Monday, February 11, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၁) - မဟာဗောဓိစေတီ

၂၀၁၂ နှစ်ကုန်ပိုင်းမှာ မိသားစုလိုက် ဗုဒ္ဓဂယာကို ၁၅-ရက်ကြာ ဘုရားဖူး သွားဖြစ်ပါတယ်။ မြန်မာပြည်က ဘုရားဖူးပို့ဆောင်ရေးကုမ္ပဏီရဲ့ အစီအစဉ်နဲ့ သွားတဲ့ ခရီးပါ။ ရန်ကုန်ကနေ ဂယာကို လေယာဉ်နဲ့ တိုက်ရိုက် သွားတာပါ။ ဒီဇင်ဘာလထဲမှာ ဖြစ်နေတော့ ဂယာလေဆိပ်မှာ မြူတွေဆိုင်းနေလို့ လေယာဉ် ထွက်ချိန် နောက်ကျပါတယ်။ မူလသတ်မှတ်ထားတဲ့ ထွက်ခွာချိန်က နံနက် ၉-နာရီခွဲ ဖြစ်ပေမယ့် ၁၁-နာရီခွဲမှ ထွက်ဖြစ်ပါတယ်။ လေယာဉ် တစ်စီးလုံးက ဘုရားဖူးခရီးသည်တွေချည်း ပါဘဲ။ လေယာဉ်ပျံသန်းချိန်က ၂-နာရီလောက်ကြာတော့ ဂယာလေဆိပ်ကို အိန္ဒိယ စံတော်ချိန် ၁၂-နာရီခွဲလောက်မှာ ရောက်ပါတယ်။ အိန္ဒိယ စံတော်ချိန်က မြန်မာပြည်ထက် ၁-နာရီတိတိ နောက် ကျပါတယ်။ ဂယာလေဆိပ်က ခပ်သေးသေးပါဘဲ။ ဘုရားဖူးခရီးသည်တွေဘဲ အဓိက ဝင်ထွက်သွားလာတဲ့ လေဆိပ်လို့ ဆိုနိုင်ပါတယ်။

 မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ရှိတဲ့ အရပ်က ဂယာမြို့အနီးမှာရှိတော့ ဗုဒ္ဓဂယာလို့ အမည်တွင်တာပါ။ ဗုဒ္ဓဂယာက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာမြို့ ဖြစ်သလို ဂယာမြို့ကလည်း ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မြို့ဖြစ်ပါတယ်။ ဖဂ္ဂုနီနက္ခတ်နဲ့ ယှဉ်တဲ့ တပေါင်းလအချိန်မှာ ပယာဂဆိပ်၊ ဂယာဆိပ်စတဲ့ အထွတ်အမြတ် ဆိပ်ကမ်းတွေမှာ ရေချိုးရင် မကောင်းမှုတွေက သန့်စင်ပြီး တစ်နှစ်ပတ်လုံး ဥပုသ်စောင့်ပြီးသား ဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြကြောင်းကို မူလပဏ္ဏာသ ဝတ္ထသုတ်မှာတွေ့ရပါတယ်။ ဗုဒ္ဓဂယာက ဂယာမြို့ရဲ့ တောင်ဖက် ၈-မိုင်အကွာလောက်မှာ ရှိပါတယ်။ ဂယာလေဆိပ်က ဂယာမြို့နဲ့ ဗုဒ္ဓဂယာ အလယ်လောက်မှာ ရှိပါတယ်။

မဟာဗောဓိ စေတီတော် 


ရောက်တဲ့နေ့မှာ မဟာဗောဓိစေတီတော်ကို သွားရောက် ဦးခိုက်ကြတယ်။ နောက်တနေ့ နံနက်မှာတော့ ဘုရားဖူးအဖွဲ့သားတွေ စုပေါင်းပြီး မဟာဗောဓိ စေတီတော်မှာ ကြာသင်္ကန်း ကပ်လှူကြပါတယ်။ မဟာဗောဓိ စေတီတော်ဝင်း အပြင်ဂိတ် အဝင်ဝမှာ ဗီဒီယိုနဲ့ ကင်မရာတွေ အခွန်ဆောင်တဲ့နေရာ၊ ဘိနပ်အပ်တဲ့နေရာနှင့် မဟာဗောဓိစာအုပ်ဆိုင်တို့ တန်းစီရှိနေပါတယ်။ သတ္ထုရှာဖွေတဲ့ ကိရိယာ တပ်ဆင်ထားတဲ့ လုံခြုံရေး ဂိတ်တခုကို ဖြတ်ပြီးတဲ့အခါမှာ စေတီတော်ဝင်း ဝင်ပေါက်ကို ရောက်ပါတယ်။


အဝင်ပေါက်ကနေ လှမ်းကြည့်လိုက်ရင် မြေနိမ့်ချိုင့်ဝှမ်း ပရိဝုဏ်အတွင်းမှာ တည်ရှိနေတဲ့ မဟာဗောဓိ စေတီတော်ကြီးကို ဖူးမြင်နိုင်ပါတယ်။ စေတီတော်က လေးထောင့် အောက်ခြေရှိပြီး အထက်ကို ခပ်ပြေပြေလေး ရှုးပြီးတက်သွားပါတယ်။ မြန်မာပြည်က ပုဂံဘုရားအချို့နှင့် မန္တလေး ဗောဓိကုန်းက စေတီတွေက မဟာဗောဓိစေတီတော်ရဲ့ ပုံစံကို ယူပြီး တည်ဆောက်ထားတာပါ။ စေတီတော်ကြီးရဲ့ အနောက်ဖက်မှာ ဗောဓိညောင်ပင် ရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီးက စေတီ တည်ထားခဲ့တာပါ။ ခေတ်အဆက်မှာ အချို့မင်းတွေက ဒီစေတီတော်ကြီးကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြသလို့၊ အချို့မင်းတွေက ပြုပြင်မွမ်းမံ ထိမ်းသိမ်းခဲ့ကြပါတယ်။ ဒီစေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့တဲ့ မင်းတွေထဲမှာ မြန်မာနိုင်ငံက ကျန်စစ်သားမင်း၊ ဘိုးတော်ဘုရားမင်းနဲ့ မင်းတုန်းမင်းတို့ ပါဝင်ပါတယ်။



ဌမသတ္တာဟ - ဗောဓိပင်နှင့် ပလ္လင်တော် 


ပရိဝုဏ် ဝင်ပေါက်ကနေ အောက်ကိုဆင်းပြီး တည့်တည့် လျှောက်လိုက်ရင် စေတီတော်အတွင်းကို ဝင်တဲ့ အပေါက်ကို ရောက်ပါတယ်။ တဖက်တချက်မှာ ဘုရားအလောင်းတော် ရုပ်ပွားတော်တွေရှိပါတယ်။ စေတီတော်ရဲ့ အတွင်းလှိုဏ်ဂူထဲမှာတော့ အရှေ့ဖက်ကို မျက်နှာပြုပြီး တင်ပလ္လင်ထိုင်ကာ သီတင်းသုံးနေတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူရှိပါတယ်။ ဉာဏ်တော် ၁၀-ပေ လောက်မြင့်ပါတယ်။ ညာဖက်လက်က မြေမှာ ထိထားပြီး မိမိပြုခဲ့သော ပါရမီတို့အား မဟာပထဝီကြီးအား သက်သေပြုထားဟန် (ဘူမိဖဿမုဒြာ) ထုလုပ်ထားပါတယ်။ မူလစေတီတည်စဉ်က ရှိခဲ့တဲ့ ရုပ်ပွားတော်တော့ မဟုတ်ပါဘူး။ ယခုလက်ရှိ ရုပ်ပွားတော်က ဗြိတိသျှလူမျိုး ကျောက်စာဝန် အလက်ဇန်းဒါး ကန်နင်ဟန် (Alaxander Cunningham) က ၁၈၈၀-ခုနှစ်မှာ ဟိန္ဒူဘုန်းတော်ကြီး မဟန့် နန်းတော်ဝင်းအတွင်းကနေ ပင့်ဆောင်ပြီး စေတီတော်အတွင်းရှိ ယခုနေရာမှာ သီတင်းသုံးစေခဲ့တာပါ။ မူလကရှိခဲ့တဲ့ ရုပ်ပွားတော်က ရွှေနဲ့ထုလုပ်ထားပြီး မူစလင်တွေ ဖျက်ဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြောင်း ဘူချန်နန် (Buchanan) ရဲ့မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီရုပ်ပွားတော် သီတင်းသုံးနေတဲ့ ပလ္လင်ကို ဝဇိရာသနပလ္လင် လို့ခေါ်ပါတယ်။ ကျောက်သားဖြင့် ထုလုပ်ထားတာပါ။ ဝဇိရာသနရဲ့ လုံးကောက် အဓိပ္ပါယ်အရ “ဝဇိရ = စိန် + အာသန= နေရာ” ဖြစ်ပြီး အောင်တော်မူရာနေရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားမဖြစ်မီ အလောင်းတော် ရှုပွားမှတ်ဆင်ခြင်တော်မူခဲ့တဲ့ မဟာဝဇိရဝိပဿနာ ခေါ် စိန်သွားလို အလွန်ထက်မြက်တဲ့ ဝိပဿနာဉာဏ်တော်ကို ရည်ညွှန်းပြီး ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ “ဘုရားအဖြစ် မရောက်သမျှ ဤထက်ဝယ်ဖွဲ့ခွေထားသော တင်ပလ္လင်ကို မဖျက်တော့” ဆိုတဲ့ ဇွဲဝီရိယတော်ဖြင့် ထိုင်တော်မူခဲ့တဲ့အတွက် အပရာဇိတပလ္လင် (အရှုံးမပေးသော အောင်ပွဲခံ ပလ္လင်) လို့လည်း ခေါ်ပါတယ်။ ဝဇိရာသနပလ္လင်တော်ဟာ မဟာဗောဓိ ညောင်ပင်ရင်းမှာ တည်ရှိပြီး ပလ္လင်တခြမ်းကို စေတီတော်အတွင်းမှာ ငုံပြီး တည်ဆောက်ထားတာပါ။


 ဒီနောက် စေတီတော်လှိုဏ်ဂူအတွင်းကထွက်ပြီး စေတီတော်ရဲ့ အနောက်ဖက် ဗောဓိညောင်ပင်ကို သွားရောက် ပူဇော်ကြပါတယ်။ ဗောဓိပင်ရင်း ဝဇိရာသနပလ္လင်နေရာက မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးတဲ့နောက် ရက်သတ္တတပတ်ကြာ တထိုင်တည်း ဖလသမာ ပတ်ဝင်စားပြီး စံနေတော်ရာ ပဌမသတ္တာဟဌာန ဖြစ်ပါတယ်။ ယခုဖူးမြင်နေရတဲ့ ဗောဓိညောင်ပင်ကတော့ မူလဗောဓိပင် မဟုတ်တော့ပါဘူး။ မူလဗောဓိပင်ကို အသောကမင်းရဲ့ မိဖုရား တိဿရက္ခိတက ခုတ်လှဲပစ်ခဲ့ပါတယ်။ အသောကမင်းက အမြစ်ငုတ်ကို နို့ရည် သွန်းလောင်းကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့အခါ အံသြဖွယ်ရာ ပြန်လည်ပေါက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဘီစီ ၂-ရာစုလောက်က သုင်္ဂမင်း ပုသျှမိတြ (Pusyamitra)၊ ၂-ရာစုလောက်မှာ ဘင်္ဂလီမင်း သျှာသျှန်က (Shashanka) က ဗောဓိပင်ကို ခုတ်လှဲခဲ့ကြ ဖူးပါတယ်။ တရုတ်ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာတော့ အသောကမင်းကိုယ်တိုင် ဗုဒ္ဓဘာသာမဖြစ်သေးခင်က ဗောဓိပင်ကို ခုတ်လှဲခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယခုတွေ့မြင်နေရတဲ့ ဗောဓိပင်ကတော့ လေဒဏ်ကြောင့် ပြိုလဲသွားတဲ့ ဗောဓိပင်ကြီးရဲ့ မျိုးစေ့ကို ယူပြီး ကျောက်စာဝန် ကန်နင်ဟန် (Alaxander Cunningham) က ၁၈၇၆-ခုနှစ်မှာ စိုက်ပျိုးခဲ့တဲ့ အပင်လို့ သိရပါတယ်။ ကျောက်စာဝန် ကန်နင်ဟန်ဟာ တိမ်မြုတ်နေတဲ့ မဇ္ဈိမဒေသက ဗုဒ္ဓဝင်နေရာတော်တွေကို ပြန်လည်ထုတ်ဖော်ခဲ့ရာမှာ အလွန် ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာက ပဌမသတ္တာဟမှာ စံတော်မူပြီးတဲ့နောက် ဖလသမာပတ်က ထတော်မူတဲ့အခါ ပဋိစ္စသမုပါဒ်ကို အနုလုံပဋိလုံ ဆင်ခြင်တော်မူပြီး ဥဒါန်းဂါထာတော် သုံးပုဒ်ကို နှုတ်ဖြင့် ကျူးရင့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် ဘုရားအနေကဇာတင်တဲ့အခါ “အနေက ဇာတိသံသာရံ” အစချီတဲ့ စိတ်တော်ဖြင့် ကျူးရင့်တော်မူခဲ့တဲ့ မနသာဥဒါန်းကို ရွတ်ဖတ်ပြီးတဲ့နောက်၊ နှုတ်ဖြင့် ကျူးရင့်တဲ့ ဝစသာဥဒါန်း ဂါထာတော်ကို ရွတ်ဖတ် ပူဇော်လေ့ရှိပါတယ်။ ဘုရားဖူးအနေဖြင့် ပဌမသတ္တာဟကို ဖူးမြော်ပူဇော်တဲ့အခါ ဒီဥဒါန်းဂါထာတော်တွေကို ရွတ်ဖတ် ပူဇော်နိုင်ပါတယ်။

ဒုတိယသတ္တာဟ - အနိမိသစေတီ 


ဒုတိယ သတ္တာဟဌာန အနိမိသစေတီကုန်းက စေတီတော် ပရိဝုဏ် ဝင်ပေါက် အနီး ညာဖက်မှာ ရှိပါတယ်။ မဟာဗောဓိစေတီတော်နဲ့ ပုံစံတူ ခပ်သေးသေးအရွယ် စေတီတစ်ဆူ ရှိပါတယ်။ စေတီတော်ထဲမှာတော့ မတ်တပ်ရပ်နေတဲ့ သီဟနာဒ အဝလောကိတေသွာရ ဘုရားအလောင်းရုပ်ပွားတော် တစ်ဆူရှိပါတယ်။ ခြေရင်းမှာ ခြင်္သေ့ရုပ် ရှိပြီး လက်တဖက်က ကြာပန်းကို ကိုင်ထားတဲ့ဟန် ထုလုပ်ထားတာပါ။ တရုတ် မဟာယာနဗုဒ္ဓဘာသာဝင်တွေက ကွမ်ယင်မယ်တော်အဖြစ် ကိုးကွယ်ကြသလို၊ ဒေသခံတွေကတော့ တာရာဒေဝီ နတ်သမီးအဖြစ် ကိုးကွယ်ကြပါတယ်။ မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ဗောဓိပင်ရင်းမှာ ၇-ရက်တိုင်တိုင် ဖလသမာပတ် ဝင်စားနေတဲ့အတွက် နတ်ဗြဟ္မာတွေက “အရှင်သည် မထသေး၊ ဘုရားအဖြစ်သို့ ရောက်ရန် အခြားအားထုတ်ဖွယ် တရားများ ကျန်သေးသလား” လို့ သံသယဖြစ်ကြပါတယ်။ ဒီသံသယကို ဖျောက်ဖို့အတွက် ပဌမသတ္တာဟက ထတော်မူတဲ့အခါမှာ ရေမီးအစုံ ယမိုက်ပြဋိဟာတန်ခိုး ပြတော်မူပါတယ်။ အဲဒီနောက် ဗောဓိမဏ္ဍိုင်ကနေ အရှေ့ယွန်းယွန်း မြောက်အရပ် အနိမိသစေတီယဌာနတွင် မတ်မတ်ရပ်ပြီး မျက်စိမမှတ်ဘဲ ၇-ရက်တိုင်တိုင်း ဗောဓိပင်ရင်းကို ကြည့်ရှုတော်မူခဲ့တယ်လို့ အဋ္ဌကထာကျမ်းများမှာ ဖော်ပြကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းအရဆိုရင်တော့ အနိမိသစေတီဟာ ယခုနေရာတွင် မဟုတ်ဘဲ မဟာဗောဓိစေတီရဲ့ မြောက်ဖက်အရပ်မှာ ရှိမှာဖြစ်ပါတယ်။


တတိယသတ္တာဟ - ရတနာစင်္ကမစေတီ 


အနိမိသစေတီအရပ်မှာ ၇-ရက်ကြာ သီတင်းသုံးပြီးတဲ့နောက် အပရာဇိတပလ္လင်နေရာနှင့် အနိမိသစေတီ အကြားမှာ နတ်ဗြဟ္မာတို့ဖန်ဆင်းတဲ့ ရတနာစင်္ကြံတော်မှာ ၇-ရက်တိုင်တိုင် အရှေ့အနောက် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူတယ်လို့ အဋ္ဌကထာကျမ်းများ မှာဖော်ပြပါတယ်။ တတိယမြောက် ရတနာစင်္ကမ သတ္တာဟဌာန ဖြစ်ပါတယ်။ စေတီတော်ရဲ့ မြောက်ဖက် နံဘေးမှာကပ်လျှက် တည်ရှိပါတယ်။ အထိမ်းအမှတ်အဖြစ် အမြင့် ၃-ပေ၊ အလျှား ပေ-၆၀ ရှိတဲ့ အုတ်ခုံတခု ရှိပါတယ်။ အုတ်ခုံပေါ်မှာ ကြာပွင့်လေးများ ထုလုပ်ထားတယ်လို့ ဆိုပါတယ်။ မိမိတို့ ရောက်ချိန်မှာတော့ တိဘက်တွေက ဒီအုတ်ခုံပေါ်မှာ ကန်တော့ပွဲတင်သလို ရေခွက်၊ ဆန်ခွက်၊ ပန်းအလှဖော်ထားတွေကို တင်ပြီး ပူဇော်ထားတဲ့အတွက် အုတ်ခုံပေါ်က ကြာပွင့်တွေကိုတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အုတ်ခုံနံဘေး အောက်ခြေမှာ ကြာပွင့်သဏ္ဍာန် ထုလုပ်ထားတာ စေတီငယ်လေးတွေကိုတော့ ဖူးခဲ့ရပါတယ်။



စတုတ္ထသတ္တာဟ - ရတနာဃရ ရွှေအိမ်


စတုတ္ထမြောက် သတ္တာဟကို ရောက်တဲ့အခါတော့ နတ်ဗြဟ္မာတို့ ဖန်ဆင်းတဲ့ ရတနာဃရ ရွှေအိမ်မှာ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တဲ့အခါမှာတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်က ကျယ်ဝန်းစွာ ကွန့်မြူးခွင့်ရတဲ့ အတွက် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးပေါ်ထွက်လာတယ်လို့ အဋ္ဌကထာကျမ်းများ ဖော်ပြကြပါတယ်။ စတုတ္ထသတ္တာဟ ရတနာဃရ ရွှေအိမ်က မဟာဗောဓိ စေတီတော်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပါတယ်။ အုတ်တိုက် ကျောင်းဆောင တစ်ခုပါ။ အမိုးမရှိတော့ဘဲ နံရံတွေဘဲ ကျန်ပါတယ်။ ဒီနေရာမှာ ဘုရားဖူးများ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော် ရွတ်ဖတ် ပူဇော်လေ့ ရှိကြပါတယ်။

ပဉ္စမသတ္တာဟ - ဆိတ်ကျောင်းညောင်ပင် (အဇပါလနိဂြောဓ)


ပဉ္စမသတ္တာဟဖြစ်တဲ့ အဇပါလနိဂြောဓ ညောင်ပင်နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့ဖက်အရပ် (မဟာဗောဓိစေတီတော်နှင့် စေတီတော်ဝင်း ပရိဝုဏ်မုခ်ဦး အကြား လူသွားလမ်းပေါ်) မှာ တည်ရှိပါတယ်။ ညောင်ပင်တော့ မရှိတော့ပါဘူး။ အထိမ်းအမှတ်ကျောက်စာတိုင်နှင့် အင်္ဂလိပ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာ ရှိပါတယ်။ ဥဒါန်း၊ ဝိနည်းမဟာဝါစတဲ့ ပါဠိတော်တွေမှာတော့ ဘုရားအဖြစ်ရောက်တော်မူစ ဗောဓိပင်ရင်းမှာ ရက်သတ္တပတ်ကြာ စံတော်မူပြီး ဖလသမာပတ်က ထတဲ့အခါ အဇပါလနိဂြောဓ (ဆိတ်ကျောင်းသားတွေ နားခိုလေ့ရှိတဲ့ ညောင်ပင်) ကို ကြွတော်မူခဲ့တယ်လို့ တွေ့ရပါတယ်။ အဋ္ဌကထာဆရာများက ဗောဓိပင်ရင်းမှ အဇပါလညောင်ပင်သို့ ချက်ချင်းကြွတော်မူတာ မဟုတ်ဘဲ၊ ယမိုက်ပြဋိဟာပြတော်မူပြီးတဲ့နောက် အနိမိသစေတီ၊ ရတနာစင်္ကမစေတီ၊ ရတနာဃရစေတီတို့မှာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီး ပဉ္စမသတ္တာဟ ရောက်မှ အဇပါလညောင်ပင်ကို ကြွတော်မူခဲ့တယ်လို့ ဖွင့်ပြကြပါတယ်။

 မြတ်စွာဘုရား အဇပါလညောင်ပင်မှာ စံနေတော်မူစဉ် ဟုံဟုံက (မာန်မာန တဟုန်းဟုန်းတက်နေသူ) လို့ အမည်ရတဲ့ ဗြာဟ္မဏတစ်ဦး ရောက်လာပြီး “အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏ ဟုခေါ်ပါသနည်း” လို့ မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ မြတ်စွာဘုရားက “မကောင်းမှုကို အပပြုထားပြီး၊ မာန်မာန တဟုန်းဟုန်းတက်ခြင်း မရှိ၊ (ကိလေသာ) အစွန်းအထင်း မရှိဘဲ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်သော ဝေဒဂူပုဂ္ဂိုလ်သည် ဗြာဟ္မဏမည်၏” ဟု အဓိပ္ပါယ်ရတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော်မူပါတယ်။ တနည်းအားဖြင့်လည်း အမျိုးလေးပါးအနက် ဗြာဟ္မဏအမျိုးဇာတ်က ဆင်းသက်လာပြီး ဝေဒကျမ်းဂန်တွေကို တဖက်ကမ်းခပ် တတ်မြောက်သူကိုမှ အမျိုးမြတ်တဲ့ ဗြာဟ္မဏလို့ ခေါ်တာမဟုတ်ပါဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။ ဒီအကြောင်းကို အကျဉ်းခြုံးပြီး အင်္ဂလိပ်ဘာသာနဲ့ “Only by one deeds one becomes a Brahmana, not by birth” လို့ ကမ္ပည်းထိုးထားပါတယ်။

သတ္တသတ္တာဟ ၇-ဌာနမှာ တနေရာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီးတဲ့နောက် ဗုဒ္ဓမြတ်စွာက ဒီအဇပါလညောင်ပင်ရင်းကို ပြန်လာပြီး သီတင်းသုံးတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ တရားတော်ရဲ့ လေးနက်အသိခက်ပုံ ဆင်ခြင်ပြီး တရားမဟောဘဲနေဖို့ အကြံဖြစ်တဲ့အတွက် သဟမ္ပတိဗြဟ္မာမင်း ရောက်လာပြီး “လောကမှာ ကိလေသာ ပါးတဲ့သူတွေလည်း ရှိပါသေးတယ်၊ တရားနာကြားခွင့်မရလို့ ဆုံးရှုံးနေကြရပါတယ်၊ ထိုသူတွေအတွက် တရား ဟောတော်မူပါ” လာရောက် တောင်းပန်ခဲ့ပါတယ်။ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ ဣန္ဒြေ အနုအရင့်၊ ကိလေသာအထူအပါးကို ဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီး တရားဟောမယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် အဇပါလညောင်ပင်ရင်းဟာ လောကသားတို့အတွက် “နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပြီ” ဟု ကြေညာခဲ့ရာ သာသနာ့သမိုင်းဝင် နေရာတခုလည်း ဖြစ်ပါတယ်။

ဆဋ္ဌမသတ္တာဟ - ကျည်းပင်ရင်း (မုစလိန္ဒမူလ) 


မဟာဗောဓိစေတီတော်ရဲ့ အပြင်ဖက်ပတ်လမ်းက နေထွက်ပြီး တောင်ဖက်ကို သွားရင် ထိပ်ပိုင်းပြတ်နေတဲ့ အသောက ကျောက်စာတိုင် အကျိုးတစ်ခုရှိပါတယ်။ မှတ်တမ်းအရဆိုရင် ကျောက်တိုင်ထိပ်မှာ ဆင်ရုပ်ရှိခဲ့ပါလိမ့်မယ်။ ဘုရားဖူးအချို့က ဆုတောင်းအဓိဋ္ဌာန်ပြုပြီး အကြွေစေ့လေးတွေကို တိုင်ထိပ်မှာ တင်အောင် ပစ်နေကြတာကို တွေ့ခဲ့ရတယ်။ အဲဒီကျောက်တိုင်ကနေ တောင်ဖက်ကို ဆက်သွားရင် မုစလိန္ဒာအိုင်ကို ရောက်ပါတယ်။ ရေကန်အလယ်မှာ မြန်မာနိုင်ငံက တည်ထားတဲ့ နဂါးရုံဘုရား တစ်ဆူရှိပါတယ်။ မြတ်စွာဘုရားရှင်က ဆဋ္ဌမမြောက် ရက်သတ္တပတ်မှာ ဗောဓိပင်ရဲ့ အရှေ့တောင်ဖက်ရပ်ရှိ ကျည်းပင်ရင်း (မုစလိန္ဒမူလ) မှာ စံတော်မူပါတယ်။ အဲဒီအချိန်မှာ ၇-ရက်ပတ်လုံး အခါမဲ့မိုးကြီး ရွာတဲ့အတွက် အနီးနားက မုစလိန္ဒာအိုင်မှာနေတဲ့ နဂါးမင်းက မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို ခုနှစ်ထပ် ရစ်ပတ်ပြီး ဦးခေါင်းတော်ကို ပါးပြင်းဖြင့် အုပ်မိုးပေးခဲ့ဖူးပါတယ်။

သတ္တမသတ္တာဟ - လင်းလွန်းပင်ရင်း (ရာဇာယတနမူလ) 


 မဟာဗောဓိစေတီတော်ကနေ တောင်ဖက်ကို သွားရင် အုတ်လက်ရန်းတွေ ကာရံထားတဲ့ သတ္တမ သတ္တာဟ သီတင်းသုံးတော်မူရာ လင်းလွန်းပင် (ရာဇာရတန) ကို ရောက်ပါတယ်။ ယခုတွေ့နေရတဲ့ လင်းလွန်းပင်က မြန်မာနိုင်ငံက ဗိုလ်မှူးကြီး လှအောင် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ မြတ်စွာဘုရားရှင် လင်းလွန်းပင်ရင်းမှာ စံတော်မူစဉ် ဥက္ကလာပတိုင်းကနေ ကုန်ကူးလာတဲ့ တပုဿနှင့် ဘလ္လိ ညီနောင်တို့က မြတ်စွာဘုရားကို ပျားရည်ဖြင့် ပြုလုပ်ထားတဲ့ မုန့်အချိုတွေကို ဆက်ကပ်လှူဒါန်းပါတယ်။ အဲဒီညီနောင်က ဘုရားရှင်ထံမှာ ပထမဆုံး သရဏဂုံ ဆောက်တည်ခဲ့ကြတဲ့ ဥပါသကာတွေ ဖြစ်ပါတယ်။ သံဃာရတနာ မပေါ်ထွန်းသေးတဲ့အတွက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ (ဒွေဝါစိက သရဏဂမန) သရဏဂုံ နှစ်ပါးကိုသာ ဆောက်တည်ခဲ့ကြရပါတယ်။ တပုဿနှင့် ဘလ္လိ ညီနောင်ကို မြတ်စွာဘုရားက ဆံတော်နှစ်ဆူ ချီးမြင့်တော်မူခဲ့ပါတယ်။ ဒီညီနောင်က မြန်မာလူမျိုးများဖြစ်တဲ့အတွက် မြန်မာတွေက ပထမဆုံး သရဏဂုံတည်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်လို့ ဂုဏ်ယူပြောဆိုလေ့ ရှိကြပါတယ်။

မဟာဗောဓိစေတီတော်ဝင်း မြေပုံ


၁။ စေတီတော်ဝင်ပေါက်မုခ်ဦး
၂။ ဗုဒ္ဓပါဒစေတီ
၃။ ဟိန္ဒူဘုရားကျောင်း
၄။ မဟာဗောဓိစေတီတော်
၅။ ဝဇိရာသနပလ္လင် (အတွင်း)
၆။ ဗောဓိပင်
၇။ ဝဇိရာသနပလ္လင် (အပြင်)
၈။ ကျောက်ခြေတော်ရာ  
၉။ ရတနာစင်္ကမစေတီ
၁၀။ ကျောက်လက်ရန်း
၁၁။  ရတနာဃရစေတီ
၁၂။ အနိမိသစေတီ
၁၃။ ရဟန်းတော်ရွှန်ကျန် မှတ်တမ်းအရ အနိမိသစေတီ
၁၄။ အရှေ့တောင်ဖက်ရှိ စေတီ
၁၅။ အသောကကျောက်တိုင်
၁၆။ အသောကစေတီ 
၁၇။ မဟာနာမစေတီ
၁၈။ မဟာဗောဓိစေတီတော် အပြင်ဖက်ပရဝုဏ်တံတိုင်း

5 comments:

Aunty Tint said...

၇ ဌာနကို ပုံတွေနဲ့အတူ အသေးစိတ် ရှင်းလင်းပြသွားတဲ့အတွက် နောက်တစ်ကြိမ် ဗုဒ္ဓဂါယာကို ပြန်ရောက်သွားသလိုပါပဲ သီတာရေ။
မိသားစုနဲ့ နောက်တစ်ကြိမ်ဖူးခွင့်ကြုံဘို့ ဆုတောင်းခဲ့ပေမယ့် မပြည့်သေးဘူးး)အခုလို တိတိကျကျလေးရှင်းပြတာ ကျေးဇူးပါနော်။
ကန်နင်ဟန် (Alaxander Cunningham)ကိုလည်း အမှန်တကယ်ကျေးဇူးတင်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မဟာဗောဓိကို ဖူးမြင်ရတိုင်း သမ္ဗောဓိပရာယနကို နားလည်ဖို့ ကြိုးစားမိတယ်။

မငုံ said...

မ့ရေ... မငုံ ဗုဒ္ဓဂါယာကို တအားရောက်ဖူးချင်တာ...အခုချိန်ထိတော့ ဆန္ဒမပြည့်သေးဘူး. ဗုဒ္ဓဂါယာဘုရားဖူးခွင့်ရတဲ့သူတိုင်းကို တအား အားကျတာပဲ. သီတဂူဆရာတော်ဘုရားရဲ့ဗုဒ္ဓဂါယာအကြောင်း တီဗွီမှာလာတိုင်း မပျက်မကွက် ကြည့်နေဆဲပဲ..

maythet said...

ဗုဒ္ဓဂါယာကိုနိုဝင်ဘာလတွင်သွားရောက်မည်ဖြစ်သောကြောင့်ကူးယူခွင့်ပြုပါရှင့်။
မည်သည့်စာမျက်နှာတွင်မှဖော်ပြခြင်းမပြုပါ။
စာပါအတိုင်းကြည်ညိုချင်လို့ပါ
ကျေးဇူးအထူးတင်ပါသည်။

Sonata Cantata said...

Please feel free to copy.