Friday, December 26, 2008

ယုံလွယ်လွန်းလိုက်တာလေ

ဤပုံကို emailမှ ရပါသည်။ (သာရာစေမှု ကို သာယာစေမှု ဟုပြင်ဖတ်ပါ)

"မမရေ ကြားလိုက်ရရင်တော့ အသစ်တွေချည်းပဲ။"
မြန်မာပြည်မှ ပြန်ရောက်လာကာစ မောင်ဝမ်းကွဲလေးက ခရီးရောက်မဆိုက် ပြောလာသည်။
"ဘာတွေလဲဟဲ့ ဆိုစမ်းပါဦး။"

"မမတို့လေ (သူ့အစ်မအရင်းကို ဆိုလိုခြင်း ဖြစ်သည်) သူတို့ အဖြစ်က ရီလည်း ရီရတယ်။ ကိုမောင် (ယောက်ဖဖြစ်သူ) ပုသိမ် - ကျောင်းကုန်းဘက် ဆိုင်းသွားတီးပြီး အပြန် အဲ့ဒီရွာက ဘုန်းကြီးကို နှုတ်ဆက် ကန်တော့တော့ စိတ်ထဲမှန်းထားတာ ငါးထောင် တစ်သောင်း လှူဖို့ပါပဲ၊ အိတ်ထဲကထုတ်လိုက်တော့ ငါးသောင်းထွက်လာတာနဲ့ ငါးသောင်းလုံး ကန်တော့လိုက်တယ်တဲ့…။ အဲ့ဒီမှာတင် ဘုန်းကြီးက ရေလျှံတယ်ဆိုပြီး ရိုက်တော့တာ။ ကန်တော့ရင်း ကိုမောင်က တစ်လောလေးကမှ ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်မှန်းပြီး လှူဒါန်းပါတယ်လို့ လျှောက်လိုက်မိတယ်။ ဘုန်းကြီးက အဲ့ဒီအကွက် ဖမ်းနင်းပြီး ဒကာ့မိခင်ကြီး ဒီရောက်နေတယ်… လို့ စလိုက်တော့ ကိုမောင့်ဆိုင်းအဖွဲ့ထဲက လူတွေ ပူးသူပူး စီးသူစီး ဖြစ်ကုန်ကြတာ (အဲ့ဒီပူးတဲ့ စီးတဲ့ လူတွေဆိုတာကလည်း နတ်ဒိုးလေးမှ မတီးရဲအောင်ကို အလကားနေ ၀င်ချင်နေကြတဲ့ ဟာတွေ)။ ဘုန်းကြီးက ဒီမှာ သာသနာပြုရမယ်။ ဘုရားတည်ရမယ် ထလုပ်တော့တာ။
ကိုမောင်ကလည်း ယုံတယ်ဗျာ။ မမကလည်း ကြောက်တတ်တဲ့သူ ဆိုတော့ သူ့ယောက်ျားလုပ်သမျှ နောက်ကလိုက်လုပ်တော့တာ။ ရန်ကုန်နဲ့ ကျောင်းကုန်းခေါက်တုံ့ ခေါက်ပြန်သွား၊ တစ်ခါသွားရင်လည်း ဆန်၊ ဆီ အပြည့်နဲ့ ဘုန်းကြီးက သတ်သက်လွတ်စားရမယ် ဆိုလို့ သတ်သက်လွတ် မုံ့ဗူးတွေ အထပ်လိုက် သယ်သွားနဲ့။ ကုန်နေပြီ ကုန်နေပြီ…။ ဘုရားတည်ဖို့ကလည်း သိန်းသုံးရာလောက် ကုန်မှာဆိုတော့ အဓိဋ္ဌာန်စုဗူးတွေလည်း နီးစပ်တဲ့သူတွေဆီ ဝေငှလို့…။ သူတို့လည်း သိန်းဆယ်ဂဏန်း ထိနေပြီ။ အဲ့ဒီကျောင်းမှာက သီလရှင်တွေလည်း ရှိသတဲ့။ နောက်သူတို့အိမ်က ကောင်မလေးလည်း ရူးကြောင်၊ မူးကြောင်ဖြစ်လာလို့ (အဲ့ဒီဘုန်းကြီးကျောင်းသွားတုန်းက စိတ်ကြွဆေးတွေ ဘာတွေ တိုက်လွှတ်လိုက်တာ နေမှာပေါ့) သီလရှင်ဝတ်ရမယ် ဖြစ်ပြီး သီလရှင်ဘ၀ ရောက်တယ်။ ကိုမောင့်တူမတွေလည်း သီလရှင်တွေ ဖြစ်ကုန်တယ်။ အဲ့ဒီ ဘုန်းကြီးကို ခေါ်တာ ဖေဖုန်းတဲ့ (ကိုကိုဖုန်း လို့ မခေါ်တာတော်သေး)။ နောက်တော့ အဲ့ဒီကလေးမတွေက ပြန်ပြောလာတယ်။ ကျောင်းပေါ်တက်သွားရင် သီလရှင်က ဘုန်းကြီး ပေါင်ပေါ်ခေါင်းအုံး အိပ်နေတာ...။ အဲ့ဒီဘုန်းကြီးက ဘယ်သူ့ကို ဘယ်နှစ်ခါနမ်းလိုက်တာ…။ အဲ့ဒီကမှ တစ်စတစ်စပေါ်တာ လိမ်စဉ်ကြီးဆိုတာ…"

15 comments:

Craton said...

အိစ်.. ကြက်သီးထစရာ။ ရစရာကိုမရှိ။းD

tg.nwai said...

အဇာတသတ်လည်း ဒေ၀ဒတ်ကို ယုံသွားလိုက်တာလေ.. သံသရာနဲ့ချီပြီးကို ကိုယ်ကျိုးနည်းကုန်တာပေါ့။

ThuHninSee said...

ဘုရားဘုရား။

မီယာ said...

ဖြစ်မှဖြစ်ရပလေ။ ဘာပြောရမှန်းတောင်မသိဘူး။ အိမ်ကိုတော့ ပြောပြထားလိုက်မယ်နော်။

အောင်ဦး said...

အစ်မ..
အခုချိန်မှာ လိမ်တာတွေ၊ အတုယောင်တွေက အတော်လေး နေရာယူလာကြတာပဲ။ တကယ့်အစစ်တွေကျတော့ နစ်နာရတယ်။ လူတွေကိုယ်တိုင်ကလဲ လောဘ အလိုမလိုက်မိဖို့ အရေးကြီးတယ်။ ဗိုလ်ငါးပါး ညီညွတ်နေရင် မှ အားလုံး အဆင်ပြေနိုင်ပါမယ်။ (သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ိရိယ၊ ပညာ)။

အပေါ်ကတင်ထားတဲ့ ပုံမှာ..“ သာယာစေမှု့ ” လို့ဖြစ်ရမယ်ထင်တယ်။ အဲဒီပုံတွေက ကျနော် နဲ့ ခင်တဲ့ အစ်မ တယောက်ရဲ့ ၀က်ဆိုဒ်က ကူးယူပြီးဖြန့်ကြတာဖြစ်မယ်။ ကျနော့်ဆီမှာ တော့ အဲဒီ စာလုံးပေါင်လေး ပြန်ပြင်ထားတယ်။ အဲလို ပုံတွေ အားလုံး ၂၇၀ ကျော်ရှိတယ်။

SDL said...

စိတ်ညစ်လိုက်တာနော်..ကြားရတာ....

khin oo may said...

အင်း.. ခက်တော့တာဘဲ။

sonata-cantata said...

လူတွေက ကိုးကွယ်မှုအစစ်နဲ့ အတုကို မခွဲခြားနိုင်တော့ပဲ၊ လာဘ်လာဘ ပေါများမှု, ကျော်ဇောမှုတွေနောက်လိုက်ပြီး ကိုးကွယ်နေကြရင်၊ မကြောက် သင့်တာတွေကို ကြောက်နေကြရင်… ဒီလို အတုအယောင် လူလိမ်တွေများလာမှာပဲ။ သြော်… သံဂါယနာနှစ်ကြိမ်တင်ခဲ့တဲ့ မြန်မာပြည်မှာ သာသနာဟာ နောက်ကိုတောင် ပြန်ဆုတ်နေသလိုပါလားလို့ ခံစားရတယ်။

သက်ဝေ said...

မသီတာရေ...
ဒါတွေဟာ တကယ်ကြီးတွေပေါ့နော်...
ကြောက်စရာ... ဟူးးးးး

သင်းနွယ်ဇင် said...

ကြားရတာ စိတ်မကောင်းလိုက်တာ.. ထေရဝါဒဗုဒ်္ဒဘာသာနိုင်ငံမို့လို့ပေပဲ..!

စူး said...

အမရာ
တိတ်၂လေးလာဖတ်တာ
ကော်မန့်မရေးပဲပြန်တာ မရေးချင်လို့ ဟုတ်ဘူး
ပျင်းလို့ပါ..

အတုအယောင်တွေကြောင့် မြတ်နိုးက ဘာမှမယုံခဲ့တာ..
ဝါ၀ါမြင်တိုင်းမကန်တော့ဘူးဆိုလို့ အိမ်မှာအဆူခံထိတာ
ဟိုးတလောကတော့ ဘုန်းကြီးတရားဟောတာ ကိုယ့်အမှားမြင်သွားတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာလုပ် သူမှားတာသူဘာသာသူခံရမှာတဲ့ ဟုတ်သား.. အခုတော့ အဲလိုစိတ်လေးထားတတ်အောင်နေပါတယ်။

အရမ်းကာရောတော့ မယုံပါဘူး..။

Yu Wa Yi said...

အတုနဲ့ အစစ်၊ အကောင်းနဲ့ အဆိုးကိုခွဲခြားမြင်နိုင်စွမ်းကို “ပညာ” လို့ ခေါ်တယ်မဟုတ်လားမသီတာ။ “ကာလမသုတ်တော်” မှာဘုရားရှင်ဟောခဲ့ပါတယ်“ငါဘုရားဟောခဲ့တာဟူ၍လည်းမယုံလေနှင့်..မိမိကိုယ်တိုင်ကြုံတွေ့ မှယုံသင့်သည်”တဲ့။ ဒီလိုဆိုတော့ အတုအစစ်ရောထွေးနေတဲ့လောကကြီးမှာ ပညာမရှိလို့ တော့ခံသွားရမှာပါပဲ။ ဒါကြောင့်ပြောတာလေ။ ပညာဟူသည်..ဘာဖြစ်တယ်..ညာဖြစ်တယ်နဲ့ ။ နောက်ဆုံးတော့ အသိအလိမ္မာ ပညာပါပဲမသီတာ။ ဘယ် information ကအမှန်အကန်လဲဆိုတာလဲ ပညာလေးနဲ့ သာချင့်ယုံရတော့မှာပေါ့။ ကိုယ်တတ်နိုင်သ၍ ပညာမဲ့နေတဲ့ဘ၀တွေကို ကယ်ကြဖို့ ပါပဲ။

Yu Wa Yi said...

ပထမ မှတ်ချက်က မတက်ဘူးထင်တယ်။ ထပ်ရေးမှပဲ။ နောက်ဆုံးတော့ အတုအစစ်ခွဲခြားနိုင်တဲ့ဥာဏ်ပညာပဲလိုနေကြတာပါမသီတာရေ။

Ko Paw said...

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော့် ဦးလေးဝမ်းကွဲတယောက် လည်ချောင်းကင်ဆာဖြစ်လို့ ရန်ကုန်မှာ ဓါတ်လာကင်တယ်။

ရန်ကုန်မှာ အမျိုးတွေ အမြောက်အမြားရှိပါလျက် မြောက်ဥက္ကလာက ဘုန်းကြီးကျောင်းမှာ တည်းခိုတယ်။ သူ့ဇနီးရော၊ သမီးတွေရောပေါ့။ ပိုက်ဆံမရှိလို့မဟုတ်။ သူ့ရပ်သူ့ရွာမှာ ကျိကျိတက် အချမ်းသာဆုံးပါ။

ကျောင်းထိုင်ဘုန်းကြီးက ရပ်ဆွေရပ်မျိုး ဘုန်းကြီး။ ဗေဒင်တွေ ဘာတွေကလည်း တွက်တော့ လာဘ်လာဘက အတော်အသင့် ရှိတဲ့ ဘုန်းကြီးမျိုးပေါ့။

ဘုန်းကြီးကျောင်းပေါ်တက်သွားရင် အပေါ်ထပ်မှာ တီဗီရှိတယ်။ သတင်းတွေ ဘာတွေ ကြည့်တာဆိုရင် ထားလိုက်တော့။ တနေ့မှာ ဦးလေးကို သတင်းသွားမေးရင်း ကျောင်းပေါ်တက်သွားကြည့်တော့ ကိုရင်လေးတွေနဲ့ တချို့ဦးဇင်းတွေ တီဗီကလာတဲ့ “ကျွန်းကလေးမှာ နှစ်ယောက်တည်း” ရုပ်ရှင် ထိုင်ကြည့်နေကြတာကို တွေ့ရတယ်။ ကျနော့်စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ပေါ့။ ဦးဇင်းတွေ၊ ကျောင်းထိုင်ဘုန်းကြီးတွေရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲသည်လို အဖြစ်အပျက်မျိုးဆန်ဆန်တွေကို မကြာခဏ တွေ့မိ သတိပြုမိပါတယ်။

အဲသည်အဖြစ်အပျက်တွေကို တွန်းအားပေးတဲ့ အထဲမှာ အောက်ပါ အချက်တွေပါတယ်လို့ ကျနော်ယူဆပါတယ်။

(၁) အညာက လူတွေ ရန်ကုန်လာရင် (ကျနော်တို့ ငယ်ငယ်က အပါအ၀င်) ဘယ်တော့မှ ကိုယ်ထူကိုယ်ထ တည်းခိုခန်းမှာ တည်းမယ်မရှိ။ ယောက်ျားမိန်းမ မရွေး….အသိအိမ် (သို့မဟုတ်) ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အဲဒီမှာ ဘုန်းကြီးတွေနဲ့ ဒကာမတွေ ဒွေးရောယှက်တင် ဖြစ်လာတော့တာပဲ။

(၂) နောက်ပြီး ဘုရားဖူးတို့၊ ဗုဒ္ဓဂါယာတို့ ဘာတို့ ဘုရားဖူးသွားရင်လည်း အဲသလိုပဲ ဘုန်းကြီးနဲ့ ဒကာဒကာမတွေ တရုံးရုံးသွားချင်ကြတယ်။ ဘုန်းကြီးဆိုတိုင်း လွှတ်ယုံလိုက်တဲ့သဘောပေါ့။

(၃) တချို့ ဘုန်းကြီးတွေ ဗေဒင်ဟောပြီး လာဘ်လာဘ များအောင် ကြံဆောင်ကြတယ်။

(၄) လူတွေကလည်း ဗေဒင်တို့၊ ယတြာတို့၊ ဂြိုဟ်စီးဂြိုဟ်နင်းတွေကို အလွန်အမင်း လွန်လွန်ကျူးကျူး ယုံကြည်ကြတယ်။

(၅) သူများပြောတာကို မစဉ်းစားဘဲ ယုံလွယ်တတ်ကြတယ်။

(၆) ဘုန်းကြီးနဲ့လူအကြား ဆက်ဆံရေးက တလမ်းသွားပုံစံမျိုးဖြစ်နေတယ်။ ဗုဒ္ဓကတောင် မေးခွန်းထုတ်ဘို့ အားပေးပါလျက် ဗုဒ္ဓဘာသာမြန်မာတွေက မေးခွန်းထုတ်ဘို့ ၀န်လေးနေကြတယ်။ တရားနာသွားတယ်ဆိုရင် ဘုန်းကြီးပြောသမျှ ငြိမ်နားထောင်ပြီး ပြန်လာကြတာများတယ်။

(၇) အနှစ်သာရထက် အပေါ်ယံကို အထူးအလေးပေးနေတယ်လို့ ထင်မြင်မိပါတယ်။

(၈) တချို့ကိစ္စတွေမှာ မြန်မာတွေအနေနဲ့ ရိုးရာအစွဲ ကြီးလွန်းတယ်လို့ ထင်ပါတယ်။

ဒီအဖြစ်အပျက်တွေက တခြားဘာသာခြားတွေမှာလည်း ဖြစ်လေ့ဖြစ်ထတော့ ရှိတယ်။ ဥပမာ ဟိုတလောက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ခရစ်ယန်ဘုန်းကြီးတွေ ခလေးတွေကို Abuse လုပ်တာမျိုးတွေ။

အဓိကကတော့ ဘာသာရေးဆိုတိုင်း အတင်းမျက်စိမှိတ်ပြီး ကြည်ညိုလိုက်တဲ့အခါမှာ ဘုရားအတု၊ ဘုန်းကြီးအတုတွေ ပေါ်လာတတ်တာမျိုးပေါ့။

အထက်က ယုဝရီပြောသလိုပဲ အတုအစစ် ခွဲခြားတတ်တဲ့ ဉာဏ်ပညာ လိုပါလိမ့်မယ်။

Welcome said...

ကျွန်တော်ကတော့ ကိုယ့်ဒူးကိုယ်တောင် ကိုယ်မယုံဘူး။
လမ်းလျှောက်ရင်း ဘယ်အချိန် ခွေလှဲမလဲ စိတ်ထဲထင့်နေတတ်တာ။
(အမှန်က အငေးလွန်နေတာပါ)

http://winzaw-mdy.blogspot.com