Saturday, September 25, 2010

ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များ

“ရွှေမှန်ကင်းက ထင်းဖြစ်ရသည်” ဆိုသည်မှာ အဆန်းတော့ မဟုတ်ပါ။ အလွန်စည်ကားလှသော မင်းနေပြည်ကြီးသည်ပင် မြို့ငယ်ရွာငယ်လေးအဖြစ် သေးသိမ်တိမ်ကောသွား တတ်ပါသည်။ ထိုအခါတွင် “ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော သင်္ခါရတရားတို့သည် စင်စစ် မမြဲ” ဟု သံဝေဂတရားဖြင့် ဖြစ်စေ၊ “ငါ့လူမျိုး, ငါ့နိုင်ငံ” ဟူသော မာန်မာနတရားဖြင့်ဖြစ်စေ ရှုမြင်နိုင်သည်။ ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များအား ကြည့်၍ သံဝေဂယူကောင်း ယူနိုင်သည်။ မာန်မာန, ဒေါမနဿတရားများ ပွားကောင်း ပွားနိုင်သည်။

ဂန္ဓာရဒေသသည် တရုတ်ပြည်နှင့် အနောက်ဖက်မှ ပါရှား, ဂရိစသော နိုင်ငံများကို ဆက်သွယ်ပေးရာ Silk Road ခေါ် ကုန်သွယ် လမ်းကြောင်းပေါ်တွင်ရှိ၍ ယခုခေတ် ပါကစ္စတန်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့ရှိသော ဒေသဖြစ်သည်။ ထိုလမ်းကြောင်းမှပင် ဂရိနိုင်ငံပြည့်ရှင် Alexander the Great က ပါရှားနှင့် အိန္ဒုမြစ်ဝှမ်းဒေသကို ချီတက် သိမ်းပိုက်ခဲ့ဖူးသည်။ ထိုလမ်းကြောင်းမှပင် မဂဓတိုင်းပြည့်ရှင် အသောကမင်းကြီးက ဂန္ဓာရတိုင်းနှင့် ဂရိနိုင်ငံ ယောနတိုင်း (Ionian) တို့ကို ဗုဒ္ဓသာသနာပြုခရီး စေလွှတ်ခဲ့သည်။ ထို့ကြောင့် ဂန္ဓရာတိုင်းသည် ဂရိယဉ်ကျေးမှု အတွေးအခေါ်များ နှင့် ဗုဒ္ဓသာသနာတို့ ပေါင်းဆုံမိရာ ဒေသဖြစ်သည်။ ထိုသို့ပေါင်းဆုံမှု၏ ရလဒ်တခုသည် မိလိန္ဒပဉှာကျမ်းဖြစ်၍၊ အခြားတခုမှာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ထုလုပ် ကိုးကွယ်ခြင်းပင် ဖြစ်သည်။

ဂန္ဓာရကို ကိုယ်တိုင် မရောက်ဖူးပါ။ ပြင်သစ်နိုင်ငံ မြို့ငယ်လေးတခုတွင် ဓာတ်ပုံဆရာတဦးက သူရိုက်ထားသော ဓာတ်ပုံအယ်ဘမ် စာအုပ်များကို ထုတ်ပြရင်း၊ ဤဂန္ဓာရဒေသမှ ရပ်တော်မူ ဆင်းတုတော်ကြီးနှင့် အတူရိုက်ထားသော ဓာတ်ပုံနှစ်ပုံကို ထုတ်ပြသည်။ တစ်ပုံမှာ Bamiyan ခေါ် တောင်ကြားဒေသ ကျောက်နံရံကြီးများအား ထွင်း၍ ထုလုပ်ထားသော ဉာဏ်တော် ပေ-၁၈၀ နီးပါးရှိသော ရုပ်ပွားဆင်းတုတော်ကြီး၏ ရှေ့တွင် ရိုက်ထားသော ပုံဖြစ်သည်။ မပျက်စီးသေးဘဲ ကျန်ရှိနေသည့် ရပ်တော်မူ ရုပ်ပွားဆင်းတုတော်ကြီး နှစ်ဆူအား UNESCO အဖွဲ့ကြီးက ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ နိုင်ငံတကာ ခရီးသွားများနှင့် ဘုရားဖူးဧည့်သည် အများအပြား လာရောက် ဖူးမြှော် လေ့လာကြသောကြောင့် အာဖကန်နစ္စတန်နိုင်ငံအတွက် ၀င်ငွေရှာပေးသော နေရာလည်း ဖြစ်ခဲ့ပါသည်။ သို့သော် တာလီဘန်တို့က ထိုရုပ်ပွားတော်ကြီးများ တည်ရှိနေခြင်းအား အရှက်ရစရာ တခုအဖြစ်မြင်ခဲ့သည်။ UNESCO နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းပန်ကြားခဲ့ကြသည်ကို ဂရုမစိုက်ဘဲ တာလီဘန်တို့က ဆင်းတုတော်ကြီး နှစ်ဆူအား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ ဖျက်ဆီးပြီးစအချိန်တွင် ဓာတ်ပုံဆရာသည် အာဖဂန်နစ္စတန်သို့ ထပ်မံသွားရောက်၍ ဖျက်ဆီးထားသော ရုပ်ပွားတော် ရှိရာနေရာကို နောက်ခံထား၍ တာလီဘန်များနှင့် အတူ ဓာတ်ပုံရိုက်ခဲ့သေးသည်။ ထိုဓာတ်ပုံထဲမှ တာလီဘန်တို့၏ မျက်နှာတွင် သူတို့လုပ်ရပ်အတွက် ဂုဏ်ယူနေသည့် အသွင်ပေါ်လွင်နေသည်။ သူတို့လုပ်ရပ်သည် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အရှက်ရစရာ ဖြစ်စေသည်ဟု စိုးစဉ်းမျှထင်ပုံမရ။ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်မည့် အသိဉာဏ် ကင်းမဲ့သွားလောက်အောင် မှိုင်းမိနေသူများ ပါပေတည်း။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းသို့ အလည်ရောက်ခဲ့ဖူးသည်။ ကမ္ဘာခရီးသွားဧည့်သည် အများအပြား လာရောက်တတ်သည့် နေရာဖြစ်သဖြင့်၊ အင်္ဂလိပ်စကားပြော လေ့ကျင့်လိုသော ထိုင်းကျောင်းသား, ကျောင်းသူလေးများက အခမဲ့ဧည့်လမ်းညွှန်အဖြစ် အယုဒ္ဓယမြို့ဟောင်း၏ သမိုင်းကို ရှင်းပြပေးတတ်ပါသည်။ ဘုရားရုပ်ပွား ဆင်းတုတော်ပျက်များကို လက်ညိုးဖြင့် ညွှန်ပြကာ အယုဒ္ဓယကို မြန်မာတို့ စစ်ဆင်စဉ်က ဘုန်းတော်ကြီးကျောင်းများ, ဘုရားများကို ဖျက်ဆီးခဲ့ကြပုံ, မြန်မာစစ်သားတို့၏ ရဟန်းသံဃာများ, မိန်းမများနှင့် ကလေးသူငယ်များအပေါ် ရက်စက်ခဲ့ကြပုံတို့ကို နာကျည်းသည့် လေသံဖြင့် ရှင်းပြ ကြသည်။ ထိုစဉ်က မြန်မာတို့ အယုဒ္ဓကို အနိုင်တိုက် နှိုင်ခဲ့ကြ၍ ဂုဏ်ယူလိုစိတ်နှင့်အတူ မြန်မာတို့၏ ရက်စက်ရိုင်းပျမှုအတွက် ရှက်စိတ်တို့ ရောပြွမ်းနေခဲ့သည်။ “မြန်မာလူမျိုးအများစုက ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ… ဒီလို အလုပ်မျိုးတော့ တမင်လုပ်မယ် မထင်ဘူး… ။ စစ်ဖြစ်နေတာပဲ တဖက်နဲ့ တဖက် ပစ်ကြခတ်ကြ မတော်တဆဖြစ်တာ နေမှာပေါ့။ ပြီးတော့ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့သူတွေ ခေါင်းတော်တွေဖြတ်, ဌာပနာတွေ ဖောက်ယူကြတာကော မဖြစ်နိုင်ဘူးလား…။ ရဟန်းတော်တွေ, ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာ (သူတို့ဟာသူတို့ ၀ါဒဖြန့်ဖို့ ဆွဲထားတဲ့) ပန်းချီကားတွေကလွဲလို့ အထောက်အထား ခိုင်ခိုင်မာမာမှ မရှိတာ” လို့ပဲ ရှက်စိတ်ကို ပေါ့အောင် ဖြေတွေးခဲ့ဖူးသည်။ ၂၀၀၇-ခု စက်တင်ဘာလ အရေးအခင်း နောက်ပိုင်းကာလတွင် အတွေးများ ပြောင်းသွားခဲ့သည်။ အကယ်၍ အယုဒ္ဓယရဟန်းတော်များသည် ရဟန်းတု ရဟန်းယောင်များသာဖြစ်လေဟန် မှိုင်းသွင်းပေးထားပါက ဆင်းတုတော်များကိုလည်း ဖျက်ဆီးခဲ့ကြပါလိမ့်မည်။ ရဟန်းတော်များအားလည်း သတ်ဖြတ်ခဲ့ကြပါလိမ့်မည်။

ဗုဒ္ဓသာသနာ တိမ်ကောပျောက်ကွယ်သွားသည့် ဂန္ဓာရဒေသတွင် ယဉ်ကျေးမှုအမွေအနှစ် ရုပ်ပွားဆင်းတုတော်ကြီးများ ပျက်စီး ဆုံးရှုံးခဲ့ရခြင်းသည် အဆန်းမဟုတ်ပါ။ လူတို့၏ စိတ်ဓာတ် အဆင့်အတန်းများ တစတစ နိမ့်ကျ ပျက်စီးသွားပါက ထိုလူ့ဘောင်လောကသည် အေးချမ်းသာယာမှု မရနိုင်။ ငြိမ်းချမ်းမှု မရှိသော နေရာဒေသတွင် သာသနာလည်း အရှည်မတည်နိုင်ပေ။

စာညွှန်း
၁။ The Buddhas of Bamyan - Wikipedia.
၂။ Ayutthaya Kingdom - Wikipedia.

18 comments:

Crystal said...

အင်း...တွေးစရာတွေ ပေးတယ်ကွယ်.........

Anonymous said...

အမရယ်..ဖတ်ပီး ဘာပြောရမှန်းတောင် မသိတော့ဘူး..။
}]လူတို့၏ စိတ်ဓာတ် အဆင့်အတန်းများ တစတစ နိမ့်ကျ ပျက်စီးသွားပါက ထိုလူ့ဘောင်လောကသည် အေးချမ်းသာယာမှု မရနိုင်။ ငြိမ်းချမ်းမှု မရှိသော နေရာဒေသတွင် သာသနာလည်း အရှည်မတည်နိုင်ပေ။}

အင်း..ဒါကိုရွတ်ပီး.... ဘာပဲဖြစ်ဖြစ်ပါလေ..။
ကိုယ်သေသည်အထိတော့ ကိုယ့်နိုင်ငံလေး သာသနာမတိမ်ကောလောက်ပါဘူး။

မြတ်နိုး

မိုးယံ said...

အစ်မရေ ဒီကိစ္စတွေကို တရားခွေတွေထဲမှာတော့ နာဖူးထားတယ်။ ထိုင်းက ကိစ္စကိုတော့ မပြောတတ်ဘူး။

ဂန္ဓာရဒေသ က ကိစ္စကိုတော့ စိတ်မကောင်းဖြစ်မိတယ်

ဇွန်မိုးစက် said...

ဓာတ်ပုံထဲကနေရာက ဂန္ဓာရဒေသပေါ့နော်။ စိတ်ဝင်စားစရာကောင်းတယ်။ အဲလိုနေရာမျိုးတွေ သွားကြည့်ချင်တယ်။
(သာသနာဆုပ်ကပ်မရောက်ခင်) သာသနာနဲ့ကြုံကြိုက်တုန်း လူဖြစ်ခွင့်ရတာကို တန်ဖိုးထားပြီး တရားအားထုတ်ခွင့်ရတာ ကံကောင်းတယ်လို့ ဖြေတွေးတွေးလိုက်မိပါတယ်။

Taungoo said...

ယိုးဒယားတွေက မြန်မာဆိုတိုင်း မုန်းနေတာလား။ ဒုတိယမြန်မာနိုင်ငံ ဘုရင့်နောင်နဲ့ တတိယမြန်မာနိုင်ငံ အလောင်းမင်းတရားလက်ထက်တွေမှာ ယိုးဒယားကို တိုက်ခဲ့တာမှန်ပေမဲ့ ဦးအောင်ဇေယျကို ပိုနာကျည်းကြတယ်လို့ ကြားဖူးပါတယ်။ ဘုရင့်နောင်ကိုတော့ ရိုသေကြောက်ရွံ့လေးစားတယ်လို့ သိထားပါတယ်။ မှန်မမှန်တော့ မပြောတတ်ပါ။
တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်ရဲ့ သမိုင်းအထောက်အထားတွေက ကျန် ၂ ခေတ်ထက် ပိုရှားပါးလှတယ်လို့ ထင်တယ်။ ကပ်သပ်ပြောတာတော့ မဟုတ်ပါဘူး။ ဘုရင့်နောင် ဇာတိ တောင်ငူ (ကေတုမတီ)မြို့ ရဲ့ မြို့တည်နန်းတည် အနှစ် ၅၀၀ ပြည့်က နိုဝင်ဘာ ၂၀၁၀ မှာ ကျင်းပတော့မှာ ဆိုတော့ မြန်မာဘုရင်တွေထဲမှာ ဘာပဲပြောပြော နာမည်ကောင်းရှိခဲ့တဲ့ ကိုယ့်နယ်သား ဘုရင်တစ်ပါးကို တကယ်မဟုတ်ရင် ဆွဲထုတ်ချင်တာပါ။ ဘုရင့်နောင်လက်ထက် မြန်မာအင်ပါယာရဲ့ မြေပုံကြီးကတော့ တကယ် အားရစရာ ကောင်းပါတယ်။ (ဘုရင့်နောင်အငူရယ်၊ သံတောင်ကြီး တောင်စခန်းမြို့ရယ်မှာ ယိုးဒယားတိုက်ခဲ့တဲ့ ဘုရင်ချင်း အတူတူ ဦးအောင်ဇေယျရုပ်တု မထားဘဲ ဘုရင့်နောင်ရုပ်တုသာ ဝင့်ဝင့်ကြွားကြွား စိုက်ထူထားလဲဆိုတာကလဲ စိတ်ဝင်စားစရာအချက်တစ်ခုပဲလို့ ကျွန်တော်ထင်ပါတယ်)

ကိုပေါ said...

အခုမှ အချက် ၂ ချက်ကိုတောင် ဆက်တွေးဖြစ်တယ်။

ပထမအချက်က အရမ်းဖိနှိပ်တတ်တဲ့ (အာဏာရှင်)အစိုးရတွေ အုပ်ချုပ်ရင် ကိုယ့်အလူမျိုးအချင်းချင်းကိုတောင် အခုလို ရက်စက်တဲ့အပြုအမူတွေ ဖြစ်တတ်တာ သတိထားမိတယ်။ ဥပမာ... နာဇီပါတီ၊ တာလီဘန်နဲ့ နအဖ အစိုးရ။ တာလီဘန်လည်း သူ့မွတ်ဆလင်အချင်းချင်းတောင် အရမ်းနှိပ်ကွပ်တယ်။ ဘာသာခြားဆိုရင် ပြောမနေနဲ့တော့။ ဟစ်တလာနဲ့ နအဖလည်း ထို့အတူပဲ။

ဒုတိယအချက်က အယုဒ္ဓကို သိမ်းတယ်ဆိုတာ သူတပါးမြေကို ကျူးကျော်သိမ်းပိုက်တာ။ နယ်ချဲ့တာပေါ့။ နယ်ချဲ့မှန်ရင် အင်္ဂလိပ်ဖြစ်ဖြစ်၊ နာဇီဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် ရမ်းကားချင်တဲ့ အပြုအမူတွေ ရှိတာကို သတိရမိတယ်။
လူဖြူတွေ ရက်ဒ်အင်ဒီးယန်းတွေကို ရက်ရက်စက်စက် သတ်တာတွေ၊ အင်္ဂလိပ်တွေ မြန်မာပြည်က ခေါင်းလောင်းတွေကို အရည်ကျိုတာမျိုးတွေ၊ မြန်မာတွေ အယုဒ္ဓယက ပုထိုးစေတီတွေကို ဖျက်ဆီးတာမျိုးတွေ။ (ဒါပေမယ့် ငယ်ငယ်က သမိုင်းထဲမှာ ဖတ်ရရင်... စစ်နိုင်လို့ပြန်လာတဲ့အခါ လူပညာရှိ၊ ရဟန်းပညာရှိတွေကို ခေါ်ဆောင်လာခဲ့တယ်ဆိုတာလောက်ပဲ ဖတ်ရတယ်။ ဖျက်ဆီးတဲ့အပိုင်း ပါမလာဘူး။ ကြည့်ရတာ တကယ့်သမိုင်းအမှန်ဆိုတာ ခံရသူတွေဖက်က ရေးမှ မှန်တာမျိုးနဲ့တူတယ်။)

Sonata Cantata said...

မြတ်နိုးရေ အမရေးတာမဟုတ်ဘူး...ကိုဧရာရေးတာ။
အမက စာပြင်အဆင့်ပါလေး)

Sonata Cantata said...

ဦးအောင်ဇေယျက အယုဒ္ဓယကို မသိမ်းနိုင်ခဲ့ပါဘူး။ ဆင်ဖြူရှင်လက်ထက်မှ အယုဒ္ဓယကို သိမ်းခဲ့, ဖျက်ခဲ့တာပါ။ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်တွေကို ကြုံခဲ့ဖူးတဲ့ ရှေးလူကြီးတွေရဲ့ စကားအရတော့ တိုင်းတစ်ပါးကျွန် ဖြစ်တာခြင်းတူပေမယ့် အင်္ဂလိပ်ခေတ်မှာ လွတ်လပ်မှု, တရားဥပဒေစိုးမိုးမှု အထိုက်အလျှောက်ရှိခဲ့တော့ လူ့သိက္ခာရှိရှိ နေနိုင်ခဲ့ကြတယ်။ ဂျပန်ခေတ်မှာတော့ ကင်ပေတိုင် ကြောက်ရ, အလိုတော်ရိတွေ ကြောက်ရနဲ့ ပါးရိုက်သွား, ပစ်သတ်သွားတောင် ငြိမ်ခံနေရတဲ့ ဘ၀… ဒီတော့ နယ်ချဲ့ချင်း တူပေမယ့် အင်္ဂလိပ်ထက် ဂျပန်ကို ပိုပြီး မုန်းကြပါတယ်။ ဘုရင်နောင်နဲ့ ဆင်ဖြူရှင်တို့ အယုဒ္ဓကို သိမ်းခဲ့ကြတာခြင်း တူပေမယ့် "the king of Hanthawaddy (Bayinnaung) waged war like a monarch, but the king of Ava ( Hsinbyushin) like a robber" လို့ ထိုင်းရာဇ၀င်ကျမ်းတွေမှာ မှတ်တမ်း တင်ထားကြောင်း သိရပါတယ်။
- ဧရာ

Rita said...

(တကယ့်သမိုင်းအမှန်ဆိုတာ ခံရသူတွေဖက်က ရေးမှ မှန်တာမျိုးနဲ့တူတယ်။)

မဟုတ်လောက်ဘူး ကိုပေါ။
ခံရတဲ့ဘက်ကလည်း မပါ၊ တိုက်ရတဲ့ဘက်ကလည်း မပါ ဘေးကရပ်ကြည့်တဲ့ ပညာရှင်ဆန်တဲ့ လူမျိုးတွေက ရေးမှ မှန်ဖို့ မျှော်လင့်ချက်ရှိမယ်ထင်တယ်။

အင်္ဂလိပ် ကျူးကျော်ခံရတဲ့အကြောင်း ဗမာတွေရေးတော့လည်း ကိုယ့်ဘက်က ဘာတွေညံ့တယ်ဆိုတာ မသိမသာနဲ့ ချန်ထားခဲ့ပြန်ရော။

ရွှေရတုမှတ်တမ်း said...

ဘန်ကောက်မှာနေတုန်းက ထိုင်းတွေက ဗမာတွေ ရက်ရက်စက်စက် လုပ်ခဲ့တာတွေပြောရင် သက်သက်ပုံကြီးချဲ့တယ်ထင်ခဲ့တာ...
အင်း...ကိုဧရာပြောသလို ၂၀၀၇ ရောက်မှ....ကိုယ့်ဘာသာ၊သာသနာကိုတောင် မရှောင်ဘူးဆိုတာမြင်တော့မှ(ကိုယ့်လူမျိုးချင်းနှိပ်စက်တာကတော့ ငယ်ငယ်ကထဲက မြင်တွေ့လာခဲ့ပြီမို့ မဆန်းတော့ပါဘူး)ယိုးဒယားတွေပြောတာ မလွန်လောက်ဖူးလို့တွေးမိတယ်

လသာည said...

ဖတ်ပြီး ဘာလို့မှန်းမသိ စိတ်မကောင်းဘူး။

ထိုင်းနဲ့ မြန်မာ ယခင်က ရှေးလူကြီးများရဲ့ အတိတ်အကြောင်းအရာ အမုန်းတွေကြောင့်ထင်ပါရဲ့၊ ထိုင်းတွေက မြန်မာတွေကို အများအားဖြင့် မုန်းတာကတော့ ခံစားမိတယ်။ ဒီမှာ ကျောင်းက International festival မှာ ဖက်ရှင်လျှောက်တာတောင် ပြိုင်ဖက်လိုမျိုးသဘောထား ကြေငြာတာမျိုး ကြားရဖူးတယ်..

Thu said...

Thanks for sharing the historical facts and thought.
Thai peoples remarke as Myanma kings did invasion that was not colonialization. At present, We, thousands of Myanmar in Thailands are suffered as retribution.
However, it was concerned with individual character. For myself, I worked in Thailand a year and most Thai co-workers were helpful and treated me like a guest but a Myanmar behaved the uncivilised and selfish manner.
I never forgot their helping hands in my career life and till contact each other.

ညီလင်းသစ် said...

တာလီဘန်တွေက ဆင်းတုကြီးတွေကို ဖျက်ဆီးပြီး ဂုဏ်ယူနေတာကို ဖတ်ရတော့ မျက်စိထဲ ရွှေထီးတွေ တပြောင်ပြောင်နဲ့ ပုဂံဘုရားတွေကို သွားမြင်မိတယ်...။

ချစ်ကြည်အေး said...

နောက်ဆုံးပိတ် အပိုဒ်ဖတ်ရင်း စိတ်ထဲ မကောင်းလိုက်တာ၊ သာသနာကွယ်မဲ့အရေးလောက် ကြောက်စရာ၊ စိုးရိမ်စရာကောင်းတာ မရှိဘူး၊ တာလီဘန်တွေ ဘုရားဆင်းတု ဖြိုကြပြီး မကြာဘူး သူတို့လည်း ဂျော့ဘုရှ်ရဲ့ လက်စာ မိသွားပါရောလား၊ ဒိဌအကျိုးပေးတာလေ၊ ဖတ်ရတာ ကြိုက်တယ် ကျေးဇူးပါ အကိုဧရာ:)

စုလတ် said...

လူတို့၏ စိတ်ဓာတ် အဆင့်အတန်းများ တစတစ နိမ့်ကျ ပျက်စီးသွားပါက ထိုလူ့ဘောင်လောကသည် အေးချမ်းသာယာမှု မရနိုင်။။။။
မှန်လိုက်တာ...လူတွေရဲ့ စိတ်ဓါတ်နော် .. သိပ်အရေးကြီးတဲ့အရာပါပဲ ။

Htwe said...

We, Burmese, were imperialist hundreds of years ago and unlike British are still imperialist today. We invaded, looted and occupied Arakanese Kingdom, which had been an independent state for hundreds of years, in 1784. This was 8 years after United States declared independence from the British Crown. We committed atrocities not only in Ayutthaya Kingdom but also in Assam and Manipur in 1800s. You could read about that here http://en.wikipedia.org/wiki/Burmese_invasions_of_Assam. (I am not saying that whatever on Wikipedia is absolute truth, use your own judgment). Our so called history books use the word “aung naing the” to describe these occupation, looting and colonization events. The invasion of Rakhine and Assam was also the reason that led to the downfall of Burmese Kingdom. We came to share border with the British, the bigger bully, and we got beaten and colonized. Of course no one wants to live under the yoke of other peoples who do not share your culture and religion. We tried to gain independence from British proclaiming “Bamarsar the dot sar, Bamar sagar the dot sagar”. However when we won independence we forgot that other ethnic minorities also valued their cultures and religions as much as we did and we tried to impose our Burmese culture on them. More importantly we forgot that occupation of Rakhine and Assam was the reason we got colonized. Ethnic minorities had to do what we did to Britisth; they had to fight for their freedom. This led to the emergence of militarism and “Tatmadaw” became a powerful force. As the saying goes “The rest is history”. Millions of people live under abject poverty with little food, shelter and medical care. One day we will be able to remove the military junta and become a democratic state. Unfortunately some opposition figures still espouse Burmese chauvinism. It was high time, we, Burmese, critically analyze our history as you do with this post.
“Those who cannot learn from history are doomed to repeat it”. George Satanaya

KO TOE said...

သံဝေဂ ရစရာပါ..
တချိန်က သာသနာအရှိန်အဟုန် ကြီးမားစွာ ထွန်းကားခဲ့တဲ့ ဒီလိုဒေသမျိုးမှာတောင် ဒီနေ့မှာ အသွင် သာသနာတောင် ကွယ်ပျောက်လုပြီ..
ကျွန်တော်တို့ မြန်မာပြည်မှာလည်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်နေကြပေမယ့်....်ဘုရားအဆုံးအမတွေ စာအုပ်ထဲမှာပဲရှိတော့မယ့်တစ်နေ့..
ဘာသာရေး နယ်ချဲ့တွေရဲ့ တစချင်း ကျူးကျော်ခံနေရတာတွေ လမ်းဆုံးပမ်းတိုင် ရောက်သွားတဲ့ တစ်နေ့..ကျရင် ကျုပ်တို့ ဗမာပြည်ကြီးရော ဂန္ဓာရလို မဖြစ်ဖူးလို့ ပြောနိုင်မလား..
သာသနာဆိုတာ နှလုံးသားမှာ စကွယ်တာပါ..
အပြင်ပမ်းမှာ ဘုရားတည်နေပေမယ့် နှလုံးသားနဲ့ အသိဥာဏ်မှာ သာသနာမရှိရင် သာသနာကွယ်နေတာပါပဲ..
ူသူများတွေရဲ့ ဖြစ်အင်ကိုကြည့်ပြီး မိမိရဲ့ သားစဉ်မျိုးဆက်မှာ ဒီလိုမျိုး မကြုံတွေ့စေဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်..

JohnMoeEain said...

ဂန္ဓာရကို ကိုယ်တိုင် မရောက်ဖူးပါ။ ဂန္ဓာရဒေသသည် တရုတ်ပြည်နှင့် အနောက်ဖက်မှ ပါရှား, ဂရိစသော နိုင်ငံများကို ဆက်သွယ်ပေးရာ Silk Road ခေါ် ကုန်သွယ် လမ်းကြောင်းပေါ်တွင်ရှိ၍ ယခုခေတ် ပါကစ္စတန်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့ရှိသော ဒေသဖြစ်သည်။ ထိုလမ်းကြောင်းမှပင် ဂရိနိုင်ငံပြည့်ရှင် Alexander the Great က ပါရှားနှင့် အိန္ဒုမြစ်ဝှမ်းဒေသကို ချီတက် သိမ်းပိုက်ခဲ့ဖူးသည်။ ထိုလမ်းကြောင်းမှပင် မဂဓတိုင်းပြည့်ရှင် အသောကမင်းကြီးက ဂန္ဓာရတိုင်းနှင့် ဂရိနိုင်ငံ ယောနတိုင်း (Ionian) တို့ကို ဗုဒ္ဓသာသနာပြုခရီး စေလွှတ်ခဲ့သည်။...


ကျွန်တော်ကတော့ ဒီ စာကြောင်းကိုပဲ ကောက်နှုတ်ပြီး စိတ်ဝင်စားသွားပါတယ်။ သမိုင်းတစ်ခုကို သတိရမိလို့....။

အဖြေလိုက်ရှာလိုက်ဦးမယ်...။