Wednesday, February 20, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၃) - မိဂဒါဝုန်

ငါသည် ဓမ္မစကြာတရား ဟောရန် ကာသိတိုင်း၏ မြို့တော် (ဗာရာဏသီ) သို့ သွားအံ့။ အကန်းနှင့်တူသော လောက၌ အမြိုက် စည်ကြီးကို ရိုက်တီးပေအံ့။ (ဝိနည်းမဟာဝါ၊ ပဉ္စဝဂ္ဂိယကထာ)
မဟာဗောဓိစေတီတော်နဲ့ ဗုဒ္ဓဂယာ အနီးတဝိုက်ကို လေ့လာဖူးမြော်ပြီးတဲ့နောက် တတိယနေ့မှာ မိဂဒါဝုန်ကို ခရီးဆက်ကြပါတယ်။ ကလကတ္တား-ဒေလီ သွားတဲ့ အမှတ် (၂) အဝေးပြေးလမ်းမကနေ သွားတာပါ။ လမ်းတဝက်လောက်မှာ ဆုန်မြစ်ကို ဖြတ်ရပါတယ်။ ဆုန်မြစ်က မြစ်ပြင် အတော်ကျယ်ပေမယ့် ရေမရှိသလောက် နည်းပါတယ်။ လမ်းတလျှောက်မှာ မုန်ညင်းခင်းတွေ၊ အုတ်ဖိုတွေ၊ ကျောက်မီးသွေးတင်တဲ့ ကားတွေကို တွေ့ရပါတယ်။ နွားနို့တင်တဲ့ ကားတစီးကိုလည်း တွေ့ခဲ့ရပါသေးတယ်။ လမ်းက ဆိုင်တဆိုင်မှာ ဝင်ပြီး နေ့လည်စာ စားကြပါတယ်။ ဆိုင်က ပါပဒါနဲ့ လက်ဖက်ရည်ပဲ ဝယ်ပြီး၊ ဗုဒ္ဓဂယာက ချက်ပြီးယူလာတဲ့ ထမင်းဟင်းတွေကို ကျွေးတာပါ။ ဟင်းကတော့ ခပ်ခြောက်ခြောက် ကျော်ထားတဲ့ ကြက်သားကျော်နဲ့ ခရမ်းချဉ်သီး ချက်ပါ။ နောက်ပိုင်း ခရီးစဉ် တလျှောက်လုံးလိုလိုမှာလည်း ဒီဟင်းနှစ်မျိုးကတော့ ပင်တိုင်ပါ ပါတယ်။ နေ့လည် ၁၂-နာရီလောက်မှာ ဂင်္ဂါမြစ်ကူး တံတားကို ဖြတ်ကျော်ပြီးတော့ ဗာရာဏသီကို ရောက်တယ်။
ဗာရာဏသီသည် သမိုင်းထက် ရှေးကျ၏။ ရိုးရာအစဉ်အလာတို့ထက်လည်း ရှေးကျ၏။ ဒဏ္ဍာရီထက်ပင် ပို၍ ရှေးကျသေးသည်။ ထိုအရာအားလုံး ပေါင်းခြုံလိုက်သော် နှစ်ပြန်မျှ ပို၍ပင် ရှေးကျသွားလေ၏။ (Mark Twain)
ဇာတ်နိပါတ် ပုံဝတ္ထုအတော်များများမှာ “ဟိုးရှေးရှေး ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ်အခါက …” လို့ အစပျိုးလေ့ရှိတဲ့အတွက် “မင်းမသိ ဗြဟ္မဒတ်၊ တိုင်း မသိ ဗာရာဏသီ” လို့တောင် ဆိုရိုး ရှိပါတယ်။ ဂင်္ဂါမြစ်ထဲကို စီးဝင်နေတဲ့ ဝရုဏနဲ့ အဿိ ဆိုတဲ့ မြစ်လက်တက် ငယ်လေးနှစ်ခု ကြားမှာတည်ထားတဲ့ မြို့လို့ ဗာရာဏသီလို့ အမည်ရတာပါ။
ရှေးပဝေဏီက ဗာရာဏသီဟာ ကာသိတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အတော်လေး အချက်အချာ ကျခဲ့ပါတယ်။ နောက်တော့ ကာသိတိုင်းရဲ့ နိုင်ငံရေးသြဇာက တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး အင်အားကြီးလာတဲ့ ကောသလတိုင်းရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရတယ်။ ဗုဒ္ဓခေတ်ကို ရောက်တော့ မဂဓတိုင်းပြည့်ရှင် ဗိမ္ဗိသာရမင်းနဲ့ ပသေဒနီကောသလမင်းရဲ့ ညီမ ကောသလဒေဝီ (ဝေဒေဟီမိဖုရား) တို့ နှစ်ပြည်ထောင် ချစ်ကြည်ရေးနေနဲ့ လက်ဆက်ကြတဲ့အခါ ကာသိတိုင်းကို မင်္ဂလာလက်ဖွဲ့ ပေးလိုက်တဲ့အတွက် မဂဓတိုင်းအောက် ရောက်ရှိ သွားပြန်ပါတယ်။ အဇာတသတ်က ခမည်းတော် ဗိမ္ဗိသာရမင်းကို လုပ်ကြံပြီး နန်းတက်လာတဲ့ အခါမှာ ပသေနဒီကောသလမင်းက ကာသိတိုင်းကို ပြန်သိမ်းဖို့ ကြိုးစားပါတယ်။ ကာသိတိုင်းကို အကြောင်းပြုပြီး ကောသလနဲ့ မဂဓတို့ အကြိမ်ကြိမ် စစ်ခင်းခဲ့ကြတဲ့ အကြောင်းကို ကောသလသံယုတ်မှာ တွေ့ရပါတယ်။ နောက်ဆုံးတိုက်ပွဲမှာ ပသေနဒီကောသလမင်းက စစ်နိုင်ပေမယ့် ဖမ်းမိထားတဲ့ တူတော် အဇာတသတ်မင်းကို မသတ်ဘဲ ပြန်လွှတ်ပေးလိုက်ရုံမက၊ သမီးတော်နဲ့ လက်ဆက်ပေးပြီး ကာသိတိုင်းကိုပါ ပြန်ပေးခဲ့တယ်။

ကာသိတိုင်းဟာ လက်အောက်ခံ တိုင်းနိုင်ငံတခု ဖြစ်သွားခဲ့ရပေမယ့်၊ အနောက်ဖက်က တက္ကသိလာ၊ မြောက်ဖက်က သာဝတ္ထိ၊ အရှေ့ဖက်က ရာဇဂြိုဟ်မြို့ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ကုန်သွယ်ရေး စီးပွားရေးမှာ အချက်အချာကျတဲ့ မြို့ကြီးတမြို့ အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ကာသိတိုင်းထွက် အဝတ်အထည်နဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးကောင်းကြောင်း ဗုဒ္ဓစာပေတွေမှာ မကြာခဏ ဖော်ပြတတ်တယ်။ “ကာသိတိုင်းဖြစ် အဝတ်အစား၊ အမွှေးနံသာကိုပဲ သုံးခဲ့တယ်။ ကာသိတိုင်းထွက် မဟုတ်ရင် မသုံးဖူး” လို့ သိဒ္ဓတ္ထမင်းသားဘဝက ချမ်းချမ်းသာသာ စည်းစိမ် ခံစားနေထိုင်ခဲ့ပုံကို အင်္ဂုတ္တရနိကာယ် သုခမာလာသုတ်မှာ ဟောဖူးပါတယ်။ ဒီနေ့ထိလည်း ဗာရာဏသီထွက် ပိုးဆာရီ၊ ကောဇော၊ နံ့သာဖြူပုတီး စတဲ့ ကုန်ပစ္စည်းတွေက ကျော်ကြားဆဲပါ။

မိဂဒါဝုန်က ဗာရာဏသီရဲ့ မြောက်ဖက် ၆-မိုင်လောက်အကွာမှာ ရှိတယ်။ ကားလမ်းတွေ ကြပ်နေတဲ့အတွက် မိဂဒါဝုန်ကို ရောက်အောင် ၂-နာရီလောက် မောင်းရပါတယ်။ ရှုတ်ထွေးနေတဲ့ လမ်းဆုံတခုရဲ့ အလယ်က ကင်းတဲထဲမှာ ခပ်အေးအေး တပလ္လင်ခွေပြီး ထိုင်နေတဲ့ ယာဉ်ထိမ်းရဲကို တွေ့ခဲ့ရတယ်။ တနေရာမှာလည်း ယာဉ်ထိမ်းရဲက တုတ်တစ်ချောင်းနဲ့ ကားဖင်ကို ရိုက်ပြီး မောင်းခိုင်းနေတာကို တွေ့ရပြန်တယ်။ ကားက ဗာရာဏသီမြို့ ရထားဘူတာရုံကြီးရှေ့က ဖြတ်မောင်းပါတယ်။ နိုင်ငံခြား ခရီးသွားတွေ စိတ်ဝင်တစား သွားရောက် လေ့လာလေ့ရှိကြတဲ့ ဗာရာဏသီရဲ့ ဂင်္ဂါဆိပ်ကမ်းတွေကိုတော့ မရောက်ခဲ့ရပါဘူး။



မိဂဒါဝုန်ဆိုတာက ဘေးမဲ့တော (မိဂ = သားသမင် + ဒါယ = ပေး + ဝန = တော) လို့ အဓိပ္ပါယ်ပါတယ်။ ဓမ္မစကြာတရားဟောခဲ့တဲ့ ဘေးမဲ့တောရဲ့ အမည်က “ဣသိပတန” ပါ။ ဒီနေ့ခေတ်မှာတော့ မိဂဒါဝုန်ကို ဆာရ်နာထ် (Sārnāth) လို့ ခေါ်ပါတယ်။ မြန်မာတွေထွက်တဲ့ ပါဠိအသံထွက်နဲ့ ဆိုရင်တော့ “သာရနာထ” လို့ ဆိုရမှာပါ။ ဒီနာမည်က သာရင်္ဂနာထ (သမင်တို့၏ ခိုကိုးရာ) ဆိုတဲ့ စကားက ဆင်းသက်လာပုံရတယ်လို့ ဆိုပါတယ်။ အလောင်းတော် ရွှေသမင်မင်းက ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ သမင်မတကောင် ကိုယ်စား အသေခံဖို့ လည်စင်းပေးခဲ့အတွက်၊ ဗြဟ္မဒတ်မင်းက ကြည်ညိုလေးစားသွားပြီး ဒီအရပ်မှာ ရှိတဲ့ သမင်တွေနဲ့ အခြားတိရစ္ဆာန်တွေကို ဘေးမဲ့ပေးခဲ့တယ်လို့ နိဂြောဓမိဂဇာတ်ကို ကိုးကားပြီး ပြောကြတာပါ။



ချောက်ခန္ဒီစေတီ

မြတ်စွာဘုရားပုံတော်နဲ့ “ဆာရ်နာထ်မှ ကြိုဆိုပါ၏” စာတမ်းထိုးထားတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး မကြာမီမှာပဲ ပဉ္စဝဂ္ဂီ ၅-ဦးတို့က မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခဲ့ကြတဲ့ နေရာကို ရောက်ပါတယ်။ အလောင်းတော်က ဥရုဝေလာတောမှာ ဒုက္ကရစရိယာ (ပဓာန) အကျင့်ကို စွန့်ပြီး အစာအာဟာပြန် မှီဝဲတော့၊ အလောင်းတော်ကို အလုပ်အကြွေးပြုနေကြတဲ့ ပဉ္စဝဂ္ဂီ ရဟန်း ၅-ပါးတို့က အလောင်းတော်နဲ့ လမ်းခွဲပြီး မိဂဒါဝုန်မှာ လာရောက် နေထိုင်ခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွာက ဓမ္မစကြာ တရားဟောဖို့အတွက် သူတို့ရှိရာ မိဂဒါဝုန်ကို ဗုဒ္ဓဂယာကနေ ခြေလျင်ခရီးနဲ့ ကြွလာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာကို မြင်တဲ့အခါ “ပဓာနအကျင့်ကို စွန့်ပြီး လာဘ်ပေါများဖို့ လှည့်လည်နေတဲ့ ရဟန်းဂေါတမကို ခရီးဦး ကြိုဆို မပြုစတမ်း” လို့ အချင်းချင်း ကတိကဝတ် ပြုခဲ့ကြသတဲ့။ ဒါပေမယ့်လည်း ဗုဒ္ဓမြတ်စွာ ရောက်လာတဲ့ အခါမှာတော့ မနေနိုင်တာ့ဘဲ သပိတ်သင်္ကန်းလှမ်း ယူသူကယူ၊ နေရာထိုင်ခင်း ပေးသူကပေး၊ ခြေဆေးဖို့ ရေကမ်း သူကကမ်းပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာ တန်ခိုးအရှိန်အဝါ၊ ဥရုဝေလာတောမှာ ၆-နှစ်ကြာအတူ နေရင်း ဝတ်ကြီးဝတ်ငယ်ပြုခဲ့ဖူးတဲ့ သံယောဇဉ်တွေကြောင့် ဖြစ်နိုင်ပါတယ်။


ဒီနေရာကို ဒေသခံတွေက ချောက်ခန္ဒီကုန်း (Chaukhandi) လို့ပါတယ်။ ကုန်းမို့မို့ ပုံသဏ္ဍာန် ဖြစ်နေတဲ့ အုတ်စေတီပျက်ကြီးပါ။ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့မှတ်တမ်းအရ မိဂဒါဝုန်ကျောင်းတော် (သံဃာရာမ) ကနေ အနောက်တောင်ဖက် နှစ်လိသုံးလိ (မိုင်ဝက်) လောက်သွားရင် ဉာဏ်တော် ပေ-၃၀၀ လောက်ရှိတဲ့ စေတီကြီး တဆူရှိတယ်။ အဲဒီစေတီရဲ့ နံဘေးမှာရှိတဲ့ စေတီငယ်လေးက ပဉ္စဝဂ္ဂီ ၅-ဦးတို့ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုဖို့ ငြင်းဆန်ခဲ့တဲ့နေရာလို့ ဖော်ပြထားပါတယ်။ ခရီးအကွာအဝေးနဲ့ နေရာအနေအထားအရ ချောက်ခန္ဒီစေတီဟာ မှတ်တမ်းထဲက စေတီကြီးဖြစ်နိုင်တယ်လို့ ကျောက်စာဝန် ကန်နင်ဟန်က ယူဆခဲ့ပါတယ်။ စေတီကုန်းအထက်မှာရှိတဲ့ ရှစ်မြောင့်ပုံ မျှော်စင်ကတော့ ဗုဒ္ဓသာသနိက အဆောက်အအုံတစ်ခု မဟုတ်ပါဘူး။ ခမည်းတော် မဂိုလ်ဘုရင် ဟူမယွန် (Humayun) စစ်ရှုံးလို့ ထွက်ပြေးရင်း ဒီအရပ်မှာ ခိုလှုံခဲ့ဖူးတယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ သားဖြစ်သူ အက္ကဘာဘုရင်က ၁၅၈၈-ခုနှစ်မှာ တည်ခဲ့တဲ့ အဆောက်အအုံ တခုသာ ဖြစ်ပါတယ်။
ချောက်ခန္ဒီစေတီကနေ ဣသိပတနလမ်း (Rishpattan Road) အတိုင်း မြောက်ဖက်ကို မိုင်ဝက်လောက် ဆက်သွားလိုက်ရင် အိန္ဒိယရှေးဟောင်းသုတေသနဌာန (ASI - Archaeological Survey of India) က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ မိဂဒါဝုန်ဥယျာဉ်ကို ရောက်ပါတယ်။ ဒီလို ASI က ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတွေကို ဝင်ရင် ဝင်ကြေးပေးရပါတယ်။ နိုင်ငံခြားသားတွေဆိုရင် ရူပီး ၁၀၀ သတ်မှတ်ထားပြီး၊ အိန္ဒိယနိုင်ငံသားတွေနဲ့ BIMSTEC အဖွဲ့ဝင် နိုင်ငံသားတွေအတွက်ကတော့ ၅-ရူပီးသာ ပေးရပါတယ်။ BIMSTEC ဆိုတာက ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ Bay of Bengal Initiative for Multi-sectoral Technical and Economic Cooperation အဖွဲ့ပါ။ ဝင်ကြေးကို ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က ပေးပါတယ်။

မိဂဒါဝုန်ဥယျာဉ် မြေပုံ
ဓမ္မရာဇိက စေတီ

မိဂဒါဝုန်ဝင်းအတွင်းကို ဝင်လိုက်တာနဲ့ လူသွားလမ်းရဲ့ တဖက်တချက်မှာ ကျောင်းဆောင် အမှတ် (၅) နဲ့ အမှတ် (၇) ရှိတယ်။ နည်းနည်း ဆက်သွားလိုက်တော့ ဓမ္မစကြာတရား ဟောကြားတော်ရာ နေရာအထိမ်းအမှတ် ဓမ္မရာဇိကစေတီကို ရောက်ပါတယ်။ မူလက အသောကမင်းကြီး တည်ထားခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြတဲ့ စေတီပါ။ တရုတ်ရဟန်းတော် ရွှန်ကျန် ရောက်ခဲ့စဉ်က အမြင့်ဉာဏ်တော် ပေ-၁၀၀ ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ယခုအချိန်မှာတော့ စက်ဝိုင်းပုံ စေတီအုတ်မြစ်ခုံပဲ ကျန်ပါတော့တယ်။
မိဂဒါဝုန်မှာရှိတဲ့ စေတီပုထိုးတွေ ကျောင်းတိုက်တွေက ခရစ်နှစ် ၁၁-ရာစု အစောပိုင်းကာလမှာ မွတ်စလင်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၀၂၆-ခုနှစ် ပါလမင်းဆက်ခေတ်မှာ မိဂဒါဝုန်ကို ပြန်လည်ထူထောင် ပြုပြင်ခဲ့ပေမယ့် ၁၁၉၃-ခုနှစ်မှာတော့ မိုဟာမက် ဂေါရီ (Mohammad Ghori) ခေါင်းဆောင်တဲ့ မွတ်စလင်တပ်တွေရဲ့ အဆုံးသတ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြန်ပါတယ်။ စုပုံပြီး မီးရှို့ခံထားခဲ့တဲ့ လူရိုးတွေ၊ သံထည်တွေ၊ သစ်သားတိုင်ကြီးတွေနဲ့ ဆင်းတုတော်တွေကို ကျောင်းဆောင် အမှတ် (၅) နေရာမှာ တွေ့ခဲ့ရတယ်လို့ မိဂဒါဝုန်ကို ပြန်လည်တူးဖော်ကြတဲ့ ဗြိတိသျှ သုတေသီတွေက ဆိုပါတယ်။ အဲဒီအပြင် ၁၇၉၄-ခုနှစ်လောက်က မဟာရာဇာတဦးရဲ့ ဝန်ကြီးဖြစ်တဲ့ ဂျဂတ်ဆင်း (Jagat Singh) ဆိုသူက မိဂဒါဝုန်က စေတီပုထိုးဟောင်းတွေကို ဖြိုဖျက်ပြီး အုတ်ကျောက်တွေကို ယူကာ ဗာရာဏသီက ဈေးနဲ့ အဆောက်အအုံတွေ တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့အတွက် ဓမ္မရာဇိကစေတီတော်ကြီးက လုံး၀ ဥဿုံပျက်သုံးပြီး အုတ်မြစ်အရာလောက်သာ ကျန်ပါတော့တယ်။ ဓမ္မရာဇိကစေတီတော်ကို ဖျက်ဆီးစဉ်က ဌာပနာတိုက်ထဲမှာ ရုပ်ပွားဆင်းတုတော် တစ်ဆူနဲ့ ဓာတ်တော်ကြုတ်ပါတဲ့ ကျောက်သေတ္တာ တလုံးတွေ့ခဲ့ပြီး၊ ဓာတ်တော်ပြာတွေကို ဂင်္ဂါမြစ်ထဲ မျှောပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းအစအနကို ရထားတဲ့ ကျောက်စာဝန် ကန်နင်ဟန်က ၁၈၃၅-ခုနှစ်လောက်မှာ ဒီကျောက်သေတ္တာနဲ့ ဆင်းတုတော်ကို ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ကံအားလျော်စွာ ဂျဂတ်ဆင်း မိဂဒါဝုန်ကို ဖြိုဖျက်စဉ်က ကလေးဘဝနဲ့ ပါဝင်ခဲ့ဖူးတဲ့ ဆန်ကာ (Sangkar) ဆိုတဲ့ အဘိုးအိုတစ်ဦးနဲ့ ဆက်သွယ်မိပြီး၊ သူ့အကူအညီနဲ့ပဲ ကျောက်သေတ္တာကို ပြန်လည် ရှာဖွေ တူးဖော်နိုင်ခဲ့ပါတယ်။ အဲဒီကျောက်သေတ္တာနဲ့ ဆင်းတုတော် ၆၀ ကို အရှေ့တိုင်း သုတေသနတွေပြုလုပ်နေတဲ့ အာရှအသင်း (Asiatic Society) ကို လှူဒါန်းခဲ့ပြီး၊ ယခုအခါ ကာလကတ္တားက ပြတိုက်တခုမှာ ရှိကြောင်း သိရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပန်းပုလက်ရာတွေပါတဲ့ ကျောက်တုံး အတော်များများကို ဒေသခံတွေက ဆက်ပြီး သုံးနေကြတာ ရှိသလို၊ ဗြိတိသျှ အင်ဂျင်နီယာတွေက ဒန်ကန်(Dunncan)တံတားနဲ့ဘုရင်မကောလိပ်ကျောင်း (Queen's College)တို့ ဆောက်လုပ်ရာမှာ ဆက်ပြီးသုံးခဲ့ကြတယ်။

စေတီတော်ကြီး မရှိတော့ဘူးဆိုပေမယ့် ဒီနေရာမှာ မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူခဲ့တယ်လို့ နှလုံးသွင်း အာရုံပြုပြီး၊ စေတီတော် အုတ်မြစ်ခုံရှေ့မှာ ဘုရားဖူးများ စုပေါင်းကာ ဓမ္မစက္ကပဝတ္တနသုတ်ကို ရွတ်ဖတ် ပူဇော်ကြပါတယ်။

စိတ်ကူးဖြင့် ပြန်လည်ပုံဖော်ထားသော ဓမ္မရာဇိကစေတီနှင့် မူလဂန္ဓကုဋိ

မူလဂန္ဓကုဋိ ကျောင်းတော်ရာ


ဓမ္မရာဇိကစေတီတော်ရဲ့ အရှေ့တောင်ဖက် ကပ်လျှက်မှာတော့ မူလဂန္ဓကုဋိ ကျောင်းတော်ရာဟောင်း ရှိပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်က မူလဂန္ဓကုဋိ ကျောင်းနေရာမှာ တိုးချဲ့တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ပါ။ ပေ-၆၀ ပတ်လည်ရှိပြီး အရှေ့ဖက် မျက်နှာပြုထားတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ အကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါတယ်။ “ကျောင်းတိုက် အုတ်တံတိုင်းအတွင်း၌ ပေ-၂၀၀ မြင့်သော ကျောင်းကြီးရှိသည်။ အမိုးထက်တွင် ရွှေရောင် ဆီးဖြူသီးပုံ* ထွင်းထုထားသည်။ အဆောက်အုံ၏ အုတ်မြစ်နှင့် လှေကားတို့ကို ကျောက်သားပကတိဖြင့် ပြုလုပ်ထားသည်။ ပြဿာဒ်နှင့် နံရံကပ် လှိုဏ်ဂူငယ်များကို အုတ်ဖြင့် ပြုလုပ်ထားသည်။ လေးဖက်လေးတန်တွင် ရာချီသော နံရံကပ် လှိုဏ်ဂူငယ် အတန်းလေးများရှိ၍ ထိုလှိုဏ်ဂူငယ်များ အတွင်းတွင် ရွှေဆင်းတုတစ်ဆူစီ ရှိသည်။ ကျောင်းတော်ကြီး၏ အလယ်တွင် သက်တော်ထင်ရှား မြတ်စွာဘုရား၏ အရွယ်ပမာဏရှိသော ဓမ္မစကြာတရား ဟောတော်မူဟန် ကြေးဆင်းတုရုပ်ပွားတော် တစ်ဆူ ရှိသည်”။

(မှတ်ချက်။ Samuel Beal ဘာသာပြန်တဲ့ ရဟန်းတော်ရွှန်ကျန်ရဲ့ မှတ်တမ်း Buddhist Records of the Western World မှာ an-mo-lo ကို အမ္ဗ (သရက်သီး) လို့ ဘာသာပြန်ထားပါတယ်။ ဒါပေမယ့် အာမလက (ဆီးဖြူသီး) ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အိန္ဒိယနိုင်ငံက စေတီပုထိုးတွေ၊ ဟိန္ဒူဘုရားကျောင်းတွေရဲ့ ထိပ်မှာ တပ်ဆင်လေ့ရှိတဲ့ ကျောက်ဘီးဝိုင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ခပ်ပြားပြား ဆီးဖြူသီးပုံ ဗိသုကာအစိတ်အပိုင်းကို အာမလက (Āmalaka) လို့ခေါ်ပါတယ်။ မဟာဗောဓိစေတီတော်မှာလည်း အာမလက ပါပါတယ်။ မြန်မာဗိသုကာ ဝေါဟာရမှာတော့ ဖရုံတုံးလို့ ခေါ်တာ တွေ့ဖူးပါတယ်။)

မြန်မာဆရာတော်များက ဒီမူလဂန္ဓကုဋိကျောင်းတော်ရာကို နန္ဒိယကျောင်းတော်ရာလို့ အစဉ်အဆက် ယူဆသတ်မှတ်ခဲ့ကြပါတယ်။ မြတ်စွာဘုရား လက်ထက်က ရတနာသုံးပါးကို အလွန်ကြည်ညို ကိုင်းရှိုင်းတဲ့ နန္ဒိယသူကြွယ်က ဣသိပတန (မိဂဒါဝုန်) မဟာဝိဟာရ ကျောင်းတိုက်ကြီးထဲမှာ ခန်းမဆောင်ကြီး လေးခု၊ မုခ်ဦးအထွတ် လေးခုပါတဲ့ ကျောင်းဆောင်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့ဖူးပါတယ်။ ဘုရားရှင်ရဲ့ လက်တော်ပေါ်ကို ရေစက်သွန်းချလိုက်တာနဲ့ တပြိုင်နက် တာဝတိံသာနတ်ပြည်မှာ ဘုံဗိမာန်ပေါက်လာပြီး၊အချွေအရံ နတ်သမီးတွေက နန္ဒိယသူကြွယ် နတ်ရွာစံမှာကို စောင့်နေကြရတယ်လို့ ဓမ္မပဒ အဋ္ဌကထာက ဆိုပါတယ်။ “သေဟဲ့ နန္ဒိယ” ဆိုတဲ့ စကားက ဒီဝတ္ထုကို အကြောင်းပြုပြီး ပေါ်လာတာပါ။ အချို့ဧည့်လမ်းညွှန်တွေက ဒီကျောင်းတော်ကြီးက ဗုဒ္ဓမြတ်စွာ ပထမဝါဆိုစဉ်က သီတင်းသုံးတော်မူခဲ့တဲ့ နေရာလို့ ပြောဆိုတတ်ကြပါတယ်။ တကယ်ကတော့ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံးနေစဉ်အချိန်ကမှ စပြီး ကျောင်း (ဝိဟာရ) အလှူကို လက်ခံခွင့် ပြုခဲ့တာပါ။ အရင်ကတော့ ဘုရားနဲ့ ရဟန်းတော်တွေက သစ်ပင်ရင်း ဝါးပင်ရင်းစတဲ့ နေရာတွေမှာပဲ သီတင်းသုံး နေခဲ့ကြတာပါ။

အသောကကျောက်စာတိုင်
အသောကကျောက်တိုင်(from Wikipedia)

မူလဂန္ဓကုဋိကျောင်းတော်ရာရဲ့ အနောက်ဖက် နံဘေးမှာ ထိပ်ပိုင်းကျိုးနေတဲ့ အသောကကျောက်စာတိုင် ရှိပါတယ်။ ကျောက်စာတိုင်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့စာက “သံဃာကို သင်းမခွဲရ။ ရဟန်း ယောက်ျားဖြစ်စေ၊ ရဟန်း မိန်းမဖြစ်စေ သံဃာ သင်းခွဲသူအား ပိတ်ဖြူအဝတ် ဝတ်စေ၍ ကျောင်းတိုက်မှ နှင်ထုတ်မည်...” စသဖြင့် အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ မူလက အမြင့် ပေ-၇၀ လောက်ရှိပေမယ့် အခုတွေ့နေရတဲ့ တိုင်ခြေကတော့ ၇-ပေ ၈-ပေလောက်ပဲ မြင့်ပါတယ်။ မူလဂန္ဓကုဋိကျောင်းဆောင်ကြီး ပြိုကျစဉ်က ကျောက်စာတိုင်ပေါ်ကို ပိကျတဲ့အတွက် ကျိုးသွားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ကံကောင်းထောက်မစွာ ဓမ္မစကြာလှည်းဘီးနဲ့ ခြင်္သေ့လေးစီး အရုပ်ပါတဲ့ ကျောက်စာတိုင် ထိပ်ဖူးကတော့ မပျက်စီးဘဲ ကျန်ခဲ့ပါတယ်။ အသောကကျောက်စာက ခြင်္သေ့ရုပ်ကို အိန္ဒိယရဲ့ နိုင်ငံတော်အမှတ်တံဆိပ်အဖြစ် တလေးတစား အသုံးပြုပါတယ်။ ဓမ္မစကြာလှည်းဘီးကိုလည်း နိုင်ငံတော်အလံမှာ ထည့်သွင်း အသုံးပြုပါတယ်။ ကျောက်တိုင်ထိပ်ဖူးက ဆာရ်နာထ်ပြတိုက်ထဲကို ပြောင်းရွှေ့ထားကြောင်း သိရပါတယ်။ ပြတိုက်ကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။

အသောကကျောက်တိုင် ထိပ်ပိုင်း (from Wikipedia)


ဓမ္မစကြဇိနကျောင်း (ကုမာရဒေဝီကျောင်း)

မြောက်ဖက်ကို ဆက်ပြီးသွားတဲ့အခါ ဓမ္မစကြဇိန ကျောင်းတော်ရာကို ရောက်ပါတယ်။ ကဏ္ဏကုဇ္ဇမင်း (ကနော့ဂျ် Kannauj) ဂေါဝိန္ဒစန္ဒြရဲ့ မိဖုရား ကုမာရဒေဝီက ခရစ်နှစ် ၁၁၃၆-ခုမှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ ကုမာရဒေဝီကျောက်စာအရ ရှေးခေတ် (အသောကမင်းလက်ထက်ကလို့ ယူဆရတဲ့) ဓမ္မစကြဇိန ရုပ်ဆင်းတုတော် သီတင်းသုံးရန် တည်ထားခဲ့တယ်လို့ သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက ကျောင်းဆောင် အမှတ် ၁၊ ၂၊ ၃၊ ၄ လို့ ရေးထိုးထားတဲ့ ကျောင်းဆောင် လေးဆောင်က ဓမ္မစကြဇိန ကျောင်းတိုက် အတွင်းမှာ ပါဝင် ပါတယ်။ ရဟန်းတော် အများအပြား သီတင်းသုံးနိုင်မယ့် ကျောင်ကြီးတွေ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကျောင်းတိုက်ဝင်းရဲ့ အနောက်ဖက်ခြမ်းမှာ ရှည်လျားတဲ့ မြေအောက်ဥမင်လမ်းတခုကို တွေ့ရပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တယ် ဆိုတာကိုတော့ ကျကျနန မသိရပါဘူး။ Bhattacharya ရေးတဲ့ The History of Sarnath or The Cradle of Buddhism စာအုပ်မှာတော့ အနောက်ဖက်က ကန်တခုဆီကို ဆက်သွယ်ထားတဲ့ ရေနှုတ်မြောင်းလို့ ဆိုပါတယ်။ မြန်မာ ဧည့်လမ်းညွှန်တွေကတော့ ဘိက္ခုနီမတွေ ရေချိုးဆင်းတဲ့ လမ်းလို့ ရှင်းပြလေ့ရှိပါတယ်။


ကျောင်းရဲ့ မြောက်ဖက်မှာတေ့ သမင်နဲ့ အခြားတိရစ္ဆာန်တွေကို ခြံစည်းရိုးခတ် ကာရံထားတဲ့ ခေတ်သစ် မိဂဒါဝုန်တော ရှိပါတယ်။ သမင်တွေကို အစာကြွေးလို့ ရပါတယ်။ ၁၀-ဧကလောက်ရှိပြီး ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့်အထိမ်းအမှတ်နဲ့ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ မိဂဒါဝုန်ဥယျာဉ်က အေးချမ်း သာယာတာကြောင့် ဥယျာဉ်ထဲက ခုံတန်းလျားလေးတွေနဲ့ စေတီပျက်၊ ကျောင်းပျက်တွေကြားမှာ စုံတွဲတွေ အတော်များများ လာရောက် အနားယူ အပန်းဖြေနေကြတာကို သတိထားမိပါတယ်။


ပဉ္စာယတနစေတီ

ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက်နားလောက်မှာ ဂုတ္တခေတ်က တည်ဆောက်ခဲ့တဲ့ စေတီဟောင်းတစ်ဆူ ရှိပါတယ်။ ထောင့်လေးထောင့်မှာ စတုရန်းပုံလေးခု ထပ်ပါတဲ့အတွက် အခြေ ၅-ခုပါတဲ့ ပဉ္စာယတန (Panchaytan) စေတီလို့ ခေါ်ပါတယ်။ ဖောင်းကြွရုပ်ပုံတွေ ထွင်းထုထားတဲ့ နီညိုရောင် မြေအုတ်တွေနဲ့ ဆောက်ထားတာပါ။ စေတီရဲ့ အောက်ခြေပလ္လင်ပဲ ကျန်ပါတော့တယ်။ သံဆူးကြိုးကာရံထားပြီး အမိုးလည်း မိုးထားပါတယ်။ မြန်မာဆရာတော်များက ဒီနေရာဟာ ယသသတို့သားကို ချွတ်တော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။

ယသသတို့သားက ပဉ္စဝဂ္ဂီ ၅-ဦး နောက်မှာ ရဟန္တာဖြစ်တဲ့ (ဗုဒ္ဓမြတ်စွာ အပါအဝင်ဆိုရင်) ၇-ဦးမြောက် ရဟန္တာ ဖြစ်ပါတယ်။ ယသက အလောင်းတော်ကို ဃနာနို့ဆွမ်းလှူခဲ့တဲ့ သုဇာတာရဲ့ သားပါ။ ယသသတို့သားရဲ့ ဖခင်ကလည်း သရဏဂုံ ၃-ပါးလုံးတည်တဲ့ ဥပါသကာတွေထဲမှာ ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ နောက်တော့ အရှင်ယသရဲ့ လူ့ဘဝက မိတ်ဆွေအပေါင်းသင်းတွေပါ ရဟန်းပြုကြပြီး ရဟန္တာ ၆၁-ပါး ဖြစ်လာပါတယ်။ မိဂဒါဝုန်မှာ သီတင်းသုံးနေကြရင်း ဝါကျွတ်တဲ့အခါမှာတော့ ဗုဒ္ဓက ရဟန်းတော်တွေကို ဒေသအသီးသီးကို လှည့်လည်ပြီး သာသနာပြုကြဖို့ စေလွှတ်တော်မူပါတယ်။ ဒါကြောင့် မိဂဒါဝုန်က ဗုဒ္ဓသာသနာ စတင်ရာလို့ ဆိုရင်လည်း မမှားပါဘူး။
ရဟန်းတို့ လောကကို အစဉ်သနား စောင့်ရှောက်သောအားဖြင့် နတ်လူတို့၏ အကျိုးစီးပွားငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့။ တစ်ခရီးတွင် နှစ်ပါး မသွားကြကုန်လင့်။ […] တရားကို ဟောကြကုန်လော့။ […] မြတ်သောအကျင့်ကို ပြကြကုန်လော့။ ငါလည်း ဥရုဝေလာတော သေနာနိဂုံးသို့ တရားဟောရန် သွားပေအံ့။ (ဝိနည်းမဟာဝါ၊ မာရကထာ)


ဓမ္မေခစေတီ
ဓမ္မရာဇိကစေတီရဲ့ အရှေ့ဖက် ကိုက်-၁၅၀ လောက် အကွာမှာ ဓမ္မေခစေတီ ရှိပါတယ်။ အမြင့် ၁၀၄-ပေခန့်ရှိပြီး အောက်ခြေ အချင်း ၉၃-ပေ ခန့် ရှိပါတယ်။ စေတီတော်ပတ်လည်မှာ ဂုတ္တခေတ်လက်ရာ ပန်းခက် ပန်းနွယ်တွေ၊ အာရိယန်တွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ စကြာပုံ (Swatika)၊ ငှက်ပုံ စတာတွေနဲ့ အလှဆင်ထားပါတယ်။ အရပ်ရှစ်မျက်နှာမှာ နံရံကပ် လှိုဏ်ဂူငယ်လေးတွေ ရှိပါတယ်။ အောက်ခြေမှာ သံဘောင်တွေနဲ့ အခိုင်အမာတုတ်ထားတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတဲ့အတွက် အလွယ်တကူဖျက်ဆီးလို့ မရဘဲ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဓမ္မေခဆိုတဲ့ အမည်က “ဓမ္မ ဒေသက” ဆိုတဲ့ပုဒ်ကို အကျဉ်းချုံးထားတဲ့ အမည်လို့ ကျောက်စာဝန် ကန်နင်ဟန်က ယူဆပါတယ်။ အချို့ကလည်း “ဓမ္မစက္က” ကနေ အခေါ် ရွေ့လျှောလာတယ်လို့ ယူဆကြပါတယ်။ ၁၀၂၆-ခုနှစ်က ရေးထိုးထားတဲ့ မဟိပါလမင်းရဲ့ ကျောက်စာအရ ဒီစေတီကို “ဓမ္မစက္ကစေတီ” လို့ ရည်ညွှန်းထားလို့ပါ။ ဒါကြောင့် ကျောက်စာဝန် ကန်နင်ဟန်က ဓမ္မစကြာဟောတဲ့နေရာ အထိမ်းအမှတ်စေတီ ဖြစ်နိုင်တယ်လို့ အရင်က ယူဆခဲ့တဲ့အတွက် အလယ်အူတိုင်ကနေ တူးပြီး အထောက်အထား ရှာခဲ့ပါသေးတယ်။ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီတဲ့ ဂါထာကို ဗြဟ္မီအက္ခရာနဲ့ ၆-ရာစု ၇-ရာစုလောက်က ရေးထိုးထားတဲ့ ကျောက်ပြား တချပ်ကို တွေ့ရတယ်။ နောက်ဆက်တူးတော့ မောရိယခေတ်က အုတ်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဓမ္မစကြာဟောတဲ့နေရာလို့ အထောက်အထားမရခဲ့ပေမယ့် အတော်လေး ရှေးကျတဲ့ စေတီတဆူဖြစ်တယ် လို့တော့ သက်သေပြနိုင်ခဲ့ပါတယ်။ အချို့ကလည်း တရုတ်ဘုရားဖူး ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာပါတဲ့ မေတ္တေယျ ဘုရားအလောင်းကို ဗျာဒိတ်ပေးခဲ့နေရာ အထိမ်းအမှတ် စေတီလို့ ဆိုကြပါသေးတယ်။ မြန်မာဆရာတော်များကတော့ ဒီနေရာဟာ အနတ္တလက္ခဏာသုတ် ဟောကြားနေရာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဘုရားဖူးတွေက စုပေါင်းပြီး အနတ္တလက္ခဏာသုတ် ရွတ်ဖတ် ပူဇော်ခြင်း၊ တရားထိုင်ခြင်းများ ပြုကြပါတယ်။


(၁) ပထမဆုံး တရားဦး ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်တို့ ဟောကြားတော်မူရာ
(၂) သံဃာရတနာ စတင်ပေါ်ထွန်းတော်မူရာ
(၃) ပထမဆုံး သရဏဂုံတည်သူ ဥပါသကာ စတင်ပေါ်ပေါက်ရာ
(၄) မြတ်စွာဘုရားရှင် ပထမဆုံး ဝါဆိုတော်မူရာ
(၅) ပထမဆုံး သာသနာပြုခရီး စတင်ရာ

အဲဒီနောက်မှာမှာတော့ အထက်ပါ ဝိသေသဂုဏ်ထူးတွေနဲ့ ပြည့်စုံနေတဲ့ မြေမြတ်မဟာ မိဂဒါဝုန်ဥယျာဉ်ကနေ ပြန်ထွက်ခဲ့ကြပါတယ်။ ၂-နာရီလောက် အချိန်အတွင်း နေရာအတော်များများကို ဖူးမြော် လေ့လာရတာဆိုတော့ တနေရာစီအတွက် ရတဲ့အချိန်က အလွန်နည်း ပါတယ်။ ဘယ်နေရာတွေ ရောက်ခဲ့တယ်ဆိုတာကိုတောင် အကုန်မှတ်မိဖို့ ခက်ပါတယ်။ သွားရင်းလာရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာအုပ်တချို့ကို ပြန်ဖတ်မှ အစီအစဉ်တကျ မှတ်မိပါတော့တယ်။

ခေတ်သစ် မူလဂန္ဓကုဋိ ကျောင်းတိုက် (မဟာဗောဓိအသင်း)
ခေတ်သစ် မူလဂန္ဓကုဋိကျောင်းတိုက် (from Wikipedia)
ခေတ်သစ်မူလဂန္ဓကုဋိကျောင်းမှ ဆင်းတုတော်
မဟာဗောဓိအသင်းက တည်ဆောက်ခဲ့တဲ့ မူလဂန္ဓကုဋိ ကျောင်းတိုက်က မိဂဒါဝုန်ဥယျာဉ်ဝင်းရဲ့ အပြင်ဖက်မှာ ရှိပါတယ်။ ၁၉၃၁-ခုနှစ်မှာ အနာဂါရိကဓမ္မပါလ ဦးဆောင်မှုနဲ့ တည်ခဲ့တာဖြစ်ပြီး ရံပုံငွေအများစုကို ဟာဝိုင်ရီက အမျိုးသမီး မေရီ အဲလိဇဘက် ဖော်စတာ (Mrs. Mary Elizabeth Foster) က ထည့်ဝင် လှူဒါန်းခဲ့ပါတယ်။ (ဒီနေ့ခေတ် ပါကစ္စတန်မှာရှိတဲ့) တက္ကသိလာနဲ့ (အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့) နာဂဇ္ဈုနကောဏ္ဍအရပ်တို့မှ တူးဖော်ရရှိတဲ့ ဓာတ်တော်တွေကို အိန္ဒိယဘုရင်ခံ လော့ဒ်အာဝင် (Lord Irwin) က မဟာဗောဓိအသင်းကို လှူခဲ့ပါတယ်။ အဲဒီ ဓာတ်တော်တွေကို ဒီမူလဂန္ဓကုဋိ ကျောင်းတိုက် ဗုဒ္ဓရုပ်ပွားတော်ရဲ့အောက်ခြေမှာ ရှိတဲ့ အခန်းထဲမှာ ပူဇော်ထားကြောင်း သိရပါတယ်။ ဓာတ်တော်ကြုတ် အလှူရှင်က မြန်မာနိုင်ငံက ဒေါ်ဂွမ်းက လှူခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းတိုက်ရဲ့ အရှေ့ဖက်မှာ ငြိမ်းချမ်းရေး ခေါင်းလောင်းနဲ့ မြန်မာလက်ရာ ပဉ္စဝဂ္ဂီ ၅-ဦးအား ဓမ္မစကြာတရားဟောဟန် ရုပ်ပွားဆင်းတုတော် ရှိပါတယ်။ ဆင်းတုတော် အနောက်က ဗောဓိပင်က သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာရှိတဲ့ ဗောဓိပင်ကနေ မျိုးပွားထားတဲ့ အပင်လို့ သိရပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြန်မာ၊ အင်္ဂလိပ်၊ ဒေဝနာဂရီ၊ တရုတ်၊ ဂျပန်စတဲ့ ဘာသာစကား အသီးသီးနဲ့ ရေးထိုးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။


မူလဂန္ဓကုဋိ ကျောင်းတိုက်အထွက်မှာ ဆာရီနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တချို့က လက်ကမ်းကြော်ညာတွေ ဝေပါတယ်။ မိဂဒါဝုန် ဘုရားဖူးအစီအစဉ် ပြီးပြီဆိုတော့ လက်ဆောင် ပစ္စည်း ဝယ်ဖို့ အချိန်ပေးပါတယ်။ ဘုရားဖူးအဖွဲ့ကို ပို့ပေးတဲ့ ဆာရီဆိုင်တန်းကတော့ မိဂဒါဝုန် မြန်မာကျောင်း ရှိတဲ့ လမ်းပါ။ ဆိုင်တိုင်း လိုလိုက မြန်မာပြည်တော်ပြန် ကုလားတွေ ဖွင့်ထားတာမို့ မြန်မာစကားကို လည်လည်ဝယ်ဝယ် ပြောနိုင်ကျပါတယ်။ ဈေးဝယ်ပြီး တနေ့တာ ကုန်ဆုံးသွားတော့ ဗာရာဏသီ ဘူတာရုံကြီးနားက ဆေးဝင်္ကပါကျောင်းကို သွားပြီး တည်းခိုကြပါတယ်။

2 comments:

Thu said...

Comprehensive guide with interesting backgrounds, that learn "Hisory Recycling" as 11th century events and current affairs in homeland, however, wish reconciliation process develope with open mind of both sides. Thank You !

Anonymous said...

ဣသိပတနဆိုတဲ့ ဓေါဟာရက တစ်မျိုးလေးပဲ။ ဣသိနဲ့ ပတ်သက်တဲ့ နာမည်တွေထဲမှာ ဒါလေးကလဲ မှတ်သားစရာ။