးတာကနေစပြီး အခုလိုမျိုး အမည်မဖော်လိုတဲ့နေရာကနေ ပြန်လည်ဆက်ဆံလာကြတယ်ထင်တယ်။ ဘယ်လိုဆက်ဆံတာလဲဆိုတာကတော့ မသီတာအမေးခံရတဲ့ မေးခွန်းရဲ့ အဖြေတွေထဲကတခုပဲ။

Anonymous said...

ကှိုအေရာ နဲ့ မသီတာ တို့ လင့်ပေးပြီး ဝေမျှနေတဲ့ ဘာသာရေးဆိုင်ရာ စာအုပ်များကို မဆိုလိုပါ။ ကဗျာ၊ဝတ်ထုတို ၊ ဝတ်ထုရှည်များ၊ ဘာသာပြန်များကို အစအဆုံးရိုက်တင်နေသူများကိုသာဆိုလိုပါတယ်။

ShwunMi-ရွှန်းမီ-ရွှန်းမီ said...

မသီတာ..
အင်တာနက်သုံးအား များလာတဲ့နောက်ပိုင်းတော့ ညီမ သူငယ်ချင်းတွေဆီ စာမရေးဖြစ်တော့ဘူး။ အဖေအမေ ဒီရောက်လာတာလည်း ပါပါတယ်။ ဒါကြောင့်များ ဘလော့ပိုရေးဖြစ်သွားလား မသိဘူး..
ဘလော့စာမျက်နှာမှာ ရေးခါစကဆို သူငယ်ချင်းဆီ ရေးနေသလိုပဲ ပါစင်နယ်တွေပါတယ်။ ဖတ်တဲ့လူက ကိုယ်နဲ့အဝေးကြီးမှန်း မချိန်ညှိတတ်တာတွေ ပါခဲ့မှာပါ။

နောက်ပိုင်းတော့ အများသူငါ စိတ်ချမ်းသာအောင် ပျော်စရာတွေပဲ ရေးတော့မယ်လို့ စဉ်းစားထားတာပဲ။ ဘယ်တော့လွတ်ဦးမယ်မသိ =)

မောင်မျိုး said...

တုံတုံရေးတဲ့စာလေး က ဖတ်လို့ကောင်းလိုက်တာ ။.

ဇွန်မိုးစက် said...

မရေ...တလောက လင့်ခ်တွေဖြုတ်မိလို့ ခုမှပြန်ချိတ်ပြီး စာကြွေးတွေ လာရှင်းတာ။ တုံတုံ၊ ဗုံဗုံ၊ ပုံပုံ တဲ့လား...ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးတွေနော်။ စာလေးတွေကလည်း အပြစ်ကင်းပြီး ဖတ်ရတာ ချစ်ဖို့ကောင်းလိုက်တာ။ ဇွန်လည်း ငယ်ငယ်ကတည်းက အဝေးရောက်အဖေဆီစာရေး၊ အဖွားနဲ့ဦးလေးဆီစာရေးဖူးတယ်။ နောက် ၆တန်းနှစ် နွေရာသီကျောင်းပိတ်ရက်ကစပြီး မေမြို့မှာသွားနေတဲ့ ညို့ဆီပုံမှန်စာရေးဖြစ်တာ အခုသူစင်္ကာပူရောက်မှပဲ အရေးရပ်တော့တယ်။ နှစ်ယောက်စလုံးမှာ အပြန်အလှန်ရေးထားတဲ့ စာတွေတစ်ထပ်ကြီးပဲ။ အမေ့နဲ့မောင်လေးဆီလည်း ခဏခဏရေးတယ်။ စာရေးတာတော့ တကယ်ဝါသနာပါတယ်။ :D

သက်ဝေ said...

ကလေးတွေ စာလေးတွေက ဖတ်လို့ ကောင်းလိုက်တာနော်... ကိုယ် ငယ်ငယ်က (၃ တန်းလောက်က) ဖေဖေ့ဆီ ရေးတဲ့စာ အရင်တခေါက်က ဖေဖေ ဒီကိုလာတော့ ယူလာတယ်... ကလေး လက်ရေးလေးနဲ့ အတိုအထွာလေးတွေ ရေးထားတာပေါ့...

အဲဒီစာလေးကို ဖေဖေက အခုထိ သေသေချာချာ သိမ်းထားတာကို တွေ့တော့ ကြည်နူးသလို ဘာကြောင့်မှန်းမသိ ဝမ်းလည်းနည်းသွားမိတယ်...း((

T T Sweet said...

ခလေးတွေ ရေးတဲ့စာလေးတွေ ချစ်စရာကောင်းလိုက်တာ။ ရိုးသားလိုက်တာ အစ်မရယ်။

မဆွိတီတို့ ငယ်ငယ်ကလဲ စစ်ကိုင်းက အဘွားဆီ စာရေးကြတယ်။ ခုခေတ်မှာ ကွန်ပူတာတွေ အီးမေးတွေ သုံးနေတော့ အဲလိုစာလေးတွေ မရှိလောက်တော့ဘူးတောင် ထင်နေတာ။