စတုတ္ထနေ့မှာတော့ ဗာရာဏသီမြို့ ဆေးဝင်္ကပါကျောင်းကနေ သင်္ကဿနဂိုရ်ကို ခရီးဆက်ကြပါတယ်။ ဗာရာဏသီနဲ့ သင်္ကဿက ခရီးမိုင် ၃၀၀ ကျော် ဝေးပါတယ်။ လမ်းခရီးမှာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်တို့ ပေါင်းဆုံရာ အလ္လာဟာဘတ်မြို့အနီးက ဖြတ်သွားရပါတယ်။ ဂင်္ဂါ၊ ယမုံနာ၊ သူရဿတီဆိုတဲ့ မြစ်ကြီးသုံးစင်း (မယ်တော်ကြီးသုံးပါး) ပေါင်းဆုံရာ “တြိဝေနိ သင်္ဂမ” လို့ ဟိန္ဒူဘာသာဝင်တွေက အထွတ်အမြတ် ထားကြပါတယ်။ သူရဿတီမြစ်ကတော့ ယခုအခါ အထင်အရှား မရှိတော့ပါဘူး။ ဟိန္ဒူဘာသာဝင်တွေကတော့ မြေအောက်ကနေ စီးဆင်းနေတဲ့ မြစ်တစင်းလို့ ယုံကြည်ကြပါတယ်။ အလ္လာဟာဘတ်ကို ရှေးခေတ်က ပယာဂဆိပ်ကမ်းမြို့လို့ ခေါ်ခဲ့ကြပါတယ်။
ကားစက်ရုံ၊ အထည်အလိပ်စက်ရုံစတဲ့ စက်ရုံကြီးတွေရှိတဲ့ ကန်ပူရ် (Kanpur) မြို့နားကလည်း ဖြတ်သွားရပါတယ်။ ဧတဝါမြို့ (Etawah) ကို ကျော်တော့ ဖြတ်လမ်းကနေ ပြောင်းပြီး မောင်းတဲ့ အတွက် လမ်းက အတော်လေး ဆိုးလာပါတယ်။ လမ်းက ဆိုးရတဲ့အထဲ ကားလေအိပ်ပေါက်သွားတဲ့အတွက် လှည်းကြမ်း စီးနေရသလို ခုန်ပေါက်နေပါတယ်။ မှောင်မဲနေတဲ့ မြေလမ်းကနေ မောင်းရင်း ည ၈-နာရီလောက်မှ သင်္ကဿ မြန်မာကျောင်းကို ရောက်ပါတယ်။
နောက်နေ့ မနက်စောစောမှပဲ အသောကမင်းတည်ထားခဲ့တဲ့ အစလစေတီကုန်းကို ဘုရားဖူး သွားကြပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ဝါတွင်းသုံးလ အဘိဓမ္မာတရား ဟောကြားပြီးတဲ့နောက်၊ မြတ်စွာဘုရားက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဆိုတဲ့ စောင်းတန်း သုံးသွယ်နဲ့ သင်္ကဿနဂိုရ် မြို့တံခါးဝကို ဆင်းသက်ခဲ့ပါတယ်။ ဒီနေရာမှာ အသောကမင်း တည်ထားခဲ့တဲ့စေတီ လို့သိရပါတယ်။ အခုအချိန်မှာတော့ အုတ်ပုံတောင်ကုန်း တခုဖြစ်နေပါတယ်။ ကုန်းပေါ်တက်ဖို့ လမ်းကောင်းကောင်းတောင် မရှိပါဘူး။ အုတ်ကျိုးအုတ်ပဲ့တွေကြားကပဲ သတိထား တက်ကြရပါတယ်။ ကုန်းပေါ်ကနေ လယ်ကွင်းတွေကို တမျှော်တခေါ် လှန်းမြင်နေရပါတယ်။ ဂြိုဟ်တုကရိုက်ထားတဲ့ မြေပုံမှာတွေ့ရတဲ့ မြို့ရိုးဟောင်းနေရာတွေကို မှန်းပြီး ရှာကြည့်ပေမယ့် မတွေ့ရပါဘူး။ ကုန်းထက်က မြေညီပြင်မှာ နတ်ကွန်းနှစ်ခု ရှိပါတယ်။ တခုက ဆေးအဖြူသုတ်ထားပြီး တစ်ခုက ဆေးအနီ သုတ်ထားပါတယ်။ ဘယ်ဟာက ဗာသရီနတ်ကွန်း (Basari Devi) ဆိုတာတော့ မသိခဲ့ရပါဖူး။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ စေတီကုန်း ထိပ်နားက တမာပင်ရင်းမှာပဲ ဒီနေရာဟာ “မြတ်စွာဘုရား တာဝတိံသာနတ်ပြည်က ဆင်းသက်တော်မူခဲ့ရာ စောင်းတန်း လှေကားရင်း ” နေရာဖြစ်တယ်လို့ စိတ်ရည်မှန်းပြီး “နမောတဿ” ဘုရားရှိခိုးကို သုံးကြိမ် ရွတ်ဆိုပြီး ဘုရားကန်တော့ကြပါတယ်။ အချို့လည်း တမာပင်ကို ရွှေချကြပါတယ်။ ၁၀-မိနစ်လောက်ပဲ စေတီကုန်းပေါ်မှာ နေပြီး ပြန်ဆင်းခဲ့ကြပါတယ်။ စေတီကုန်း အဆင်းမှာ ဆင်ရုပ်ပုံ အသောကကျောက်စာ ထိပ်ပိုင်းရှိပါတယ်။ မလှမ်းမကမ်းက နတ်ကွန်းပုံစံ အဆောက်အုံမှာတော့ စောင်းတန်းသုံးသွယ်နဲ့ နတ်ဗြဟ္မာတွေ ခြံရံပြီး ဆင်းသက်လာဟန် ထုလုပ်ထားတဲ့ ဆင်းတုတော် တစ်ဆူရှိပါတယ်။ လင်းနို့သား ဖြစ်ခဲ့ဖူးတဲ့ ရဟန်းတော်ငါးရာကို ရှင်သာရိပုတြာက မကျဉ်းမကျယ်သော အဘိဓမ္မာဒေသနာ ပြန်လည် ဟောကြားပို့ချတော်မူခဲ့တဲ့ နေရာကိုတော့ မရောက် ဖြစ်ခဲ့တော့ပါဘူး။ မနက် ၈-နာရီလောက်မှာပဲ သင်္ကဿကနေ နယူးဒေလီကို ခရီးဆက်ခဲ့ကြရပါတယ်။ ခရီးမိုင် အဝေးကြီး လာခဲ့ကြရပေမယ့် သင်္ကဿကို ရောက်ဖူးတယ် ဆိုနိုင်ရုံလောက်ပဲ ရှိပါတယ်။
သင်္ကဿနဂိုရ်အကြောင်း အသေးစိတ်နဲ့ အစလစေတီတော် သမိုင်းကြောင်းကိုတော့ အရင်က ရေးခဲ့ဖူးတဲ့ “သင်္ကဿနဂိုရ် http://sonata-cantata.blogspot.sg/2012/10/blog-post_28.html” ပို့စ်ကို ပဲ ပြန်ညွှန်းပါရစေ။

အစလစေတီကုန်း |
စေတီကုန်းထက်က နတ်ကွန်း |
သင်္ကဿနဂိုရ်အကြောင်း အသေးစိတ်နဲ့ အစလစေတီတော် သမိုင်းကြောင်းကိုတော့ အရင်က ရေးခဲ့ဖူးတဲ့ “သင်္ကဿနဂိုရ် http://sonata-cantata.blogspot.sg/2012/10/blog-post_28.html” ပို့စ်ကို ပဲ ပြန်ညွှန်းပါရစေ။
1 comments:
တန်ဘိုးကြီးလှတဲ့ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တစ်လျှောက်လုံးကို အသေးစိတ်ရေးသား မျှဝေပေးတဲ့အတွက် သာဓု သာဓု သာဓု။
အမြဲတန်းအလွယ်တကူ ပြန်ဖတ်နိုင်ဘို့အတွက် သီတာ့ဆီကနေ တင်သမျှအားလုံးယူပြီး PDF file နဲ့သိမ်းလိုက်တယ်။ ကျေးဇူးအများကြီးတင်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment