Sunday, August 23, 2009

ရေချမ်း ရေစင်

ဖဝါးက လက်နှစ်လုံး
ပုခုံးက လက်နှစ်သစ်
အတစ်အတစ် အရစ်အရစ်
လက်သလုံးနဲ့ ခြေသလုံးလေးတွေ
ခဲလို့သာ ထားလိုက်ချင်ရဲ့။

နမ်းရက်ပါဘု
ပါးမို့မို့ နဖူးပြင်
သားလှ ရွှေစင်
အောင့်ကာသာ
ရင်ဝယ်ထွေးရတယ်
မေ့သည်းဘဝင်။

မွေးမေလေ
အခက်ပွေတော့လို့
ဘွတ်ဘွတ်နဲ့ ရှူးရှူးတွေ
ပြိုင်ဘက်ကင်းအောင်ပ
မေ့သားမောင် ညစ်ပေပွဲမှာ
ဗွက်ကြမ်းလေတယ်။

အော် သားရယ်
အပူလောင်တတ်တယ်ကွဲ့
သုတ်သင်ကာ မယ်မယ်ဆေးပါ့မယ်
တဆိတ်တော့ ကိုယ်တော်
ငြိမ်ငြိမ်လေးနေပါ
လူးလူးလှိမ့် တခစ်ခစ်ရယ်
စိန်ခေါ်သည့်နှယ်။

လာ..လာလေ့
ဟာသွားတဲ့ မင်းဗိုက်
အပြည့် အကြိုက်သာ ဝိုက်တော့
ပန်းကြာငုံ ရင်ခွင်အပ်ပါလို့
နို့ညှီနံ့လေး မစို့မပို့
ဝိုင်အိုလက်နဲ့ မခို့တရို့
ခြေဖမိုးလေး ဆုတ်ခြေနယ်
မျက်ခွံကလေးမှေးစဉ်းလွယ်
ချိုချိုတွေကို လှိုင်လှိုင်ပေး
လက်ဖမိုးလေး ငုံကာမွှေး။
အို အေ အေ့ အေး။ ။

13 comments:

ရွက်လွင့်ခြင်း said...

တော်တော် ကောင်းတဲ့ ကဗျာလေးပါ
ကြိုက်နှစ်သက်ပါတယ်

Craton said...

အလဲ့.. ဒါကရော ဘာသားချော့တေးလဲဟင်.. ဖတ်လို့ကောင်းလိုက်တာ...

သားငယ်သားချော့တေးကတော့ ကလေးတောင်ထိုင်ငိုမယ်ထင်ရဲ့.. :PP

tg.nwai said...

မိခင်မေတ္တာဖွဲ့ကဗျာလေးထဲက ရေချမ်းရေစင်လေးကို လာကြည့်ပြီး သတင်းမေးသွားပါတယ်..

အဖွဲ့လေးတွေက သရုပ်ပေါ်ပြီး ဖတ်လို့ တယ်ကောင်းပဲ.....(စာသင်တဲ့ အခန်းတော့ မပါသေးဘူးနော်...ဟဲဟဲ)

မီယာ said...

မသီတာ ကဗျာဖတ်ပြီး အမေတယောက်ရဲ့ ချစ်ခြင်းမေတ္တာ ရင်ထဲမှာ ပြည့်နေတာ ခံစားသွားတယ်... ရေချမ်းနဲ့ ရေစင် ချစ်တဲ့ မိဘနဲ့ အမြဲ ပျော်ရွှင်နိုင်ပါစေ

mae said...

ချစ်ဖို့ကောင်းလိုက်တဲ့ကဗျာလေး
;)

သားလေး ကစ်ကစ်လေး ဘရုတ်ကျနေတာကို မြင်နေတယ်၊ လိုချင်တယ်တစ်ယောက်။။ အဟတ်

Ko Paw said...

အမေတွေက သားသမီးဒုက္ခ ပို ဒုက္ခခံနိုင်ကြပါပေတယ်။

တန်ခူး said...

မ ရေ… ချစ်စရာကောင်းတဲ့ သားချော့တေးလေး ယူပြီးပြန်သွားတယ်…

မြစ်ကျိုးအင်း said...

ကလေးငယ်လေးနဲ့ မိခင်တို့ရဲ့ အဖြစ်လေးကို ပေါ်အောင်ရေးထားတဲ့ ချစ်စဖွယ်ကဗျာလေးပါပဲ။

ကလေးလေး အရွယ်ရောက်တဲ့အချိန်
အဲဒီကဗျာလေး ပေးဖတ်သင့်တယ်....။

မိခင်ရဲ့ မေတ္တာကို ကဗျာထဲမှာ မြင်နေရတယ်လေ။

Kay said...

မသီတာရေ..
ကဗျာလေးက..ချစ်စရာလေး..ဖြူဖွေးအေးဆေးနွေးထွေး သွားတာပဲ..
နာမည် လေးတွေကိုတော့..သဘောအကျဆုံး။

သက်ဝေ said...

သီတာက ရေးတတ်လိုက်တာ...
သားလေးတွေ ချစ်စရာ ကောင်းသလို
ကဗျာလေးကလဲ ချစ်စရာ...
ဖတ်ပြီး ပြုံးသွားတယ်...

Rita said...

တခါတလေကျ လိုချင်မိတယ် တကယ်

Maydarwii said...

မိခင်မေတ္တာကို အပြည့်အ၀ ပေါ်လွင်စေတဲ့ ချစ်စရာ သားချော့တေး ကဗျာကလေးပါပဲ။

မငုံ said...

ကလေးချော့ကဗျာလေး သိပ်ကောင်းတယ်။ ကဗျာလေးမှာ သားသမီးကိုချစ်တဲ့ မိဘမေတ္တာကို ထင်ရှားနေတယ်။