Sunday, February 14, 2010

ချစ်သူများအတွက် လက်ဆောင်

မသီတာက “အောင်မြင်စွာ ခွဲထွက်ခြင်း”လို့ ကြွေးကြော်ပြီး ဘလော့ဂ်တစ်ခုနဲ့ ထားပစ်ခဲ့ ပါတယ်။ နိုင်ငံရေးအသင်းအဖွဲ့တွေ ကွဲကြ, ဘာသာရေးဂိုဏ်းဂဏတွေ ကွဲကြ, သီချင်းဆိုတဲ့ အဖွဲ့တွေလည်း ကွဲကြတဲ့ခေတ်ကြီးမှာ ချစ်ကြည်ရေးတရားဟောဖို့ စဉ်းစားနေတဲ့ ကျွန်တော်လည်း အားလျော့ သွားသလိုပါပဲ။ ဘာသာရေးစာတွေ အဖတ်များတော့ တွေးလိုက်သမျှက ဘာသာရေးနဲ့မလွတ်သလို ဖြစ်နေတတ်ပါတယ်။ အခုလည်း ဘုရားရှင်လက်ထက်က ကောသမ္ဗီပြည်မှာ ရဟန်းတော်တွေ အချင်းများပြီး အုပ်စုကွဲကြစဉ်ဟောခဲ့တဲ့ သာရဏီယတရား ၆-ပါးကို လှမ်းသတိရမိပါတယ်။

သာရဏီယတရားဆိုတာက တစ်ဦးနဲ့ တစ်ဦး ခိုက်ရန်မဖြစ်ပဲ ချစ်ကြည်မှု, လေးစားမှု, စည်းလုံး ညီညွတ်မှုကို ဖြစ်စေဖို့အတွက် အမြဲမပြတ်အောက်မေ့ထိုက်တဲ့ တရား ၆-ပါးကိုဆိုလိုပါတယ်။

(၁) တစ်ဦးကို တစ်ဦး ရှေ့မှာဖြစ်စေ, ကွယ်ရာမှာဖြစ်စေ ကာယကံမေတ္တာထားရမယ်။
(၂) ၀စီကံမေတ္တာ ထားရမယ်။
(၃) မနောကံမေတ္တာထားရမယ်။
(၄) ရရှိလာတဲ့ ပစ္စည်းတွေကို အတူမျှဝေသုံးစွဲရမယ်။
(၅) ကိုယ်ကျင့်သီလ တူညီအောင်ကျင့်ရမယ်။
(၆) ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း အမြင်တူမျှရမယ်ဆိုတဲ့ အချက် ၆-ချက်ပါ။

ရဟန်းတော်တွေအတွက် နောက်ဆုံးအချက်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အမြင်တူညီဖို့ဆိုတဲ့ အချက်က အလွန်အရေးကြီးပါတယ်။ သံဃာ့အဖွဲ့အစည်းကို “ဒိဋ္ဌိသီလသာမည” အမြင်တူ, အကျင့်တူတဲ့ အဖွဲ့အစည်းလို့ တင်စား ခေါ်ဝေါ်လေ့ရှိပါတယ်။ လောကီနယ်မှာတော့ လူတစ်ဦးနဲ့တစ်ဦး အကျင့်စရိုက်တူ, အမြင်တူတဲ့ သူတွေဖြစ်ဖို့ ခက်ပါတယ်။ သို့သော်လည်း အနည်းဆုံး တစ်ဦးကို တစ်ဦး ချစ်ခင်ရင်းနှီးမှုရှေ့ထားပြီး, အကျိုးတူ မျှဝေခံစားဖို့တော့လိုပါတယ်။ ဒါမှသာ မတူကွဲပြားတဲ့ အမြင်တွေရှိနေခဲ့ရင်တောင် တစ်ဦးကို တစ်ဦး နားလည်ခွင့်လွှတ်ပြီး အတူယှဉ်တွဲ နေနိုင်ကြမှာပါ။ အိမ်ယာထူထောင်ကြမယ့် ချစ်သူတွေ, လင်မယားတွေဆိုရင်တော့ ဒီထက်မက အကျင့်စရိုက်တူအောင်, အမြင်တူအောင်ကျင့်ကြဖို့လိုပါတယ်။ ချစ်သူများ အသွင်တူ, အမြင်တူ၍ ချစ်ကြည်ဖြူနိုင်ကြပါစေ။


9 comments:

tin min htet said...

အသွင်တူ အမြင်တူရင်တော့ အကောင်းဆုံးပေါ့ ..
အိမ်ထောင်ဖက်တွေမှာတော့ ယုံကြည်တာချင်း ရည်မှန်းတာချင်း မတူတဲ့ အခိုက်တွေလည်း ရှိမှာပါပဲ ..
အဲဒီအခါတွေမှာတော့ တယောက်ဖြစ်တည်မှုကို တယောက်က နားလည်ရင် အဆင်ပြေပါတယ်။

Moe Cho Thinn said...

အကျိုးရှိတဲ့ ချစ်သူများနေ့အတွက် စကားလက်ဆောင်လေးပါပဲ။ စိတ်ထဲမှာ မှတ်သားထားပါ့မယ်..။

kay said...

ကျမ တို့က..အတူတူ ရေးတာ ဖတ်ချင်တာ.. ကိုဧရာ ဆီက..လေးလေး နက်နက်လေး တွေ ဖတ်လိုက်..မသီတာ ဆီက..ပေါ့ပေါ့ ပါးပါး လေးတွေ ဖတ်လိုက်..

Anonymous said...

ကိုဧရာအားမလျှော့အောင်လာဖတ်ပါတယ်...။
ပြောထားတဲ့အချက်၆ချက်ကလည်း
ဘယ်ဘာသာတရားကိုယုံကြည်တဲ့သူဖြစ်ဖြစ်
လိုက်နာကျင့်သုံးသင့်တဲ့အချက်လေးတွေပါပဲ..။
ကျေးဇူး။


ပေါက်

သင်းနွယ်ဇင် said...

ဒီပိုစ်လေးဖတ်ပြီး ပိုကြိုစားရတော့မှာပေါ့နော်။ ကျေးဇူးပါကိုဧရာ။

မေဓာဝီ said...

ကိုဧရာရဲ့ လက်ဆောင်လေးက အဖိုးတန်ပါဘိရှင်။
ကျမလည်းပဲ မကေ ပြောသလို ကိုဧရာရဲ့ စာတွေရော မသီတာရဲ့ စာတွေရော အတူတူ ဖတ်ချင်တာပါ။ ရသစုံ မဂ္ဂဇင်း တစောင်လိုပေါ့။ မဖတ်ချင်တဲ့သူက မဖတ်လိုတဲ့စာကို ကျော်သွားရုံပါပဲ။ သပ်သပ်ခွဲထွက်ဖို့ မလိုဘူးလို့ ကျမကတော့ ထင်မိပါတယ်။ တွဲရေး ခွဲရေးမှာ မသီတာက ခွဲရေးကို ပိုအားသန်သွားပုံပဲနော်။ ဘာပဲဖြစ်ဖြစ် ဧရာဝတီမြစ်ကြီးကနေ မြစ်လက်တက်ကလေး ဖြာထွက်သွားသလိုပဲလို့ တွေးမိပါတယ်။ မည်သို့ပင်ဖြစ်စေ ဧရာဝတီကတော့ စီးနေဆဲမဟုတ်လား ... ။

khin oo may said...

မရတော့ဘူးမောင်
မခေါ်နဲ့တော့
စောင်းပြောလည်း အကျိုးမရှိ

ကိုပေါ said...

ဆောင်ပုဒ်ရှိတာပဲ...ကိုဧရာ။

ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည်......တဲ့။

ကျနော်ကြားဖူးတာတခုရှိတယ်။ ကောင်လေးတယောက် ဗိုလ်သင်တန်းသွားဖြေတော့ အင်တာဗျူးမှာ အထက်ပါ ဆောင်ပုဒ်ကို အင်္ဂလိပ်လို သိလားလို့ အင်တာဗျူးသူတွေက မေးသတဲ့။

ဟိုကောင်က မသိတာကို မသိတဲ့အတိုင်းမနေဘဲ “Whoever cut cut, we don't break....." လို့ ဖြေလိုက်မိလို့ အင်တာဗျူးတဲ့ဆရာတွေ အူနှိပ်နေရတယ်လို့ ကြားဖူးတယ်။

မှတ်သားလောက်ဖွယ် ဆောင်းပါးလေးတွေအတွက် ကျေးဇူးပါ။

ဂျူနို said...

သာရဏီယတရားဆိုတာကို မှတ်သွားပါတယ်။
အကျင့်တူအောင် ကျင့်ဆိုလို ချစ်သော ရွှေရွှေနဲ့ ချိုင်ချိုင်ကို သတိရမိပါတယ်။

ကိုဧရာရေးတဲ့ ချစ်စရာစာက မအယ်ရဲ့ ဂေါက်ကြောင်အတွေးကြောင့် ပျက်မသွားပါဘူးနော်။


မအယ်