Wednesday, August 26, 2009

ကိုးကွယ် ဆည်းကပ်ခြင်း (သရဏဂုံ)


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

သရဏဂုံသည် ‘သရဏဂမန’ ဟူသည့် ပါဠိဝေါဟာရကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ ‘ကိုးကွယ်ရာသို့ ဆည်းကပ်ခြင်း’ (going for refuge) ဟု တိုက်ရိုက် အနက်ရသည်။ ကိုးကွယ်ခြင်းဟူသော မြန်မာဝေါဟာရ အရပင် အားကိုးခြင်း၊ အကာအကွယ်ပြုခြင်းဟု နားလည်နိုင်ပါသည်။ “ကြောက်ရွံထိတ်လန့်ခြင်း၊ ဆင်းရဲခြင်း၊ မကောင်းသောလားရာ ဒုဂ္ဂတိသို့ ကျရောက်ခြင်း၊ စိတ်ညစ်ညူး ပူပန်ခြင်းတို့ကို ပယ်ဖျောက် ငြိမ်းအေး စေတတ်သောကြောင့် သရဏ (ကိုးကွယ်ရာ)” ဟု ခေါ်ကြောင်း အဋ္ဌကထာတို့က အဓိပ္ပါယ် ဖွင့်ဆိုသည်။ “ဗုဒ္ဓ ဓမ္မ သံဃ” ဟူသော ကိုးကွယ်ရာ သုံးပါးတို့သည် လေးစား မြတ်နိုး တန်ဖိုးထား အပ်သောကြောင့် ရတနာသုံးပါးဟု လည်းခေါ်သည်။

ကိုးကွယ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် ဆက်စပ်နေသည်။ ကြောက်ရွံ့ခြင်းသည်လည်း ဘေးဒုက္ခများနှင့် ဆက်စပ်နေသည်။ ကမ္ဘာဦးခေတ်က စ၍ပင် ဘေးအန္တရာယ်များ, ဒုက္ခများကို ရှောင်ရှားရန် သစ်ပင်, တော တောင် ရေ မြေ လေ မီးတို့ကို ကိုးကွယ်ခဲ့ကြသည်။ ထိုသို့ ကိုးကွယ်ခဲ့ခြင်းဖြင့် ကျရောက်လာမည့် ဘေးအန္တရာယ်တို့မှ အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိ, မရှိ မသေချာသော်လည်း၊ ကြောက်ရွံ့စိတ်တို့ကို ဖြေဖျောက်ပေးနိုင်မည့် စိတ်ဓာတ်ခွန်အား, စိတ်၏ ဖြေဆည်ရာ သက်သာရာကို အထိုက်အလျောက် ပေးနိုင်သည်ကိုမူ ငြင်းပယ်၍ မရ။ မှားယွင်းသော ကိုးကွယ်မှုသည် စိတ်အမောကို ခေတ္တ ဖြေဆည်နိုင်သော်လည်း ဆင်းရဲဒုက္ခများမှမူ လွတ်မြောက်စေနိုင်မည် မဟုတ်။ ထို့ကြောင့် (ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဗုဒ္ဓဘာသာရှုထောင့်မှ) မှန်ကန်သော ကိုးကွယ်မှု၏ အဓိပ္ပါယ်ကို သိသင့်ပါသည်။

ရည်ရွယ်ချက်

ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာခြင်းသည် လောက၏ အကျိုးစီးပွားကို ဆောင်ကျဉ်းရန် ဖြစ်သည်။ အကျိုးစီးပွားဟူရာတွင် (၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)၊ (၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) နှင့် (၃) ဒုက္ခခပ်သိမ်းကင်းငြိမ်းသော နိဗ္ဗာန်ချမ်းသာ (ဝိမုတ္တိသုခ) ဟူ၍ အဆင့်သုံးဆင့် ခွဲနိုင်သည်။ အပြန်လှန်အားဖြင့် ဗုဒ္ဓဘာသာတို့၏ ကိုးကွယ်ခြင်းသည် မျက်မှောက်ဘဝတွင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများ၊ တမလွန်ဘဝတွင် ကျရောက်မည့် အပါယ်ဘေးနှင့် သံသရာ ဝဋ်ဆင်းရဲဘေးဟူသော ဘေးသုံးမျိုးမှ အကာအကွယ်ပြုရန် ဖြစ်သည်။

မျက်မှောက်ဘဝတွင် နိုင်ငံရေး, လူမှုရေး, စီးပွားရေး, ကျန်းမာရေး အမျိုးမျိုးသော ပြဿနာများ, ဘေးအန္တရာယ်များ, ကြုံတွေ့ကြရသည်။ ဗုဒ္ဓသည် ထိုအရေးများစွာအတွက် လမ်းညွှန်ပေးသည့် တရားဒေသနာများ ဟောကြားခဲ့သည်။ မင်္ဂလသုတ်, သိင်္ဂါလောဝါဒသုတ်, ဒီဃဇာဏုသုတ်, အပရိဟာနိယဓမ္မ စသည့် ဒေသနာတို့သည် ထင်ရှားသော ဥပမာများဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမများအား လိုက်နာခြင်းဖြင့် မျက်မှောက်ဘဝ ချမ်းသာကို ရရှိနိုင်ပါသည်။ သို့သော် ဗုဒ္ဓဝါဒအရ ခန္ဓာရှိသနေရွေ့ ကြုံတွေ့ရမည့် ဘေးအန္တရာယ်တို့ကို အကြွင်းမဲ့ ရှောင်ရှား၍ မရ။ ဘုရားရဟန္တာများသော်မှ ရောဂါဝေဒနာများ ခံစားရသည်။ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှု ခံကြရသည်။ ကဲ့ရဲ့ ရှုတ်ချဝေဖန်မှု ခံကြရသည်။ သို့သော် ဘုရားရဟန္တာတို့က ထိုဒုက္ခတို့အား တည်ငြိမ် အေးချမ်းစွာ ရင်ဆိုင်နိုင်ကြသည်။ စိတ်ညစ်ခြင်း, စိတ်ပျက်ခြင်း, စိတ်ဆင်းရဲခြင်း, စိုးရိမ်ပူပန်ခြင်း, တုန်လှုပ် ချောက်ချားခြင်း, ပူဆွေး ငိုကြွေးခြင်းစသော ထိခိုက်သောစိတ်တို့ဖြင့် တုန့်ပြန်ခြင်း မရှိကြ။ ကိုယ်နာသော်လည်း စိတ်မနာကြ။


အပြစ်မရှိသော အမှုတို့ကို ဆောင်ရွက်ခြင်း, ဒုစရိုက်တို့ကို ရှောင်ရှားခြင်းတို့ဖြင့် မျက်မှောက်ဘဝတွင် ကျရောက်လာမည့် အကျိုးဆက်တို့ကို ကာကွယ်ခြင်း၊ အကယ်၍ မလွဲရှောင်သာ၍ လောကဓံတရားတို့ကို ကြုံတွေ့ပါကလည်း ဘုရားရဟန္တာကြီးများကို အတုယူကာ တည်ငြိမ် အေးချမ်းစွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးစားခြင်းတို့သည် ပထမအဆင့် မျက်မှောက်ဘေးရန်မှ အကာအကွယ်ပြုခြင်းပင် ဖြစ်သည်။

မျက်မှောက်ဘဝတွင် ကြုံတွေ့ကြရသော ဘေးဒုက္ခတို့သည် သေဆုံးခြင်းဖြင့် အပြီးသတ်၍ မသွား။ တမလွန်ဘဝတွင်လည်း ထိုထို ဆင်းရဲဒုက္ခတို့ကို ထပ်မံ ကြုံတွေ့ကြရမည် ဖြစ်သည်။ သို့သော် အချို့ဘဝတို့တွင် ဆင်းရဲဒုက္ခနည်းပါး၍ အချို့ဘဝတို့တွင် ဆင်းရဲဒုက္ခများပြားသည်။ ကောင်းသော ကုသိုလ်ကံတို့က လူနတ်ဗြဟ္မာဟူသော သုဂတိဘဝ၌ ဖြစ်စေ၍ မကောင်းသော အကုသိုလ်ကံများသည် ငရဲ, တိရစ္ဆာန်စသော ဒုဂ္ဂတိဘဝ၌ ဖြစ်စေသည်။ ဒုဂ္ဂတိဘဝတွင် ကုသိုလ်ကောင်းမှုပြုရန် အခွင့်အရေး အလွန်နည်းပါး၍ အပါယ်(အပါယ) ဘုံ ဟုခေါ်သည်။ ထို့ကြောင့် အပါယ်သားတို့သည် သုဂတိဘဝသို့ ပြန်လည်ရရှိရန် အလွန်ခက်ခဲသည်။ ရခဲလှသော လူ့ဘဝ အခိုက်အတန့်တွင် ဒုဂ္ဂတိအပါယ်ဘုံသို့ မကျရောက်မိစေရန် ကုသိုလ်ကောင်းမှုတို့ပြုခြင်း၊ ကုသိုလ်စိတ် မွေးမြူခြင်းသည် ဒုတိယအဆင့် တမလွန်ဘေးရန်မှ အကာအကွယ်ပြုခြင်း ဖြစ်သည်။

ဒုဂ္ဂတိဘဝတွင် ဖြစ်သည်ဖြစ်စေ၊ သုဂတိဘဝတွင် ဖြစ်သည်ဖြစ်စေ၊ ဘဝဟူသမျှသည် မွေးဖွားခြင်း၊ အိုခြင်း၊ သေခြင်းဘေးတို့ကို မလွန်ဆန်နိုင်။ မိမိချစ်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်း၊ မိမိ မနှစ်သက်သူတို့နှင့် ဆုံဆည်းရခြင်းတို့ကို မလွန်ဆန်နိုင်။ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပူဆွေးငိုကြွေးရခြင်းစသော ဘဝဒုက္ခတို့ကို မလွန်ဆန်နိုင်။ ခန္ဓာရှိသ၍ ဆင်းရဲအပေါင်းတို့ရှိနေပြီး၊ ထပ်ဖန်တလည်းလည်း ဖြစ်ပျက်နေရသော သံသရာဝဋ်ဆင်းရဲဘေးနှင့် ကြုံတွေ့နေရသည်။ ဗုဒ္ဓမြတ်စွာက ထိုခပ်သိမ်းသော ဒုက္ခ၊ ဒုက္ခ၏ အကြောင်း ဇစ်မြစ်၊ ဒုက္ခ ချုပ်ငြိမ်းရာနှင့် ဒုက္ခချုပ်ကြောင်း အကျင့်ဟူသော သစ္စာလေးပါးအား ထုတ်ဖော် ဟောကြားတော်မူခဲ့၏။ သစ္စာတရားအား သိမြင်ကာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့မျက်မှောက်ပြုရန် အားထုတ်ခြင်းသည် တတိယအဆင့် သံသရာဘေးမှ အကာအကွယ်ပြုခြင်း ဖြစ်သည်။

ကိုးကွယ်ရာသုံးပါး (သရဏတ္တယ)

“သမ္မာသမ္ဗုဒ္ဓေါ ဘဂ၀ါ၊ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သုပ္ပဋိပ္ပန္နော သံဃော” [မ..၄၈၉ ၀ီမံသကသုတ်]

ပထမ ကိုးကွယ်ရာသည် ရှေးယခင်က မကြားဖူးခဲ့ကြသော သစ္စာလေးပါးတရားတို့ကို မိမိကိုယ်တော်တိုင် ဉာဏ်ဖြင့် ထိုးထွင်း သိတော်မူသော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။


မြတ်စွာဘုရား ကောင်းစွာ ညွှန်ကြားဟောပြတော်မူခဲ့သော မျက်မှောက်အကျိုး၊ တမလွန်အကျိုး, နိဗ္ဗာန်အကျိုးတို့ကို ဆောင်ကျဉ်းပေးနိုင်မည့် တရားဓမ္မတို့သည် ဒုတိယ ကိုးကွယ်ရာဖြစ်သည်။ ဓမ္မသည် “မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ်” ဟုရှိရာ မဂ် ၄-ပါး, ဖိုလ် ၄-ပါးနှင့် နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉-ပါးတို့သည်သာ ကိုးကွယ်ရာ သရဏဂုံ အစစ် ဖြစ်ပါသည်။ သို့သော်လည်း သင်ယူ မှတ်သားရသော ပရိယတ္တိတရားများ, ပွားများအားထုတ်ရသော မဂ္ဂင် ၈-ပါး ပဋိပတ္တိတရားတို့၏ အကူအညီ အထောက်အပံ့ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည် ဖြစ်သောကြောင့် ပရိယတ်၊ ပဋိပတ်တရားတို့ကိုလည်း အားကိုးအားထား ပြုရပါသည်။

ဗုဒ္ဓဟောကြားညွှန်ပြခဲ့သော ဓမ္မတို့အား ကောင်းစွာ သင်ယူမှတ်သား၊ ကောင်းစွာ ကျင့်ကြံပွားများ၍ ဘုရားရှင်နည်းတူ နိဗ္ဗာန်သို့ မျက်မှောက်ပြုတော်မူကြသော တပည့်သား သံဃာတော်တို့သည် တတိယ ကိုးကွယ်ရာဖြစ်သည်။ သံဃာတော်တို့တွင် “ယဒိဒံ စတ္တာရိ ပုရိသာ ယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ…” ဟု သံဃာ့ဂုဏ်တော်တွင်လာသည့် အတိုင်း၊ မဂ်၌ တည်သော ပုဂ္ဂိုလ်လေးပါး၊ ဖိုလ်၌ တည်သော ပုဂ္ဂိုလ်လေးပါးဟူသည့် အမြင်ချင်းတူ, အကျင့်သီလချင်းတူညီကြသော အရိယာသံဃာတော်တို့သည်သာ ကိုးကွယ်ရာ သရဏဂုံ အစစ် ဖြစ်ပါသည်။ သို့သော်လည်း သမုတိသံဃာဖြစ်သော ရဟန်းသံဃာတို့သည်လည်း မြတ်စွာဘုရား၏ အဆုံးအမအား ကောင်းမွန်စွာ ထိန်းသိမ်းလိုက်နာ ကျင့်သုံးနေသော အဖွဲ့အစည်းအဖြစ် အားကိုးအားထား ပြုရပါသည်။

သံဃာ့ဂုဏ်တော်တွင် “အနုတ္တရံ ပုညခေတ္တံ” ဟု ဟောကြားထားသည့် အတိုင်း သံဃာသည် ကုသိုလ် ကောင်းမှုတို့ ပြုရန်အတွက် အနိုင်းမဲ့ လယ်မြေကောင်းသဖွယ် ဖြစ်သည်။ တစ်ခါက မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားအား ကိုယ်တိုင် ရက်လုပ်ထားသော သင်္ကန်းကို လှူဒါန်းသောအခါ ဗုဒ္ဓက မိမိအား မလှူပဲ သံဃာအား ပေးလှူရန် တိုက်တွန်းခဲ့သည်။ မြတ်စွာဘုရားရှင်အား လှူဒါန်းခြင်းထက် သံဃာအဖွဲ့အစည်းအား လှူဒါန်းခြင်းသည် အကျိုးပို၍ များ၏။ ယုတ်စွအဆုံး အကျင့်သီလမရှိသည့် ရဟန်းယုတ်ကိုပင်ဖြစ်စေ သံဃာ့အဖွဲ့အစည်းအား ရည်မှန်း၍ သံဃိကဒါနမြောက်အောင် လှူဒါန်းပါက အကျိုး ကြီးမားသည်။ သံဃိကဒါနထက် ကျေးဇူး ပိုများသည့် မည်သည့် ပုဂ္ဂလိကဒါနမျှ မရှိဟု ဟောကြားထားပါသည်။ (မ.၃.၃၈ဝ၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဝိဘင်္ဂဝဂ္ဂ၊ ဒက္ခိဏဝိဘင်္ဂသုတ်)။

ကိုးကွယ် ဆည်းကပ်ခြင်း (သရဏဂမန)

သရဏဂုံ ဆောက်တည်ခြင်းသည် မိရိုးဖလာ ထုံးတမ်း အစဉ်လာအရ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ…” စသဖြင့် ရွတ်ဆိုရခြင်း သက်သက် မဟုတ်။ “ဂစ္ဆာမိ - ဆည်းကပ်ပါ၏” ဆိုသောစကားအတိုင်း ဆည်းကပ်ရခြင်း ဖြစ်သည်။ အားကိုး ခိုလှုံရခြင်း ဖြစ်သည်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ…” စသဖြင့် နှုတ်မှ ရွတ်ဆိုရုံ သက်သက်မျှဖြင့် ထိုအားကိုးခိုလှုံရာသည် မိမိထံသို့ သူ့အလိုလို ရောက်လာမည် မဟုတ်။ မိမိကို လာရောက် ကယ်မ မည် မဟုတ်။ မိမိက ထိုအားကိုးခိုလှုံရာသို့ ဆည်းကပ်ရန် အားထုတ် ရပါသည်။

တပ္ပသာဒတဂ္ဂရုတာဟိ ၀ိဟတ၀ိဒ္ဓံသိတကိလေသော တပ္ပရာယဏတာကာရပ္ပ၀တ္တော အပရပ္ပစ္စယော ၀ါ စိတ္တုပ္ပါဒေါ သရဏဂမနံ။ (ခုဒ္ဒကပါဌ အဋ္ဌကထာ)

သရဏဂုံ ဆောက်တည်ခြင်း (သို့မဟုတ် သရဏဂုံ တည်ခြင်း) သည် “ရတနာသုံးပါးအား ကြည်ညို လေးစားခြင်းဖြင့် စိတ်ညစ်ညူးမှုတို့ကို ပယ်ဖျောက်ထားကာ ရတနာသုံးပါး၌သာ လဲလျောင်းကိုးကွယ်သည့် စိတ်ဖြစ်ခြင်း (သို့မဟုတ်) ရတနာသုံးပါးမှ တပါး ကိုးစားရာ မရှိဟူသည့် စိတ်ဖြစ်ခြင်း” ဟု အဋ္ဌကထာတို့က အဓိပ္ပါယ်ဖွင့်ပေးသည်။

သရဏဂုံတည်ခြင်းသည် ကြည်ညိုခြင်း, ယုံကြည်ခြင်းဟူသော သဒ္ဓါတရားဖြင့် အစပြုရသည်။ ယုံကြည်ခြင်းဟူသော မြန်မာစကားတွင် ယုံခြင်းနှင့် ကြည်လင်ခြင်း အနက်အဓိပ္ပါယ်များ ပါဝင်နေသည်။ ရင်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်နေသော အချက်များ ရှင်းလင်း၍ စိတ်ကြည်လင်သွားကာ ယုံကြည်မှုကိုရရှိသော သဒ္ဓါတရားမျိုး ဖြစ်သည်။

“အမိုက်အမှောင်၌ ဆီမီးကို ဆောင်ပြဘိသကဲ့သို့၊ အရှင်ဂေါတမသည် တရားတော်အား နည်းပရိယာယ် အမျိုးမျိုးဖြင့် ဟောပြတော်မူပါပေ၏။ ကျွန်ုပ်သည် အရှင်ဂေါတမအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်နှင့် သံဃာတော်အားလည်း ကိုးကွယ် ဆည်းကပ်ပါ၏” ဟု၍ ဗုဒ္ဓခေတ်က သရဏဂုံ ဆောက်တည်ပုံကို နိကာယ် ၅-ရပ်မှ သုတ္တန် အများအပြားတွင် တွေ့နိုင်ပါသည်။

ထို့ကြောင့် ယုံကြည်မှု, ကြည်ညိုမှုတို့သည် အခြေအမြစ်ကင်းမဲ့သော သဒ္ဓါတရားမဟုတ်ပဲ၊ နားလည်သိမြင်မှုနှင့် ဆက်စပ်နေသော သဒ္ဓါတရားဖြစ်သည်။ သရဏဂုံ ဆောက်တည်ခြင်းသည် “သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိ” ဖြစ်သည်၊ ပုညကိရိယာဝတ္ထု ၁ဝ-ပါးမှ ဒိဋ္ဌုဇုကမ္မအမှုဖြစ်သည်ဟု အဋ္ဌကထာတို့က ဖွင့်ဆိုကြသည်။ မှန်ကန်သောအမြင်သည် စိတ်၏ အညစ်အကြေးများ ကင်းစင်၍ရသော အမြင်ဖြစ်သည်။ ဆီမီးသည် အမိုက်မှောင်ကို ပယ်သတ်ခြင်း, အမှန်ကိုမြင်စေခြင်းဟူသော ကိစ္စတို့ကိုဆောင်ရွက်သကဲ့သို့ သရဏဂုံတည်ခြင်းသည် သမ္မာဒိဋ္ဌိ အမြင်ရခြင်း၊ စိတ်အညစ်အကြေး ကိလေသာတို့အား ပယ်သတ်ခြင်း ကိစ္စတို့ကို ဆောင်ရွက်နိုင်သည်။

တဖန် ကြည်ညိုခြင်း (ပသာဒ)သည် အရိုသေပြုခြင်း, လေးစားခြင်း(ဂရုတာ), မြတ်နိုး, တန်ဖိုးထားခြင်းတို့နှင့် ဆက်နွယ်နေသည်။ ဗြဟ္မာယုပုဏ္ဏားသည် မိမိ၏ လက်ဝဲပုခုံးထက်တွင် ကိုယ်ဝတ်ကို စမ္ပယ်တင်ပြီး ဘုရားရှင်၏ ခြေတော်အစုံအား ဦးခိုက်ကာ နှုတ်ခမ်းဖြင့် နမ်းရှိုက်၊ လက်ဖြင့် ပွတ်သပ်လျှက် ပျဝပ်အရိုသေပေးခဲ့သည်ကို ဗြဟ္မာယုသုတ်တွင် ဖော်ပြထားသည် (မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ ဗြဟ္မာယုသုတ်)။ ထို့အတူပင် မြတ်စွာဘုရားရှင် ကိုယ်တော်သည်ပင် မိမိ အရိုအသေပြုစရာ မိမိထက် သီလ, သမာဓိ, ပညာအရာ သာလွန်သော တစ်စုံတစ်ဦးမျှ မရှိသဖြင့် “မိမိထိုးထွင်း၍ သိသော တရားတော်ကိုပင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေ့အံ့” ဟု ကြံစည်ခဲ့သည်။ (သံ.၁.၁၇၃၊ သဂ္ဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဗြဟ္မသံယုတ်၊ ဂါရဝသုတ္တံ)

ပုဂ္ဂိုလ်အား ဖြစ်စေ, ဓမ္မအား ဖြစ်စေ ရိုသေလေးစားခြင်းသည် ကောင်းမွန်ပါ၏။ သို့သော် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုထက် ဓမ္မအပေါ် ကိုးကွယ်မှုကသာ ပို၍ အရေးကြီး၏။ ရောဂါ အသည်းသန်ဖြစ်၍ နောက်ဆုံးအချိန်သို့ ရောက်ကာ ဘုရားရှင်ကို ဖူးမြော် အရိုအသေပေးရန် မစွမ်းနိုင်တော့သဖြင့် စိတ်ဆင်းရဲနေသော ဝက္ကလိမထေရ်အား “ဝက္ကလိ… ဤအပုတ်ကောင်ကို ဖူးမြင်ရခြင်းဖြင့် သင့်တွင် အဘယ် အကျိုး ရှိပါအံ့နည်း။ တရားကိုမြင်သူသည် ငါဘုရားကို မြင်၏။ ငါဘုရားကို မြင်သူသည် တရားကိုမြင်၏” ဟု ဟောကြားခဲ့ဖူးသည်။ (သံ.၃.၈၇၊ ခန္ဓဝဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ ဝက္ကလိသုတ္တံ)

ထို့အပြင် အခြေအမြစ် ကင်းမဲ့သော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု, ဝါဒရေး ကိုးကွယ်မှုများသည်ကား မသင့်လျော်။ ဗုဒ္ဓသည် ရဟန်းတို့အား သမ္မာသမ္ဗုဒ္ဓအစစ် ဟုတ်, မဟုတ်ကိုပင် စိစစ်စူးစမ်းရန် ဟောကြားခဲ့ဖူးသည်။ ကိုယ်နှုတ် အကျင့်သီလတို့ အပြစ်ကင်း ဖြူစင်၏လော၊ ထိုသို့ အပြစ်ကင်းဖြူစင်မှုသည် ခဏတဖြုတ်လော, ရည်ရှည် တည်မြဲပါသလော၊ ထင်ရှားကျော်ကြားမှုတို့ကြောင့် အပြစ်အနာဆာတို့ တိမ်မြုတ် မှေးမှိန်၍ နေသလော၊ ကာမဂုဏ်တို့ကို ရှောင်ကြဉ်ခြင်းသည် ကြောက်ရွံ့မှုကြောင့်လော, အမှန်တကယ် တပ်မက်မှုကင်း၍လော စသဖြင့် စူးစမ်း စစ်ဆေးသင့်သည်။ ထိုသို့ စူးစမ်းစစ်ဆေးပြီးမှ ဘုရားရှင်ထံ ချဉ်းကပ်ကာ တရားနာကြားရမည်။ ကိုယ်တိုင် ကျင့်ကြံအားထုတ်ရမည်။ အချို့တရားတို့ကို (အထိုက်အလျောက်) ကိုယ်တိုင် ထိုးထွင်းသိသောအခါတွင် မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အစစ် ဖြစ်သည်ဟု ကြည်ညိုခြင်းဖြစ်၏။ ထိုသို့သော ယုံကြည်ခြင်းသည်သာ စူးစမ်းဆင်ခြင်မှုပါသော သဒ္ဓါတရား (အာကာရဝတီ သဒ္ဓါ)၊ ဒဿနအမြင်ကို အခြေခံသော သဒ္ဓါတရား (ဒဿနမူလိကာ သဒ္ဓါ - သောတာပတ္တိမဂ်ကြောင့် ဖြစ်သော သဒ္ဓါတရားကို ဆိုလိုသည်) ဖြစ်၍ ခိုင်မြဲသည်ဟု ဝီမံသကသုတ်တွင် ဟောကြားထားသည်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ ဝီမံသကသုတ်)

ထို့ကြောင့် ဓမ္မအား ကိုယ်တိုင် ထိုးထွင်းသိမြင်ရန် အားထုတ်ခြင်းသည် သရဏဂုံတည်ခြင်းအရာတွင် ပဓာနကျသည်။ “ဘုရား, တရား, သံဃာ” ဟူသော သရဏဂုံသုံးပါးအား ဆည်းကပ်ြခင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက်မှောက်ပြုနိုင်မှ ဘေးကင်းရာ အစစ်သို့ ရောက်သည်။ ဘုရားရှင်သည် ထိုဘေးကင်းရာသို့ ရောက်စေနိုင်မည့် လမ်းကို ညွှန်ပြသူသာ ဖြစ်သည်။ အရိယာသံဃာတို့သည်လည်း မြတ်စွာဘုရား ညွှန်ကြားဟောပြတော်မူသော တရားတော်တို့ကို ကောင်းစွာလိုက်နာ ကျင့်ကြံ၍ ဘေးကင်းရာနိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူကြသည့် သာဓက စံပြ အဖွဲ့အစည်း ဖြစ်သည်။ ဘေးကင်းရာအစစ်သို့ ရောက်ရန်ကား တရားဓမ္မကို ကိုယ်တိုင် လိုက်နာ ကျင့်ကြံကြရမည် ဖြစ်သည်။

… အတ္တဒီပါ ၀ိဟရထ အတ္တသရဏာ အနညသရဏာ, ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ (ဒီ..၁၆၅၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ မဟာပရိနိဗ္ဗာနသုတ်)

ပရိနိဗ္ဗာန် ပြုကာနီးတွင် မြတ်စွာဘုရားက “… မိမိကိုယ် မိမိ ကျွန်းသဖွယ်ပြုကာ အခြားတပါးအား ကိုးကွယ်ရာ မပြုပဲ မိမိကို ကိုးကွယ်ရာ ပြု၍ နေကြကုန်လော့။ ဓမ္မအား ကျွန်းသဖွယ်ပြုကာ အခြားတပါးအား ကိုးကွယ်မှု မပြုပဲ ဓမ္မကို ကိုးကွယ်ရာ ပြု၍ နေကြကုန်လော့” ဟု မှာကြားခဲ့သည်။

ထိုသို့ မိမိကို မိမိအားကိုး၍ တရားဓမ္မအား ကျင့်ကြံပွားများကာ ကိုယ်တိုင် ထိုးထွင်း၍ သိပါက “ဘုရား, တရား, သံဃာ” အပေါ်၌ ထားသော သဒ္ဓါတရားသည် ပိုမိုခိုင်မြဲလာသည်။ မိစ္ဆာဒိဋ္ဌိအမြင်တို့ကို အကြွင်းမဲ့ပယ်သတ်၍ သောတာပန် အရိယာဖြစ်သောအခါတွင် ရတနာသုံးပါးအပေါ်၌ ကြည်ညိုသော သဒ္ဓါတရားသည် မတုန်မလှုပ်ခိုင်မြဲသော ကြည်ညိုမှု (အဝေစ္စပသာဒ) ဖြစ်သွားသည်။ “ရတနာသုံးပါးမှ အပ ကိုးကွယ်ရာ မရှိ” (အပရပစ္စယ) ဟူသော စိတ်သည် မပျက်စီးတော့။ အပါယ် ဒုဂ္ဂတိဘုံသို့ ကျရောက်မည့် ဘေးမှ လွတ်မြောက်၍ လဲလျောင်းနားခိုရာ (ပရာယဏ) အစစ်သို့ ရောက်ရှိပြီ ဖြစ်သည်။

ဧရာ (မန္တလေး)
စာညွှန်း။

၁။ ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ သာမညဖလသုတ်၊ သရဏဂမန အဖွင့်အဋ္ဌကထာနှင့် ခုဒ္ဒကပါဌ သရဏတ္တယ အဖွင့်အဋ္ဌကထာ
၂။ ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်
၃။ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမက၀ဂ်၊ ၀ီမံသကသုတ်
၎။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏ၀ဂ်၊ ဗြဟ္မာယုသုတ်
၅။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊ ဒက္ခိဏ၀ိဘင်္ဂသုတ်
၆။ သံယုတ္တနိကာယ်၊ သဂ္ဂါထာဝဂ္ဂသံယုတ်၊ ဗြဟ္မသံယုတ်၊ ဂါရ၀သုတ်
၇။ သံယုတ္တနိကာယ်၊ ခန္ဓ၀ဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ ၀က္ကလိသုတ်
၈။ ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ ဂါထာအမှတ် ၁၈၈ မှ ၁၉၂
၉။ Going for Refuges & Taking the Precepts by Bhikkhu Bodhi, BPS, 1981.
၁၀။ Threefold Refuges by Nyanaponika Thers, The Wheel Publication No. 76, BPS, 1983.

7 comments:

Nge Naing said...

သာသနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်တာနဲ့ ပတ်သက်ပြီး ဒီထဲက အချက်အလက်တွေနဲ့ သဘောတရားတွေကို သိတော့ သိခဲ့ပါတယ်။ ဒါပေယ့် ဘယ်သုတ်ထဲမှာ ဘယ်အချက်ကို ဖေါ်ပြထားတယ်ဆိုတဲ့ အခုလို ပါဠိတွေနဲ့ တိတိကျကျ မသိခဲ့ဘူး။ ကိုးကားဖေါ်ပြပေးတာ ကျေးဇူးပါပဲ။

tg.nwai said...

သာဓု သာဓု သာဓု ပါ ဆရာ...။

TNS said...

s-c
လေးနက်ပြီး တန်ဘိုးရှိလွန်းတဲ့
စာတွေကိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်...။

Ko Paw said...

တိုတိုရှင်းရှင်းနဲ့ အဓိပ္ပါယ်ကို ထိထိမိမိ၊ ပြည့်ပြည့်စုံစုံ ပေးနိုင်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။ ကိုဧရာရေးခဲ့သမျှ ကျနော်မနှစ်သက်တဲ့ ဆောင်းပါးရယ်လို့ မရှိသေးပါဘူး။ အခုလို အချိန်ယူပြီး ရေးသားမျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တန်ခူး said...

မနက်ဘုရားရှိခိုးရင် သုတ်သုတ် သုတ်သုတ်နဲ့  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။ လို့  ရွတ်မိတာ... ဆရာ့ဆောင်းပါးလေးဖတ်ပြီး တကယ့် ကိုးကွယ်ဆည်းကပ်ခြင်း အစစ်အမှန်ဖြစ်အောင် သတိထား နှလုံးသွင်းမိပါတယ်ဆရာ... သေချာ အသေးစိတ်ရှင်းပြထားတာကြောင့် အတော်တန်ဖိုးရှိပါတယ်... Printထုတ်ပြီး ခဏခဏပြန်ဖတ်ပါမယ်ဆရာ…လေးစားကျေးဇူးတင်လျက်…

မငုံ said...

မနက်မျက်စိနှစ်လုံးဖွင့်သည်နှင့် သရဏဂုံသုံးပါးကို ရွတ်ဖို့ မမေ့ဖို့ မငုံအမေ အမြဲမှာတယ်။ အနက်အဓိပ္ပာယ်လောက် သိပေမဲ့ ဒီလောက်အကျယ်တ၀န်းမသိခဲ့ဘူး။ သိမှတ်ရလို့ အများကြီး ကျေးဇူးတင်ပါတယ်ရှင်။

Dr.Rak said...

Let me share this post.
Thanks for sharing about Buddhism .