Sunday, January 27, 2013

To anonymous sisters...

ကျမချစ်သော ညီမများ၊ အစ်မများ အားလုံးသော အမျိုးသမီးများအတွက် ရင်ထဲက ကျလာတဲ့ စာလုံးတွေနဲ့ မျက်နှာသစ်ပြီး တလောကလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
*****


သူဟာ မိန်းကလေးတစ်ဦးပါ။
သူ့ကို တံဆိပ်တွေ ပြောင်းကပ်ကြည့်မယ်ဆိုရင်
သမီးကလေး၊ ဇနီးမယား၊ မိခင်တစ်ယောက်
ဒီထက်လည်း မပိုပါဘူး။
အမည်တွေရဲ့ နောက်မှာ
ကွင်းစ ကွင်းပိတ်နဲ့ (မေတ္တာ) ဆိုတာလေး ပါနေတာတော့
ထူးခြားတဲ့ သူ့မူပိုင်ပေါ့။

သူ့မှာ ချစ်စရာကောင်းတဲ့ နှုတ်ခမ်းကွေးကွေးလေး ရှိတယ်
အဲ့ဒီနှုတ်ခမ်းလေးက စကားတွေ တတွတ်တွတ်ပြောမယ်
အို… ဒါမဆန်းပါဘူး။
မှိန်သွားလိုက်... တောက်လာလိုက်
အရောင်တွေ တရိပ်ရိပ်ပြောင်းရင်း
ပြောနေတဲ့ မျက်ဝန်းတွေကိုရော နားလည်အောင် ကြိုးစားဖူးပါရဲ့လား။

ပျော်ရွှင်သော နှလုံးသားရဲ့ ရလဒ်
ကြည်လဲ့သော မျက်ဝန်းတစ်စုံဟာ သူမနဲ့ ထိုက်တန်ပါတယ် ဆိုတာ
ဒီနှုတ်ခမ်းက အော်ပြောနေရဦးမှာလား
အစ်ကို(ပညာ)ရှိကြီးတို့ရယ်...။။
*****
ပို့စ်ခေါင်းစဉ်ကို ကျမရဲ့ ပညာရှိကြီး အိပ်ယာနိုးလာမှ ပြန်လာတပ်ပါမယ်...း)

6 comments:

Aunty Tint said...

ရေးတတ်လိုက်တာ သီတာရေ...
အမျိုးသမီးတွေရဲ့ ဂုဏ်ဆောင် စာသားလေးတွေ ဖတ်ရတာ ကြည်နူးစရာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မမသီရိ said...

ဟေး.... မိန်းမ ကို မိန်းမ လိုပဲ မြင်စေချင်တယ်ပေါ့ ..ချစ်စရာ ကောင်းလိုက်ပါဘိ ..
သီတာ ရေ.. တစ်ခါ တစ်ရံမှာ တော့ သမီးကလေး၊ ဇနီးမယား၊ မိခင်တစ်ယောက် ထက်ပိုမယ် ထင်တာပဲ .. ချစ်သူ.. အဆွေခင်ပွန်း ..သူရဲကောင်း.. သူငယ်ချင်း.. ပါရမီဖြည့်ဖက်..အားပေးဖေါ် .. တကယ်တော့ မိန်းမ တွေ ဟာ.. ကမ္ဘာ ရဲ့ အရာရာ ပဲ မဟုတ်လား.. ငယ်ငယ် တုန်းက တော့ နောင်ဘ၀ ဆိုတာရှိရင် ယောင်္ကျားလေး ဖြစ်ချင်ခဲ့တယ်.. ခု ဒီအရွယ်မှာတော့ မိန်းမ ဖြစ်ရတာပဲ ဂုဏ်ယူနေမိတော့တယ်..

Sonata Cantata said...

မမတင့်..မမသီရိ

ကျေနပ်တတ်ခဲ့ပါပြီ...ဒီဘ၀ကို အတည်...(ရလဲ့)

ဇွန်မိုးစက် said...

မမရေးထားတာ ချစ်ဖို့ကောင်းချက်ကတော့... ဖတ်ရသူရင်ထဲ ကြည်နူးသွားတာပဲး))

ညိုလေးနေ said...

to ma ma thida

so so cute. love it.

from one of anonymous sisters :)

Sonata Cantata said...

ဇွန် နဲ့ ညိုလေးရေ...
သူရို့က ပညာရှိနည်းနဲ့ မသိချင်ယောင် ဆောင်နေတတ်လို့ တခါတခါ ထ ထ အော်ပေးရတာပါ ညီမတို့ရယ်...:P