Monday, April 8, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၇) - ဇေတဝန်ကျောင်းတော်ရာ

မင်္ဂလသုတ် အစရှိတဲ့ သုတ္တန်ဒေသနာ အတော်များများကို “အခါတစ်ပါးတွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏ (ဧကံ သမယံ ဘဝဂါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ)” ဆိုတဲ့ နိဒါန်းနဲ့ အစချီလေ့ရှိပါတယ်။ ဇေတဝန်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့တဲ့ သုတ္တန်ဒေသနာတွေက အလွန်များပြားတဲ့အတွက် ဇေတဝန်ဟာ အလွန်အရေးပါတဲ့ ဗုဒ္ဓသာသနိက ဌာနတစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာ မလိုလှပါဖူး။

ပသေနဒီကောသလမင်းရဲ့ သားတော် ဇေတမင်းသား ပိုင်ခဲ့တဲ့ ဥယျာဉ် ဖြစ်တဲ့အတွက် ဇေတဝန် (ဇေတဝန) လို့ အမည်ရပါတယ်။ အနာထပိဏ်သူဌေးက ဥယျာဉ်မြေကို ရွှေဒင်္ဂါးပြားချင်း အစွန်းချင်းထိစပ်အောင် အပြည့်ခင်းပြီး ဇေတမင်းသားထံက ဝယ်ယူကာ ဘုရားရှင်ကို လှူဒါန်းခဲ့တာပါ။ အနာထပိဏ်သူဌေးရဲ့ သဒ္ဓါတရားကို အားကျပြီး ဇေတမင်းသားက မြေနေရာတကွက်ကို မရောင်းတော့ပဲ ကျောင်းမုခ်ဦး ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ် ပါဝင်ခဲ့ပါတယ်။ အနာထပိဏ်သူဌေးက ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်၊ တရားဟော ခန်းမဆောင်၊ စင်္ကြံလမ်း၊ အိမ်သာ၊ မီးဖိုဆောင်၊ ရေတွင်း၊ ရေကန်၊ ဇရုံးအိမ် (ရေနွေးငွေ့နဲ့ ချွေးပေါင်းတဲ့ အခန်း) စတာတွေ ထည့်သွင်းပြီး ခမ်းခမ်းနားနား ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ကျောင်းဆောင်တွေကို မဆိုထားနဲ့ ကျောင်းတိုက်မုခ်ဦးကတောင် အလွန် ခမ်းနားကြီးကျယ်တယ်လို့ အဆိုရှိပါတယ်။ တခါက ဘုရားရှင်နဲ့ ဝါဒပြိုင်မယ်ဆိုပြီး လာတဲ့ တိတ္ထိတစ်ဦးဟာ ကျောင်းတိုက်မုခ်ဦးရဲ့ ခမ်းနားမှုကို မြင်တာနဲ့ မဝင်ရဲတော့ဘဲ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်ပြေးဖူးကြောင်း ပလာယိတဇာတ်မှာ ဖော်ပြဖူးပါတယ်။

အသောမင်းက ဇေတဝန် ကျောင်းတိုက်မုခ်ဦးရဲ့ တဖက်တချက်မှာ အမြင့်ပေ-၇၀ လောက်ရှိတဲ့ ကျောက်တိုင် တတိုင်စီ စိုက်ထူထားခဲ့ပါတယ်။ ဘယ်ဖက် ကျောက်တိုင်ထိပ်မှာ ဓမ္မစကြာဘီး၊ ညာဖက် ကျောက်တိုင်ထိပ်မှာ နွားလားဥသဘရုပ်ထုတွေ ထုလုပ်ထားကြောင်း တရုတ်ရဟန်းတော် ဖာရှန်နဲ့ ရွှန်ကျန်တို့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ကျောင်းတိုက်မုခ်ဦးနေရာက ဒီနေ့ခေတ် သာဝတ္ထိ မြန်မာကျောင်းဟောင်းနေရာလောက်မှာ ရှိတယ်လို့ ယူဆကြပါတယ်။ ဒီကျောက်တိုင် နှစ်ခုရဲ့ အခြေကို ကြိုးစား ရှာဖွေတူးဖော်ခဲ့ပေမယ့် မတွေ့ရတော့ပါဘူး။

အေဒီ ၄၀၇-ခုနှစ် ရဟန်းတော် ဖာရှန် ရောက်ခဲ့စဉ်က ဇေတဝန်ဥယျာဉ် ကျောင်းတိုက် အတွင်းမှာ အရံကျောင်းဆောင် ၉၈ ကျောင်းလောက် ရှိခဲ့ပြီး၊ တစ်ကျောင်းမှအပ ကျောင်းဆောင် အားလုံးမှာ သံဃာတော်တွေ သီတင်းသုံး နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ ၆၃၇-ခုနှစ် ရဟန်းတော် ရွှန်ကျန်ရောက်ချိန်မှာတော့ ဇေတဝန်ကျောင်းတိုက်ကြီးက ပျက်စီးယိုယွင်းနေပြီး ရဟန်းတော်အချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောင်မှာ ရဟန်းသံဃာများနဲ့ ပြန်လည် စည်ကားခဲ့ဟန်ရှိပါတယ်။ ၁၃-ရာစု နောက်ပိုင်းမှာတော့ လုံး၀ ပျက်စီးတိမ် ကောသွားတဲ့အတွက် ယခုအခါမှာ အုတ်မြစ်ပဲ ကျန်ပါတော့တယ်။



ကျောင်းဆောင် အမှတ် ၁၁ နှင့် ၁၂

ဇေတဝန်ဥယျာဉ် အတွင်းမှာ ပြန်လည်တူးဖော်ထားတဲ့ ကျောင်းဆောင် အုတ်မြစ်နေရာတွေကို ရှေးဟောင်းသုတေသနဌာနက အမှတ်စဉ်တွေ ထိုးထားပါတယ်။ သီရိလင်္ကာကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဇေတဝန်ဥယျာဉ် ဂိတ်ပေါက်ကနေ ဝင်ပြီး လူသွားလမ်း အတိုင်းသွားရင် ကျောင်းဆောင်အမှတ် (၁၁) နဲ့ (၁၂) ကို တွေ့ရပါမယ်။ ဆက်ပြီးသွားရင် ကျောင်းဆောင်အမှတ် (၁၉) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်က ပသေနဒီကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ သာလာလဂါရကုဋိ (အင်ကြင်းပင် ကျောင်းဆောင်) လို့ မြန်မာဆရာတော်များက ယူဆကြပါတယ်။ သာလာလဂါရကုဋိ ဆိုတာက ဇေတဝန်ဥယျာဉ်ထဲမှာ ပင်မကျောင်းဆောင်ကြီး (မဟာဂေဟာနိ) လေးဆောင် ရှိတဲ့အနက်က တစ်ဆောင်ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုအရကတော့ အစောဆုံး ခရစ်နှစ် ၆-ရာစုလောက်ကမှ တည်ထားခဲ့တာလို့ ဆိုပါတယ်။ သုံးကြိမ်တိုင်တိုင် ပြန်လည်ပြုပြင် မွမ်းမံခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒီကျောင်းဆောင်ရဲ့ အခန်းတခန်းကနေ ခရစ်နှစ် ၁၁၃၀-ခုနှစ်က ရေးထိုးခဲ့တဲ့ ကဏ္ဏကုဇ္ဇဘုရင် ဂေါဝိန္ဒစန္ဒြရဲ့ ကြေးပြားကမ္ပည်းစာတန်းကို တူးဖော်ရရှိခဲ့ပါတယ်။ ဂေါဝိန္ဒစန္ဒြဆိုတာက မိဂဒါဝုန်က ဓမ္မစကြဇိနကျောင်းဆောင်ကို လှူဒါန်းခဲ့တဲ့ ကုမာရဒေဝီရဲ့ ခင်ပွန်းပါ။ သာဝတ္ထိအနီးတဝိုက်က ရွာပေါင်း ၆-ရွာကို ဇေတဝန်ကျောင်း သံဃာကို လှူဒါန်းခဲ့တယ်လို့ ရေထိုးထားပါတယ်။ ဒီကမ္ပည်းစာမှာ ပါတဲ့ ရွာအမည်အချို့က ယနေ့ထက်ရှိနေသေးတဲ့အတွက် ဒီနေရာဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရာ နေရာအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့အတွက် အရေးပါတဲ့ အထောက်အထားတခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန မှတ်တမ်းတွေက ဆိုပါတယ်။

ကျောင်းဆောင်အမှတ် ၁၉ (သာလာလဂါရကုဋိ)



ကျောင်းဆောင် အမှတ် (၁၁) နဲ့ (၁၂) ရဲ့ မြောက်ဖက်မှာ ရဟန္တာမထေရ်တွေရဲ့ ဓာတ်တော်စေတီ ၈-ဆူ ရှိပါတယ်။ လမ်းအတိုင်း ဆက်သွားရင် မြန်မာဆရာတော်တွေက ရှင်သီဝလိကျောင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် အမှတ် (၇) ကို ရောက်ပါတယ်။ ကျောင်းဆောင် အဝင်ဝမှာ ကုလားဘုန်းကြီးတွေက စာရွတ်ပြီး အလှူခံနေကြပါတယ်။ ဘုရားခန်းဆောင် တခုပါဝင်ပြီး အုတ်နဲ့ လုပ်ထားတဲ့ ခပ်နိမ့်နိမ့် ပန်းတင်ခုံလေး ရှိပါတယ်။ ဘုရားဖူးတွေက အဲဒီပန်းတင်ခုံပေါ်မှာ အမွှေးတိုင် ဆီမီးတိုင်တွေ ထွန်းညှိ ပူဇော်ကြပါတယ်။ ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်နေရာ အတော်များများရှိပေမယ့် ဂန္ဓကုဋိကျောင်း၊ အာနန္ဒာဗောဓိပင်နဲ့ ရှင်သီဝလိကျောင်းဆောင် နေရာသုံးခုလောက်မှာပဲ ဘုရားဖူးတွေ စည်စည်ကားကား ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။ “လာဘ်လာဘပေါများရာမှာ ဧတဒဂ်ရတဲ့ ရှင်သီဝလိရဲ့ ကျောင်းတော်ရာဖြစ်တဲ့အတွက် ဘုရားဖူးတွေက တခုပ်တရ ဆုတောင်းပူဇော်မှု ပြုကြတယ်” လို့ ယူဆနိုင်သလို၊ “သက်တော်ထင်ရှား မရှိတော့ပေမယ့် ရှင်သီဝလိမထေရ်ရဲ့ အမည်နာမနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေကတောင် ပူဇော်သက္ကာရ အထူးကို ခံတော်မူရသေးတယ်” လို့လည်း တွေးယူနိုင်ပါတယ်။

ကျောင်းဆောင် အမှတ် ၇ (ရှင်သီဝလိကျောင်းဆောင်)


အရှင်သီဝလိကျောင်းဆောင်ကနေ အရှေ့ဖက်ကို သွားရင် လမ်းရဲ့ ညာဖက်မှာ စေတီ အမှတ် (၁၇) နဲ့ (၁၈) တို့ ရှိပါတယ်။ ခရစ်နှစ် ၁-ရာစု ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာဖြစ်ပြီး ဓာတ်တော်ကြုတ်၊ ဓာတ်တော်သပိတ်တို့ကို တူးဖော်ရရှိခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒီ စေတီနှစ်ဆူရဲ့ တောင်ဖက်မှာ စေတီအမှတ် (၅) ရှိပါတယ်။ ဒီစေတီကလည်း ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာပါ။ မြန်မာဆရာတော်တွေက ပူတိဂတ္တ တိဿမထေရ်ရဲ့ ဓာတ်တော်တွေကို ဌာပနာထားတဲ့ စေတီလို့ ယူဆကြပါတယ်။ တိဿမထေရ်က သွေးစုနာလို အနာဖုတွေ ပေါက်ပြီး တကိုယ်လုံး ပြည်ပုတ်သွေးပုတ်တွေ လိမ်းကျံနေပြီး ပြုစုမယ့်သူ မရှိဘဲ တပါးတည်း ဖြစ်နေခဲ့ပါတယ်။ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကြွရောက်ပြီး ရေနွေးကြိုကာ အနာတွေကို ဆေးကြော သုတ်သင်ပေးခဲ့ပါတယ်။ ပြည်သွေးတွေပေနေတဲ့ သင်္ကန်းတွေကိုလည်း ရေနွေးနဲ့ ဖွတ်လျှော်ပေးခဲ့ပါတယ်။ တရားဓမ္မဟောကြားပေးပြီးတဲ့ အဆုံးမှာ တိဿမထေရ် ရဟန္တာဖြစ်ပါတယ်။ ဒီမထေရ် ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ ဓာတ်တော်တွေကို စေတီတည်ခဲ့ကြတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ ဒီစေတီအကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်ကလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ဇေတဝန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက်မယ် ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ယခုတွေ့ဖူးမြော်ရတဲ့ စေတီအမှတ် (၅) နေရာနဲ့ ကွဲလွဲနေပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး ဇေတန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက် ပေ-၅၅၀ အကွာမှာရှိတဲ့ အုတ်ပုံကုန်းမြင့်လေးကို ဂိလာနရဟန်းတော်ကို ဗုဒ္ဓမြတ်စွာ သူနာပြုခဲ့တဲ့ အထိမ်းမှတ်တည်ခဲ့တဲ့ စေတီလို့ သတ်မှတ်ထားပါတယ်။

စေတီအမှတ် ၅ (ဂိလာနရဟန်းအား သူနာပြုရာ အထိမ်းအမှတ်စေတီ)
 
စေတီငယ်ရှစ်ဆူနှင့် အနောက်မှ စေတီအမှတ် (၅)

ကောသမ္ဗကုဋိနှင့် စင်္ကမစေတီ

လမ်းအတိုင်း အရှေ့ဖက်ကို ဆက်သွားရင် အာနန္ဒာဗောဓိပင်ကို ရောက်ပါတယ်။ မဝင်သေးဘဲ လမ်းအတိုင်း မြောက်ဖက်ကို သွားတဲ့အခါ လမ်းရဲ့ ညာဖက်မှာ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွတော်မူရာ အထိမ်းအမှတ် စင်္ကမစေတီ အုတ်ခုံရှိပါတယ်။ ဘယ်ဖက်မှာတော့ ကျောင်းဆောင် အမှတ် (၃) ရှိပါတယ်။ “ဗလ အမည်သော ရဟန်းတော်က ကောသမ္ဗကျောင်းရှိ ရဟန်းတော်များအတွက် ပေးလှူသည်” လို့ ကမ္ပည်းစာပါတဲ့ မထုရာလက်ရာ ကျောက်ဆင်းတုတစ်ဆူကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေရာဟာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကောသမ္ဗကုဋိ (ကြို့ပင် ကျောင်းဆောင်) ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကျောင်းဆောင် အမှတ် ၃ (ကောသမ္ဗကုဋိ)
 


စင်္ကမစေတီ

လမ်းအတိုင်း မြောက်ဖက်ကို ဆက်သွားတော့ ကျောင်းဆောင် အမှတ် (၂) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ဖက်ဆုံး အုတ်မြစ်က ၈-ပေလောက်ထူပြီး၊ အရှေ့အနောက် ၁၁၅-ပေ၊ တောင်မြောက် ၈၉-ပေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူလေ့ရှိတဲ့ ဂန္ဓကုဋိ (နံ့သာ ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာကြတဲ့ ဘုရားဖူးတွေက ပန်း၊ စန္ဒကူး နံ့သာတွေ ယူဆောင်လာပြီး ပူဇော်လေ့ရှိကြတဲ့တွက် ဂန္ဓကုဋိဆိုတဲ့ အမည်ရပါတယ်။ ဂန္ဓကုဋိကျောင်းမှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူလေ့ရှိတဲ့ အတွက် ဂန္ဓကုဋိဆိုရင် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်လို့ အသိများကြသလို၊ နောင်မှာ ဘုရားဆင်းတုတော်တွေ ထားတဲ့ကျောင်းဆောင်တိုင်းကို ဂန္ဓကုဋိလို့ဘဲ ခေါ်ဝေါ် သုံးစွဲလေ့ရှိကြပါတယ်။ ရှေ့ဝင်ပေါက် အနီးက ပန်းတင်ခုံပေါ်မှာ စေတီပုံ ဖော်ထားပြီး၊ ဘုရားဖူးတွေက ရွှေချပူဇော်ထားကြတာကို တွေ့ရပါတယ်။ ကျောင်းဆောင်က ကြက်ခြေခတ်ပုံစံရှိပြီး ဘုရားခန်းက ၉-ပေ ပတ်လည်လောက် ကျယ်ပါတယ်။ အုတ်ဘောင်ပေါ်မှာ ပန်းအနီ ပန်းအဝါတွေ ဖြန့်ခင်းပြီး ပူဇော်ထားတဲ့အတွက် ပန်းရနံ့တွေ ထုံသင်းနေပါတယ်။ ဂန္ဓကုဋိတိုက်အတွင်း ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူတဲ့ ကုတင်ခြေထောက်တို့ ချရာနေရာကို ဘုရားရှင်တိုင်း မစွန့်တဲ့ အဝိဇဟိတ လေးဌာနမှာ ထည့်သွင်းဖော်ပြထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မြေမြတ်မဟာ နေရာလို့ ဆိုနိုင်ပါတယ်။


ဂန္ဓကုဋိကျောင်းတိုက်ရှေ့ ပန်းတင်ခုံထက်မှ စေတီငယ်


ပန်းနံသာတို့ဖြင့် ပူဇော်ထားသည့် ဂန္ဓကုဋိ

မူလဂန္ဓကုဋိကျောင်းဆောင်က သစ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဘုံစဉ် ၇-ဆင့်ရှိခဲ့ကြောင်း၊ ကြွက်တစ်ကောင် ကိုက်ချီသွားတဲ့ မီးစကနေ ပိတာန်မျက်နှာကျက်ကို မီးစွဲလောင်ပြီး ကျောင်းဆောင်တခုလုံး ပြာကျသွားခဲ့အတွက် အုတ်နဲ့ နှစ်ထပ်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ခရစ်နှစ် ၄၀၀မှာ ရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ခရစ်နှစ် ၆၄၃-ခုနှစ် တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့စဉ်ကတော့ ဂန္ဓကုဋိကျောင်းဆောင်အပါအဝင် ဇေတဝန်တိုက်အတွင်းက ကျောင်းဆောင် အတော်များများ လုံးဝပျက်စီးနေပြီလို့ ဆိုပါတယ်။

ဒီနေရာမှာ စပ်လို့ တရုတ်ရဟန်းတော် ဖာရှန်ရဲ့ ခရီးသွားမှတ်တမ်းမှာပါတဲ့ စန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို ပြောချင်ပါတယ်။ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ တာဝတိံသာ နတ်ပြည် ကြွနေစဉ်မှာ ဘုရားရှင်ကို ဖူးမြင်လိုတဲ့ ဆန္ဒကြောင့် စန္ဒကူးသားနဲ့ ရုပ်ပွားဆင်းတုတော် ထုလုပ်ပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူလေ့ရှိတဲ့ နေရာမှာ သီတင်းသုံးစေပြီး ကိုးကွယ် ခဲ့ပါတယ်။ မြတ်စွာဘုရား ပြန်ကြွလာတဲ့အခါ ရုပ်ပွားတော်က နေရာကနေထပြီး ဘုရားရှင်ကို ခရီးဦးကြိုဆိုတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “သင်၏ နေမြဲနေရာ၌သာ စံနေလော့။ ငါဘုရား ပရိနိဗ္ဗာန် စံဝင်သောအခါတွင် သင်သည် ပရိသတ်လေးပါးတို့အတွက် ငါ၏ ကိုယ်စားဖြစ်ပေလိမ်မည်” လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒီဆင်းတုတော်ဟာ ပထမဆုံး ရုပ်ပွားဆင်းတုတော်ဖြစ်ပြီး နောင်လာနောင်သားတွေက ဒီဆင်းတုတော်ရဲ့ ပုံတူကို ကူးယူပြီး ထုလုပ်ခဲ့ကြတယ်လို့ ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ဂန္ဓကုဋိကျောင်းဆောင် မီးစွဲလောင်တဲ့အချိန်က ဒီရုပ်ပွားဆင်းတုတော်က မီးထဲပါမသွားဘဲ ထူးထူးဆန်းဆန်း အနီးနားက ကျောင်းဆောင်တခုမှာ ပြောင်းပြီးစံနေတာကို ပြန်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထေရဝါဒ ပါဠိ အဋ္ဌကထာ ကျမ်းစာတွေမှာတော့ ဘုရားရှင်လက်ထက်က ထုလုပ်ကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဒီစန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို မတွေ့ရပါဖူး။ ထို့အတူ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အသောကမင်း ခေတ်လောက်အထိ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို ထုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ကြဘဲ၊ ဇာတ်နိပါတ်ပုံတွေ ထုလုပ်ရာမှာတောင် ဘုရားရှင်ကိုယ်စား ဗောဓိပင်၊ ဓမ္မစကြာဘီးစတဲ့ သင်္ကေတတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂန္ဓာရဒေသကို ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကာလမှာမှ ဂရိယဉ်ကျေးမှုတွေ ကူးလူးဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကို ထုလုပ်တဲ့ အလေ့အထ ထွန်းကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ တရုတ်ရဟန်းတော် ဖာရှန် ဂန္ဓာကုဋိတိုက်ထဲမှာ ဖူးမြော်ခဲ့ရတဲ့ စန္ဒကူးရုပ်ဆင်းတုတော်ရဲ့ သမိုင်းကြောင်းက တဆင့်စကား ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါလိမ့်မယ်။

ဂန္ဓကုဋိတိုက်ရဲ့ အရှေ့မြောက်ဖက်မှာ ကျောင်းဆောင်အမှတ် G နဲ့ F ရှိပါတယ်။ ကျောင်းဆောင်အမှတ် G က စတုဂံပုံရှိပြီး အလယ်တွင် ခန်းမကို ဘေးပတ်လည်က အခန်းပေါင်း ၂၆ ခန်း ဝန်းရံထားပါတယ်။ အလယ်ခန်းမထဲမှာ ၅-ပေခန့် မြင့်တဲ့ အုတ်ပလ္လင်ကြီး ရှိပါတယ်။ အုတ်ပလ္လင်ရဲ့ မျက်နှာစာနံရံကို ဘုရားဖူးတွေက ရွှေချထားပါတယ်။ အောက်ခြေမှာတော့ အမွေးတိုင်၊ဆီးမီပူဇော်ထားတဲ့အတွက် မှိုင်းစွဲနေပါတယ်။ ဒီအုတ်ပလ္လင်ကြီးပေါ်မှာ ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူ သီးတင်းသုံးခဲ့ဟန် ရှိပါတယ်။ အချို့ကလည်း ဒီနေရာဟာ ဘုရားရှင် လက်ထက်က တရားဟော ဓမ္မာရုံကျောင်းခန်းမလို့ ယူဆကြရပါတယ်။ ဒီဓမ္မာရုံကျောင်း ခန်းမနေရာမှာပဲ ဘုရားဖူးတွေ စုပေါင်းပြီး ဝတ်ပြုကြ၊ မင်္ဂလသုတ်စတဲ့ ပရိတ်တွေ ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။

တရားဟောခန်းမဆောင်

တရားဟော ခန်းမဆောင် အုတ်ပလ္လင်

ဂန္ဓကုဋိကျောင်းတော်ရာနဲ့ ဓမ္မာရုံ ကျောင်းတော်ရာတို့ရဲ့ ရှေ့ မနီးမဝေးမှာ ရေတွင်း တတွင်း ရှိပါသည်။ မြတ်စွာဘုရားရှင် ဆွမ်းခံရာမှ ပြန်လာတဲ့အခါ ခြေဆေးလေ့ရှိတဲ့ ရေတွင်းလို့ ဆိုပါတယ်။အခု အခါမှာတော့ တွင်းကို အဖုံး ဖုံးထားပါတယ်။ တွင်းက ရေကို လက်လှုပ်ရေတိုင်ကနေ ဆွဲတင်ယူနိုင်ပါတယ်။ အဲဒီတွင်းကရေကို အဓိဋ္ဌာန်ပြုပြီး မျက်နှာ၊ ဒူးခေါင်းစသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လိမ်းသပ်ပေးရင် ရောဂါဘယ ပျောက်ကင်းစေနိုင်တယ်လို့ မြန်မာဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ အစောင့် ကုလားတဦးက ရေတိုင်ကို လှုပ်ကာ ဘုရားဖူးများအတွက် ရေတင်ပေးပြီး “ရူပီး တဆယ် ရူပီး တဆယ်” လို့ တောင်းနေပါတယ်။ အဖွဲ့ထဲက ဘယ်သူမှတော့ ပိုက်ဆံပေးဟန် မတူပါဘူး။
ဂန္ဓကုဋိတိုက်အနီးမှ ရေတွင်း


လူသွားလမ်းအတိုင်း ဂန္ဓကုဋိတိုက်ရဲ့ မြောက်ဖက်ကို ဆက်သွားရင် ကျောင်းဆောင် အမှတ် (၁) ကို ရောက်ပါတယ်။ ဇေတဝန်ဥယျာဉ်ရဲ့ မြောက်ဖက်ဆုံးမှာ တည်ရှိပြီး တွေ့ရသမျှ ကျောင်းတော်ရာတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အတွေ့များတဲ့ ပုံစံအတိုင်း အလယ်မှာ ခန်းမဆောင်ရှိပြီး ဘေးပတ်လည်မှာ အခန်းငယ် ၃၄-ခန်း ဝန်းရံထားပါတယ်။ ဒီကျောင်းဆောင်က မြတ်စွာဘုရားရှင် လက်ထက်တော်က ကရေရိကုဋိ (ခံတက်ပင် ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ ဂန္ဓကုဋိနဲ့ သိပ်အလှမ်း မဝေးလှပေမယ့် ဒီကျောင်းတော်ရာကို ဘုရားဖူးတွေ လာရောက် လေ့လာဖူးမြော်ကြတာ သိပ်မတွေ့ရပါဘူး။

ကျောင်းဆောင် ၁ (ကရေရိကုဋိ)



အဲဒီနောက် ဘုရားဖူးအဖွဲ့က လမ်းအတိုင်း တောင်ဖက်ကို ပြန်လှည့်ပြီး အာနန္ဒာဗောဓိပင် ရှိရာကို သွားကြပါတယ်။ အာနန္ဒာဗောဓိပင် အကြောင်းကို ဇာတကအမှတ် ၄၇၉ ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ မြတ်စွာဘုရား ဒေသစာရီ လှည့်လည်နေတဲ့အခါတွေမှာ ဘုရားဖူးလာတဲ့ မြို့သူမြို့သားတွေက အခြားပူဇော်စရာမရှိတဲ့အတွက် မိမိတို့ ယူဆောင်လာတဲ့ ပန်းနံ့သာတွေကို ဂန္ဓကုဋိ တံခါးဝမှာသာ ချပြီးသွားရပါတယ်။ ဘုရားရှင် ဖူးမြော်စဉ်ကလို ဝမ်းမြောက်ပီတိ မဖြစ်ကြရပါဘူး။ အဲဒီအကြောင်းကို အရှင်အာနန္ဒာကလျှောက်တဲ့အခါ သရီရစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီလို့ ခေါ်တဲ့ စေတီသုံးမျိုးအနက် ပရိဘောဂစေတီထိုက်တဲ့ (ဗုဒ္ဓဂယာက) မဟာဗောဓိပင်ရဲ့ မျိုးကို ယူပြီး ဇေတဝန်ကျောင်း တံခါးဝအနီးမှာ စိုက်ဖို့အတွက် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။ ဗောဓိမျိုးစေ့ကို ရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ယူဆောင်ပေးပြီး အနာထပိဏ်သူဌေးက စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒက တောင်းပန်တဲ့အတွက်ပဲ မြတ်စွာဘုရားရှင်က ဗောဓိပင်ရင်းမှာ တစ်ညတာ သမာပတ် ဝင်စားတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့ အစီအမံနဲ့ စိုက်ပျိုးခဲ့တဲ့ အတွက် အာနန္ဒာဗောဓိလို့ အမည်တွင်ပါတယ်။ ဘုရားရှင် လက်ထက်ကတည်းက နယ်ကနေ ဘုရားဖူး ရောက်လာတဲ့ ရဟန်းတော်တို့က အာနန္ဒဗောဓိကို ပန်းတွေနဲ့ ပူဇော်လေ့ ရှိကြတယ်လို့ ဇာတကအမှတ်၂၆၁ ပဒုမဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ ဘုရားဖူးတွေက အာနန္ဒာဗောဓိပင်ကို လက်ယာရစ်ပတ်ပြီး ပူဇော်ကြပါတယ်။ အိမ်မှာ ကိုးကွယ်ဖို့အတွက် ကျနေတဲ့ ဗောဓိညောင်ရွက်တွေကို ကောက်ယူကြပါတယ်။ ဗောဓိညောင်ရွက်ကို ဥယျာဉ်စောင့် ကုလားတွေကလည်း ကောက်ပြီး ရောင်းနေပါတယ်။
 
အရှင်အာနန္ဒာ အစီအမံဖြင့် အနာထပိဏ်သူဌေး ဗောဓိပင်စိုက်ပျိုးပုံ (သီရိလင်္ကာကျောင်းနံရံပန်းချီ)
အာနန္ဒာဗောဓိပင်

အာနန္ဒာဗောဓိပင်




3 comments:

Anonymous said...

ဘုရားဖူးရသည်မှာ အစီအစဉ်တကျဖြင့် စိတ်ကြည်နူးဖို့ ကောင်းလှပါသည် အစ်ကို။ ကျနော့မိဘနှစ်ပါးကို ဘုရားဖူးပို့ရန်လည်း စီစဉ်ထားလို့ အကယ်၍ အပန်းမကြီးဘူးဆိုရင် အစ်ကိုတို့ ခရီးကိုစီစဉ်ပေးသူရဲ့ အဆက်အသွယ်များ ရနိုင်ပါက ကျေးဇူးပြု၍ မျှဝေပေးပါခင်ဗျာ.

Sonata Cantata said...

နီလာ ဘုရားဖူးအဖွဲ့နဲ့ သွားခဲ့တာပါ။
ကိုဧရာရဲ့ အမေကတော့ ဒါန ဘုရားဖူးအဖွဲ့နဲ့ သွားခဲ့ပါတယ်။
အီးမေးလ်ရှိရင် sonata.cantata@gmail.com ကို ပို့ပေးစေလိုပါတယ်။ အသေးစိတ်အကြောင်းပြန်ပေးပါမယ်။

မငုံ said...

မသီတာရေ..မငုံ တအားရောက်ဖူးချင်နေတဲ့ ဗုဒ္ဓဂါယာခရီးလေးရဲ့ဗဟုသုတတွေကို လာဆက်ဖတ်သွားတယ်နော့။