Wednesday, March 23, 2011

အချစ်အကြောင်း ပြောရအောင်…


အချစ်ဆိုသည်မှာ…တဲ့

သြော်... အချစ်ဆိုတာ စိတ္တဇနာမ်လေးပါ။
telepathy, will power ဆိုတာတွေကို အလေးထားတတ်သူ တစ်ယောက်အတွက်တော့...
အချစ်ဆိုတာဟာ ပေါ့သေးသေး မဟုတ်တဲ့ လေးကြီးကြီး ကြီး။
ရာမယဏဇတ်တော်ကြီးမှာလည်း အချစ်အကြောင်းတွေပါတယ်။
တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကိုလည်း ယုံတယ်။



ဟင်?
ဘာရယ်??
ကိုယ်ပိုင်ဇတ်လမ်းလေး???
သြော်
ညွှန်းစာဖွဲ့လို့မမှီ…(အလဲ့)

ချစ်ခဲ့ဖူးပါတယ်
ချစ်နေပါသေးတယ်
ချစ်နေဦးမှာပါ။

တန်ကြေးရှိတဲ့အချစ်ကို တန်ဖိုးထားပါတယ်။
အရှုံးအမြတ် တွက်ကြေး ဆိုရင်တော့
အရင်းအတိုင်းပဲ
ယူသွားမှာပါ။
ဆုံမှတ်ရှိတဲ့ အချစ်
ဆုံးမှတ်ကိုရောက်ခဲ့ပြီ ဆိုရင်ပေါ့...

nature ဆိုရင်
neutral ဖြစ်မှကောင်းမယ် ထင်လို့ပါ။
အချစ်ဆိုသည်မှာ…
****
သက်ဝေပဲတဂ်လို့ အချစ်ဆိုသည်မှာ…ကို ရေးခဲ့ဖူးတယ်။ တိုစစလေးပါ။ ပို့စ်တွေရေးတိုင်း အများအားဖြင့် ကိုယ့်ခံစားချက်ကို ပေါ်လွင်လင်းလက်အောင် မရေးနိုင်ပါဘူး။ ရေးလည်းရေးချင်တော့ ရေးနိုင်သလောက် ရေးထားလိုက်တတ်ပါတယ်။ ဒါကြောင့် အရင်ရေးထားတဲ့ ပို့စ်အချို့ကို ပိုပြီး ပြည့်ပြည့်စုံစုံ ထင်ထင်ရှားရှားဖြစ်အောင် ကြိုးစားပြီး ပြန်ရေးမယ်လို့ စိတ်ကူးမိခဲ့ပါတယ်။ အခု သက်ဝေကပဲ အချစ်အကြောင်း ပြောရအောင်လို့ တဂ်လာတော့… အရင်ရေးထားတဲ့ အချစ်ဆိုသည်မှာ… ကို အကျယ် ထပ်ဖွင့်ရင်း၊ စိတ်ကူးကို အကောင်အထည် ဖော်ဖြစ်ပါတော့တယ်။
*****
အချစ်ဆိုတာ ကိုင်တွယ် ပြလို့မရပေမဲ့၊ ခံစားသိလို့ ရတဲ့အရာမို့ စိတ္တဇနာမ်အုပ်စုထဲ သွတ်သွင်း သတ်မှတ်လိုက်ပါတယ်။ ဘယ်အကြောင်းအရာမဆို နားလည်ရင်၊ မှန်ကန်စွာ နားလည်ရင် ကောင်းကျိုးကို ဦးတည်ပါတယ်။ သတ္တ၀ါတိုင်းလိုလို အချစ်နဲ့ ပတ်သက်ဆက်နွယ်ဖူးကြပေမဲ့ ခက်တာက အချစ်က နားလည်ရ ခက်တယ်။ ဒဿနဆန်တယ်။ ဒါကြောင့် အချစ်ကို အနက်အဓိပ္ပါယ်ဖွင့်ရာမှာ အချစ် တည်ရာမှီရာ တဦးတယောက်ချင်းဆီရဲ့ နှလုံးသားအခံပေါ် မူတည်ပြီး ပုံသဏ္ဍာန်မျိုးစုံ ဖြာထွက်သွားတယ်။ ရာမယဏ ဇတ်တော်ကြီးထဲမှာပဲ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြတဲ့ ရာမ သီတာရဲ့အချစ်၊ တဖက်သတ် တိတ်တခိုးချစ်ရတဲ့ လက္ခဏရဲ့ အချစ်၊ အချစ်အတွက်နဲ့ အသက်ပင်သေသေဆိုတဲ့ ဒဿရဲ့ စုံလုံးကန်းအချစ်… အချစ်ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်က ပုံစံစုံ ခွဲထွက်သွားတဲ့ ခေါင်းစဉ်ငယ်တွေဖြစ်တယ်။

အမျိုးအစား စုံလင်သလို မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ သဒ္ဓါ၊ … စတာတွေကလည်း အချစ်ကနေ ခွဲထုတ်ဖို့ အလွန်ခက်ခဲတဲ့ အပေါင်းအပါတွေ ဖြစ်ကြပြန်တယ်။ အချစ်ရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ သ၀န်တိုခြင်း၊ စိတ်မချခြင်း၊ စိုးရိမ်ခြင်း ဆိုတာတွေကလည်း အချစ်မှာ တသားတည်း ပျော်ဝင်နေတယ်။ စန္ဒကိန္နရီဇတ်တော်ထဲက ကိန္နရာ ကိန္နရီတို့ တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရသတဲ့ လို့ နှောင်းလူတို့ မှတ်သားထားကြတာဟာ အချစ်ရဲ့ ဒီဂရီကို ဖော်ပြလိုရင်းကြောင့် ဖြစ်တယ်။ အချစ်ရေချိန်ကို အထက်ပါအရာတွေနဲ့ မှန်းဆ တိုင်းဆ ကြတယ်။ နားလည်မှု၊ ယုံကြည်မှုတွေပါ ပါဝင်လာတဲ့အတွက် အချစ်ရဲ့ နယ်ပယ်ဟာ ကျယ်ဝန်းလွန်းလှတယ်။

ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အချစ်ကို အနီးကပ် စွဲယူကြည့်ရမယ် ဆိုရင် အချစ်ဟာ ကံကြမ္မာနဲ့လည်း နှီးနှော ဆက်နွယ်နေတယ်လို့ ခံစားမိပြန်တယ်။ မြန်မာပြည်မှာ မိန်းကလေးတယောက်အဖြစ်မွေးဖွားခဲ့ခြင်းဟာ အချစ်ကို တန်ဖိုးထားတတ်ဖို့အတွက် ကံကြမ္မာကပေးတဲ့ လက်ဆောင်ကောင်းအဖြစ် ခံယူပါတယ်။ အချစ်ကို ကိုယ်ကျင့်တရားနဲ့ တွဲဖက် ၀တ်ဆင်ရင် အလွန်ကျက်သရေရှိကြောင်း စွဲယူလက်ခံနိုင်အောင် သင်ကြားပေးခဲ့သူအပေါင်းနဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးတင်ရပါတယ်။

လောကမှာ အနိုင် အရှုံး၊ အချစ် အမုန်း ဆိုတဲ့ ဆန့်ကျင်ဘက်တွေ ရှိတာမို့ အချစ်ပြီးတော့ အမုန်းလာမလား။ အချစ်နဲ့ အမုန်းဟာ ကျောချင်းကပ်နေသလား။ အချစ်ဆိုတာ စည်းတခုလား၊ ဘောင်တခုလား၊ နံရံတချပ်လား… စသဖြင့် တွေးချင်ရင် တွေးနိုင်တဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့ရတတ်ပါသေးတယ်။ ဆုံမှတ်ရှိတဲ့ အချစ် ဆုံးမှတ်ကို ရောက်ခဲ့ရင် အရှုံး အမြတ်တွေ တွက်မနေတော့ပဲ ချစ်လိုက်ရတာ အရင်းလို့ သဘောထားရင် ကမ္ဘာမြေ အဆိပ်သင့်ခြင်းကို ကာကွယ်ရာ ရောက်ပါတယ်။

အချစ်ကို ရေလောင်းပါ။ ပေါင်းသင်ပါ။ ငါပိုင်တဲ့ အချစ် ငါ့အလိုပဲ ဖြစ်ရမယ် လို့တော့ ဇွတ် မညစ်ပါနဲ့။ အချစ်ဟာ သဘာဝတရားဆိုတာကိုတော့ မမေ့စေလိုပါ။ သဘာဝကျကျ ချစ်တတ်အောင် ကြိုးစားရင်းဖြင့် အချစ်အကြောင်း ပြောလိုက်ပါတယ်။
*****  
ချစ်တတ်ပြီ လို့တော့ ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်။ ( The Road Less Travelled” နှင့် ချစ်တတ်ပြီ)
***** 

အချစ်အကြောင်း ပြောရအောင်… မြစ်ဖျားခံရာ ဆရာမမေငြိမ်းကို အစထားပြီး အချစ်အကြောင်းပြောတဲ့ စကားဝိုင်းအတွင်း ပါဝင် ဆွေးနွေး ဖလှယ်ခွင့်ပေးသူ အားလုံးကို ကျေးဇူးတင်စွာဖြင့်…

21 comments:

Anonymous said...

ဆုံမှတ်ရှိတဲ့ အချစ် ဆုံးမှတ်ကို ရောက်ခဲ့ရင် အရှုံး အမြတ်တွေ တွက်မနေတော့ပဲ ချစ်လိုက်ရတာ အရင်းလို့ သဘောထားရင် ကမ္ဘာမြေ အဆိပ်သင့်ခြင်းကို ကာကွယ်ရာ ရောက်ပါတယ်။


very nice. i like it.

:D

rose said...

အချစ်အကြောင်းလေး လာဖတ်တယ် အစ်မ။ ဒီစာသားလေးတွေ နှစ်သက်တယ် "အချစ်ကို ရေလောင်းပါ။ ပေါင်းသင်ပါ။ ငါပိုင်တဲ့ အချစ် ငါ့ အလိုပဲ ဖြစ်ရမယ် လို့တော့ ဇွတ် မညစ်ပါနဲ့။ အချစ်ဟာ သဘာဝတရား ဆိုတာ ကိုတော့ မမေ့စေလိုပါ"

ပွင့်မြုးဇင် said...

ဟိ.. ကာတွန်းလေးက မိုက်တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မသီတာရဲ့ အချစ်အကြောင်းဖွင့်ဆိုချက်လေးစိတ်ဝင်တစား ဖတ်သွားပါတယ်.. အချစ်ကို ရေလောင်းပါ ပေါင်းသင်ပါ လို့ရေးထားတာလေး သဘောကျတယ်.. ဒါပေမဲ့ ကျွန်မကတော့ အချစ်ကိုရေလောင်းပေါင်းသင် မလုပ်တော့ဘဲ ပန်းပင်တွေကိုဘဲ ရေလောင်းပေါင်းသင်နေတော့တယ်.း)

PAUK said...

ဟေ့ အချစ်မမသီတာချစ်
အမြင့်ကြီးတွေရေးပြနေတယ်..။
လှေကားရှိတယ်..ဘာမှတ်လဲ..။


ဟားဟား

Mon Petit Avatar said...

Love the cartoon!

noblemoe said...

မမ ဖတ်မှတ်လေ့လာသွားပါကြောင်း

သာယာချမ်းမြေ့ပါစေရှင်း
မိုး

noblemoe said...

မမ ဖတ်မှတ်လေ့လာသွားပါကြောင်းး)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ps:မမနေကောင်းတယ်ဟုတ် သားသားကော

rose of sharon said...

အချစ်ဟာသဘာဝတရားဆိုတာလေး သဘောကျတယ်အမ...

သက်ဝေ said...

အဟိ..
အချစ်အကြောင်း တဂ်တဲ့ သက်ဝေ တော့ ဖြစ်နေပြီ...

သီတာရေးတဲ့ စာလုံးလေးတွေ တလုံးချင်းစီကို ကြိုက်တယ်... လေးလေးနက်နက်ရှိတယ်လို့ ခံစားရတယ်... ပြီးတော့ အချစ်ဟာ သဘာဝတရား ဆိုတာလေးကို ဆက်စဉ်းစားနေမိတယ်...

ဒါနဲ့ စကားမစပ် ကာတွန်းက ဘယ်သူဆွဲတာလဲ ဟင်...
ချစ်စရာကောင်းလိုက်တာ.. ကြည့်ပြီး ပြုံးနေမိတာ အကြာကြီး...း))

ညီလင်းသစ် said...

အချစ်ဆိုတဲ့ အလေ့ကျ ပေါက်ပင်လေးကို ကွန်ပြူတာ ထဲမှာ စိုက်နေတဲ့ ကာတွန်းလေးကြည့်ပြီးတော့ ခပ်တိုးတိုးပဲ ခြေဖျားထောက် ပြန်ထွက်သွားလိုက်တယ်၊း)

ချစ်ကြည်အေး said...

ရှူး မေမေ အချစ်အကြောင်း ပြောနေတယ်.... ဟဟဟဟဟ :)
ပိုစ့်ရော ကာတွန်းလေးရော....ကြိုက်စ်....

kay said...

ကာတွန်းကိုတော့..သဘောကျသွားပြီကွာ..

PhyoPhyo said...

ဘလော့ဂ်တွေမလည်ဖြစ်တာ
အချစ်အကြောင်းလေးတွေဖတ်ရတာ ပျော်စရာ စိတ်ဝင်စားစရာကောင်းလိုက်တာ
မသီတာအချစ်အကြောင်းလေးကလည်း ချစ်စရာ

တန်ခူး said...

မ စကားနားထောင်ပြီး အချစ်ကိုရေလောင်းတာ အချစ်ကမွန်းလို့ တဲ့... သားကလဲပြောတယ်...မေမေအချစ်အကြောင်းပြောတာ ကြာလိုက်တာတဲ့.. ကြာမှာပေါ့... ပြောတဲ့အဆင့်မရောက်ပဲ သူများပြောတာတွေ လိုက်နားထောင်နေတာ..

ပန်ဒိုရာ said...

ကာတွန်းလေးကို ကြိုက်တယ်
လေးလေးနက်နက်အချစ်အကြောင်းတွေကိုလည်း လေးလေးစားစား ဖတ်သွားပါတယ်။

ShwunMi said...

cartoon လေး သိပ်ချစ်စရာကောင်းတာပဲ မကြီးသီတာ =)

အင်ကြင်းသန့် said...

"မြန်မာပြည်မှာ မိန်းကလေးတယောက်အဖြစ်မွေးဖွားခဲ့ခြင်းဟာ အချစ်ကို တန်ဖိုးထားတတ်ဖို့အတွက် ကံကြမ္မာကပေးတဲ့ လက်ဆောင်ကောင်းအဖြစ် ခံယူပါတယ်။ အချစ်ကို ကိုယ်ကျင့်တရားနဲ့ တွဲဖက် ၀တ်ဆင်ရင် အလွန်ကျက်သရေရှိကြောင်း စွဲယူလက်ခံနိုင်အောင် သင်ကြားပေးခဲ့သူအပေါင်းနဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးတင်ရပါတယ်။ ....."


သဘောကျမိတယ် မမသီတာ။း)

ဂျင်း

အိမ့်ချမ်းမြေ့ said...

ကာတွန်းလေးကို နှစ်သက်လိုက်တာ..

ဇွန်မိုးစက် said...

“မြန်မာပြည်မှာ မိန်းကလေးတယောက်အဖြစ် မွေးဖွားခဲ့ခြင်းဟာ အချစ်ကို တန်ဖိုးထားတတ်ဖို့အတွက် ကံကြမ္မာကပေးတဲ့ လက်ဆောင်ကောင်းအဖြစ် ခံယူပါတယ်။ အချစ်ကို ကိုယ်ကျင့်တရားနဲ့ တွဲဖက် ၀တ်ဆင်ရင် အလွန်ကျက်သရေရှိကြောင်း စွဲယူလက်ခံနိုင်အောင် သင်ကြားပေးခဲ့သူအပေါင်းနဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးတင်ရပါတယ်။”

ဂျင်းလိုပဲ ဒီစာပိုဒ်လေးကို အရမ်းအရမ်း သဘောကျမိပါတယ်။ ကာတွန်းလေးကိုလဲ ကြိုက်တယ်။

Anonymous said...

လေးနက်တဲ့ မသီတာရဲ့ အချစ်။
အချစ်အကြောင်းကို
မြန်မာဆန်ဆန်လေး ထိုင်ပြောနေတဲ့ မသီတာ။
:)