Monday, February 11, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၁) - မဟာဗောဓိစေတီ

၂၀၁၂ နှစ်ကုန်ပိုင်းမှာ မိသားစုလိုက် ဗုဒ္ဓဂယာကို ၁၅-ရက်ကြာ ဘုရားဖူး သွားဖြစ်ပါတယ်။ မြန်မာပြည်က ဘုရားဖူးပို့ဆောင်ရေးကုမ္ပဏီရဲ့ အစီအစဉ်နဲ့ သွားတဲ့ ခရီးပါ။ ရန်ကုန်ကနေ ဂယာကို လေယာဉ်နဲ့ တိုက်ရိုက် သွားတာပါ။ ဒီဇင်ဘာလထဲမှာ ဖြစ်နေတော့ ဂယာလေဆိပ်မှာ မြူတွေဆိုင်းနေလို့ လေယာဉ် ထွက်ချိန် နောက်ကျပါတယ်။ မူလသတ်မှတ်ထားတဲ့ ထွက်ခွာချိန်က နံနက် ၉-နာရီခွဲ ဖြစ်ပေမယ့် ၁၁-နာရီခွဲမှ ထွက်ဖြစ်ပါတယ်။ လေယာဉ် တစ်စီးလုံးက ဘုရားဖူးခရီးသည်တွေချည်း ပါဘဲ။ လေယာဉ်ပျံသန်းချိန်က ၂-နာရီလောက်ကြာတော့ ဂယာလေဆိပ်ကို အိန္ဒိယ စံတော်ချိန် ၁၂-နာရီခွဲလောက်မှာ ရောက်ပါတယ်။ အိန္ဒိယ စံတော်ချိန်က မြန်မာပြည်ထက် ၁-နာရီတိတိ နောက် ကျပါတယ်။ ဂယာလေဆိပ်က ခပ်သေးသေးပါဘဲ။ ဘုရားဖူးခရီးသည်တွေဘဲ အဓိက ဝင်ထွက်သွားလာတဲ့ လေဆိပ်လို့ ဆိုနိုင်ပါတယ်။

 မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ရှိတဲ့ အရပ်က ဂယာမြို့အနီးမှာရှိတော့ ဗုဒ္ဓဂယာလို့ အမည်တွင်တာပါ။ ဗုဒ္ဓဂယာက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာမြို့ ဖြစ်သလို ဂယာမြို့ကလည်း ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မြို့ဖြစ်ပါတယ်။ ဖဂ္ဂုနီနက္ခတ်နဲ့ ယှဉ်တဲ့ တပေါင်းလအချိန်မှာ ပယာဂဆိပ်၊ ဂယာဆိပ်စတဲ့ အထွတ်အမြတ် ဆိပ်ကမ်းတွေမှာ ရေချိုးရင် မကောင်းမှုတွေက သန့်စင်ပြီး တစ်နှစ်ပတ်လုံး ဥပုသ်စောင့်ပြီးသား ဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြကြောင်းကို မူလပဏ္ဏာသ ဝတ္ထသုတ်မှာတွေ့ရပါတယ်။ ဗုဒ္ဓဂယာက ဂယာမြို့ရဲ့ တောင်ဖက် ၈-မိုင်အကွာလောက်မှာ ရှိပါတယ်။ ဂယာလေဆိပ်က ဂယာမြို့နဲ့ ဗုဒ္ဓဂယာ အလယ်လောက်မှာ ရှိပါတယ်။

မဟာဗောဓိ စေတီတော် 


ရောက်တဲ့နေ့မှာ မဟာဗောဓိစေတီတော်ကို သွားရောက် ဦးခိုက်ကြတယ်။ နောက်တနေ့ နံနက်မှာတော့ ဘုရားဖူးအဖွဲ့သားတွေ စုပေါင်းပြီး မဟာဗောဓိ စေတီတော်မှာ ကြာသင်္ကန်း ကပ်လှူကြပါတယ်။ မဟာဗောဓိ စေတီတော်ဝင်း အပြင်ဂိတ် အဝင်ဝမှာ ဗီဒီယိုနဲ့ ကင်မရာတွေ အခွန်ဆောင်တဲ့နေရာ၊ ဘိနပ်အပ်တဲ့နေရာနှင့် မဟာဗောဓိစာအုပ်ဆိုင်တို့ တန်းစီရှိနေပါတယ်။ သတ္ထုရှာဖွေတဲ့ ကိရိယာ တပ်ဆင်ထားတဲ့ လုံခြုံရေး ဂိတ်တခုကို ဖြတ်ပြီးတဲ့အခါမှာ စေတီတော်ဝင်း ဝင်ပေါက်ကို ရောက်ပါတယ်။


အဝင်ပေါက်ကနေ လှမ်းကြည့်လိုက်ရင် မြေနိမ့်ချိုင့်ဝှမ်း ပရိဝုဏ်အတွင်းမှာ တည်ရှိနေတဲ့ မဟာဗောဓိ စေတီတော်ကြီးကို ဖူးမြင်နိုင်ပါတယ်။ စေတီတော်က လေးထောင့် အောက်ခြေရှိပြီး အထက်ကို ခပ်ပြေပြေလေး ရှုးပြီးတက်သွားပါတယ်။ မြန်မာပြည်က ပုဂံဘုရားအချို့နှင့် မန္တလေး ဗောဓိကုန်းက စေတီတွေက မဟာဗောဓိစေတီတော်ရဲ့ ပုံစံကို ယူပြီး တည်ဆောက်ထားတာပါ။ စေတီတော်ကြီးရဲ့ အနောက်ဖက်မှာ ဗောဓိညောင်ပင် ရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီးက စေတီ တည်ထားခဲ့တာပါ။ ခေတ်အဆက်မှာ အချို့မင်းတွေက ဒီစေတီတော်ကြီးကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြသလို့၊ အချို့မင်းတွေက ပြုပြင်မွမ်းမံ ထိမ်းသိမ်းခဲ့ကြပါတယ်။ ဒီစေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့တဲ့ မင်းတွေထဲမှာ မြန်မာနိုင်ငံက ကျန်စစ်သားမင်း၊ ဘိုးတော်ဘုရားမင်းနဲ့ မင်းတုန်းမင်းတို့ ပါဝင်ပါတယ်။



ဌမသတ္တာဟ - ဗောဓိပင်နှင့် ပလ္လင်တော် 


ပရိဝုဏ် ဝင်ပေါက်ကနေ အောက်ကိုဆင်းပြီး တည့်တည့် လျှောက်လိုက်ရင် စေတီတော်အတွင်းကို ဝင်တဲ့ အပေါက်ကို ရောက်ပါတယ်။ တဖက်တချက်မှာ ဘုရားအလောင်းတော် ရုပ်ပွားတော်တွေရှိပါတယ်။ စေတီတော်ရဲ့ အတွင်းလှိုဏ်ဂူထဲမှာတော့ အရှေ့ဖက်ကို မျက်နှာပြုပြီး တင်ပလ္လင်ထိုင်ကာ သီတင်းသုံးနေတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူရှိပါတယ်။ ဉာဏ်တော် ၁၀-ပေ လောက်မြင့်ပါတယ်။ ညာဖက်လက်က မြေမှာ ထိထားပြီး မိမိပြုခဲ့သော ပါရမီတို့အား မဟာပထဝီကြီးအား သက်သေပြုထားဟန် (ဘူမိဖဿမုဒြာ) ထုလုပ်ထားပါတယ်။ မူလစေတီတည်စဉ်က ရှိခဲ့တဲ့ ရုပ်ပွားတော်တော့ မဟုတ်ပါဘူး။ ယခုလက်ရှိ ရုပ်ပွားတော်က ဗြိတိသျှလူမျိုး ကျောက်စာဝန် အလက်ဇန်းဒါး ကန်နင်ဟန် (Alaxander Cunningham) က ၁၈၈၀-ခုနှစ်မှာ ဟိန္ဒူဘုန်းတော်ကြီး မဟန့် နန်းတော်ဝင်းအတွင်းကနေ ပင့်ဆောင်ပြီး စေတီတော်အတွင်းရှိ ယခုနေရာမှာ သီတင်းသုံးစေခဲ့တာပါ။ မူလကရှိခဲ့တဲ့ ရုပ်ပွားတော်က ရွှေနဲ့ထုလုပ်ထားပြီး မူစလင်တွေ ဖျက်ဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြောင်း ဘူချန်နန် (Buchanan) ရဲ့မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီရုပ်ပွားတော် သီတင်းသုံးနေတဲ့ ပလ္လင်ကို ဝဇိရာသနပလ္လင် လို့ခေါ်ပါတယ်။ ကျောက်သားဖြင့် ထုလုပ်ထားတာပါ။ ဝဇိရာသနရဲ့ လုံးကောက် အဓိပ္ပါယ်အရ “ဝဇိရ = စိန် + အာသန= နေရာ” ဖြစ်ပြီး အောင်တော်မူရာနေရာလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားမဖြစ်မီ အလောင်းတော် ရှုပွားမှတ်ဆင်ခြင်တော်မူခဲ့တဲ့ မဟာဝဇိရဝိပဿနာ ခေါ် စိန်သွားလို အလွန်ထက်မြက်တဲ့ ဝိပဿနာဉာဏ်တော်ကို ရည်ညွှန်းပြီး ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ “ဘုရားအဖြစ် မရောက်သမျှ ဤထက်ဝယ်ဖွဲ့ခွေထားသော တင်ပလ္လင်ကို မဖျက်တော့” ဆိုတဲ့ ဇွဲဝီရိယတော်ဖြင့် ထိုင်တော်မူခဲ့တဲ့အတွက် အပရာဇိတပလ္လင် (အရှုံးမပေးသော အောင်ပွဲခံ ပလ္လင်) လို့လည်း ခေါ်ပါတယ်။ ဝဇိရာသနပလ္လင်တော်ဟာ မဟာဗောဓိ ညောင်ပင်ရင်းမှာ တည်ရှိပြီး ပလ္လင်တခြမ်းကို စေတီတော်အတွင်းမှာ ငုံပြီး တည်ဆောက်ထားတာပါ။


 ဒီနောက် စေတီတော်လှိုဏ်ဂူအတွင်းကထွက်ပြီး စေတီတော်ရဲ့ အနောက်ဖက် ဗောဓိညောင်ပင်ကို သွားရောက် ပူဇော်ကြပါတယ်။ ဗောဓိပင်ရင်း ဝဇိရာသနပလ္လင်နေရာက မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးတဲ့နောက် ရက်သတ္တတပတ်ကြာ တထိုင်တည်း ဖလသမာ ပတ်ဝင်စားပြီး စံနေတော်ရာ ပဌမသတ္တာဟဌာန ဖြစ်ပါတယ်။ ယခုဖူးမြင်နေရတဲ့ ဗောဓိညောင်ပင်ကတော့ မူလဗောဓိပင် မဟုတ်တော့ပါဘူး။ မူလဗောဓိပင်ကို အသောကမင်းရဲ့ မိဖုရား တိဿရက္ခိတက ခုတ်လှဲပစ်ခဲ့ပါတယ်။ အသောကမင်းက အမြစ်ငုတ်ကို နို့ရည် သွန်းလောင်းကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့အခါ အံသြဖွယ်ရာ ပြန်လည်ပေါက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဘီစီ ၂-ရာစုလောက်က သုင်္ဂမင်း ပုသျှမိတြ (Pusyamitra)၊ ၂-ရာစုလောက်မှာ ဘင်္ဂလီမင်း သျှာသျှန်က (Shashanka) က ဗောဓိပင်ကို ခုတ်လှဲခဲ့ကြ ဖူးပါတယ်။ တရုတ်ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာတော့ အသောကမင်းကိုယ်တိုင် ဗုဒ္ဓဘာသာမဖြစ်သေးခင်က ဗောဓိပင်ကို ခုတ်လှဲခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယခုတွေ့မြင်နေရတဲ့ ဗောဓိပင်ကတော့ လေဒဏ်ကြောင့် ပြိုလဲသွားတဲ့ ဗောဓိပင်ကြီးရဲ့ မျိုးစေ့ကို ယူပြီး ကျောက်စာဝန် ကန်နင်ဟန် (Alaxander Cunningham) က ၁၈၇၆-ခုနှစ်မှာ စိုက်ပျိုးခဲ့တဲ့ အပင်လို့ သိရပါတယ်။ ကျောက်စာဝန် ကန်နင်ဟန်ဟာ တိမ်မြုတ်နေတဲ့ မဇ္ဈိမဒေသက ဗုဒ္ဓဝင်နေရာတော်တွေကို ပြန်လည်ထုတ်ဖော်ခဲ့ရာမှာ အလွန် ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာက ပဌမသတ္တာဟမှာ စံတော်မူပြီးတဲ့နောက် ဖလသမာပတ်က ထတော်မူတဲ့အခါ ပဋိစ္စသမုပါဒ်ကို အနုလုံပဋိလုံ ဆင်ခြင်တော်မူပြီး ဥဒါန်းဂါထာတော် သုံးပုဒ်ကို နှုတ်ဖြင့် ကျူးရင့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် ဘုရားအနေကဇာတင်တဲ့အခါ “အနေက ဇာတိသံသာရံ” အစချီတဲ့ စိတ်တော်ဖြင့် ကျူးရင့်တော်မူခဲ့တဲ့ မနသာဥဒါန်းကို ရွတ်ဖတ်ပြီးတဲ့နောက်၊ နှုတ်ဖြင့် ကျူးရင့်တဲ့ ဝစသာဥဒါန်း ဂါထာတော်ကို ရွတ်ဖတ် ပူဇော်လေ့ရှိပါတယ်။ ဘုရားဖူးအနေဖြင့် ပဌမသတ္တာဟကို ဖူးမြော်ပူဇော်တဲ့အခါ ဒီဥဒါန်းဂါထာတော်တွေကို ရွတ်ဖတ် ပူဇော်နိုင်ပါတယ်။

ဒုတိယသတ္တာဟ - အနိမိသစေတီ 


ဒုတိယ သတ္တာဟဌာန အနိမိသစေတီကုန်းက စေတီတော် ပရိဝုဏ် ဝင်ပေါက် အနီး ညာဖက်မှာ ရှိပါတယ်။ မဟာဗောဓိစေတီတော်နဲ့ ပုံစံတူ ခပ်သေးသေးအရွယ် စေတီတစ်ဆူ ရှိပါတယ်။ စေတီတော်ထဲမှာတော့ မတ်တပ်ရပ်နေတဲ့ သီဟနာဒ အဝလောကိတေသွာရ ဘုရားအလောင်းရုပ်ပွားတော် တစ်ဆူရှိပါတယ်။ ခြေရင်းမှာ ခြင်္သေ့ရုပ် ရှိပြီး လက်တဖက်က ကြာပန်းကို ကိုင်ထားတဲ့ဟန် ထုလုပ်ထားတာပါ။ တရုတ် မဟာယာနဗုဒ္ဓဘာသာဝင်တွေက ကွမ်ယင်မယ်တော်အဖြစ် ကိုးကွယ်ကြသလို၊ ဒေသခံတွေကတော့ တာရာဒေဝီ နတ်သမီးအဖြစ် ကိုးကွယ်ကြပါတယ်။ မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ဗောဓိပင်ရင်းမှာ ၇-ရက်တိုင်တိုင် ဖလသမာပတ် ဝင်စားနေတဲ့အတွက် နတ်ဗြဟ္မာတွေက “အရှင်သည် မထသေး၊ ဘုရားအဖြစ်သို့ ရောက်ရန် အခြားအားထုတ်ဖွယ် တရားများ ကျန်သေးသလား” လို့ သံသယဖြစ်ကြပါတယ်။ ဒီသံသယကို ဖျောက်ဖို့အတွက် ပဌမသတ္တာဟက ထတော်မူတဲ့အခါမှာ ရေမီးအစုံ ယမိုက်ပြဋိဟာတန်ခိုး ပြတော်မူပါတယ်။ အဲဒီနောက် ဗောဓိမဏ္ဍိုင်ကနေ အရှေ့ယွန်းယွန်း မြောက်အရပ် အနိမိသစေတီယဌာနတွင် မတ်မတ်ရပ်ပြီး မျက်စိမမှတ်ဘဲ ၇-ရက်တိုင်တိုင်း ဗောဓိပင်ရင်းကို ကြည့်ရှုတော်မူခဲ့တယ်လို့ အဋ္ဌကထာကျမ်းများမှာ ဖော်ပြကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းအရဆိုရင်တော့ အနိမိသစေတီဟာ ယခုနေရာတွင် မဟုတ်ဘဲ မဟာဗောဓိစေတီရဲ့ မြောက်ဖက်အရပ်မှာ ရှိမှာဖြစ်ပါတယ်။


တတိယသတ္တာဟ - ရတနာစင်္ကမစေတီ 


အနိမိသစေတီအရပ်မှာ ၇-ရက်ကြာ သီတင်းသုံးပြီးတဲ့နောက် အပရာဇိတပလ္လင်နေရာနှင့် အနိမိသစေတီ အကြားမှာ နတ်ဗြဟ္မာတို့ဖန်ဆင်းတဲ့ ရတနာစင်္ကြံတော်မှာ ၇-ရက်တိုင်တိုင် အရှေ့အနောက် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူတယ်လို့ အဋ္ဌကထာကျမ်းများ မှာဖော်ပြပါတယ်။ တတိယမြောက် ရတနာစင်္ကမ သတ္တာဟဌာန ဖြစ်ပါတယ်။ စေတီတော်ရဲ့ မြောက်ဖက် နံဘေးမှာကပ်လျှက် တည်ရှိပါတယ်။ အထိမ်းအမှတ်အဖြစ် အမြင့် ၃-ပေ၊ အလျှား ပေ-၆၀ ရှိတဲ့ အုတ်ခုံတခု ရှိပါတယ်။ အုတ်ခုံပေါ်မှာ ကြာပွင့်လေးများ ထုလုပ်ထားတယ်လို့ ဆိုပါတယ်။ မိမိတို့ ရောက်ချိန်မှာတော့ တိဘက်တွေက ဒီအုတ်ခုံပေါ်မှာ ကန်တော့ပွဲတင်သလို ရေခွက်၊ ဆန်ခွက်၊ ပန်းအလှဖော်ထားတွေကို တင်ပြီး ပူဇော်ထားတဲ့အတွက် အုတ်ခုံပေါ်က ကြာပွင့်တွေကိုတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အုတ်ခုံနံဘေး အောက်ခြေမှာ ကြာပွင့်သဏ္ဍာန် ထုလုပ်ထားတာ စေတီငယ်လေးတွေကိုတော့ ဖူးခဲ့ရပါတယ်။



စတုတ္ထသတ္တာဟ - ရတနာဃရ ရွှေအိမ်


စတုတ္ထမြောက် သတ္တာဟကို ရောက်တဲ့အခါတော့ နတ်ဗြဟ္မာတို့ ဖန်ဆင်းတဲ့ ရတနာဃရ ရွှေအိမ်မှာ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တဲ့အခါမှာတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်က ကျယ်ဝန်းစွာ ကွန့်မြူးခွင့်ရတဲ့ အတွက် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးပေါ်ထွက်လာတယ်လို့ အဋ္ဌကထာကျမ်းများ ဖော်ပြကြပါတယ်။ စတုတ္ထသတ္တာဟ ရတနာဃရ ရွှေအိမ်က မဟာဗောဓိ စေတီတော်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပါတယ်။ အုတ်တိုက် ကျောင်းဆောင တစ်ခုပါ။ အမိုးမရှိတော့ဘဲ နံရံတွေဘဲ ကျန်ပါတယ်။ ဒီနေရာမှာ ဘုရားဖူးများ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော် ရွတ်ဖတ် ပူဇော်လေ့ ရှိကြပါတယ်။

ပဉ္စမသတ္တာဟ - ဆိတ်ကျောင်းညောင်ပင် (အဇပါလနိဂြောဓ)


ပဉ္စမသတ္တာဟဖြစ်တဲ့ အဇပါလနိဂြောဓ ညောင်ပင်နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့ဖက်အရပ် (မဟာဗောဓိစေတီတော်နှင့် စေတီတော်ဝင်း ပရိဝုဏ်မုခ်ဦး အကြား လူသွားလမ်းပေါ်) မှာ တည်ရှိပါတယ်။ ညောင်ပင်တော့ မရှိတော့ပါဘူး။ အထိမ်းအမှတ်ကျောက်စာတိုင်နှင့် အင်္ဂလိပ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာ ရှိပါတယ်။ ဥဒါန်း၊ ဝိနည်းမဟာဝါစတဲ့ ပါဠိတော်တွေမှာတော့ ဘုရားအဖြစ်ရောက်တော်မူစ ဗောဓိပင်ရင်းမှာ ရက်သတ္တပတ်ကြာ စံတော်မူပြီး ဖလသမာပတ်က ထတဲ့အခါ အဇပါလနိဂြောဓ (ဆိတ်ကျောင်းသားတွေ နားခိုလေ့ရှိတဲ့ ညောင်ပင်) ကို ကြွတော်မူခဲ့တယ်လို့ တွေ့ရပါတယ်။ အဋ္ဌကထာဆရာများက ဗောဓိပင်ရင်းမှ အဇပါလညောင်ပင်သို့ ချက်ချင်းကြွတော်မူတာ မဟုတ်ဘဲ၊ ယမိုက်ပြဋိဟာပြတော်မူပြီးတဲ့နောက် အနိမိသစေတီ၊ ရတနာစင်္ကမစေတီ၊ ရတနာဃရစေတီတို့မှာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီး ပဉ္စမသတ္တာဟ ရောက်မှ အဇပါလညောင်ပင်ကို ကြွတော်မူခဲ့တယ်လို့ ဖွင့်ပြကြပါတယ်။

 မြတ်စွာဘုရား အဇပါလညောင်ပင်မှာ စံနေတော်မူစဉ် ဟုံဟုံက (မာန်မာန တဟုန်းဟုန်းတက်နေသူ) လို့ အမည်ရတဲ့ ဗြာဟ္မဏတစ်ဦး ရောက်လာပြီး “အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏ ဟုခေါ်ပါသနည်း” လို့ မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ မြတ်စွာဘုရားက “မကောင်းမှုကို အပပြုထားပြီး၊ မာန်မာန တဟုန်းဟုန်းတက်ခြင်း မရှိ၊ (ကိလေသာ) အစွန်းအထင်း မရှိဘဲ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်သော ဝေဒဂူပုဂ္ဂိုလ်သည် ဗြာဟ္မဏမည်၏” ဟု အဓိပ္ပါယ်ရတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော်မူပါတယ်။ တနည်းအားဖြင့်လည်း အမျိုးလေးပါးအနက် ဗြာဟ္မဏအမျိုးဇာတ်က ဆင်းသက်လာပြီး ဝေဒကျမ်းဂန်တွေကို တဖက်ကမ်းခပ် တတ်မြောက်သူကိုမှ အမျိုးမြတ်တဲ့ ဗြာဟ္မဏလို့ ခေါ်တာမဟုတ်ပါဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။ ဒီအကြောင်းကို အကျဉ်းခြုံးပြီး အင်္ဂလိပ်ဘာသာနဲ့ “Only by one deeds one becomes a Brahmana, not by birth” လို့ ကမ္ပည်းထိုးထားပါတယ်။

သတ္တသတ္တာဟ ၇-ဌာနမှာ တနေရာ ရက်သတ္တ တပတ်စီ စံနေတော်မူပြီးတဲ့နောက် ဗုဒ္ဓမြတ်စွာက ဒီအဇပါလညောင်ပင်ရင်းကို ပြန်လာပြီး သီတင်းသုံးတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ တရားတော်ရဲ့ လေးနက်အသိခက်ပုံ ဆင်ခြင်ပြီး တရားမဟောဘဲနေဖို့ အကြံဖြစ်တဲ့အတွက် သဟမ္ပတိဗြဟ္မာမင်း ရောက်လာပြီး “လောကမှာ ကိလေသာ ပါးတဲ့သူတွေလည်း ရှိပါသေးတယ်၊ တရားနာကြားခွင့်မရလို့ ဆုံးရှုံးနေကြရပါတယ်၊ ထိုသူတွေအတွက် တရား ဟောတော်မူပါ” လာရောက် တောင်းပန်ခဲ့ပါတယ်။ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ ဣန္ဒြေ အနုအရင့်၊ ကိလေသာအထူအပါးကို ဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီး တရားဟောမယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် အဇပါလညောင်ပင်ရင်းဟာ လောကသားတို့အတွက် “နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပြီ” ဟု ကြေညာခဲ့ရာ သာသနာ့သမိုင်းဝင် နေရာတခုလည်း ဖြစ်ပါတယ်။

ဆဋ္ဌမသတ္တာဟ - ကျည်းပင်ရင်း (မုစလိန္ဒမူလ) 


မဟာဗောဓိစေတီတော်ရဲ့ အပြင်ဖက်ပတ်လမ်းက နေထွက်ပြီး တောင်ဖက်ကို သွားရင် ထိပ်ပိုင်းပြတ်နေတဲ့ အသောက ကျောက်စာတိုင် အကျိုးတစ်ခုရှိပါတယ်။ မှတ်တမ်းအရဆိုရင် ကျောက်တိုင်ထိပ်မှာ ဆင်ရုပ်ရှိခဲ့ပါလိမ့်မယ်။ ဘုရားဖူးအချို့က ဆုတောင်းအဓိဋ္ဌာန်ပြုပြီး အကြွေစေ့လေးတွေကို တိုင်ထိပ်မှာ တင်အောင် ပစ်နေကြတာကို တွေ့ခဲ့ရတယ်။ အဲဒီကျောက်တိုင်ကနေ တောင်ဖက်ကို ဆက်သွားရင် မုစလိန္ဒာအိုင်ကို ရောက်ပါတယ်။ ရေကန်အလယ်မှာ မြန်မာနိုင်ငံက တည်ထားတဲ့ နဂါးရုံဘုရား တစ်ဆူရှိပါတယ်။ မြတ်စွာဘုရားရှင်က ဆဋ္ဌမမြောက် ရက်သတ္တပတ်မှာ ဗောဓိပင်ရဲ့ အရှေ့တောင်ဖက်ရပ်ရှိ ကျည်းပင်ရင်း (မုစလိန္ဒမူလ) မှာ စံတော်မူပါတယ်။ အဲဒီအချိန်မှာ ၇-ရက်ပတ်လုံး အခါမဲ့မိုးကြီး ရွာတဲ့အတွက် အနီးနားက မုစလိန္ဒာအိုင်မှာနေတဲ့ နဂါးမင်းက မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို ခုနှစ်ထပ် ရစ်ပတ်ပြီး ဦးခေါင်းတော်ကို ပါးပြင်းဖြင့် အုပ်မိုးပေးခဲ့ဖူးပါတယ်။

သတ္တမသတ္တာဟ - လင်းလွန်းပင်ရင်း (ရာဇာယတနမူလ) 


 မဟာဗောဓိစေတီတော်ကနေ တောင်ဖက်ကို သွားရင် အုတ်လက်ရန်းတွေ ကာရံထားတဲ့ သတ္တမ သတ္တာဟ သီတင်းသုံးတော်မူရာ လင်းလွန်းပင် (ရာဇာရတန) ကို ရောက်ပါတယ်။ ယခုတွေ့နေရတဲ့ လင်းလွန်းပင်က မြန်မာနိုင်ငံက ဗိုလ်မှူးကြီး လှအောင် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ မြတ်စွာဘုရားရှင် လင်းလွန်းပင်ရင်းမှာ စံတော်မူစဉ် ဥက္ကလာပတိုင်းကနေ ကုန်ကူးလာတဲ့ တပုဿနှင့် ဘလ္လိ ညီနောင်တို့က မြတ်စွာဘုရားကို ပျားရည်ဖြင့် ပြုလုပ်ထားတဲ့ မုန့်အချိုတွေကို ဆက်ကပ်လှူဒါန်းပါတယ်။ အဲဒီညီနောင်က ဘုရားရှင်ထံမှာ ပထမဆုံး သရဏဂုံ ဆောက်တည်ခဲ့ကြတဲ့ ဥပါသကာတွေ ဖြစ်ပါတယ်။ သံဃာရတနာ မပေါ်ထွန်းသေးတဲ့အတွက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ (ဒွေဝါစိက သရဏဂမန) သရဏဂုံ နှစ်ပါးကိုသာ ဆောက်တည်ခဲ့ကြရပါတယ်။ တပုဿနှင့် ဘလ္လိ ညီနောင်ကို မြတ်စွာဘုရားက ဆံတော်နှစ်ဆူ ချီးမြင့်တော်မူခဲ့ပါတယ်။ ဒီညီနောင်က မြန်မာလူမျိုးများဖြစ်တဲ့အတွက် မြန်မာတွေက ပထမဆုံး သရဏဂုံတည်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်လို့ ဂုဏ်ယူပြောဆိုလေ့ ရှိကြပါတယ်။

မဟာဗောဓိစေတီတော်ဝင်း မြေပုံ


၁။ စေတီတော်ဝင်ပေါက်မုခ်ဦး
၂။ ဗုဒ္ဓပါဒစေတီ
၃။ ဟိန္ဒူဘုရားကျောင်း
၄။ မဟာဗောဓိစေတီတော်
၅။ ဝဇိရာသနပလ္လင် (အတွင်း)
၆။ ဗောဓိပင်
၇။ ဝဇိရာသနပလ္လင် (အပြင်)
၈။ ကျောက်ခြေတော်ရာ  
၉။ ရတနာစင်္ကမစေတီ
၁၀။ ကျောက်လက်ရန်း
၁၁။  ရတနာဃရစေတီ
၁၂။ အနိမိသစေတီ
၁၃။ ရဟန်းတော်ရွှန်ကျန် မှတ်တမ်းအရ အနိမိသစေတီ
၁၄။ အရှေ့တောင်ဖက်ရှိ စေတီ
၁၅။ အသောကကျောက်တိုင်
၁၆။ အသောကစေတီ 
၁၇။ မဟာနာမစေတီ
၁၈။ မဟာဗောဓိစေတီတော် အပြင်ဖက်ပရဝုဏ်တံတိုင်း

Sunday, January 27, 2013

To anonymous sisters...

ကျမချစ်သော ညီမများ၊ အစ်မများ အားလုံးသော အမျိုးသမီးများအတွက် ရင်ထဲက ကျလာတဲ့ စာလုံးတွေနဲ့ မျက်နှာသစ်ပြီး တလောကလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
*****


သူဟာ မိန်းကလေးတစ်ဦးပါ။
သူ့ကို တံဆိပ်တွေ ပြောင်းကပ်ကြည့်မယ်ဆိုရင်
သမီးကလေး၊ ဇနီးမယား၊ မိခင်တစ်ယောက်
ဒီထက်လည်း မပိုပါဘူး။
အမည်တွေရဲ့ နောက်မှာ
ကွင်းစ ကွင်းပိတ်နဲ့ (မေတ္တာ) ဆိုတာလေး ပါနေတာတော့
ထူးခြားတဲ့ သူ့မူပိုင်ပေါ့။

သူ့မှာ ချစ်စရာကောင်းတဲ့ နှုတ်ခမ်းကွေးကွေးလေး ရှိတယ်
အဲ့ဒီနှုတ်ခမ်းလေးက စကားတွေ တတွတ်တွတ်ပြောမယ်
အို… ဒါမဆန်းပါဘူး။
မှိန်သွားလိုက်... တောက်လာလိုက်
အရောင်တွေ တရိပ်ရိပ်ပြောင်းရင်း
ပြောနေတဲ့ မျက်ဝန်းတွေကိုရော နားလည်အောင် ကြိုးစားဖူးပါရဲ့လား။

ပျော်ရွှင်သော နှလုံးသားရဲ့ ရလဒ်
ကြည်လဲ့သော မျက်ဝန်းတစ်စုံဟာ သူမနဲ့ ထိုက်တန်ပါတယ် ဆိုတာ
ဒီနှုတ်ခမ်းက အော်ပြောနေရဦးမှာလား
အစ်ကို(ပညာ)ရှိကြီးတို့ရယ်...။။
*****
ပို့စ်ခေါင်းစဉ်ကို ကျမရဲ့ ပညာရှိကြီး အိပ်ယာနိုးလာမှ ပြန်လာတပ်ပါမယ်...း)

Sunday, January 20, 2013

မိခင်ဖြစ်သော ကျမ

မေမေနဲ့ ဖေဖေ နှစ်ယောက်တဘ၀ထူထောင်တော့ one room one hall အိမ်ခန်းလေးငှားပြီး နေကြတယ်။ မေမေက အသက် ၂၇… ဖေဖေက အသက် ၂၉ ဆိုတော့ သားသားမီးမီးလေးတွေ လာဖို့ သင့်တော်နေပြီဖြစ်တဲ့ အရွယ်မို့ ဘာတားဆေးမှ မသုံးခဲ့ကြပါဘူး။ မကြာပါဘူး ကလေးလေးတယောက် မေမေ့ဗိုက်ထဲရောက်လာတယ်ပေါ့။ မေမေက ငယ်ငယ်ကတည်းက ကျန်းမာရေး ဒေါင်ဒေါင်မမြည်တော့ ၀မ်းကြီးနာ ဆွဲပါလေရော…။ နေ့လည်း အန်... ညလည်းအန်… တနေ့လုံးအန်။ မေမေ့ အလုပ်က ထွက်ထားပြီးသားဖြစ်နေလို့ အလုပ်သွားစရာတော့ မလိုတော့ဘူး။ ဘာမှလည်း မစားနိုင်တော့ဘူး။ ထမင်းအိုးဆူလာရင် ထွက်တဲ့အနံ့တောင် မခံနိုင်ဘူး။ အဲ့ဒီအနံ့ကို စိတ်ထဲက တွေးပြီးတော့တောင် အန်တာပဲ။ လက်ဖက်အသားလေးနဲ့ ထမင်းဖြူနဲ့ စားတယ်။ အာလူးကြော်လေးနဲ့ စားတယ်။ ဘယ်လာ အာဟာရ ပြည့်စုံမှာလဲ။ ဖေဖေလည်း ရုံးက ပြန်လာရင် ကောင်းနိုးရာရာလေးတွေ ၀ယ်လာရှာပါတယ်။ ဘာဝယ်လာလာ မစားနိုင်ပါဘူး။ ဘာတွေ ၀ယ်လာတာလဲ လို့ မေမေက ဖေဖေ့ကိုရန်လုပ်။ မေမေစားတဲ့ လက်ဖက်အသားလေး ကုန်သွားလို့ ဖေဖေက ပင်နီဆူလာသွားပြီး ၀ယ်ပေးပါတယ်။ အခြားဟိုဟာ ဒီဟာလေးတွေလည်း စားဝင်နိုးနိုး ၀ယ်လာတာပေါ့။ အဲ့ဒီအချိန် ပင်နီဆူလာက ကုန်စည် စီးဆင်းမှုက အခုလောက် မမြန်ဆန်သေးတော့ ဖေဖေ ၀ယ်လာတဲ့ဟာတွေက မှိုတက် ဒိတ်အောက် ဘာမှ စားမရ ဖြစ်ပြန်တယ်။ မှတ်မှတ်ယယ ဖေဖေ့သူငယ်ချင်း သားတို့ အန်တီခိုင် က ကြက်သားပေါင်းလေးချက်ပြီး ဘူးလေးနဲ့ ပေးလိုက်တာ… အဲ့ဒီဟင်းလေးနဲ့ မေမေ ထမင်းစားဝင် လိုက်တာ… အားကို ပြည့်သွားသလို ခံစားခဲ့ရတယ်။
ဒီလို တပိန်ပိန် တလိမ်လိမ်နဲ့ နေလာရင်း… ရေချိုးခန်းထဲမှာ အ၀တ်လျော်ရင်း စလစ်ဖြစ်ပြီး ဖင်ထိုင်ရက်လေး လဲတယ်။ မေမေတို့ ငှားနေတဲ့ အိမ်မှာက အ၀တ်လျှော်စက် မရှိဘူး။ နှစ်ယောက်တည်းရဲ့ အ၀တ်အစား ဘာရှိတာမှတ်လို့ မေမေ ရေချိုးရင်း ဒီလိုပဲ လျှော်လိုက်တာပဲ။ အဲ..အဲ.. လဲပြီး မကြာဘူး… မေမေ သွေးဆင်းလာလို့ ဆေးခန်းပြေးရရော…။ Ultrasound ရိုက်ဖို့ Jurong East က ဆေးခန်းတခုကို လွှတ်တယ်။ ဖေဖေ့သူငယ်ချင်း အန်တီခိုင် ပဲ လိုက်ပို့တယ်။ ရေများများသောက်မှ Ultrasound က ကောင်းကောင်းပေါ်မှာ ဆိုလို့ အန်တီခိုင် က ဆေးခန်းဘေး ကုန်စုံဆိုင်က နှစ်လီတာ ရေပုလင်းကြီး ၀ယ်ပြီး မေမေကို အတင်းသောက်ခိုင်းတာပဲ။ ရေသောက်ပြီး ရှူးမပေါက်ရဘူး…။ မေမေမှာ မျက်နှာငယ်လေးနဲ့ ကျိတ်မှိတ်သောက်ခဲ့ရတာ…။ Ultrasound ရိုက်ပြီး သိရတာ..တော်သေးတယ် ကလေးက ဘာမှ မဖြစ်လို့…။ သတိထားပြီး နေဖို့တော့ ဆရာဝန်က မှာလိုက်တယ်။
ဒါနဲ့ ဖေဖေလည်း မေမေ့ကို သူရုံးသွားနေတုန်း တယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးဆိုပြီး မေမေတို့ အိမ်ပြောင်းကြတယ်။ မေမေ အိမ်ထောင်မကျခင်က အတူနေခဲ့တဲ့ မိသားစုနဲ့ အတူ ပြန်နေဖို့ပါပဲ။ ဟိုမိသားစုကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။ ဖေဖေလည်း ရုံးသွားရင် အဲ့ဒီအိမ်က ဦးဦးရဲ့ ရုံးကားနဲ့ အကြုံလိုက်ရင်း သက်တောင့်သက်သာ သွားရတယ်။ အဲ့ဒီ ရုံးကားလေးက မေမေတို့နဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့၊ မေမေတို့ဘ၀ရဲ့ အမှတ်တယတွေထဲမှာ သူပါဝင်ခဲ့တယ်။ ဖေဖေလူပျိုဘ၀ သူငယ်ချင်းတွေနဲ့ စုနေတဲ့ အိမ်ကနေ မေမေနဲ့ နှစ်ယောက်နေဖို့ အိမ်ပြောင်းလာတော့ အဲ့ဒီကားလေးနဲ့ ကူပြောင်းပေးတာပေါ့။ ဖေဖေပိုင်ဆိုင်တဲ့ တပိုင်တနိုင် ပစ္စည်းလေးတွေအပြင် အိုးသစ်အိမ်သစ် ထူထောင်မည့် ဖေဖေ့ကို သူ့အခန်းဖော် သူငယ်ချင်းတွေက ရေနွေးအိုးကအစ မကျန်ရအောင် ၀ိုင်းဝန်းဖြည့်ဆည်းပေးလိုက်ကြတာ အဲ့ဒီကားလေးနဲ့ အပြည့်အသိပ်ပါပဲ။
ကိုယ်ဝန်လေးလမှာ ultrasound ရိုက်ပြန်တော့ သားသားလေးလား မီးမီးလေးလား သိရမယ်လေ…။ မေမေမှာ စိတ်လှုပ်ရှားလိုက်တာ…။ ဖေဖေက သားလေးပဲ လိုချင်တယ်တဲ့လေ။ သမီးလေးဆို သူစိတ်ပူတတ်ပုံနဲ့ နေစရာရှိမှာမဟုတ်ဘူး ပြောထားတော့ မေမေမှာ ultrasound ရိုက်ရင်း အဆက်မပြတ် ဆုတောင်းရတာ။ ရိုက်ပေးတဲ့သူက ဘာလေးလဲ နင်သိချင်တယ် မဟုတ်လားလို့ မေးပြီး…ယောက်ျာလေးလို့ ပြောလိုက်တော့။ အားကြီးတောင် မပျော်နိုင်တော့ဘူး… စိတ်မောပြီး ထူထုံနေလို့လေ။
မေမေလည်း စားနိုင်သောက်နိုင်ဖြစ်လာပါပြီ။ မေမေချင်ချင်းတက်ခဲ့တဲ့ အစာတွေကတော့ ဂရိတ်ဖရုသီး… တခါစားတထိုင်တည်း တလုံး… ဖေဖေ့ကို ဖဲ့ကျွေးရမှာ စိုးလို့ ကျောနဲ့ကာပြီး တဖက်လှည့်စားတာ။ နောက် ကြက်ကြော် တခါစားရင်…တကောင်။ နောက်ပြီး မေမေ လမ်းလည်း အများကြီးလျှောက်ဖြစ်တယ်။ မန္တလေးသား ဖြစ်ပြီး စက်ဘီးတောင် ကောင်းကောင်း မစီးတတ်တဲ့ ဖေဖေက တပြနှစ်ပြသုံးလေးပြ လမ်းချည်း လျှောက်ပစ်လိုက်တဲ့ အမျိုးဆိုတော့… လျှောက်သလားမမေးနဲ့။ ဟိုဟိုဒီဒီသွားစရာရှိရင် ခြေလျင်သာ လျှောက်တော့တာပဲ။ မေမေကလည်း ဖေဖေနဲ့ဆို လျှောက်ပြီးသားမို့ ဘာပြောကောင်းမလဲ ဗိုက်ချွန်ချွန်ကြီးက အောက်ဆိုက်ဆိုက်လာပြီး လမစေ့သေးပဲ ဗိုက်နာတော့တာပဲ။
အဲ့ဒီနေ့ ညနေစာကို ကုလားပဲဟင်းနဲ့ စားပြီး တအောင့်နေ ဗိုက်နာလာတာဆိုတော့… ၀မ်းမကောင်းလို့ပဲ ဗိုက်နာတာလား…မွေးချင်လို့ပဲ နာတာလား…ဝေခွဲမရပဲ ဆေးရုံသွားခဲ့ကြတယ်။ အိမ်ကဦးဦးကပဲ အဲ့ဟိုကားလေးနဲ့ ဆေးရုံလိုက်ပို့တာပေါ့။ လမ်းခုလတ် အဝေးပြေးလမ်းကြီးမှ အန်ချင်ပြန်လို့ လမ်းဘေးခဏ ရပ်ကြရပြန်တယ်။ နောက်ဆေးရုံရောက်တော့ ကုလားထိုင်မှာ ဗိုက်ပတ်ကြီး ပတ်ပေးထားပြီး…contraction ကို တိုင်းတယ်။ contraction က မွေးမည့်အတိုင်း တိုးနေပြီတဲ့..။ ကိုယ်ဝန်က ၃၄ပတ်ပဲ ရှိသေးတယ်။ အဲ့ဒါနဲ့ ကုတင်ပေါ်မှာ ငြိမ်နေပြီး ၂၄နာရီ ဆေးသွင်းတယ်။ နောက် မနက်တခြမ်း ညတခြမ်း သောက်ဖို့ နှစ်ပတ်စာ သောက်ဆေး ပေးလိုက်ပြီး အိမ်ပြန်ခဲ့ကြရတယ်။
ဆေးသောက်တာ နှစ်ပတ်အတိပြည့်ပြီး ညဖက်လိုဆေးကုန်တယ်… မနက်ဖက်မှာ အစောကြီး ရေမွှာပေါက်လို့ ဆေးရုံပြေးခဲ့ကြရရော…။ ဗိုက်က အနာ တဖြေးဖြေး စိတ်လာတယ်။ ဗိုက်နာလာရင် ပုရွက်ဆိတ်ကိုက်တာတောင် ဆတ်ဆတ်ထိ မခံတဲ့ မေမေက ရှုံမဲ့နေတော့တာပေါ့။ laughing gas ဆိုတာလည်း မရှူတတ်ဘူး။ သူနာပြုဆရာမကြီးက တော်ရှာပါတယ်။ နင့်အမေတောင် ခုနစ်ယောက် မွေးလာတာ..နင်လည်း ဘာလို့ မမွေးနိုင်ရမလဲလို့ မေမေကို အားပေးတယ်…။
မေ့ဆေးဆရာဝန်နဲ့ Epidural တင်ဖို့ လက်မှတ်ထိုး… ခါးထဲကို ဆေးသွင်းပြီး နောက်တော့ လျောလျောရှူရှူပဲ မွေးပါတယ်။ မွေးကင်းစ သားသားလေးကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ ဆရာမကြီးကို ရှူရှူနဲ့ ပန်းလိုက်လို့ တခန်းလုံး ၀ါးကနဲ ရယ်ကြရသေးတယ်။ ဆရာမကြီးက သားသားကို high nose…high nose နဲ့ လှလို့တဲ့။

*****
ဒီအပိုင်းက စပြီး မိဘတယောက်ဖြစ်လာပြီ ဖြစ်တဲ့ မေမေရဲ့ လိုအပ်ချက်လေးတွေကိုပဲ ရွေးထုတ်ရေးသွားပါတော့မယ်။ ဆေးရုံက ဆင်းလာတဲ့ သားသားလေးမှာ အနှီးတထည်မှ မရှိသေးဘူး။ အိမ်ကိုကလေးလာကြည့်တဲ့ ဖေဖေ့သူငယ်ချင်းတွေထဲက အန်တီထွေး က ဖေဖေ့ကချင်ပုဆိုးကို ကမန်းကတန်း မီးပူတိုက်တယ်။ ကလေး အနှီးထုတ်ဖို့လေ…။ အဲ့ဒီအချိန်မှာ အိမ်က အန်တီမော်က သူ့ရဲ့ လေးနှစ်သမီးငယ်လေး မွေးစကနေသုံးလာတဲ့ အခုလည်း ရေချိုးပြီးရင် ပတ်တဲ့ အနှီးကို လျှော်ထားတာပါ ဆိုပြီး ကမန်းကတန်း ယူလာတယ်။ "သုံးလေးထည်ပါတဲ့ တထုတ်လုံးမှ ဘယ်လောက်မှမပေးရတဲ့ အနှီးကို ကြိုတင်ဝယ်မထားဘူး… သီတာတို့ကတော့ လုပ်မယ်" ဆိုပြီး မေမေ့ကို နည်းနည်းဆူတာပေါ့။ မွေးဖွားပြီးမေမေ့ကို ပြုစုဖို့ ရန်ကုန်ကနေ အန်တီကေလာရင် ဖွားဖွားကြီးထည့်ပေးလိုက်တဲ့ အနှီးတွေ ယူလာမှာလေ…။ အဲ့ဒါကြောင့် မေမေက ပေကပ်ပြီး ဒီမှာ မ၀ယ်တာ။ သားသားက စောရောက်လာပြီး အန်တီကေက ဒီကို ရောက်မလာသေးတော့ သားကို အနှီးလေးနဲ့ ထွေးပြီး ဆီးမကြိုနိုင်ဖြစ်သွားရတာပါ။ နောက်ပြီး ဒီက အနှီးစနဲ့ မြန်မာပြည်မှာ သုံးကြတဲ့ အနှီးစတွေက အသား မတူဘူး… ဒီက အနှီးက ပိုကောင်းတယ်တဲ့။ ဟုတ်ပါတယ်…။ ဒါပေမဲ့ ဖွားဖွားကိုယ်တိုင် သူသိမ်းဆည်းထားတဲ့ ပိတ်အုပ်ကြီးကနေ သားသားထွေးဖို့ စိတ်တိုင်းကြ ပိုင်းဖြတ်ပေးလိုက်တဲ့ အနှီးစကြီးတွေထက်တော့ ဘယ်လိုမှ ပိုမကောင်းနိုင်ဘူးလို့ စိတ်ပိုင်းဖြတ်ထားတဲ့ မေမေက ကပ်ပြီဟေ့ ဆိုရင်… အဲ့လို ကပ်တာ။
အန်တီကေ ရောက်လာပြီး အိမ်ခန်းလေးထဲမှာ တယောက်အိပ်ကုတင်ရယ်… နှစ်ယောက်အိပ်ကုတင်ရယ်…ဖေဖေ့ စာကြည့်စားပွဲရယ်နဲ့ ပြည့်ညက်နေတာပဲ။ သားသားလေးအတွက် အိပ်ယာနေရာကုတင်…။ ဟဲဟဲ..မေမေ ၀ယ်မထားပါဘူး။ သားသားဘယ်လို အိပ်ခဲ့ရလည်းသိလား။ သားသားမမွေးခင်ကတည်းက အသိအမတယောက်က သူ့သားလေး ငယ်ငယ်က သုံးခဲ့တဲ့ ကလေး လက်တွန်းလှည်းကို ပေးတယ်။ မေမေကလည်း မယူချင်ဘူးလို့ ငြင်းရမှာ အားနာတာနဲ့ ယူထားလိုက်တယ်။ စေတနာနဲ့ ပေးတာကို လက်ခံနိုင်တဲ့ စွမ်းရည် ရှိရမယ် မဟုတ်လား။ သက်ဦးကလေးကို အားလုံး အသစ် အသစ် အညွတ်အဖူးတွေနဲ့ပဲ ပြည့်စုံစေရမယ်ဆိုတဲ့ အယူအဆတွေလည်း မေမေမစွဲချင်ဘူး။ ည ည ဆိုသားက အဲ့ဒီ လက်တွန်းလှည်းလေးထဲမှာ အိပ်ရတယ်။ အဲယားကွန်း..ဟင့်အင်း မရှိပါဘူး။ သဘာဝလေနဲ့ နေတတ်အောင် နေပါသားရယ်။ နောက်ပိုင်း တခါတလေ စကားစပ်မိရင်တော့ ဖေဖေက ပြောတယ်… မတတ်နိုင်တာလည်း မဟုတ်ပဲနဲ့ သူ့သားကို သီတာ့ ဆုံးဖြတ်ချက်တွေနဲ့ မပြည့်မစုံ ထားခဲ့ရတာကို တစက်မှ စိတ်မကောင်းဘူးတဲ့…။
သားသားက မအေနို့ကို တိုက်ရိုက်မစို့တတ်ဘူး။ မေမေကလည်း မတိုက်တတ်ဘူး။ ဒီတော့ မေမေ့ဆီက ချိုချိုကို ပြွန်ကြီးနဲ့ စုတ်ပြီးမှ သားသားကို တိုက်ရတယ်။ မိခင်နို့ဟာ ကလေးအတွက်အကောင်းဆုံးဖြစ်ပေမဲ့ တခုခုကို မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲမရှိပဲ ဖြစ်သလိုနဲ့ ပြီးလိုက်တတ်တဲ့ မေမေဟာ ကိုယ့်ရင်သွေးကိုတောင် ကိုယ့်နို့ရအောင်မတိုက်နိုင်ပဲ လွယ်လွယ်ကူကူ အရှုံးပေးပြီး နို့ဗူးပဲ တိုက်ခဲ့ပါတော့တယ်။ မနှစ်က မမစံ ကလေးမွေးတော့ နို့ရည်စုတ်တဲ့ ပြွန်ကို ပေးလိုက်မယ် လုပ်တော့ ဖေဖေက ခဏ ခဏ နေဦး ဆိုပြီး ဓာတ်ပုံရိုက်ယူထားသေးတယ်။ (နောက်သူ့မှာလည်း ရှိနေတာနဲ့ မပေးဖြစ်တော့ပါဘူး)။
အဆုပ်ထဲမှာ ချွဲတွေကို ယက်တင်တဲ့ အမွေးလေးတွေ မစုံလင်သေးပဲ စောမွေးခဲ့တဲ့သား… ရင်ဘတ်ထဲမှာ ချွဲတွေနဲ့ ခဏခဏ ဖျားတတ်တယ်။ Poly Clinic ကိုသွား nebulizer ရှူ ..အဲ့ဒီကနေမှ KK ဆေးရုံကို သွားရတယ်။ အဲ့ဒီအချိန်မှာ ဖေဖေတို့က EP status ပဲရှိသေးတာမို့၊ ဆေးရုံတက်ရင် ဈေးကြီးတာကြောင့် ဆရာဝန်တွေက သားကို ဆေးရုံတော့ မတက်ခိုင်းဘူး။ ဖေဖေရုံးပိတ်တဲ့ စနေ၊ တနင်္ဂနွေတွေဆို ဆေးရုံပြင်ပလူနာဌာနကို မနက် ၁၀နာရီလောက်က ရောက်ပြီး တနေ့လုံး ဆေးရုံမှာ သားကို nebulizer ရှူခိုင်းလိုက်၊ ဆရာဝန်က ချွဲတွေ ရှင်းသွားပြီလား နားကြပ်နဲ့ နားထောင်လိုက်.. အဖျားတွေ တက်လာပြန်ရင်… ရေချိုးပေးလိုက်နဲ့ ညနေစောင်းမှ အိမ်ပြန်ရတယ်။
သားသားတနှစ်ခွဲလောက်ကပေါ့ …ဖေဖေရုံးသွားနေချိန် သားအမိနှစ်ယောက်တည်းရှိတာ…တညနေတော့ အပြင်သွားဖို့ မေမေက သားကို အယင်ရေမိုးချိုးပေး အ၀တ်အစားတွေ အကျအန ၀တ်ပေးပြီး အိပ်ယာပေါ်ထားခဲ့ပြီး၊ ရေချိုးခန်းထဲဝင် မေမေရေချိုးတယ်။ မေမေရေချိုးခန်းထဲက ထွက်လာတော့ လား..လား…. သားကလေ ဟင်းချက်တဲ့ နှစ်လီတာ ဆီပုလင်းကြီးကို ဖွင့်ပြီး ကြမ်းပြင်ပေါ် မှောက်ချထားပြီး အဲ့ဒီ ဆီအိုင်ထဲ ပယ်ပယ်နယ်နယ် ထိုင်ကစားနေတာ…။ မေမေ့မှာ စိတ်တိုတိုနဲ့ သားကို ရေပြန်ချိုးပေးရ ကြမ်းဆေးရနဲ့ …ဟူးးးး
သားသား ငါးနှစ်သားလောက်.. ရန်ကုန်အိမ်မှာ… နေမကောင်းလို့ သားကို ဆေးတိုက်တယ်။ ရန်ကုန်မှာ ဆိုတော့လည်း သီးသန့် စပ်ပေးတဲ့ ကလေးဆေး ချိုချိုရယ်လို့ မရှိပေဘူး။ အခဲတွေပဲ ခပ်သေးသေးဖဲ့ပြီးတိုက်တယ်။ သားသားက ဆေးတိုက်ရခက်တယ်။ ကောင်းကောင်း မသောက်ချင်ဘူး။ မေမေကတော့ မရဘူး…ဒီငါးနှစ်အရွယ်ကလေးလေး ကိုလည်း မေမေက လိုအပ်လို့ ဆေးတိုက်တယ်.. သားသားက မြိုချရမယ်… ဒီလိုပဲ နားလည်တယ်။ မအေကို ကြောက်တဲ့သားက မအေရှေ့မှာတော့ မြိုချရှာပါတယ်။ မအေ ပန်းကန်သွားဆေးတုန်း အန်ချပစ်တယ်။ မေမေက အ၀တ်စ သားကို ပေးပြီး၊ အန်ချတာတွေကို သားကို ပြန်သုတ်ခိုင်းတယ်။ သားသား အ၀တ်စလေးနဲ့ ကြမ်းပြင်သုတ်နေတာကို အန်တီကေ ရောက်လာပြီ မြင်တော့… သီတာ နင် သိပ်ရက်စက်တယ်… သိပ်ရက်စက်တယ်… ကလေးကို ဒီလိုလုပ်တယ် ဆို… ငိုယိုပြီး… သူ့တူလက်ထဲက အ၀တ်ကို ယူပြီး ကြမ်းတွေ ဖိသုတ်တော့တာပဲ။
မေမေဟာ သူများတစိမ်းတွေနဲ့ဆို ပျော့ပျော့ပျောင်းပျောင်း လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပေမဲ့ သားတို့ အပေါ်မှာ ခက်ထန်တယ်… မာကျောတယ်။ လူးလူးလဲလဲ မချစ်တတ်ဘူး။ မေမေ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို သားတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်လို့ ဒီစာတွေကို ရေးခဲ့တာ မဟုတ်ဘူး။ မေမေ့ရဲ့ အဇ္ဈတ္တကို အသိပေးဖို့ ဆန္ဒသက်သက်ပဲ မေမေမှာ ရှိပါတယ်။

လူ့ဘ၀ ဆိုတာ တိုတိုလေးပါပဲ။ ဒီတိုတိုလေး အတွင်းမှာမှ မဖြစ်မနေ အပိုင်းတွေ အကန့်တွေ ခွဲကို ခွဲရဦးမယ်။ ပတ်သက်မှု ပုံစံမျိုးစုံနဲ့ တွေ့ကြုံဆုံခဲ့ရတဲ့ လူတွေကို ကိုယ့်ဖက်က မမှားအောင် သတိထားဆက်ဆံသင့်ပေတယ် မဟုတ်လား။ သားသမီးနဲ့ မိဘဆိုတဲ့ အနီးကပ်ဆုံးနဲ့ အရှည်ကြာဆုံး ဆုံစည်းမှုမှာ အမှားကင်းနိုင်သလောက် ကင်းအောင် ကြိုးစားဖို့ သင့်ကို သင့်တာပါပဲ။

Wednesday, December 12, 2012

နေ့စွဲများ

ဒီနေ့ ဘယ်နှစ်ရက် လဲ…
ဒီနေ့ ဘာနေ့လဲ…
သိရအောင် နေ့စွဲလေးတွေ မှတ်တတ်ခဲ့ရသည်မှာ သိတတ်စ အရွယ်ကပင် ဖြစ်သည်။ ဒီကနေ့ကို သိမှတော့ ကိုယ်မွေးခဲ့တဲ့နေ့က ဘယ်နေ့လဲ… သိထားအောင် အမေ့ဆီမှ အဖန်ဖန်မှတ်ရင်း အလွတ်ကျက်ခဲ့ရသည်။ နောက် စာမေးပွဲ စစ်မည့်နေ့မျိုး… အရေးကြီးသည်… မေ့လို့မဖြစ်…။ ဤသို့ ဤနှယ် လူတယောက်နှင့် နေ့စွဲများသည် ခါးဝတ်ပုဆိုးလို တွဲနေခဲ့သည်။


အချိန်သည် လူသားကို စားနေသည် ဆိုလျှင် နေ့စွဲဟင်းလျာနှင့် တွဲဖက်၍ ဖြစ်မည်။ နံရံများတွင် နားရှိသည် ဆိုလျှင် ထိုနံရံတွင် နာရီတလုံးလည်း ချိတ်ဆွဲထားပေလိမ့်မည်။ ခေတ်ရေစီးကြောင်း အမြန်ယာဉ်ကို နုပျိုသော ရက်စွဲလေးများ တွဲလွဲခိုစီးတတ်သည်မှာ မွေးရာပါ အရည်အချင်းဖြစ်သည်။ ရက်စွဲများသည် မှတ်တိုင်များလည်း ဖြစ်ကြသည်။ အချို့မှာ ကျော်လွန်ခဲ့ပြီး၍ အချို့မှာ ရှေ့တွင်စောင့်ကြိုနေကြသည်။ တနည်းဆိုသော် နေ့စွဲ၊ ရက်စွဲ ဟူသည် ရွေ့လျားနေသော ချည်တိုင်ဖြစ်သည်။

ကမ္ဘာလဆန်း တစ်ရက်နေ့က စခဲ့သောနေ့စွဲများသည် ဘယ်တွင်ဆုံးမည် မသိ။ အစသာသိ၍ အဆုံးကို သိခွင့်မသာသော မိမိ၏ နေ့စွဲများသည်လည်း ဂမ္ဘီရဆန်လှပေသည်။

လူသားတို့၏ နေ့စဉ်မှတ်တမ်းတွင် စိမ်းစိုသော၊ ရွှေရောင်လွှမ်းသော၊ ပြာလွင်သော နှစ်လိုဖွယ် နေ့စွဲများကိုသာ ရေးမှတ်လိုကြသော်လည်း ညို့မှိုင်းသော၊ သွေးစွန်းသော နေ့စွဲပေါင်းများစွာကို ပေါ့ပါးစွာ ဖြတ်သန်းခဲ့ဖူးသူ တယောက်သည် ၁၂-၁၂-၁၂ ဆိုသည့် လှပသောနေ့စွဲ၌ စုံလုံးရပ်၍ တောက်ပသော နှလုံးသားတခုကို တောင်းတလိုက်ရပေသည်။

Thursday, November 29, 2012

အာဏာရှင်၊ ကြောက်စိတ်နှင့် တိုးတက်မှု

အာဏာရှင်ဟူသည့် ဝေါဟာရကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်” ဟူသော မက္ခိယာဗယ်လီ၏ မင်းသားကျမ်းလာ အဆုံးအမအတိုင်း အုပ်ချုပ်သူမျိုးဟု အဓိပ္ပါယ် ဖွင့်ကြည့်ချင်ပါသည်။ အာဏာရှင်တို့သည် ပြည်သူတို့အား မိမိတို့၏ သြဇာကို မလှန်နိုင်ဘဲ ကြောက်ရွံ ကျိုးနွံနေအောင် အုပ်ချုပ်ထားသည့်နည်းတူ၊ သူတို့ ကိုယ်တိုင်သည်လည်း ကြောက်ရွံ့နေသူများ ဖြစ်နေကြသည်ကို တွေ့ရ၏။ သူတို့သည် မိမိတို့ ကျူးလွန်ထားသည့် မတရားမှုများအား ဖုံးကွယ်လိုသည့် သိမ်ငယ်စိတ်များ၊ မိမိတို့ ရရှိထားသည့် အာဏာနှင့် အခွင့်အရေးတို့ လက်လွှတ် ဆုံးရှုံးရမည်ကို ကြောက်ရွံ့စိတ်များ၊ မိမိတို့ အာဏာမဲ့သွားပါက အနှိပ်စက်ခံ ပြည်သူတို့က ပြန်လည် လက်တုန့်ပြန်မည်ကို စိုးရိမ် ထိတ်လန့်စိတ်များဖြင့် ဖိစီးနှိပ်စက် ခံနေရသူများဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်က အာဏာရှင်တဦး၏ ကြောက်ရွံ့အားငယ်မှုကို ဒီဃနိကာယ် သာမညဖလသုတ်တွင် တွေ့နိုင်ပါသည်။ အဇာတသတ်သည် ဖခင်အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ အာဏာ ရယူခဲ့သူဖြစ်၏။ အဇာတသတ်မင်းသည် မိမိကျူးလွန်ထားသော အပြစ်တို့ကြောင့် အလွန်သာယာ ကြည်နှုးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့်ည၌ပင် စိတ်ကြည်လင် ငြိမ်းချမ်းမှုမရှိခဲ့။ စိတ်အေးချမ်းမှု ရရန်အတွက် သမဏဗြာမဏ တဦးဦးထံ ဆည်းကပ်လိုစိတ် ဖြစ်သည်။ နန်းတွင်းဆေးဆရာ ဇီဝက၏ အကြံပေးချက်အတိုင်း ဗုဒ္ဓမြတ်စွာထံ ဆည်းကပ်ရန် မောင်းမများခြံရံ၍ သရက်တောဥယျာဉ်သို့ သွားကြသည်။

မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးနေသည့် သရက်တောဥယျာဉ် ကျောင်းသည် အလွန် တိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသောအခါ အဇာတသတ်သည် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွား၏။ ဇီဝကသည် မိမိအား လှည့်ဖျား၍ ရန်သူထံ အပ်နှံလေသလောဟု သံသယစိတ်တို့ ဖြစ်ပေါ်လာ၏။ စိုးရွံ့မည်ဆိုလျှင်လည်း စိုးရွံ့လောက်ပါသည်။ အိမ်နီးချင်းနိုင်ငံမှ ကောသလမင်းသည် ဘုရားရှင်ထံ သွားရောက် ဖူးမြော်နေစဉ် ၀ိဋဋူဘ မင်းသားနှင့် စစ်သူကြီး ဒီဃကာရာယနတို့က အာဏာလုယူ သွားခဲ့ဖူးသည် မဟုတ်ပါလော။ ဇီဝကက ဗုဒ္ဓမြတ်စွာနှင့် ရဟန်းတော်များ ထိုင်နေကြရာ အ၀န်းအ၀ိုင်းမှ ဆီမီးရောင်များကို ပြကာ မကြောက်ရွံ့စေရန် အားပေးနှစ်သိမ့်ရသည်။ ထိုအခါမှ အဇာတသတ် စိတ်သက်သာရာရပြီးနောက် ရဟန်းတော်တို့၏ တည်ငြိမ်အေးချမ်းမှုကို အဖန်ဖန် ကြည်ညိုကာ “ငါ၏ သားတော် ဥဒယဘဒ္ဒ မင်းသားသည် ဤသို့ တည်ငြိမ် အေးချမ်း ပါစေသား” ဟုပင် ထုတ်ဖော် ကျူးရင့်လေ၏။ အဇာတသတ်၏ ကြောက်ရွံ့စိတ်များထဲတွင် မိမိကျူးလွန်ထားသော အပြစ်များကို မိမိချစ်သော သားက သိသွားမည်ကိုလည်း စိုးရိမ်ပါလိမ့်မည်။ သို့သော်လည်း အဇာတသတ်၏ မြှော်လင့်ချက်တို့ ဖြစ်မလာခဲ့ပါ။ နောင်သော် သားတော် ဥဒယဘဒ္ဒမင်းသားသည်လည်း ဖခင်ခြေရာနင်းကာ အဇာတသတ်ကို သတ်၍ အာဏာသိမ်းခဲ့သည်။ သမိုင်းတွင် ကောင်းကောင်းမွန်မွန် ဘ၀ဇာတ်သိမ်းရသည့် အာဏာရှင်တို့သည် အလွန် နည်းပါးပါလိမ့်မည်။

အဇာတသတ်သည် ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရသောအခါတွင် “မျက်မှောက်၌ပင် သိမြင်နိုင်သော ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူး” (သန္ဒဋ္ဌိက သာမညဖလ) ကို မေးလျှောက်သည်။ မင်းစည်းစိမ်နှင့် အာဏာအတွက် ဖခင်အရင်းကိုပင် ရက်ရက်စက်စက် သတ်ဖြတ် လုယူသော အဇာတသတ်က စည်းစိမ်ဥစ္စာ အသက်မွေးဝမ်းကျောင်းမှုတို့ကို စွန့်ကာ ရဟန်းပြုကြသူတို့၏ ရည်ရွယ်ချက်ကို သိလိုခြင်းသည် အမှတ်တမဲ့ စဉ်းစားပါက ထူးဆန်း နေပါလိမ့်မည်။ စကြ၀တေးမင်း ဖြစ်ထိုက်သော ကိုယ်ရည် ကိုယ်သွေးရှိသည့် ခတ္တိယနွယ်ဖွား သိဒ္ဓတ္တမင်းသားသည် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုခဲ့သည်။ ဘုရားအဖြစ်မရောက်မီ တောထွက်လာစ ရဟန်းတော် ဂေါတမသည် မိမိဖခင် ဗိမ္ဗိသာရမင်းက မဂဓတိုင်းနိုင်ငံအား အတူခွဲဝေအုပ်ချုပ်ရန် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။ မိမိက ထို မင်းစည်းစိမ်အတွက် ဖခင်ကိုပင် လုပ်ကြံခဲ့၏။ စည်းစိမ်အာဏာနောက်သို့ အဆုံးတိုင်လိုက်သော မင်းတစ်ပါးက မည်သည့်အရာအတွက် စည်းစိမ်အာဏာတို့ကို စွန့်ကာ ရဟန်းပြုကြသည်ကို သိလိုပါလိမ့်မည်။ ဗုဒ္ဓမြတ်စွာက ရဟန်းပြုသူတို့သည် မင်း၏ သြဇာအာဏာအရိပ်မှ လွတ်မြောက်ခြင်း၊ ကျေးကျွန်ဘ၀၊ အခွန်ထမ်းဘ၀မှ လွတ်မြောက်ခြင်းတို့မှစ၍ သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်သိက္ခာအဆင့်ဆင့်ဖြင့် အမြတ်ဆုံးသော လွတ်မြောက်မှု (၀ိမုတ္တိ) ကို ရရှိနိုင်ပုံကို အသေးစိတ် ဟောကြားခဲ့သည်။

တရားအဆုံးတွင် အဇာတသတ်က “မိုက်မဲတွေဝေခဲ့သည့် အလျှောက် အပြစ်ကျုးလွန်မိခဲ့ပါသည်။ အာဏာအတွက် တရားဖြင့် အုပ်ချုပ်သော ခမည်းတော်မင်းကို သတ်ခဲ့မိပါသည်။ နောင်တွင် ထိုအပြစ်တို့ကို မကျူးလွန်မိစေရန် စောင့်စည်းခြင်းငှာ ကျွန်ုပ်၏ အပြစ်တို့ကို အပြစ်ဟု လက်ခံ အသိမှတ်ပြုတော်မူပါ” ဟု တောင်းပန်လျှောက်ထား၏။ ဗုဒ္ဓက တောင်းပန် စကားကို လက်ခံအသိမှတ်ပြုကြောင်း ပြောကြား၍ အောက်ပါအတိုင်း မိန့်ကြား၏။

“၀ုဒ္ဓိဟေသာ, မဟာရာဇ, အရိယဿ ၀ိနယေ, ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ, အာယတိံ သံဝရံ အာပဇ္ဇတိ”

“မင်းကြီး… အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်၍ ထိုသို့သိမြင်သည့် အကြောင်းအားလျှော်စွာ ကုစား၏။ နောင်တွင် ထပ်မံ မဖြစ်စေရန် စောင့်စည်း၏။ ယင်းအား မြတ်သောအဆုံးအမတွင် တိုးတက်ခြင်းဟု သတ်မှတ်ပေသည်။”

ထို့ကြောင့် အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့သည့်စိတ် (ဘယာဂတိ) အား အမှားကျူးလွန်ရမည်ကို ကြောက်ရွံ့သည့်စိတ် (သြတပ္ပတရား) ဖြင့် အစားထိုးကာ
(၁) အမှားကို အမှားဟု သိမြင်ခြင်း၊
(၂) ထိုအမှားကို ပြန်လည် ပြုပြင်ခြင်း၊
(၃) နောင်တွင် ထပ်မံ မမှားမိစေရန် စောင့်ထိန်းခြင်း
ဟူသော အချက် ၃ချက်-ဖြင့် တိုးတက်မှုလမ်းပေါ်သို့ ပြန်လည်တက်ရောက် နိုင်ပါလိမ့်မည်။


Tuesday, November 27, 2012

ကျေးဇူးအမှား

လက်ပံတောင်းတောင် အရေးအခင်းနဲ့ ပတ်သက်ပြီး ၀န်ကြီးဦးအောင်မင်းနဲ့ ဒေသခံပြည်သူတွေ ဆွေးနွေးကြတဲ့ ရုပ်သံမှတ်တမ်းလေးကို ကြည့်လိုက်ရပါတယ်။

“အရာရာမှာ သူတို့လောက်သိတာ ဘယ်သူမှ မရှိဘူး”လို့ အထင်ရောက်နေတဲ့ ၀န်ကြီးတချို့နဲ့စာရင် ပြည်သူတွေနဲ့ တန်းတူအပြန်အလှန် ဆွေးနွေး နားထောင်ပေးတဲ့ ၀န်ကြီးကို ချီးကြူးပါတယ်။ ဒါပေမယ့် သူရှင်းပြသွားတဲ့ တရုတ်ကို ကျေးဇူးတင်ရမယ့် (တနည်း ကြောက်ရမယ့်) အကြောင်းတရား နှစ်ပါးကိုတော့ဖြင့် သိပ်ဘ၀င် မတွေ့လှပါဘူး။ ရုပ်သံမှတ်တမ်းထဲက အမျိုးသမီးလေးကတော့ မကြောက်ဖို့ ပြောသွားပါတယ်။

၁။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ်ပြည် မူဆယ်လမ်းကြောင်းကနေ ကုန်တွေသွင်းပြီး အသက်ဆက်ခဲ့ရတယ်။
၂။ တရုတ်ကနေ ဗကပကို ထောက်ပံ့ထားတာတွေကို ဖြတ်တောက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပထမအချက်မှာ ပြည်သူတွေရဲ့ အသက်ဆက်ခဲ့ရတာလား… ယိုင်လဲသွားတဲ့ အစိုးရယန္တရားကို ပြန်အသက်ဆက်ခဲ့ရတာလား ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ကနေ နယ်စပ်ကုန်သွယ်ရေး လမ်းပွင့်သွားတယ်ဆိုတာက မြန်မာပြည်သူတွေထက် ကုန်းတွင်းပိတ်နေတဲ့ ယူနန်လို တရုတ်ပြည်နယ်တွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။ တကယ်တမ်းဆိုရင် တရုတ်ကတောင် ပြန်ပြီး ကျေးဇူးတင်သင့်ပါတယ်။ ကုန်သွယ်ရေးလမ်းတွေ ပိတ်သွားမှာကို တရုတ်ကတောင် ကြောက်ဖို့ လိုမယ်ထင်ပါတယ်။ အကယ်၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်လိုက်ရင် ပထမ သုံးလေးငါးလလောက်တော့ (အရာရာမှာ တရုတ်ပစ္စည်းကို အားကိုးနေရတဲ့) မြန်မာပြည်သူတွေ ဒုက္ခရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြည်တွင်းက အမျိုးသားပိုင် စီးပွားရေး လုပ်ငန်းငယ်လေးတွေ ပြန်နလံထူလာစရာ အကြောင်းရှိပါတယ်။ တဖက်ကကြည့်ရင် ယူနန် ထွက်ကုန်တွေကို တရုတ်ပြည် ကမ်းရိုးတမ်းဖက်က ပို့ရရင် တန်ဖိုးထက် စရိတ်ပို ထောင်းပါလိမ့်မယ်။ ဒါ့အပြင် (မြန်မာပြည်ကို ပို့တဲ့ အရည်အသွေးနဲ့ ထုတ်ထားတဲ့) ဒီကုန်တွေကို အခြားနိုင်ငံတွေ မဆိုထားနဲ့ ဖွံဖြိုးတဲ့ တရုတ်ပြည်နယ်တွေကတောင် လက်ခံ သုံးစွဲပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းသင့်တယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူ့ကျေးဇူး ကိုယ့် အပေါ်ရှိတာထက် ကိုယ့်ကျေးဇူး သူအပေါ်ရှိတာက များမယ်လို့ ဆိုလိုချင်တာပါ။

တရုတ်က နယ်စပ်က လက်နက်ကိုင်တွေကို အထောက်အပံ့ပေးနေတာကို ရပ်လိုက်တယ်ဆိုတာကလည်း ကျေးဇူးတင်စရာ တခုလို့ မမြင်ပါဘူး။ ကိုယ့်ကို အနိုင်မကျင့်တာနဲ့ ကျေးဇူးတင်စရာမရှိပါဘူး။ အနိုင်ပြန်ကျင့်မှာ ကြောက်ရတယ်ဆိုရင်တော့ ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ တကယ်တော့ တရုတ်က အရင်ကတင် မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂရဲ့ အကူအညီရယူဖို့ ကြိုပမ်းတိုင်းမှာ တရုတ်က ဗီတိုအာဏာနဲ့ ၀င်ရောက် နှောက်ယှက်ခဲ့ပါတယ်။ စစ်အစိုးရကို လက်နက် အထောက်အပံ့တွေပေးပြီး အာဏာရှင်စနစ် နှစ် တာရှည်စေခဲ့တယ်။ ဒီနည်းနဲ့လည်း တရုတ်က လက်နက်နဲ့ (လက်နက်ပေး၊ မြှောက်ပင့်ပေးပြီး) အနိုင်ကျင့်ခဲ့တယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ဗီတိုအာဏာနဲ့ ဖြစ်စေ၊ စီးပွားရေးအရ ခေါင်းပုံဖြတ်ပြီး ဖြစ်စေ အနိုင်ကျင့်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ၁၉၈၈ မတိုင်မီရော ၁၉၈၈ နောက်ပိုင်းမှာပါ တရုတ်ဟာ မြန်မာပြည်တိုးတက်မှုရဲ့ အဟန့်အတား တခုအဖြစ် ရှိနေခဲ့တာ အမှန်ပါ။ အခုလို ပွင့်လင်းစပြုလာတဲ့အချိန်မှာ မြန်မာပြည်သား တိုင်းရင်းသားတွေ အချင်းချင်း မှန်ကန်တဲ့ တန်းတူညီမျှရေး၊ စည်းလုံးရေးကို တည်ဆောက်နိုင်ခဲ့ရင်၊ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ သံတမန်ရေး ထောက်ပံ့ကူညီမှုတွေ ရယူနိုင်ခဲ့ရင် လက်နက်ပေးပြီး အနိုင်ကျင့်မှာကို ကြောက်စရာ မလိုတော့ပါဘူး။ စီးပွားရေးအရ ၀ါးမြို အနိုင်ကျင့်မှာကို ဘယ်လို ကာကွယ်ရမယ်ဆိုတာသာ စနစ်တကျ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

မှတ်ချက်။ ။ ဒီနေရာမှာ တိုင်းမဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာ စာဖတ်သူတစ်ဦး မှတ်ချက်ပေးထားတဲ့ တရုတ်ပြည်ရဲ့ ဗျူဟာကို အလျဉ်းသင့်လို့ ကူးပြီး ဖော်ပြလိုက်ပါတယ်။ The Chinese are using the 2B-tactics (bribery and bullying) combined with their basic 2Y-strategy (Yuan and Y-chromosomes) in order to split up ASEAN (a rather facile trick which the Chinese believe Sun-Tzu “invented” lol).

Saturday, November 24, 2012

Myanmar Laksa အုန်းနို့ခေါက်ဆွဲ

>> ဆိုင်က ပိတ်သွားရှာပါပြီ <<


မပြောမရှိကြနဲ့ဟေးးး...)))
း)
Vivo City - Foodcourt က Laksania Express ဆိုင်မှာ ရနိုင်တဲ့ Myanmar Laksa အုန်းနို့ခေါက်ဆွဲပါ။

Sunday, November 18, 2012

အတွေးပန်းချီ


(ဦး)ခင်မောင်တိုးဈာပနနေ့က သူ့ရဲ့ အတွေးပန်းချီ(တေးရေး-နိုင်မင်း)ကို youtube မှာ ဖွင့်ပြီး လိုက်ဆိုထားတာကို လက်ကိုင်ဖုံးနဲ့ အသံဖမ်းထားတာပါ...

Saturday, November 17, 2012

ဘယ်သူ့အတွက် ထိုးတာလဲ...ခေါင်းလောင်းထိုးသံရယ်...

အစတုန်းကတော့ ကျောင်းကို (ကျနော်) နည်းနည်းတော့ သံယောဇဉ် ဖြတ်ထားတာပေါ့လေ... ကျောင်းအပြစ် မဟုတ်ပါဘူး..တကယ်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ... (ခင်မောင်တိုး)

သမုဒယကျောင်းအပေါ် ထားခဲ့တဲ့ အကျိတ်အခဲတွေကို ချေဖျက်လိုက်ပါပြီ... (အကိုကြီး)
ငြိမ်းချမ်း လွတ်လပ်စွာ သံသရာခရီး ဆက်နိုင်ပါစေ လို့ ယုံကြည်ဆုတောင်းလိုက်ပါတယ် ...
မဇ္ဈိမလှိုင်းကို စီး၍ နိဗ္ဗာန်သောင်ကမ်းသို့ ဆိုက်ကပ်နိုင်ပါစေ...

Sunday, November 11, 2012

နှောင်တွယ်ခြင်း

ခုံတန်းရှည်တခု…လူတယောက်..ထိုင်နေတယ် 
ငှက်တောင်မွှေးလေးတခု…လေထဲမှာ တလွင့်လွင့်နဲ့… 
ဟိုလူ့ပါးအနား ဖြတ်ပျံသွားတဲ့ အခိုက်အတန့်လေးတခု… အမှန်တကယ် ဖြစ်သွားခဲ့တယ်။ 

ခုံတန်းရှည်ပေါ်ကလူ…စကားတွေ ပြောနေတယ်…။

ငှက်တောင်မွှေးလေးကတော့ ရံဖန်ရံခါ မြက်ခင်းစိမ်းပေါ် ခဏတဖြုတ်နားခိုရင်း…
တခါတရံ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးထဲ တပိုင်းတစပေါ်နေတဲ့ ကျောက်တုံးလေးရဲ့ စွတ်စိုမှုမှာ ငြိစွန်းရင်း…
တခါတလေလည်း သစ်တပင်ရဲ့ ဟိုးမြင့်မြင့် ကိုင်းဖျားကိုင်းနားတွေမှာ ယီးလေးခိုရင်း… 


ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ.. ရှင့်စကားတွေကို နားထောင်နေတာ… ဟိုးးးရှင့်အပါးက ဖြတ်သွားပြီးကတည်းကပါပဲ…တဲ့။ ။

(Forest Gump ကို အလွန် နှစ်သက်သော ကိုဧရာအတွက် ၄၅နှစ်တာ အိုခြင်းအမှတ်တရ…)
*****
Behind the scene နှောင်တွယ်ခြင်း

မသီတာ။ ။ဒီနေ့ ကျမ ပို့စ်တပုဒ်ရေးတယ်
ကိုဧရာ။ ။ဟုတ်လား…ဘာရေးတာလဲ
မသီတာ။ ။ရှင့်မွေးနေ့ နီးပြီလေ
ကိုဧရာ။ ။အဲ့ဒါဆိုလည်း ကို အိုပြီဆိုတဲ့အကြောင်း ထည့်ရေးစမ်းပါ

ဒီက ထုံးစံအတိုင်း ရိုမန်းတစ်တစ်လေး စိတ်ကူးရေးထားတဲ့ဟာ သူက အိုတဲ့အကြောင်းတဲ့... ပိတ်သတ်ကြီးရေ… ဒါနဲ့ပဲ Credit မှာ အို တလုံး ထည့်ပေးလိုက်တယ်
ဒီက စကားနားထောင်တဲ့ ငှက်တောင်မွှေးလေးလေ…:D

Sunday, October 28, 2012

သင်္ကဿနဂိုရ်

မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်တွင် ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူ၍ သီတင်းကျွတ် လပြည့် ပဝါရဏာနေ့သို့ ရောက်သော် သိကြားမင်း ဖန်ဆင်းသည့် ရွှေ၊ ပတ္တမြား၊ ငွေတို့ဖြင့် ပြီးသော စောင်းတန်းသုံးသွယ် အနက် အလယ် ပတ္တမြား စောင်းတန်းဖြင့် နတ်ဗြဟ္မာတို့ ခြံရံကာ သင်္ကဿနဂိုရ်ပြည် တံခါးဝသို့ ဆင်းသက်ခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟဏဝတ္ထုတွင် အကျယ်တဝင့် ရေးသား ဖော်ပြထားသည်။ မြတ်စွာဘုရားအား ဦးစွာပထမ အရှင်သာရိပုတ္တ၊ ထို့နောက် အရှင်မ ဥပ္ပလဝဏ္ဏထေရီ တို့က ခရီးဦး ကြိုဆိုကြပြီးနောက် အခြားပရိသတ်အပေါင်းတို့က ဖူးမြှော် ကြိုဆိုကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ (အဋ္ဌကဝဂ် သာရိပုတ္တသုတ်အဖွင့်) တွင် ဖော်ပြထား၏။

ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌
(၁) ဘုရားပွင့်တော်မူရာ ဗောဓိပလ္လင်၊
(၂) ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊
(၃) နတ်ပြည်မှ ဆင်းသက်စဉ် ခြေဦးချတော်မူရာ သင်္ကဿမြို့တံခါး၊
(၄) ဇေတဝန်ကျောင်း ဂန္ဓကုဋိရှိ ကုတင် ခြေထောက် လေးချောင်းချရာ၊ ဤလေးနေရာတို့သည် ဘုရားရှင်တိုင်း မစွန့်သော အဝိဇဟိတဋ္ဌာန လေးနေရာ အဖြစ် အထူး ဖော်ပြထားသည်။ မဇ္ဈိမနိကာယ် ပါသရာသိသုတ်အဖွင့် အဋ္ဌကထာ၌ ဤနေရာလေးပါးအား အစလစေတိယ ဋ္ဌာန (မရွှေ့ပြောင်းသော အထိမ်းအမှတ် နေရာ) လေးပါးဟု ဖော်ပြထားသည်။

အရေးပါသည့် ဗုဒ္ဓဝင်နေရာအဖြစ် သတ်မှတ်ကြသည့် အားလျှော်စွာ သင်္ကဿသို့ အသောကမင်းကြီး (204 BCE ဝန်းကျင်) ၊ တရုတ်ရဟန်းတော် ဖာရှန် (Faxian ဖာဟီယန်ဟု အသိများ 404 CE ဝန်းကျင်)၊ ရွှန်ကျန် (Xuanzang 636 CE ဝန်းကျင်) တို့ လာရောက် ဖူးမြော်ခဲ့ကြ ဖူးသည်။ နောင်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ တိမ်ကော သွားသောအခါ၊ သင်္ကဿသည်လည်း အခြား ဗုဒ္ဓဝင်နေရာများ နည်းတူ မေ့လျော့ ပျောက်ကွယ် နေခဲ့၏။ ၁၈၄၂-ခုနှစ်သို့ရောက်မှ ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham က တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းများအား အမှီပြုကာ သင်္ကဿမြို့ဟောင်းနေရာအား ပြန်လည် ထုတ်ဖော်နိုင်ခဲ့သည်။
Relief showing the Descent of the Buddha, grey schist, 3rd century AD, Gandhara. © Victoria and Albert Museum, London

သင်္ကဿမြို့တည်နေရာ


တရုတ် ရဟန်းတော် ဖာရှန်၏ မှတ်တမ်းအရ သင်္ကဿမြို့ (Seng-Kia-She) သည် မထုရာမြို့မှ အရှေ့ဖက် ၁၈-ယူဇနာ အကွာတွင်ရှိ၍၊ သင်္ကဿမှ အရှေ့တောင်ဖက် ၇-ယူဇနာတွင် ကဏ္ဏကုဇ္ဇမြို့ (ယနေ့ခေတ် Kannauj) ရှိသည်။ တရုတ် ရဟန်းတော် ရွှန်ကျန်က သင်္ကဿမြို့အမည်ကို ကပိထ (Kie-Pi-Tha) ဟု ဖော်ပြခဲ့သည်။ ဗုဒ္ဓစာပေများအရ သင်္ကဿမြို့သည် သာဝတ္ထိမှ ယူဇနာ-၃၀ ကွာဝေးပြီး (ဓမ္မပဒ အဋ္ဌကထာ ဒေဝရောဟဏဝတ္ထု)၊ သောရေယျမြို့ (ယနေ့ Soron) နှင့် ကဏ္ဏကုဇ္ဇမြို့အကြား ခရီးလမ်းပေါ်တွင် တည်ရှိသည် (ဝိနည်းပါရာဇိကဏ်-၂၃ ။ဝိနည်းစူဠဝါ-၄၅၁)။ Alexander Cunningham က သင်္ကဿမြို့သည် ယနေ့ခေတ် Farukkhabad မြို့၏ အနောက်ဖက် ၃၇-ကီလိုမီတာ အကွာရှိ သံကိသ-ဝသန္တပုရ (Sankisa-Basantpur) အမည်ရှိသော ရွာလေး (27.338°N  79.271°E) ဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထိုရွာလေးသည် ကာလီမြစ်၏ နံဘေးတွင် တည်ရှိ၍ Agra မှ ၁၆၀ ကီလိုမီတာ၊ Kannuj မှ ၈၀-ကီလိုမီတာ၊ Lucknow မှ ၁၈၀-ကီလိုမီတာ ကွာဝေးသည်။




ထင်ရှားသည့် နေရာဌာနများ


တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ သင်္ကဿမြို့ရှိ ထင်ရှားခဲ့သော နေရာဌာနများမှာ -
(၁) စောင်းတန်း လှေကားရင်းတွင် တည်ထားသော စေတီ နှင့် အသောကမင်း ကျောက်စာတိုင်
(၂) ဘုရားလေးဆူတို့ သီတင်းသုံး နေထိုင် စင်္ကြံလျှောက်ရာ အရပ်တွင် တည်ထားသော စေတီ
(၃) မြတ်စွာဘုရား ရေသပ္ပါယ်ရာ နေရာ ရေချိုးအိမ်
(၄) သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ မြေပြင်သို့လိုက်ပါ ဆင်းသက်ခဲ့သော နေရာတွင် တည်ထားသော စေတီငယ် နှစ်ဆူ
(၅) နတ်ပြည်မှ ဆင်းသက်လာသော မြတ်စွာဘုရားအား အရှင်မ ဥပ္ပလဝဏ္ဏထေရီ ခရီးဦးကြိုပြုခဲ့သော နေရာ၌ တည်ထားသော စေတီ
(၆) မြတ်စွာဘုရား ဆံတော် ခြေသည်း လက်သည်းတော်တို့ကို ပယ်ဖြတ်သည့်နေရာ၌ တည်ထားသည့် စေတီ
(၇) နဂါးနတ်ကွန်းနှင့် နဂါးအိုင် တို့ဖြစ်သည်။
စောင်းတန်း လှေကားရင်းတွင် တည်ထားကိုးကွယ်သော အစလစေတီအား တရုတ်ရဟန်းတော်များက ဤသို့ မှတ်တမ်း တင်ခဲ့ကြသည်။

“… မြတ်စွာဘုရား မြေပြင်သို့ရောက်သည်နှင့် စောင်းတန်း သုံးသွယ်တို့သည် မြေသို့ ငုတ်လျှိုး၍ ကွယ်ရာ၊ လှေကား ခုနှစ်ထစ်သာ မြေပြင်တွင် ပေါ်လေသည်။ နောင်သော် အသောကမင်းသည် စောင်းတန်း၏ အခြေတည်ရာကို သိလိုသဖြင့် တူးဖော်စေရာ ရေအဝါ ထွက်သည့်တိုင် (ငရဲပြည်စပ်ကို ဆိုလို) ရောက်သော်လည်း စောင်းတန်း၏ အခြေကို မတွေ့ရပေ။ အသောကမင်းသည် အလွန်ပင် အံ့သြ ကြည်ညိုတော်မူသဖြင့် လှေကားခုနှစ်ထစ်ပေါ်တွင် ကျောင်းဆောက်လုပ်ကာ၊ အလယ်စောင်းတန်းထိပ်၌ ဉာဏ်တော် ၁၆-ပေရှိသော ရုပ်ပွားဆင်းတုတော်ကို တည်ထား ကိုးကွယ်၏။ ကျောင်းတော်၏ အနောက်ဖက်တွင်လည်း အတောင် ၃၀-ခန့်မြင့်၍ ထိပ်တွင် ခြင်္သေ့ရုပ်ပါရှိသော ကျောက်စာတိုင်ကို ထူထားလေသည်။ ကျောက်စာတိုင်၏ လေးမျက်နှာတွင် ဖန်သားသဖွယ် ကြည်လင်လှသော ရုပ်ပွားဆင်းတုတော် လေးဆူကို တည်ထား၏။” (Faxian – Records of Buddhistic Kingdom)
Amaravati ရှိ ထုံးကျောက်ပြားတွင် ထွင်းထုထားသော အစလစေတီ ပုံစံတူ © British Museum

“ထိုစောင်းတန်း လှေကား သုံးသွယ်သည် ရှေးရာစုနှစ်များစွာက မူလအတိုင်းရှိခဲ့သော်လည်း၊ ယခုအခါတွင် မြေသို့ ငုတ်လျိုးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအခါတွင် အနီးအပါးရှိ တိုင်းနိုင်ငံတို့မှ မင်းသားတို့သည် ဝမ်းနည်းတသဖြစ်ကြ၍ ထိုနေရာတွင် အုတ်ကျောက်တို့ဖြင့် ရတနာများစီချယ်ကာ အလားသဏ္ဍာန်တူ စောင်းတန်းသုံးသွယ်ကို ဆောက်လုပ်ခဲ့ကြသည်။ အမြင့်ပေ ၇၀-ရှိ၏။ စောင်းတန်းထိပ်တွင် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ကာ၊ ဘေးတဖက်တချက်တွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ ခြံရံထားသည့်ဟန် ရုပ်ပွားဆင်းတုတော်အား ကျောက်ဖြင့် ထုလုပ်ကိုးကွယ် ခဲ့ကြသည်။”

“ကျောင်းတိုက်၏ အပြင်ဖက် အနီးအနားတွင် ပေ ၇၀-မြင့်သော ကျောက်တိုင်တစ်ခုကို အသောကမင်းက တည်ထားခဲ့သည်။ ကျောက်တိုင်မှာ ခရမ်းရောင်ရှိ၍ စိုစွတ်လျှင် အရောင်တောက်ပ၍နေသည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် စောင်းတန်းလှေကားဖက်သို့ မျက်နှာမူ၍ ထိုင်နေသော ခြင်္သေ့ရုပ် ထုလုပ်ထားသည်။ ကျောက်စာတိုင် ပတ်လည် လေးဖက်လေးတန်တွင် အလွန်အံ့ချီးဖွယ်ကောင်းသော ရုပ်ပုံများထုလုပ်ထား၍ ဖူးမြင်သူတို့၏ ကောင်းဆိုး စရိုက်အလိုက် ထိုရုပ်ပုံများ ပေါ်လေသည်။” (Xuanzang – Records of Western Countries)

ဒဏ္ဍရီဆန်ဆန် အသေးစိတ် အချက်အလက် အချို့ကွဲလွဲနေသော်လည်း ထိုဘုရားဖူးရဟန်းတော်များ ရောက်ခဲ့စဉ်က အစလစေတီနှင့် ခြင်္သေ့ရုပ်ပါသော အသောက ကျောက်စာတိုင်ရှိကြောင်း သိရသည်။

တရုတ်ရဟန်းတော် ဖာရှန် ရောက်ရှိခဲ့ချိန်တွင် ဘိက္ခု ဘိက္ခုနီသံဃာ တစ်ထောင်ခန့်ရှိကြောင်း အချို့မှာ မဟာယာနဖြစ်ပြီး၊ အချို့မှာ ဟိနယာနဖြစ်ကြောင်း ဖော်ပြထားသည်။ ရဟန်းတော် ရွှန်ကျန်၏ မှတ်တမ်းအရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လေးကျောင်းရှိ၍ သံဃာအပါး တစ်ထောင်ခန့် ရှိ၍၊ ဟိနာယာန ဂိုဏ်းခွဲဖြစ်သော သမ္မိတိယဂိုဏ်းဝင် ရဟန်းတော်များ ဖြစ်ကြောင်း၊ နတ်ကွန်း ဆယ်ခုရှိပြီး မဟေသွရ (သီဝနတ်) ကို ကိုးကွယ်ပူဇော်သူများလည်း ရှိကြောင်း သိရသည်။

တရုတ် ရဟန်းတော် နှစ်ပါးလုံးက သင်္ကဿမှ နဂါးအိုင်နှင့် နတ်ကွန်း အကြောင်းကို ဖော်ပြထား၏။ ရဟန်းတော် ရွှန်ကျန်က အစလစေတီ၏ အရှေ့တောင်ဖက် အရပ်တွင် နဂါးအိုင် ရှိကြောင်းသာမာန်မျှ ဖော်ပြခဲ့၍ ရဟန်းတော် ဖာရှန်က ထိုနဂါးသည် မိုးလေဝသ မှန်ကန်၍ စိုက်ပျိုးရေး ကောင်းမွန်စေရန် စောင့်ရှောက် ပေးနေသောကြောင့် သာသနာ့ဒါယကာ နဂါးမင်းအဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် ရဟန်းတော်တို့ကပင် နဂါးနတ်ကွန်းကို ဆောက်လုပ်ပေးထား၏။ မိုးလရာသီကုန်သော် ထိုနဂါးသည် မြွေအသွင်သို့ ပြောင်းသွားလေ့ရှိ၍ ရဟန်းတော်တို့က ကြေးဖလားတွင် ထည့်ကာ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း ဖော်ပြထားသည်။

ရှေးဟောင်းသုသန ရှာဖွေ တူးဖော်မှု


ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham သည် သင်္ကဿမြို့ဟောင်း နေရာအား ၁၈၄၂-ခုနှစ်ကတည်း သတ်မှတ်နိုင်ခဲ့သော်လည်း၊ ၁၈၆၂-ခု နှစ်ကုန်ပိုင်း ရောက်မှ တူးဖော် လေ့လာနိုင်ခဲ့သည်။ သင်္ကဿမြို့ဟောင်းအဖြစ် အတည်ပြုခဲ့သော သံကိသရွာသည် အနီးဝန်းကျင်ရှိ လယ်ကွင်း မြေပြင်အထက် ၄၁-ပေခန့်မြင့်သော တောင်ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ဒေသခံတို့က ထိုကုန်းမြင့်လေးအား Kilah (ခံတပ်) ဟုခေါ်သည်။ အရှေ့အနောက် အလျား ပေ-၁၅၀၀ ရှိ၍ အနံမှ ပေ-၁၀၀၀ ကျယ်သည်။ မြောက်ဖက်နှင့် အနောက်ဖက်တွင် ကုန်းသည် မတ်စောက်၍ အခြားဖက်တွင် ပြေ၏။
(from Reports – Indian Archeological Survey, Alexander Cunningham)

ဤ ခံတပ်ဟောင်း၏ အလယ်မှ တောင်ဖက်တည့်တည့် ပေ ၁၆၀၀ အကွာတွင် အုတ်ပုံတစ်ခုရှိ၍ ထိုအုတ်ပုံ၏ အထက်တွင် ဗာသရီ နတ်သမီး (Basari Devi) အတွက် ဆောက်လုပ်ထားသော ခေတ်သစ်လက်ရာ နတ်ကွန်းတစ်ခု ရှိသည်။ နတ်ကွန်းမှ မြောက်ဖက် ပေ ၄၀၀ တွင် ဆင်ရုပ် ထုထားသော ရှေးကျောက်စာတိုင်၏ ထိပ်ပိုင်းကို ရှာဖွေတွေ့ရှိရသည်။ ထို့အပြင် ကျောက်စာတိုင်၏ အရင်းကို ရှာဖွေ၍ မတွေ့ရသေးပေ။ တရုတ်ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ အသောက ကျောက်စာတိုင်၏ ထိပ်ပိုင်းသည် ခြင်္သေ့ရုပ် ဖြစ်ရမည် ဖြစ်သော်လည်း ယခုတွေ့ရှိရသော ကျောက်စာတိုင်ထိပ်မှာ ဆင်ရုပ် ဖြစ်နေ၏။ ကျောက်စာတိုင်ထိပ်မှ ဆင်ရုပ်တွင် နှာမောင်းနှင့် အမြီးတို့ မရှိတော့သဖြင့် အကယ်၍ အတောင် ၃၀-အမြင့်တွင် ရှိသော ဆင်ရုပ်အား အောက်မှ မော့ကြည့်လျှင် ခြင်္သေ့ရုပ်အဖြစ် အမှတ် မှားကောင်း မှားနိုင်သည်ဟုသာ Cunningham က မှတ်ချက်ပြုခဲ့သည်။ (မှတ်ချက်။ ဆရာ မောင်အံ့ (မဟာဝိဇ္ဇာဘုံဘေ) ၏ “မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ” စာအုပ်တွင် နွားရုပ်အဖြစ် မှားယွင်း ဖော်ပြထားသည်)။
Capital of Asoka Pillar from Reports – Indian Archeological Survey, Alexander Cunningham
ဗာသရီနတ်ကွန်း၏ တောင်ဖက် ပေ ၂၀၀ တွင် စေတီပျက် တခုရှိသည်။ နတ်ကွန်းမှ အရှေ့ဖက် ပေ ၆၀၀ အကွာတွင် အလျား ပေ-၆၀၀ အနံ ပေ-၅၀၀ ရှိ ကုန်းမြင့် တခုရှိသည်။ ဒေသခံတို့က Navi-ka-kot ခေါ်သည်။ ဘုန်းကြီးကျောင်းပျက် တစ်ခု ဖြစ်နိုင်လေသည်။ ထိုမှ အရှေ့မြောက်နှင့် အရှေ့တောင်ဖက်တို့တို့တွင် စေတီပျက် ဖြစ်ဟန်တူသော အဝန်းအဝိုင်းပုံ ကုန်းမို့များ ရှိသည်။ အပြင်မြို့ရိုးဟောင်းသည် ၃-မိုင်ခွဲခန့် ကျယ်၏။ မြို့ရိုးဟောင်းသည် အရှေ့ဖက်၊ အရှေ့တောင်နှင့် အရှေ့မြောက် သုံးနေရာတွင် ပွင့်ပေါက်နေ၍ ဒေသခံတို့က မြို့တံခါးဟု ဆိုကြသည်။ အရှေ့တောင်ဖက် အပေါက်တွင် တံခါးပေါက်ရွာဟု အဓိပ္ပါယ်ရသော Paori-Kheria အမည်ရှိသည့် ရွာတရွာ ရှိသည်။ ဟိန္ဒူဘာသာစကားဖြင့် Paur ဟု ရေးပါက တံခါးပေါက်ဟု အဓိပ္ပါယ် ရမည်ဖြစ်သော်လည်း Paor ဟု ရေးထားသဖြင့် “လှေကားထစ်” ဟုလည်း အဓိပ္ပါယ် ရနိုင်လေသည်။

ထို့ကြောင့် ယနေ့ ဆင်ရုပ် ကျောက်စာတိုင် တည်ရာနေရာသည် တရုတ်ရဟန်းတော်များ၏ မှတ်တမ်းတွင်ပါသော အသောက ကျောက်စာတိုင်၏ မူလနေရာဖြစ်ပါက ဗာသရီနတ်ကွန်းတည်ရာ ကုန်းမြင့်သည် အစလစေတီတည်ရာ ဖြစ်မည်ဖြစ်၍၊ ကျောက်စာတိုင် အကျိုး ထိပ်ပိုင်းအား အခြားတနေရာမှ ပြောင်းရွှေ့ထားခြင်း ဖြစ်ပါက Paori-Kheria ရွာနေရာသည် အစလစေတီတည်ရာ ဖြစ်ပေလိမ့်မည်။ အများစုမှာ ဗာသရီနတ်ကွန်းနေရာအား အစလစေတီတည်ရာ အဖြစ်လည်းကောင်း၊ Navi-ka-kot မှ အရှေ့ဖက် အုတ်ပုံကုန်းမြေ သုံးခုသည် အခြား စေတီသုံးဆူတို့၏ နေရာအဖြစ်လည်းကောင်း လက်ခံယုံကြည် ထားကြလေသည်။

ယနေ့ခေတ်တွင် အခိုင်အမာ သတ်မှတ်နိုင်သော နေရာမှာ နဂါးအိုင်သာ ဖြစ်၍ (တရုတ်ရဟန်းတော် ရွှန်ကျန် ဖော်ပြခဲ့သည့်အတိုင်း) ကျောင်းတော်ရာ အုတ်ပုံများ၏ အရှေ့တောင်ဖက် အရပ်၌ ရှိကြောင်း Cunningham ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံတို့က ထိုနဂါးအား ကာရေဝါနတ်နဂါး (Kārewar Nāg Devatā) ဟုခေါ်၍ နဂါးအိုင်အား Kāndaiya Tāl ဟုခေါ်သည်။ ယနေ့ထက်တိုင် နှစ်စဉ် ကဆုန်လပြည့်နေ့ (ဝိသာခနေ့) နှင့် မိုးခေါ်လိုသည့်အခါတိုင်း နဂါးနတ်ကွန်းတွင် နွားနို့ရည်များ သွန်းလောင်း၍ ပူဇော်ပသကြသည်။ ထို နဂါးပူဇော်ပွဲသည် ဟိန္ဒူဘာသာမှ နာဂပဉ္စမီ (Nāg Panchamī)နှင့် မသက်ဆိုင်ဘဲ၊ သင်္ကဿ ဒေသခံတို့၏ သီးခြား ယုံကြည်ကိုးကွယ်မှု ဖြစ်လေသည်။

သင်္ကဿနဂိုရ်နှင့် ဘာသာရေးပဋိပက္ခ


တခါက ဘာသာခြား တတ္ထိယဂိုဏ်းဆရာတို့နှင့် ရဟန်းတော်တို့ နေရာပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုဖြစ်ရာ၊ ရဟန်းတော်တို့သည် အမှုရှုံး၏။ ထိုအခါတွင် ရဟန်းတော်က “ဤနေရာသည် ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ နေရာအမှန်ဖြစ်ပါက အံ့ဖွယ်ရာ တန်ခိုး ပြပါစေသား” ဟု သစ္စာဆိုကြသော်၊ ကျောက်စာတိုင်ထိပ်မှ ခြင်္သေ့ရုပ်သည် ကျယ်လောင်စွာ ဟိန်းဟောက် သက်သေထူသဖြင့် တတ္ထိဂိုဏ်းဆရာတို့ ကြောက်လန့်ကာ ထွက်ပြေးကြဖူး၏။” (Faxian – Records of Buddhistic Kingdoms)

သင်္ကဿတွင် နေရာပိုင်ဆိုင်မှုနှင့် စပ်လျှင်း၍ ဘာသာရေး ပဋိပက္ခ ဖြစ်လေ့ရှိခဲ့ကြောင်းကို တရုတ် ရဟန်းတော် ဖာရှန်က ဒဏ္ဍာရီဆန်ဆန် မှတ်တမ်း တင်ထား၏။ ယနေ့တိုင်လည်း ဗုဒ္ဓသာသနိက မြေများပေါ်တွင် နတ်ကွန်းများ တည်ရှိနေသဖြင့် မကြာခဏ ဘာသာရေးပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ပဝါရဏာနေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့က ဓမ္မယတြာ ခေါ် စီတန်းလှည့်လည် ပူဇော်ပွဲကျင်းပလေ့ရှိရာ ၂၀၀၁ - ခုနှစ်က အဓိကရုဏ်းဖြစ် ပွားခဲ့သည်။ ထိုမှစတင်၍ ပဝါရဏာနေ့ စီတန်းလှည့်လည်ပွဲကို ကျင်းပခွင့် မပြုတော့ကြောင်း သိရသည်။
စာညွှန်း 
The Ancient Geography of India, Alexander Cunningham
Reports – Indian Archeological Survey, Alexander Cunningham
A Record of Buddhistic Kingdoms, Chapter XVII, Fa-Hsien (Faxian)
Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal
Where the Buddha Walked: A Companion to the Buddhist Places of India, Rana P.B. Singh 
Buddhist Pilgrimage (New Edition 2009), Chan Khoon San
 မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ - မောင်အံ့ (မဟာဝိဇ္ဇာ ဘုံဘေ) 
ဖာဟီယန် ခရီးစဉ် - အရှင်ဝိလာသ 
http://articles.timesofindia.indiatimes.com/2001-11-02/india/27238409_1_clashes-three-policemen-buddhists.