မျက်ရည်ယိုဗုံး, တုတ်, ဒိုင်း, သေနတ်များသုံးသည့် အဓိကရုဏ်းနှိမ်နင်းရေး အကြောင်း မဟုတ်ပါ။ လုပ်ငန်းခွင်အတွက် Conflict Resolution သင်တန်းတစ်ခုတက်ရင်း ဗုဒ္ဓဘာသာ တရားတော်များထဲက အဓိကရဏသမထ (အငြင်းပွားမှု ငြိမ်းအေးစေခြင်း) အကြောင်းများကို ဆက်စပ် စဉ်းစားမိ၍ ဖြစ်သည်။
“အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရတတ်သည်” ဆိုသောစကားအတိုင်း အိမ်တွင်းရေး ကတောက်ကဆလေးများမှအစ လုပ်ငန်းခွင်, စီးပွားရေး, လူမှုရေး, နိုင်ငံရေးတို့တွင် ပဋိပက္ခများ ကြုံတွေ့ရတတ်သည်။ မြတ်စွာဘုရားရှင်၏ သံဃာ့အဖွဲ့အစည်း အတွင်း၌ပင် ပဋိပက္ခ, အငြင်းပွားမှုများ မလွဲရှောင်သာ ကြုံတွေ့ရလေသည်။ ဝိနည်းနှင့် သုတ္တန် ဒေသနာတော်များတွင် ထိုသို့ အငြင်းပွားမှုများ၏ အခြေခံ အကြောင်းအရင်း, ချည်းကပ်ပုံနှင့် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဟူသော လုပ်ထုံးလုပ်နည်းများကို ဟောကြားထားပါသည်။ သံဃာ့ထုအတွင်းမှ institutionalized conflict မျိုးကို ဖြေရှင်းရန်အတွက် ရည်ရွယ်၍ ဟောကြားခြင်း ဖြစ်သော်လည်း လူ့ဘောင်ဘ၀ အမှုကိစ္စများကို ဖြေရှင်းရာတွင် အလျှဉ်းသင့်သလို နည်းမှီ အသုံးပြုနိုင်ပါသည်။
**** ****
အငြင်းပွားမှု ၄-မျိုး
(၁) အမှားအမှန် အငြင်းပွားမှု (ဝိဝါဒါဓိကရဏ)
(၂) ရဟန်းတစ်ပါးပါးအား ဝိနည်းသိက္ခာပုဒ်တို့ ကျူးလွန်ဖောက်ဖျက်သည်ဟု စွတ်စွဲသောအမှု (အနုဝါဒါဓိကရဏ)
(၃) ရဟန်းတစ်ပါးပါးက ဝိနည်းသိက္ခာပုဒ်တို့ ကျူးလွန်ဖောက်ဖျက်မိသော အမှု (အာပတ္တာဓိကရဏ)
(၄) သံဃာအဖွဲ့အစည်း ကိစ္စများဆောင်ရွက်ရာတွင် အငြင်းပွားမှု (ကိစ္စာဓိကရဏ)
အငြင်းပွားကြောင်း ၆-ပါး
(၁) အမျက်ဒေါသထွက်၍ ရန်ငြိုးဖွဲ့တတ်ခြင်း
(၂) သူ့ကျေးဇူးကို ချေဖျက်၍ ဂုဏ်ပြိုင်တတ်ခြင်း
(၃) မနာလိုဝန်တိုခြင်း
(၄) ဟန်ဆောင် လှည့်စားတတ်ခြင်း
(၅) ယုတ်မာသော အလိုရှိ၍ အယူမှားခြင်း
(၆) တစ်ယူသန်ခြင်း
အငြင်းပွားမှု ဖြေရှင်းနည်း ၇-မျိုး
(၁) သမ္မုခါဝိနည်း (face-to-face resolution)
‘သံ’သည် ပေါင်းဆုံခြင်း, ‘မုခ’သည် မျက်နှာဟု အဓိပ္ပါယ်ရသည် (သံ + မုခ = သမ္မုခ)။ သမ္မုခါဝိနည်းသည် မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းသော နည်းဖြစ်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ထိုပြဿနာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းခြင်းသည် ဖြေရှင်းနည်း အားလုံးတို့တွင် ပထမဆုံး အဆင့်ဖြစ်သည်။ ‘မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ဆုံခြင်း’ သည် အငြင်းပွားသူချင်း ရင်ဆိုင်တွေ့ဆုံခြင်း (ပုဂ္ဂလသမ္မုခတာ) သာမက အဖွဲ့အစည်းမျက်မှောက်တွင် တွေ့ဆုံခြင်း (သံဃသမ္မုခတာ), တရားမျှတမှုကို ရှေးရှုခြင်း (ဓမ္မသမ္မုခတာ), စည်းမျည်းဥပဒေများကို ရှေးရှုခြင်း(ဝိနယသမ္မုခတာ) တို့လည်းပါဝင်သည်။
အကယ်၍ တွေ့ဆုံဖြေရှင်းရာတွင် မပြေလည်ပဲ အခြေအမြစ်မရှိသော အပြန်အလှန်ငြင်းခုံမှုများသာဖြစ်နေပါက အမှုကို သံဃာ့အဖွဲ့အစည်းအား အပ်နှံ၍ သံဃာက အရည်အချင်းရှိသော ရဟန်းအား ခုံသမာဓိလူကြီးအဖြစ် ရွေးချယ်တင်မြောက်ရသည်။ ယနေ့ခေတ်တွင် ကော်မရှင်ဖွဲ့စည်း၍ ဂျူရီလူကြီးခန့်အပ်ခြင်းနှင့် ဆင်သည်။ ယင်းသို့ ဂျူရီလူကြီးရွေးချယ်၍ အများသိစေရန်ကြေညာခြင်းအား ဝိနည်းဒေသနာတွင် ‘ဥဗ္ဗာဟိကာယ’ ကမ္မဝါစာဖတ်သည်ဟု ခေါ်သည်။
(၂) ယေဘုယျသိကဝိနည်း (resolution by the vote of majority)
အကယ်၍ မျက်နှာချင်းဆိုင်၍ ပြေလည်အောင် မဖြေရှင်းနိုင်ပါက ယေဘုယျသိကဝိနည်းကို သုံးရသည်။ `ယေဘုယျ’ သည် ‘အများ’ ဟုအဓိပ္ပါယ်ရသည်။ အများသဘောတူညီမှုကို ရယူဖြေရှင်းခြင်းဖြစ်သည်။ အများသဘောတူညီမှုကို မဲခွဲသောစနစ်ဖြင့် ဆောင်ရွက်သည်။ ရှေးအခါက မဲခွဲဆုံးဖြတ်ရာတွင်ဖြစ်စေ, အလှူခံပစ္စည်းများကို ဝေခြမ်းရာတွင်ဖြစ်စေ ဝါးခြမ်းပြားလေးများ, တုတ်ချောင်းလေးများအား အသုံးချ၍ စာရေးတံမဲ ဟုခေါ်သည်။ မဲခွဲရာတွင်လည်း (၁) လျို့ဝှက်မဲခွဲခြင်း, (၂) နားရင်းသို့ကပ်၍ တိုးတိုးပြောကာ မဲခွဲခြင်း, (၃) ပွင့်လင်းစွာ အများရှေ့တွင် မဲခွဲခြင်းဟု သုံးမျိုးရှိသည်။ မဲပေးမည့်သူသည် ဆန္ဒ, ဒေါသ, မောဟ, ဘယာဟူသော အဂတိလေးပါး ကင်းစင်ရသည်။ ထိုအပြင် မဲပေးသော ရဟန်းအား ချောက်လှန့်ခြင်း, အပြစ်တင်ရှုတ်ချခြင်းတို့ မပြုလုပ်ရ။
(၃) သတိဝိနည်း (acquittal on basis of conscious innocence)
အကယ်၍ တစ်စုံတစ်ဦးက မတရားသဖြင့် အခြေအမြစ်မရှိပဲ မှားယွင်းစွာ စွတ်စွဲခြင်းခံရပါက အစွတ်စွဲခံရသူသည် သံဃာ့အဖွဲ့အစည်းအလယ်တွင် မိမိသည် ဤအပြစ်မျိုး ကျူးလွန်ခဲ့ခြင်းကို မမှတ်မိပါဟု ငြင်းဆို၍ မိမိအား သတိဝိနည်းပေးရန် တောင်းခံရသည်။ အကယ်၍ ဤရဟန်းသည် အမှန်တကယ် အပြစ်ကင်းစင်သူဖြစ်ပါက သံဃာထုက လက်ခံခြင်းဖြင့် အပြစ်ကို ပြေပျောက်စေနိုင်သည်။
(၄) အမူဠှဝိနည်း (acquittal on basis of past insanity)
အကယ်၍ တစ်စုံတစ်ဦးအား အပြစ်ကို စွတ်စွဲခံရသည့်အခါတွင် ထိုအပြစ်ကို ရှုးသွပ် စိတ်ဖောက်ပြန်သောအချိန်တွင် ကျုးလွန်မိ၍ မမှတ်မိပါက ထိုသို့ ရူးသွပ်တွေဝေခြင်း (အမူဠှ)ကို အကြောင်းပြု၍ ပြေငြိမ်းစေသောနည်းကို အမူဠှဝိနည်းဟုခေါ်သည်။
(၅) ပဋိညာတကရဏ (acquittal by confession)
သံဃာက စစ်ကြောသည်ဖြစ်စေ, မစစ်ကြောသည်ဖြစ်စေ၊ မိမိတွင် အပြစ်ရှိပါက ထိုအပြစ်အား သံဃာအလယ်တွင် တောင်းပန်၍ နောင်တွင် စောင့်ထိန်းပါမည်ဟု ဝန်ခံခြင်းဖြင့် ပြေငြိမ်းစေသောနည်း ဖြစ်သည်။
(၆) တဿပါပိယသိကာဝိနည်း (procedure for the obstinate people)
စွတ်စွဲမှုနှင့် ပတ်သက်၍ သံဃာက စစ်ဆေး မေးမြန်းသောအခါ ကောင်းစွာမဖြေပဲ ရှောင်လွဲ၍နေသော ရဟန်းအား ယုတ်မာသောရဟန်း အဖြစ်သတ်မှတ်၍ ဖြေရှင်းသော နည်းဖြစ်သည်။ တဿပါယိယသိက ကံပြုသည်ဟုခေါ်သည်။
(၇) တိဏဝတ္ထာရကဝိနည်း (procedure of covering with grass)
မစင်ကို မြက်ဖြင့်ဖုံးအုပ်သကဲ့သို့ သေးငယ်သော ပြစ်မှုများအား ဖုံးအုပ်ကာ နှစ်ဖက်ငြင်းခုံနေကြသော ရဟန်းများ ပြန်လည် သင့်မြတ်စေသော နည်းဖြစ်သည်။ အချင်းချင်းအပြန်အလှန် သင်ပုန်းချေ လိုက်ခြင်းဖြစ်သည်။
အချို့သော ပြဿနာအများစုသည် ကြီးလေးသော ပြဿနာများမဟုတ်ပဲ တစ်ဖက်နှင့်တစ်ဖက် ပုံကြီးချဲ့ အငြင်းပွား နေကြခြင်းဖြစ်သည်။ ယင်းသို့ အပေါ်ယံပြဿနာများအား တစ်ယူသန်ငြင်းခုံနေကြပါက အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုသကဲ့သို့ သံဃာ့အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ ကွဲပြားမှုများ ဖြစ်စေနိုင်သည်။ ထိုအခါတွင် ကျွမ်းကျင်လိမ္မာသော ရဟန်းက ကြားဝင် စေ့စပ်ဖြေရှင်းရသည်။ ကွဲပြားမှုများထဲမှ တူညီမှုတို့ကို စဉ်းစားဆင်ခြင်ရသည်။ ငြင်းခုံနေသော အုပ်စုထဲမှ ပြောဆိုရလွယ်မည့် ရဟန်းကို ရှာဖွေချဉ်းကပ်ရသည်။ ထိုရဟန်းမှစ၍ အမှားအမှန်ကို ရှင်းလင်းပြသကာ ညီညွတ်စေရန် ပြောဟောရသည်။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်ပါက သေးဖွဲသောကိစ္စရပ်များအား အာဃာတမထားပဲ မေ့ပျောက်ခွင့်လွတ်ရသည်။
***** *****
ဗုဒ္ဓညွှန်ကြားခဲ့သော ပဋိပက္ခဖြေရှင်းနည်းများအားပြန်၍ အကျဉ်းချုပ်သုံးသပ်ပါက မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်းသည် မည်သည့် ပြဿနာမျိုးအတွက်မဆို ဦးစွာကျင့်သုံးရမည့် နည်းလမ်းဖြစ်သည်။ ဝိဝါဒကွဲပြားမှုများအား ဖြေရှင်းရာတွင် မျက်နှာစုံညီ တွေ့ဆုံဖြေရှင်း၍ မပြေလည်ပါက အဂတိကင်းစွာ အများသဘောတူ မဲခွဲ၍ ဖြေရှင်းရသည်။ မိမိတွင် အပြစ်တစ်စုံတရာ ကျူးလွန်မိပါက အများရှေ့တွင် ဝန်ချတောင်းပန်ရသည်။ နောင်တွင် စောင့်စည်းပါမည်ဟု ကတိပေးရသည်။ မိမိမကျူးလွန်သည့် စွတ်စွဲချက်မျိုးဖြစ်က အများရှေ့တွင် မိမိ၏ ရိုးသားဖြူစင်မှုကို ကြေညာဖြေရှင်းရသည်။ မိမိ ရူးသွပ် စိတ်ဖောက်ပြန်ချိန်တွင် ကျူးလွန်ခဲ့သော အမှုမျိုးဖြစ်က အဖွဲ့အစည်းက လက်ခံခွင့်လွတ်နိုင်သည်။ သေးငယ်သော အပြစ်များ, ကိစ္စရပ်များအတွက် တစ်ဦးနှင့် တစ်ဦး သင်ပုန်းချေ ခွင့်လွတ်ကြရသည်။ အကယ်၍ အပြစ်ရှိသည်ကို ဝန်မခံပဲ မရိုးမသား ငြင်းဆန်နေပါက ထိုပုဂ္ဂိုလ်အား ယုတ်မာသူအဖြစ် အဖွဲ့အစည်းကသတ်မှတ်၍ ထိုသူ၏ လုပ်ပိုင်ခွင့်များကို ယုတ်သိမ်း အပြစ်ပေးရသည်။
စာညွှန်း။
မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ သာမဂါမသုတ်
မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ ကိန္တိသုတ်
ဝိနည်းစူဠဝါ၊ သမထခန္ဓက
Vinaya Texts - translated by Hermann Oldenberg
ဧရာ (မန္တလေး)
5 comments:
ခေါင်းစဉ်ဖတ်ပြီး အပြေးလိုက်လာတာ ..
လွဲတယ်ဗျ ..
ဖတ်ပေမယ့် ဥာဏ်မီသေးဘူးခင်ဗျ ..
လေးစားလျက်
မသီတာရေးတယ်ထင်လို့ အိမ်တွင်းရေး အဓိကရုဏ်း ဖြေရှင်းနည်းများလားလို့...နည်းယူမလို့ အပြေးလေး လှမ်းလာမိတာ..။
မှတ်သားသွားပါတယ်ရှင်။
ပထမဆုံး မျက်နှာချင်းဆိုင်ဖြေရှင်းတာ။
သံဃာတော်တွေအတွက်တော့ သီလစောင့်တည်ထားတော့ ဟုတ်တယ်ဆရာ..။ ဒါပေမယ့် စကားကို ရှေ့တမျိုး နောက်တမျိုးပြောတာတို့..
ဝေ့လည်ကြောင်ပတ်ပြောနေတာတို့... ပြောပြီးသားပေမယ့် မပြောခဲ့ပါဘူးလို့ ဗြောင်ညာနေတဲ့ ကိစ္စတွေ... အများအားကိုယ်တိုင်က အားကိုးမရရင်တော့ အသုံးမတည့်ဘူး ထင်ပါရဲ့လေ..။
ဖတ်ပြီးတွေးသွားပါတယ် မသီတာရေ
ကောင်းမွန်တဲ့ post ပါ
အငြင်းပွားမှု ၄-မျိုး နဲ့
(၃) မနာလိုဝန်တိုခြင်း
(၆) တစ်ယူသန်ခြင်း
တို့တွေဘာကွာပါသလဲ? ဥာဏ်ရည် မမှီလို့မေးလိုက်ပါတယ်။
အငြင်းပွားမှု လေးမျိုးက Topics လေးမျိုးပါ။ အငြင်းပွားကြောင်း ၆-ပါးကတော့ Root Causes တွေပါ။
Post a Comment