Wednesday, September 10, 2008

သင်္ချာ ရာပြည့်

သင်္ချာ ရာပြည့် ကျူရှင် တက်ဖူးသူများ အတွက်လည်း ဆရာ့ကျေးဇူးကို ပြန်ပြောင်းအောက်မေ့ သတိရစေရန်။
ဆရာ ဦးကြည်ဝင်းသည် ကျမတို့ မောင်နှမ အဆက်ဆက်၏ သင်္ချာဆရာဖြစ်ပါသည်။ အစ်ကို အလတ်မှာ Maths Major ယူသဖြင့် သူအတွက်မူ တက္ကသိုလ်မှ ဆရာဖြစ်သည်။ ဆရာ အလုပ်မှအနားယူ သောအခါ ကျူရှင်သင်တန်းဖွင့်သည်။ အစ်ကိုလတ် အိမ်၌ ပြန်လုပ်ပြလေ့ရှိသောကြောင့် ဆရာ့ လေသံ၊ ဆရာ့ ဟန်တို့နှင့် ကျူရှင် မရောက်မီကပင် ရင်းနှီးပြီးဖြစ်သည်။ ရုပ်ရည်ကြည်သန့်သော ဆရာလူပျိုကြီး၏ ကျောင်းသားများကို ဘာသာရပ်၌ စိတ်ဝင်စားစေရန် ချော့တစ်ခါ၊ ခြောက်တစ်လှဲ့ ဟန်မူယာပိုပိုများမှာ မရိုးနိုင်အောင်ရှိတော့သည်။

ကျူရှင်သာဆိုသည် စည်းကမ်း တင်းကြပ်လှသည်။ ကျမ Report Card ကိုကြည့်၍ပင် အကဲခတ်နိုင်သည်။ ကျောင်းခေါ်ချိန်ရှိသည်။ အတန်းတွင်းလေ့ကျင့်ခန်းရှိသည်။ အိမ်စာပေးသည်။ မိန်းကလေးတွေက ရှေ့ဆုံးမှထိုင်ရသည်။ ပြီးမှ ယောက်ျားလေးထဲမှ လူကောင်သေးသူတွေ စသဖြင့် အစဉ်လိုက်ထိုင်ရသည်။

မှတ်မှတ်ရရ ကျမ (၉)တန်းနှစ်မှာ ဖြစ်သည်။ ထိုနေ့က ကျူရှင်၌ မီးပျက်နေသည်။ လွယ်လွယ်လေး ကျောင်းသားတွေကို ပြန်လွှတ်လိမ့်မည် မထင်လေနှင့်။ ဖယောင်းတိုင်နှင့် စာသင်သည်။ ည ရှစ်နာရီ ကျူရှင်ချိန်ပြီးသောအခါ ကျောင်းသား ဦးရေ ရာဂဏန်းကို ရုတ်ရုတ်သဲသဲ မဖြစ်စေရန်၊ စာသင်ခန်းမှာလည်း အပေါ်ထပ်ဖြစ်နေ၍ လှေခါးရှည်ကြီး၌ မှောင်မှောင်မဲမဲထဲ ချော်လဲ အနာတရ မဖြစ်စေရန် နောက်ဆုံးတန်းမှ စ၍ အတန်းလိုက် ကျောင်းဆင်းစေသည်။ ဖယောင်းတိုင်မီးပြရင်း ဆရာရပ် ကြည့်နေ၍ ကြောက်ကြောက်နှင့် ကျမ လျှပ်ပြာပြာ လှမ်းလိုက်ရာ ထိုင်ခုံတန်းရှည်မှာ ဒုန်းကနဲ လဲကျပါတော့သည်။ ကျမလည်း မှောင်နှင့်မဲမဲ မှာ ဘာကိုမှ သတိမရဘဲ ဆက်ထွက်လာမိစဉ် “ခုံလဲကျသွားတာ ပြန်မထောင်ဘူး ကြည့်စမ်း အိမ်မှာလည်း ဒီလိုပဲထားသလား” ဟူသော ဆူသံကြီး ဟိန်းကနဲထွက်လာပါတော့သည်။ ကျမလည်း ရှက်ရှက်နှင့် ထိုင်ခုံကို နေသားတကျ ပြန်ထောင်ပြီး နတ်ပူးဝင်သော အခြေအနေဖြင့် ကျောင်းဆင်းလာခဲ့ကာ ထိုစာသင်နှစ် အတွက်တော့ ထိုနေ့သည် ကျမ၏ ကျူရှင်နောက်ဆုံးနေ့ ဖြစ်ခဲ့ပါသည်။ ဆယ်တန်းနှစ်စ ရောက်တော့မှ ပြန်တက်ခြင်းဖြစ်သည်။

တစ်လမှာ ငွေ တစ်ဆယ်သာ ယူ၍ ဘာသာရပ်၌ တာဝန်အပြည့်ယူရုံသာမက ကျမအား ပစ်စလက်ခတ် မိန်းကလေးတစ်ယောက် မဖြစ်စေရန် ဆုံးမသွန်သင်ခဲ့သော ဆရာပါပေ။
(ဆရာသည် စာသင်ချိန်တွင် ရှပ်အင်္ကျီ အဖြူနှင့် ကျောင်းစိမ်းလုံချည် ကို ခပ်တိုတို အမြဲဝတ်ဆင်ပါသည်။)

6 comments:

သက်ဝေ said...

မသီတာရေးထားတာကို ဖတ်ပြီး
ဆရာတွေရဲ့  ကျေးဇူးထူးတွေကို သတိရ အောက်မေ့ရင်း...
မသီတာရဲ့  "နတ်ပူးဝင်သော အခြေအနေဖြင့်" ဆိုတဲ့ အရေးအသားကိုလဲ နှစ်ချိုက်သဘောကျစွာ ရယ်မောရင်း...။

khin oo may said...

ရုပဗေဒ ဆရာ ဦးသိန်းလွင် ရော တက်ဖူးလာ။ SS သိန်းလွင်လေ။ ကျူရှင် ချိန် နောက်ကျရင် အထဲဝင်ခွင့်မရဘဲ အပြင် ကဘဲ နားထောင်ရတယ်။ စိတ် မထင်ရင် ရှေ့ ဆုံးတန်း ကကောင်တွေ နာသေးတယ်။ သု့ကျေးဇူး နဲ. အားလုးကျေးဇူးနဲ. ဂုင်္ဏထူး ထွက်ခဲ.တယ်။
မြန်မာစာ ဆရာဒိုး။ ဓါတုဗေ ဒ မြတ်ထိန်လင်။ သမိုင်း ဦးထွန်းနွယ်။ သု့ အထူးထုတ်ထဲ က ဖတ်ပြီး ဂုဏ်ထူးထွက် သွားတယ်။ သမိုင်း ဖြေခါနီး ငိုရသေးတယ်။ စာတွေ များလွန်းလို. အိမ်သာထဲ သွာှးုငို လိုက် သေးတယ်။ သူ့စာအုပ် ကို ဝယ် ပေးတဲ. Kmsl က ဂုင်္ဏ ထူး မထွက် သွားဘုး။ ဆရာတွေ ကျေးဇူး ။

sonata-cantata said...

သက်ဝေရေ တစ်ကယ် အဲ့ဒိ အချိန်တုန်းက soul lost ဖြစ်သွားတာ။

မမkom ရေ
ရူပဗေဒက ဆရာယုံဝေးတက်တာ သူ ကတော့ စာမရရင် စာအုပ်အထူကြီးနဲ့ ခေါင်းကိုထုတတ်တယ်။ ဓာတုဗေဒ ဆရာမြတ်ထိန်လင်း။
မြန်မာစာ ဆရာဒိုး အနီးကပ်ပဲတက်ခဲ့တယ်။ သင်တန်းတွင်းစာစီစာကုံး ပြိုင်ပွဲမှာတော့ နှစ်သိမ့်ဆု ရခဲ့ပြီး (ခေါင်းစဉ်က "ဇာတိချက်ကြွေ မွေးရပ်မြေ" လေ၊ ဆုအဖြစ် လင်းရောင်တင်ရဲ့ "မိန်းမချောအရုပ်" ၀တ္တုစာအုပ်ရခဲ့တယ်။) စာမေးပွဲကြီးမှာ စာစီစာကုံးကို "ပျော်ရွှင်ဖွယ် မြင်ကွင်းတစ်ခု" ခေါင်းစဉ်ရွေးမိလို့ ကွဲထွက်သွားတာ။ တသက်လုံးက မရခဲ့ဖူးတဲ့ လူရည်ချွန်ကို အစွဲအလန်းလွန်ပြီး လူရည်ချွန်တွေ စခန်းဝင်တဲ့ မြင်ကွင်းကို ရေးလိုက်တာလေ။
သမိုင်းတံခွန် ဦးထွန်းနွယ်ရဲ့ အထူးထုတ် မဖတ်မိလို့ပေါ့။ ကောလဟာလတွေကလည်း ထွက်သေးတယ် မဟုတ်လား။ အဲ့ဒါနဲ့ ဖြေရင် အမှတ်မရဘူးတို့ ဘာတို့။ အကြောက်လွန်ပြီး ကိုယ်တိုင် notes ထုတ်ကျက်တာ။ တစ်ပုဒ်လည်းမှားဖြေတယ်လို့ စာမေးပွဲပြီးလာကြိုတဲ့ အမကြီးကတော့ ပြောတာပဲ။ (ကိုယ့်ကိုယ်ကို ကတော့ မှားဖြေတယ်ဆိုတာ အခုအချိန်ထိ ၀န်မခံသေးဘူး)
အသည်းနာတယ် မြန်မာစာ ၆၅၊ သမိုင်း ၆၅ နဲ့ (ကျန်တာတွေကတော့ Distation) ဆရာဝန်လိုင်း ပြုတ်ပါလေရော။

အော် Kmslကို သမိုင်းဂုဏ်ထူးမထွက်တာ အားမငယ်ပါနဲ့လို့ ဘ၀တူတွေ အများကြီးပါလို့ အားပေးလိုက်ပါဦး

ဒါနဲ့နေဦး မမတို့က ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေပေါ့နော်

တန်ခူး said...

သင်္ချာက ဆရာဦးခင်ငြိမ်းတက်ခဲ့တာ… မ တို့ လိုပဲ မောင်နှမသုံးယောက်လုံး ဦးခင်ငြိမ်းတပည့်… ဦးခင်ငြိမ်းက ဆရာမိုး(ဆရာဦးဝင်းခိုင်မိုး) အဖေလေ… သားအဖနှစ်ယောက်လုံး ကိုယ့်ဆရာတွေပေါ့… ဆရာဦးခင်ငြိမ်းလဲ မီးပျက်ရင် ဖယောင်းတိုင်နဲ့ သင်တယ် မ ရေ… အဲဒီတုန်းက ၁၅ကျပ်… ခုခေတ်ကလေးတွေ ရယ်လိမ့်မယ်နော်… ဆရာရာပြည့်က နာမည်ကြီးပဲ… သူငယ်ချင်းတွေ တက်ကြတယ်… ရူပဗေဒက ဦးအောင်ဖေညွန့် ၊ မြန်မာစာက ဂုဏ်ထူးဦးသိန်းနိုင်… ခုတော့ ဆရာဦးခင်ငြိမ်းရော၊ ဦးအောင်ဖေညွန်ပါ ဆုံးသွားကြရှာပြီ…

khin oo may said...

တို.လဲ ယုံဝေး တက် တယ်။ သုံးဘာသာဘဲ ဂုဏ်ထူးထွက်တယ်။ ဆရာဒီုးက ဝဝကြါ်ီူနော်. သူ.ဗိုက်ကြီး ခံ နေလို. သှူုခြေ ထောက် ကို သူ ငုံ့ ကြည်.ရင် သူ မမြင်ရဘူးး။ တို.လဲ လူရည် ချွန် မရဘူးပါ။ ဟုတ်ပါ. ၁၆ နှစ် ကတည်း ကရည်းစား ဖြစ်ပါတယ်။ ဆရာဒိုး ကျှူရှင် မတက် ဘဲ နဲ. ကန် တော်ကြီး စောင်း မှာ သွားသွား ထိုင် နေကြတာပေါ့။ အတော် ဆိုးတယ် နော်။ ဆရာဒီုး ကလဲ သိတ် အသင် ကောင်းတာ။။ သူ သင်တာနဲ့ မြန် မာစာ ဟာ သိပ် လွယ် တဲ. ဘာ သာ ဖြစ် သွားတယ်။ တွေ.ရတာ ဝမ်းသာပါတယ်။

sonata-cantata said...

CBox မှကူးယူထားသည်။
11 Sep 08, 03:24
Thinn Kyi: သီတာရေ တွန်းတွန်း က ပြေါတယ် အဲဒီဆရာ့ ရဲ့ သန်းးပုံသန်းနည်း လေး လုပ်ပြပါတဲ့

S-C: Thinn Kyi ရေ သိပါတယ် အခုလောက်ဆို ရှင့်ကို Tun Tun ဆရာ့ သန်းပုံသန်းနည်း အတိုင်း သန်းပြပြီးရော ဆိုတာ
ကျောင်းသားတိုင်း ဆရာ သန်းပြီဆို ကြိတ်ကြိတ်ရီရတာ.. ဘာရီတာလဲဆိုပြီး မျက်စောင်းကြီးထိုးပြီး မသိချင်ယောင်ဆောင်မေးတတ်သေးတယ် သိလား