Thursday, January 20, 2022
တောင်ဇောက်ထိုး Grand Canyon ခရီး
Saturday, December 25, 2021
A Note on Active Reading/ Learning
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
- စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
- ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
- မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
- နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
- လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)
သင်ယူလိုစိတ်နှင့် Art of Listening
သင်ယူလိုစိတ်နှင့် Respectful Mind
သင်ယူလိုစိတ်နှင့် Growth Mindset
Saturday, July 10, 2021
မကြောက်အောင် ကျင့်တဲ့ခရီး
ဗုဒ္ဓဟူးနေ့ ညဘက် ကျွန်မ မြန်မာပြည်မှကလေးများအား Online မှ စာသင်နေချိန်၊ သားကြီးက
အခန်းဝ မှ နေ၍ “မေမေ ဒီအပတ် သောကြာ စနေ တနင်္ဂနွေ ခရီးသွားမလား” ဟု မေးလာခဲ့သည်။
“သွားချင် သွားပေါ့” ဟုသာ ပြီးစလွယ် ပြန်ဖြေလိုက်သည်။ ဒီလိုနှင့် သောကြာနေ့ နေ့လည်
၁၁ နာရီခွဲမှာ အိမ်မှ စထွက် ဖြစ်ခဲ့ကြသည်။ Arches National Park နှင့် Canyonlands National Park သို့
လည်ပတ်ရန် Utah State သို့ ဖြစ်သည်။ Utah သည် Rocky Mountain တောင်တန်းများရှိရာ Colorado နှင့် Nevada သဲကန္တာရကြီး၏ ကြားတွင်ရှိသည်။ ယခုအချိန်တွင် ကန္တာရနှင်းဆီဖြစ်နေရရှာသည့်
သံမဏိနှင်းဆီ မိခင်ကြီးထံ “ခွင့်ပြုပါအမေ” ဟု စိတ်ထဲမှ ခွင့်တောင်းလိုက်သေးသည်။ Moab မြို့၌ တည်းကြမည်။
Inter State I-70 လမ်းမှ သွားကြသည်။ ဒီလမ်းကို မနှစ်က Aspen (a ski
resort town) သို့ သွားတုန်းက ရောက်ဖူးသည်။ တောင်တက် တောက်ဆင်း နှင့်
အလွန်သာယာသောလမ်း ဖြစ်သည်။ အန္တရာယ်လည်း အလွန်များ၍ မကြာခဏ ပိတ်ရသော လမ်း ဖြစ်သည်။
Colorado မှ California ပြည်နယ်သို့ သွားလျှင်လည်း ဒီလမ်းကို
အသုံးပြုရသဖြင့် ကားစည်သော လမ်းလည်း ဖြစ်သည်။ မိုးလေးရွာလိုက်၊ နေသာလိုက်နှင့်
သာသာယာယာပင် ဖြစ်သည်။ Summit County ၌ တောမီးများလောင်နေ၍
သတိထားပါရန် Alarm ပေးသည့် message ဖုန်းထဲသို့
ဝင်လာသည်။ တောမီး မြန်မြန်ငြိမ်းရန် မိုးများများရွာပါစေဟု ဆုတောင်းမိသည်။
တနေရာမှာ မိုးများလျှင်၊ အခြား တစ်နေရာမှာ မိုးနည်းသွားဦးမှာကို တဆက်တည်း
သတိရမိပြန်တော့ “ဒီနေရာမှာ ဒီခဏတော့ မိုးများများလေး ရွာပေးပါ” ဟု ပြင်
ဆုတောင်းရပြန်သည်။ မီးခိုးလုံးများ တွေ့မြင်ရခြင်း ဖြင့်သာ ထို လမ်းပိုင်းကို
ဖြတ်ကျော်နိုင်ခဲ့သည်။ Vail ၌ ညစာ စားရင်း ခရီး
တစ်ထောက်နားကြသည်။
Utah သို့ ဝင်ပြီ ဆိုကတည်းက အသွင်သစ်နဲ့
အမြင်သစ်နဲ့ အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ ဟိုးရှေးပဝေသဏီက ဒိုင်နိုဆောများ၏ နေရာသည်
မြင်မြင်သမျှ လိမ္မော်ရောင်များများ ဖြင့်သာ စီးကြိုနေခဲ့သည်။ ခရီးသွား
မြို့ငယ်လေးသာ ဖြစ်သော Moab သို့ရောက်ချိန်၌ နွေရာသီ
ဖြစ်သဖြင့် အလင်းရောင် ကောင်းစွာရှိသေးသည်။ မြို့ထဲ လမ်းမပေါ်
လမ်းလျှောက်ခဲ့ကြသည်။ ကလေးငယ်လေးများပါသည့် Jeep ကားပေါ်မှ
မိသားစုက ပျော်ရွှင်မြူးတူးစွာဖြင့် ကျွန်မတို့ကို လက်ပြနှုတ်ဆက်ကြသည်။ အော်
သူတို့မှာ mask များတပ်ထားစရာ မလိုတော့။ Moab တံဆိပ်ပါသည့် T shirt တထည်ကို souvenir shop အမှတ်တရ ပစ္စည်းဆိုင်မှ ဝယ်လိုက်သည်။ သူတို့အဖေကိုလည်း
ဂုတ်ကိုပါနေရောင်ကာသည့် ဦးထုတ် ဝယ်ပေးလိုက်သည်။ နောက်နေ့အတွက် ဖြစ်သည်။
နောက်နေ့ မနက် ၅နာရီတွင် ကျွန်မတို့ မိသားစု Arches National Park
ဂိတ်ဝသို့ ရောက်နေပြီ ဖြစ်သည်။ ဂိတ်၌ ဝန်ထမ်းများ မရှိသေး၍ ဝင်ကြေး မပေးရ။
(နေ့လည် Canyonlands National Park သို့
သွားမှသာ တစ်ပေါင်းတည်း ပေးခဲ့ရသည်။)
Park ထဲမှာ လမ်းတွေ လျှောက်ပြီးရင်း
လျှောက်ကြရသည်။ Devils Garden ထဲ တနေရာရောက်တော့
ကျောက်တုံးကြီးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဘေးမှာလည်း ချောက်ကြီးနဲ့၊ မောဟိုက်နေပြီ
ဖြစ်သော ကျွန်မ “သားတို့သာ တက်ကြတော့၊ မေမေ ဒီနားကနေ စောင့်နေတော့မယ်” ဟု
လက်လျော့လိုက်သည်။ သူတို့ အဖေကလည်း ကျွန်မအနားမှာသာ ကျန်နေခဲ့သည်။ သားတို့ကတော့
ကျောက်တုန်းထိပ်ပေါ် ရောက်သွားပြီ။ အနားသို့ ရောက်လာသော ကျွန်မတို့
အသက်တန်းလောက်ပင်ရှိမည့် အာရှနွယ်ဖွား အမျိုးသားတစ်ဦးက “ဟိုဘက်မှာ ဘာတွေ ရှိမလဲ
မသိဘူးနော်” ဟု စကား စ,ရာ သူတို့ အဖေက “ ငါလည်းပဲ
သေချာမသိဘူး၊ ရှုခင်းတွေတော့ သိပ်လှမှာပဲ” ဟု ဖြေလိုက်ရာ၊ “သူပြောမှလား” ဟု
စိတ်ထဲက ပြောရင်း မျက်စောင်းထိုးမိသေးသည်။ ထိုလူက “ကမ္ဘာပေါ်မှာ ငါမရောက်ဖူးသေးတဲ့
နေရာတွေ အများကြီး ရှိသေးပါတယ်လေ” ဟု ပြုံးစစနှင့် ရေရွတ်ပြီး
လှည့်ထွက်သွားလေတော့သည်။ ကျွန်မ စဉ်းစားသည်။ ကျွန်မတို့ ခရီးက သည်နေရာမှာပင်
ဆုံးပြီလား။ ရှေ့ ဆက်သွားစရာတွေ ကျန်သေးလျှင် ကျွန်မတွက်တာကြောင့် သားတို့
ခရီးမဆက်နိုင်ပဲ လမ်းတစ်ဝက်နှင့် လှည့်ပြန်ရမည်။ ဒီတောင်ကို မေကျော်ဖို့
ဆုံးဖြတ်လိုက်သည်။ လေးဘက်ထောက်ပြီး ကုတ်ကပ်တက်သည်။ သူတို့အဖေက နောက်နားမှ
ကျွန်မကို စောင့်ရှောက်ရင်း ကပ်၍ ပါလာသည်။ ကျွန်မကို လမ်းပေါ်တင်ပေးရ၍ အဖျားအနားမှ
ကပ်လျှောက်ရသော သူ့အတွက်လည်း စိုးရိမ်ရသေးသဖြင့်၊ စုပြုံတိုးလာသော
အတွေးပေါင်းစုံကို တစ်ခုချင်း ဖြည်ချနေရသည်။
သက်သာမည့် ထင်သည့် လမ်းခွဲကို ရွေးခဲ့သော်လည်း
ဘယ်လှမ်းရမှာလား၊ ညာလှမ်းရမှာလား မသိနိုင်တော့သည့် ကိုးလို့ကန့်လန့်
အခြေအနေမျိုးတွင် “မရဘူး။ သွား ဆက်သွား” ဟု နောက်က ကြိမ်းမောင်းနေသော
သူတို့အဖေကိုလည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု ပြန်ဖြေရင်း၊ တစ်လှမ်းချင်း တိုးခဲ့ရသည်။
ပြန်စဉ်းစားလျှင်ပင် ထိုအချိန်ကကဲ့သို့ လက်ဖျားများ အေးစက် ထုံကျဉ်မိသည်။
ကျွန်မကို လမ်းပေးရင်း စောင့်နေကြသူများ၏ You can do it! You are brave. ဆိုသည့်
အားပေးစကားများကိုလည်း Thank you အခါခါ တုန်တုန်ရင်ရင်
ဆိုခဲ့ရသည်။ trail tracking မှာ ကျွန်မလို
အဆင့်အတန်းတူများကို ကျွန်မ၏ ပုံမကျ ပန်းမကျ လက်ဘက်ထောက်၊ ထိုင် ဒရွတ်ဆွဲ လျောချ
နည်းများဖြင့် ရှေ့ဆောင်နည်းပြ လုပ်ခဲ့ရသေးသည်။ သားကြီးကလည်း “PDF တွေဆို တောထဲမှာ လျှောက်နေရတာ” ဟု အားပေးသေးသည်။
စုစုပေါင်း (၇)မိုင်နီးပါး လျှောက်ခဲ့ရသည်။ ခြေထိပ်များ အထိမခံနိုင်အောင် နာ
နေချေပြီ။ ဖိနပ်ကောင်းကောင်း၊ လက်အိတ်၊ ဒူးစွတ်၊ တောင်ဝှေး စသည်တို့
သေချာပြင်ဆင်လာသင့်ကြောင်း သင်ခန်းစာ ရသည်။
နေ့လည်စာ စားကြသည်။ ပြီးနောက် Canyonlands National Park သို့
ဆက်လည်ကြသည်။ စိတ်ဝင်စားစရာနေရာများ ကျွန်မ ဆင်းမကြည့်နိုင်တော့ပါ။ ကားပေါ်မှာသာ
စောင့်ရင်းကျန်ခဲ့ရသည်။ သူတို့ အဖေက အလုပ်ပေးသွားသေးသည်။ “မေတ္တာသုတ် ရွတ်နေ” တဲ့။
ပါးစပ်ပါ မလှုပ်နိုင်တော့သော ကျွန်မသည် မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး ၁၁
သုတ်ကို ဖွင့်ထားရင်း အိပ်ပျော်မသွားအောင် သတိထားနေရခြင်းသည်ပင် ပင်ပန်းလွန်းလှလေသည်။
ဟော်တယ်ပြန် ရေမိုးချိုးကြသည်။ သားကြီးက လုပ်လာပြန်သည်။ Arches National Park
ထဲမှာ ညဘက် stargazing ကြယ်ကြည့်ချင်ပြန်သေးသတဲ့။ ည
၈နာရီခွဲ ကျော်လာသည်ထိ နေမဝင်သေး။ အချိန်ရှိတုန်း Park ထဲ
ပြန်သွားရင် သွားလေဟု အမေက ပြောလာလျှင် ညဘက် အစီအစဉ် ပျက်နိုင်သဖြင့် ညစာကို
အေးအေးဆေးဆေး စားရန် သားကြီးက ပြောလာသည်။ သူလုပ်ချင်ရ လုပ်ရဖို့အရေး မအေကို
ကျုံးသွင်းနေသည့် Gen Z ၏ အကွက်များကို ထုံးစံအတိုင်း
အောင့်သက်သက်နှင့် ငြိမ်နေရသည်။
stargazing လုပ်ရန် ကျွန်မတို့
ရွေးချယ်လိုက်သည့် Balanced Rock နေရာတွင် Three
generations အဖိုးအဖေသား မျိုးဆက် ၃ ခု ဖြစ်နိုင်သည့် မိသားစု
တစ်စုလည်း မလှမ်းမကမ်းမှာ ရှိနေသည်။ သူတို့သည် စနစ်တကျ ပြင်ဆင်လာကြသူများဖြစ်သည်။ အတောက်ပဆုံး
သောကြာဂြိုလ် Venus ကို အယင်ဆုံးတွေ့ရသည်။ ဟိုအဖွဲ့မှ
အဖိုးနှင့် သားဖြစ်သူမှာ tablet မှ Application တွင် ခေါင်းဆိုင်နေစဉ် မူလတန်း အရွယ်လောက်ရှိမည့် မြေးကလေးက ကောင်းကင်ကို
ကြည့်ပြီး Gen alpha ပီပီ Pluto ကိုပင်သူမြင်ရကြောင်း
ရွှီးတုတ်လေသည်။
လေတွေက ပြင်းလှသည်။ ဘာမဆို ကြောက်ဖို့သာ အသင့်ပြင်နေသော Gen L ကျွန်မသည် မှောင်နေတာကိုလည်း ကြောက်သည်၊ လေထန်နေတာကိုလည်း ကြောက်သည်၊
ပတ်ဝန်းကျင်စိမ်းနေတာကိုလည်း ကြောက်သည်။ သူတို့အဖေကတော့ ဒီနေရာတွေမှာ မေတ္တာသုတ်
ရွတ်ဖူးမှာ မဟုတ်ဘူး ဟုဆိုကာသာ ရွတ်နေလေတော့သည်။ တဖြေးဖြေးနှင့် ကောင်းကင်မှာ
ကြယ်ကလေးတွေ ဆုံလာကာ ကျွန်မတို့ကို ထွေးပွေ့ထားသလို ခံစားလာရတော့ အကြောက်နည်းနည်း
ပြေချင်သည်။ ထိုကြယ်လေးတိုင်း၏ အမည်ကို ကျွန်မတို့ မသိနိုင်ပါ။ ဟိုးတစ်နေရာက
ကျွန်မတို့ကို အကြောက်တရားမှ ကင်းဝေးနိုင်စေရန် လောင်ကျွမ်း လင်းလက်သွားသော
ကြယ်လေးများကို မေတ္တာပို့ရင်း တိတ်ဆိတ်စွာ ပြန်ခဲ့ပါသည်။
Saturday, August 1, 2020
ကမ္မဿကတာ
အောက်မှာ ပြောတဲ့ စကားမျိုးတွေကို ကြားဖူးကြမှာပါ (အများစုက ဝတ္ထုနဲ့ ရုပ်ရှင်တွေ ထဲကပါ)။ ဘယ်အယူအဆက ကမ္မဿကတအမြင်နဲ့ လျော်ညီတယ်၊ ဘယ်အယူအဆကတော့ ချော်နေတယ်လို့ ထင်ပါသလဲ။
1. လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘာတွေ ဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။
2. ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေး တစ်ရုပ်လိုပါပဲ။
3. ဘဝဆိုတာက လောင်းကစားပွဲ တစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက်မှာပါ။ ထွက်လာတော့မှသာ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။
4. ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။
5. မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။
6. သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေ ကုကု၊ ယတြာတွေ လုပ်လုပ်၊ ဘယ်ရပါ့မလဲ …။
7. သူ့ဆန် စားမှတော့ ရဲရတော့ မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး ... တာဝန်ယူထားလို့ လုပ်ရတာပါ။
8. ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ…။
9. ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်း ပျော်အောင်သာနေ ...။
10. မေမေ ပြောခဲ့ဖူးတာ မှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာ ရှိတယ်တဲ့။ ဒါမှမဟုတ် လက်ဖ်တင်နင် ဒန် ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား ... ။
11. မေမေ ပြောဖူးတယ် … ဘဝဆိုတာ ချောကလက်ဗူးလိုပဲတဲ့… ကိုယ်ဘာရမယ်ဆိုတာ ကိုယ်မှ မသိနိုင်တာ..။

ကံ-ကံ၏အကျိုး ဆိုတာက “ထုံးအိုးထဲ လက်နှိုက်ရင် ဖြူသွားတာလို” မြင်သာတဲ့ ကိစ္စမျိုး မဟုတ်တော့၊ ဒီလို ယုံကြည်ယူဆချက်တွေက မြတ်စွာဘုရား တကယ် နားလည်လက်ခံစေချင်တဲ့ ကမ္မဿကတာ အမြင်မျိုး ဟုတ်-မဟုတ် ဆိုတာ ပြောဖို့ ခက်နေမှာပါ။
‘ကမ္မ’ ဆိုတာ ‘ကောင်းဆိုး အမှုတွေကို တွေးကြံ-ပြောဆို-လုပ်ဆောင်တာ’ ကို ဆိုလိုပါတယ်။ ‘သက’ ဆိုတာကတော့ ‘ကိုယ်ပိုင်ဥစ္စာ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ‘ကမ္မဿကတာ’ ဆိုတာ မိမိရဲ့ ‘အတွေးအကြံ-အပြောအဆို-အပြုအမူ’ လုပ်ဆောင်ချက်တွေကို မိမိ ပိုင်တယ်ဆိုတဲ့ အမြင်ပါပဲ။ တနည်းပြောရရင် ‘ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်တာဝန်ယူရမယ်’ ဆိုတဲ့ အသိပါပဲ။ လောကမှာ တာဝန်ရှောင်တဲ့ အတွေးအမြင်, အယူအဆတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကမ္မဿကတသမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်တဲ့ အမြင်တွေလို့ ဆိုနိုင်ပါတယ်။
တကယ်လို့ ဒီလို တာဝန် ရှောင်တဲ့ အမြင်တွေကို သဘောကျ လက်ခံနေမယ် ဆိုရင် -
“ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့အတွက် ဆန္ဒနဲ့ ကြိုစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး... (... န ဟောတိ ဆန္ဒေါ ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခါနံ ဝိဟရတံ ...)” လို့ တိတ္ထာယတနသုတ်မှာ (အံ.၃.၆၂) ရှင်းရှင်းလင်းလင်း ဟောထားပါတယ်။
‘တိတ္ထာယတန’ ဆိုတဲ့ အမည်က သာသနာပ တိတ္ထိယ တွေရဲ့ မြစ်ဖျားခံရာ စုဝေးရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသုတ်မှာ ဣဿရနိမ္မိတဝါဒ, ပုဗ္ဗေကတဟေတုဝါဒနဲ့ အဟေတုကဝါဒ သုံးမျိုးကို ‘တိတ္ထာယတန’ အဖြစ်သတ်မှတ်ပြီး၊ တာဝန်ရှောင်တဲ့ ဝါဒတွေ ဖြစ်လို့ ငြင်းပယ်ပါတယ်။ ၅၅၀-ဇာတ်တော်ထဲက အမှတ် ၅၂၈ မဟာဗောဓိဇာတ်မှာတော့ ဒီဝါဒသုံးမျိုး အပြင် ဥစ္ဆေဒဝါဒနဲ့ ခတ္တဝိဇ္ဇာဝါဒ နှစ်မျိုးကို ထည့်ပြီး ငြင်းပယ်ထားပါတယ်။
⚠ နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ
လူ့ဘဝဆိုတာ ရေးပြီးသား စာအုပ် တစ်အုပ်လိုပဲ ဘယ်သူနဲ့ ဖူးစာဆုံမယ်, ဘယ်အရွယ်မှာ ဘာဖြစ်မယ်, ဘယ်တော့ သေမယ် စသဖြင့် ဖြစ်ပျက်သမျှတွေက ကြိုတင်သတ်မှတ်ထားပြီးသား ဆိုတဲ့ အမြင်မျိုးကို ဒဿနမှာ Determinism လို့ ခေါ်ပါတယ်။ မူလသတ်မှတ်ချက် (နိယတိ - Destiny) လို့ လည်းခေါ်တယ်။ လူသားရဲ့ ကြမ္မာကို တန်ခိုးရှင် နတ်ဒေဝါတွေ, ဖန်ဆင်းရှင်တွေက အဆုံးအဖြတ်ပေးတယ်လို့ ယူဆတဲ့ အတွက် ဣဿရနိမ္မိတဝါဒ လို့လည်း ခေါ်ပါတယ်။ နတ်တွေ, ဝိဇ္ဇာတွေ, အထက်ပုဂ္ဂိုလ်တွေရဲ့ စောင်မမှုကို မျှော်လင့်နေတတ်တဲ့ အယူအစွဲတွေကလည်း ဣဿရနိမ္မိတဝါဒရဲ့ အစွယ်အပွားတွေပါပဲ။ အရာရာဟာ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်နေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေက အချည်းအနှီး ဖြစ်နေပါလိမ့်မယ်။ တနည်းအားဖြင့်လည်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုထက် နတ်ဒေဝါတွေရဲ့ မှိုင်းမမှုကိုပဲ တောင်းခံ စောင့်စားနေကြပါလိမ့်မယ်။
⚠ ပုဗ္ဗေကတဟေတုဒိဋ္ဌိ
အချို့ကတော့လည်း ဖြစ်သမျှကို ရှေးအတိတ်ကံကိုပဲ ပုံချတတ်ကြပါတယ်။ ဘဝဆိုတာ ဝဋ်ကြွေးတွေဆပ်နေရတာ၊ ဖြစ်သမျှကို ခါးစည်းပြီးခံရမယ်လို့ ယူဆတတ်ကြတယ်။ ဒီလို ကံကြွေးဆပ်ပြီး ဝဋ်ကို ကုန်စေ, သန့်စင်စေတယ် ဆိုတာမျိုးက ဘုရားအလိုတော်ကျ ကမ္မဝါဒထက် (နိဂဏ္ဍတွေရဲ့) ဂျိန်းဝါဒနဲ့ ပိုနီးစပ်ပါတယ်။ အရာရာကို ရှေးကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်လို့ ပုံချတဲ့ ဝါဒကို ဗုဒ္ဓဘာသာမှာ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ သတ်မှတ်ပါတယ်။ ရောဂါ တစ်ခုရလာတယ်ဆိုရင် ဒါဟာ ရှေးကံကြောင့် ဖြစ်နိုင်သလို၊ လေ-သလိပ်-သည်းခြေ ဖောက်ပြန်တာ, ရာသီဥတု ဖောက်ပြန်တာ, ထိခိုက် ဒဏ်ရာရတာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိနေနိုင်တာကြောင့် အတိတ်ကံကိုချည်း ပုံချလို့ မရပါဘူး။
အချို့ကတော့လည်း လူ့ဘဝဆိုတာ ကြိုတင်ပြဋ္ဌာန်ထားတာမျိုး မဟုတ်ဘူး။ အကြောင်းရင်းမြစ် မရှိဘဲ ကြုံကြိုက်တိုက်ဆိုင်မှု (သင်္ဂတိ - accidental occurrence) တွေသာ ဖြစ်တယ်လို့ ယူဆကြတယ်။ အရာရာဟာ သူ့သဘာဝအလျောက် ကြုံရာကြပမ်းဖြစ်နေမယ် ဆိုရင် ကောင်းမှုတွေကို ကြိုစားအားထုတ်နေလည်း အပိုပဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းမဲ့ ဖြစ်တယ်ဆိုတဲ့ အဟေတုကဝါဒ (တနည်း အဓိစ္စသမုပ္ပန္နဝါဒ) ကို မြတ်စွာဘုရားက ငြင်းပယ်ပြီး၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒတရားကို ဟောပါတယ်။
⚠ အကိရိယဝါဒ
ကောင်းခြင်း, ဆိုးခြင်းဆိုတာတွေက ကာလ, ဒေသ, အခြေအနေပေါ် လိုက်ပြီး သတ်မှတ်ထားတဲ့ ပညတ်ချက်တွေသာ ဖြစ်တယ်၊ သူ့ဖက်က ကြည့်ရင် မှန်ပေမယ့် ကိုယ်ဖက်က ကြည့်ရင် မှားနေနိုင်တယ် စသဖြင့် ယူဆတဲ့ ပညတ်ဂိုဏ်းသား (moral relativists) တွေကလည်း ကောင်းဆိုး အကုသိုလ်တွေကို ငြင်းပယ်ရာ ရောက်ပါတယ်။ အချို့ ပရမတ်လွန်သမားတွေကလည်း ပရမတ်တရားတွေကသာ အစစ်မှန် ဖြစ်တယ်၊ လူ, တိရစ္ဆာန်, မိဘ, သားသမီးဆိုတာတွေ မရှိဘူးလို့ သမုတိသစ္စာကို ငြင်းပယ်ပြီး “လူသတ်တယ်၊ အရက်သောက်တယ် ဆိုတာ မရှိဘူးလို့ ယူဆကြပြန်တယ်။ ဒီလို အယူအဆတွေက ကောင်းမှု, မကောင်းမှုကံတွေကို ပစ်ပယ်ရာရောက်ပြီး ဒါန ပြုတာ, သီလ ဆောက်တည်တာတွေက အဓိပ္ပါယ် မရှိဘူးလို့ ယူဆတဲ့အတွက် အကိရိယဝါဒလို့ ခေါ်ပါတယ်။
⚠ ဥစ္ဆေဒဝါဒ
တချို့ ရုပ်ဝါဒီ, မျက်မှောက်ဝါဒီတွေကတော့ “လူဆိုတာ ရုပ်တရားတွေနဲ့ ဖွဲ့စည်းထားတာ။ သေလို့ ရှိရင် ခန္ဓာကိုယ်က ပျက်စီးပြီး မြေကြီး ဖြစ်သွားမယ်, မော်လီကျူးတွေ, အက်တမ်တွေ ပြန်ဖြစ်ပြီး အဆုံးသတ်သွားမယ်။ တမလွန် လောက ဆိုတာ မရှိဘူး, အတိတ်ဘဝ ဆိုတာ မရှိဘူး, ငရဲ မရှိဘူး, နတ်ပြည် မရှိဘူး။ ကောင်းကျိုးဆိုးကျိုးတွေကို မျက်မှောက်ဘဝမှာသာ ခံစားရတယ်” လို့ ယူဆကြတယ်။ ဒီလို တမလွန်ကို ငြင်းပယ်တဲ့ ပြတ်စဲအယူဝါဒကို ဥစ္ဆေဒဝါဒ လို့ခေါ်တယ်။ ကုသိုလ်-အကုသိုလ် ကံတွေရဲ့ အကျိုးကို ပစ်ပယ်တဲ့ အတွက် နတ္ထိကဝါဒလို့ လည်းခေါ်ပါတယ်။
⚠ ခတ္တဝိဇ္ဇာဝါဒ
အချို့ကတော့လည်း ကိုယ့်အတွက် အကျိုးရှိမယ့် ကိစ္စဆိုရင် ဘာလုပ်လုပ် တရားတယ်လို့ ယူဆကြတယ်။ ကိုယ့်ရဲ့ ဩဇာအာဏာ ကြီးပွားရေးအတွက် ဆိုရင် မိဘ, သားမယားကိုတောင် သတ်သင့် သတ်ရမယ်၊ ဘယ်လို လုပ်တယ်ဆိုတဲ့ လုပ်ရပ်က အရေးမကြီးဘူး၊ ခရီးရောက်ဖို့ အလုပ်ဖြစ်ဖို့က ပိုပြီး ပဓာနကျတယ် (The end justifies the mean) လို့ ယူဆကြတယ်။ ဒီလိုအယူအဆမျိုးကို မဟာဗောဓိဇာတ်မှာ ခတ္တဝိဇ္ဇာဝါဒလို့ အမည်ပေးပြီး ကမ္မဝါဒရဲ့ ဆန့်ကျင်ဖက် စာရင်းမှာ ထည့်ပြထားတယ်။ ခတ္တဝိဇ္ဇာဆိုတာ မင်းသားတွေကို ဆုံးမတဲ့ ရာဇနီတိ ကျမ်းမျိုးတွေကို ခေါ်တာပါ။ The Prince လို့ အမည်ရတဲ့ ကျမ်းကို ရေးခဲ့တဲ့ Machiavelli ရဲ့ ဝါဒမျိုး၊ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်ဆိုတဲ့ ဝါဒမျိုးနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် ခတ္တဝိဇ္ဇာဝါဒကို အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors), မက္ခိယာဗယ်လီဝါဒ (Machiavellianism) လို့ အချို့က ဘာသာပြန်ကြတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ မက္ခိယာဗယ်လီဝါဒကို နိုင်ငံရေးသရုပ်မှန်ဝါဒ (Political Realism) လို့ ယူဆကောင်း ယူဆကြမယ်။ ကိုယ်ကျင့်တရားရှုထောင့်က ကြည့်ရင်တော့ လူမိုက်ဝါဒမျိုးပါပဲ။ ဒါကြောင့် မဟာဗောဓိဇာတ်မှာ ဒီဝါဒမျိုး ရှိတဲ့သူကို “ကိုယ့်ကိုယ်ကို ပညာရှိထင်နေတဲ့ လူမိုက်ကြီးတွေ” (ဗာလာ ပဏ္ဍိတမာနိနော) လို့ မှတ်ချက်ပေးထားတယ်။ အာဏာဆိုတဲ့ အကျိုးရလဒ်တစ်ခုကိုသာ ကြည့်ပြီး မိမိရဲ့ လုပ်ရပ် မှန်မမှန်ကို ဂရုမစိုက်တော့ဘူးဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဝါဒဖြစ်လို့ ကမ္မဿကတအမြင်နဲ့ ဆန့်ကျင့်တဲ့ မိစ္ဆာဝါဒ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
(၂၀၀၉-ခုနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်နှစ်ခုကို ပေါင်းပြီး ပြန်ရေးထားပါ။)
ဧရာ (မန္တလေး)
စာညွှန်း။
အံ.၃.၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ် (ဇာတကအမှတ် ၅၂၈)
Saturday, July 11, 2020
ကော်လိုရာဒိုကို လာပါ့ တကယ်ပျော်တယ်နော့
Saturday, March 21, 2020
ကမ္ဘာ့ခေါင်းဆောင် ကင်းမဲ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ပွဲ
လူအတော်များများက ဂလိုဗယ်လိုက်ဇေးရှင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီး ဖြစ်ရတယ်လို့ အပြစ်ပုံချကြပါတယ်။ ဒီလို ကပ်ရောဂါမျိုးတွေ ထပ်မကြုံဖို့အတွက် တံတိုင်းတွေ ခတ်ရမယ်၊ ခရီးသွားလာခွင့်တွေကို ပိတ်ပစ်ရမယ်၊ ကုန်သွယ်ရေးတွေကို လျော့ချပစ်ရမယ်၊ ကမ္ဘာကြီးက နိုင်ငံတွေ အချင်းချင်း ကူးလူးဆက်ဆံ အမှီသဟဲပြုနေကြတဲ့ ဂလိုဗယ်လိုက်ဇေးရှင်းကို လျော့ချရမယ်၊ ဒီနည်းလမ်းတွေပဲ ရှိတယ်လို့ ပြောကြပါတယ်။ ကူးစက်ရောဂါတွေ မပြန့်ပွားဖို့အတွက် ရောဂါရှိနိုင်သူတွေကို ရည်တိုအားဖြင့် သီးခြားခွဲပြီး ခြေချုပ်ချထားတာက မရှိမဖြစ် လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ရည်ရှည် တံခါးပိတ်ဝါဒကို ကျင့်သုံးတာကတော့ ကူးစက်ရောဂါတွေကို တကယ်တမ်း ကာကွယ်နိုင်မှာ မဟုတ်ဘဲ၊ စီးပွားရေး ပြိုလဲပျက်စီးမှုဆီကိုသာ ဦးတည်စေပါလိမ့်မယ်။ ကူးစက်ရောဂါကို ဟန့်တားနိုင်မယ့် နည်းလမ်းအစစ်က “ခွဲခြားဆက်ဆံမှု မဟုတ်ပါဘူး၊ ပူးပေါင်းဆောင်ရွက်မှုပါ”။

ဒီနေ့လို ဂလိုဗယ်လိုက်ဇေးရှင်းခေတ် မရောက်မီ ရှေးယခင်ကတည်းက ကူးစက်ရောဂါကပ်ဘေးကြောင့် လူတွေ သန်းနဲ့ ချီပြီး ဆုံးပါးခဲ့ရဖူးပါတယ်။ လေယာဉ် သင်္ဘောတွေ မပေါ်သေးတဲ့ ၁၄-ရာစုမှာ အရှေ့အာရှမှာ ဖြစ်ခဲ့တဲ့ (အသားအရေတွေ တစ်ကိုယ်လုံး မည်းပြီး သေဆုံးတဲ့) Black Death ပလိပ်ကပ်ရောဂါက ဆယ်နှစ် သာသာ အတွင်းမှာ ဥရောပ အနောက်ပိုင်းအထိ ပျံ့နှံခဲ့ပြီး လူပေါင်း ၇၅ သန်းကနေ သန်းနှစ်ရာလောက် အထိ (အာရှနဲ့ ဥရောပတိုက် လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) သေကြေပျက်စီးခဲ့ရတယ်။ အင်္ဂလန်မှာ လူဆယ်ယောက်ကို လေးယောက်လောက် သေခဲ့ကြတယ်။ ဖလောရင့်မြို့မှာ မြို့နေလူဦးရေ တစ်သိန်းအနက်က ထက်ဝက်ပမာဏ ဆုံးပါးခဲ့ရတယ်။
၁၅၂၀-ခုနှစ် မတ်လမှာ ကျောက်ရောဂါရှိတဲ့ သူတစ်ဦး မက္ကဆီကိုနိုင်ငံကို ရောက်လာခဲ့တယ်။ အဲဒီခေတ်က အလယ်ပိုင်းအမေရိကမှာ ရထား, ဘတ်စ်ကား တွေ, မရှိသေးဘူး။ ယုတ်စွအဆုံး မြည်းတောင် မရှိသေးဘူး။ ဒါပေမယ့် ဒီဇင်ဘာလမတိုင်ခင်မှာတင် ကျောက်ရောဂါက အလယ်ပိုင်းအမေရိက တစ်ခုလုံးကို ကူးစက်သွားပြီး၊ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် သေဆုံးခဲ့တယ်။
၁၉၁၈-ခုနှစ်မှာ တုတ်ကွေးရောဂါ တစ်မျိုးက လအနည်းငယ်အတွင်းမှာ ဝေးလံခေါင်ပါးတဲ့ ကမ္ဘာ့ ချောင်ခြိုချောင်ခြား နေရာတွေတောင် မကျန်အောင် ပျံ့နှံ့သွားခဲ့ဖူးတယ်။ လူသန်းပေါင်း ၅၀ (ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) ကူးစက်ခံခဲ့ရတယ်။ အိန္ဒိယမှာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တယ်။ တဟီတီကျွန်းမှာဆိုရင် ၁၄ ရာခိုင်နှုန်း, ဆမိုဝါမှာ ၂၀ ရာခိုင်နှုန်းအထိ အသေအပျောက်ရှိခဲ့တယ်။ ဒီကပ်ဘေးကြီးကြောင့် အားလုံးပေါင်းရင် ဆယ်သန်းကနေ သန်းတစ်ရာလောက်အထိ တစ်နှစ်အတွင်းမှာ သေဆုံးခဲ့ရတယ်။ ဒီပမာဏက ပထမ ကမ္ဘာစစ်ပွဲကြောင့် လေးနှစ်ကာလအတွင်းမှာ သေဆုံးခဲ့ရတဲ့ ပမာဏထက် ပိုများတယ်။
တိုးပွားလာတဲ့ လူဦးရေနဲ့ ပိုမိုကောင်းမွန်လာတဲ့ သယ်ယူပို့ဆောင်ရေးတွေကြောင့် ၁၉၁၈-ခုနှစ်လွန် ရာစုနှစ်မှာ လူတွေက ကူးစက်ရောဂါတွေရဲ့ ဘေးဒဏ်ကို ပိုပြီးခံကြရတယ်။ တိုကျို, မက္ကဆီကိုမြို့စတဲ့ ဒီနေ့ခေတ် မြို့ပြကြီးတွေက အလယ်ခေတ် ဖလောရင့်မြို့ထက် အများကြီးပိုပြီး ရောဂါပိုးမွှားတွေကို ကူးစက်ပြန့်ပွားဖို့ အခွင့်အလမ်းရစေတယ်။ ဒီနေ့ခေတ် ကမ္ဘာ့သယ်ယူပို့ဆောင်ရေး ကွန်ယက်က ၁၉၁၈-ခုနှစ်ကထက် အဆများစွာ မြန် သွားပြီ။ ဗိုင်းရပ်စ်ပိုး တစ်ကောင်က ၂၄ နာရီအတွင်း ပဲရစ်ကနေ တိုကျို, မက္ကဆီကိုကို ရောက်သွားနိုင်တယ်။ ဒီတော့ သေမင်းတမန်ကပ်ကြီးတွေ တစ်ခုပြီး တစ်ခုဆိုက်နေတဲ့ ကူးစက်ငရဲဘုံမှာ နေနေကြရတယ်ဆိုတာ ကြိုတင် မျှော်မှန်းထားရမယ်။
ဒါပေမယ့်လည်း ကပ်ဘေးကြီးတွေ ဆိုက်တဲ့ အကြိမ်ပမာဏနဲ့ ဆိုးကျိုးသက်ရောက်မှုကတော့ အများကြီး သိသိသာသာ လျော့ကြသွားပြီ။ သိပ်ကြောက်ဖို့ကောင်းတဲ့ AIDS နဲ့ အီဗိုလာ ကူးစက်မှုမျိုးတွေ ရှိနေပေမယ့်၊ ကျောက်ခေတ်ကစပြီး ဒီနေ့မတိုင်မီထိ ကာလမှာ ကပ်ရောဂါကြောင့် သေဆုံးရတဲ့ ပမာဏက အများကြီး နည်းသွားပါပြီ။ ဒါက လူသားတွေကို ပိုးမွှားရန်ကနေ အကောင်းဆုံး ကာကွယ်ပေးနေတာက သီးသန့်ခွဲခြားနေထိုင်တာ မဟုတ်ဘဲ၊ ပိုးမွှားတွေ အကြောင်း သတင်းအချက်အလက်တွေကြောင့်ပါ။ ဆရာဝန်တွေနဲ့ လူသားတွေက အနိုင်ရနေတဲ့ ပိုးမွှားတွေရဲ့ တိုက်ပွဲမှာ ဉာဏ်မျက်စိကင်းတဲ့ ပိုးမွှားတွေက ကိုယ်ယောင်ပြောင်းမှု လက်နက်ကို အားကိုးပြီး ဆရာဝန်တွေကတော့ သတင်းအချက်အလက်တွေကို သိပ္ပံနည်းကျ ခွဲခြမ်းလေ့လာမှုကို အားကိုးအားထားပြုပါတယ်။
ပိုးမွှားတွေကို အနိုင်ယူခဲ့တဲ့ တိုက်ပွဲ
၁၄-ရာစုမှာ Black Death ကပ်ရောဂါဆိုက်တော့ လူတွေက အကြောင်းရင်းကိုရော, ဘာလုပ်ကြရမယ်ဆိုတာကိုပါ မသိကြပါဘူး။ မတိုးတက်သေးမီ ခေတ်ကအထိ ကပ်ဆိုက်ရတဲ့ အကြောင်းကို အမျက်ထွက်နေတဲ့ နတ်တွေ, မကောင်းဆိုးဝါးတွေနဲ့ မသန့်ရှင်းတဲ့ လေတွေ ကြောင့်လို့ အပြစ်ပုံချကြပေမယ့် ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယား ပိုးမွှားတွေ ရှိနေမှန်းကိုတောင် မသိကြပါဘူး။ နတ်ဒေဝါတွေကို ယုံကြည်နေခဲ့ကြပေမယ့် ရေတစ်စက်အတွင်းမှာ သေမင်းတမန်ရဲ့ တပ်ကြီးရှိနေတာကို မမှန်းဆနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ကပ်ရောဂါ တစ်ခု ဆိုက်ပြီဆိုရင်၊ အာဏာပိုင်တွေ အကောင်းဆုံး လုပ်နိုင်တာက လူတွေစုပြီး နတ်ဘုရားနဲ့ သူတော်စင်တွေထံမှာ ဆုတောင်းကြတာပါပဲ။ ဒါက ဘာမှ မတတ်နိုင်ပါဘူး။ ဒီလို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းပွဲတွေကြောင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတွေတောင် ဖြစ်စေပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေ, ဆရာဝန်တွေ, သူနာပြုတွေ ပူးပေါင်းပြီး အချက်အလက်တွေကို စုဆောင်း၊ ကူးစက်ရောဂါရဲ့ သဘော သဘာဝကို နားလည်အောင် လေ့လာပြီး၊ ဘယ်လို နှိမ်နင်းကုသရမယ် ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ရောဂါ အသစ်အဆန်းတွေ ဘာကြောင့်, ဘယ်လို ဖြစ်ပေါ်လာတယ်၊ ရောဂါဟောင်းတွေက ဘာကြောင့် ပိုပြီး ကြမ်းလာရတယ်ဆိုတာတွေကို Theory of Evolution က ရှင်းပြနိုင်ခဲ့တယ်။ ရောဂါပိုးမွှားတွေ ဘယ်လို ရှင်သန် ပြန့်ပွားနေသလဲဆိုတဲ့ လျို့ဝှက်ချက်ကို မျိုးဗီဇပညာရပ်ကြောင့် ထောက်လှမ်းနိုင်ခဲ့ကြတယ်။ အလယ်ခေတ်က လူတွေက ဘာကြောင့် Black Death ရောဂါ ဖြစ်ရသလဲဆိုတာကို မသိခဲ့ကြပေမယ့်၊ သိပ္ပံပညာရှင်တွေကတော့ ရက်သတ္တ နှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်ပိုးသစ်ကို မျိုးဗီဇအချက်အလက်တွေနဲ့ တကွ ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။ ရောဂါကူးစက်မှု ရှိမရှိ ဆိုတာကို အသေအချာ စမ်းသပ် သိရှိနိုင်မယ့် နည်းလမ်းနဲ့ ကိရိယာတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ရောဂါရဲ့ အကြောင်းရင်းကို သိရှိနားလည်ပြီ ဆိုရင်၊ ရောဂါကို တိုက်ဖျက်ဖို့ အတွက် အများကြီး လွယ်ကူသွားပါပြီ။ ကာကွယ်ဆေးတွေ, ဘက်တီးရီယား ပိုးသတ်ဆေးတွေ, အဆင့်မြင့် တကိုယ်ရည် သန့်စင်ရေးတွေ, ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေး အခြေခံ အဆောက်အအုံတွေက လူသားကို မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့ အထင်စီးနေရာမှာ ရစေပါတယ်။ ၁၉၆၇-ခုနှစ်မှာ ကျောက်ရောဂါက လူ ၁၅-သန်းကို ကူးစက်ခဲ့ပြီး၊ အဲဒီထဲက လူ နှစ်သန်းကို သေစေခဲ့တယ် ဆိုပေမယ့်၊ နောက်ဆယ်စုနှစ်မှာ တကမ္ဘာလုံးဆိုင်ရာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးတဲ့ စီမံချက်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၉-ခုနှစ်မှာ လူသားက ကျောက်ရောဂါကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။ ၂၀၁၉-ခုနှစ်မှ ကျောက်ရောဂါ ကူးစက်တဲ့သူ, ရောဂါကြောင့် သေတဲ့သူရယ်လို့ တစ်ယောက်မှ မရှိတော့ပါဘူး။
နယ်စပ်လုံခြုံရေး
အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်အတွက် သမိုင်းသင်ခန်းစာက ဘာတွေလဲ ...?
ပထမအချက်ကတော့ နယ်စပ်တွေကို ထာဝရ ပိတ်လိုက်ရုံနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ဂလိုဗယ်လိုက်ဇေးရှင် ခေတ်မတိုင်မီ အလယ်ခေတ်ကတည်းက ကူးစက်ရောဂါတွေက အလျှင်အမြန် ပျံ့နှံ့နိုင်တယ် ဆိုတာကို သတိရကြပါလိမ့်မယ်။ ဒါကြောင့် ၁၃၄၈-ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံက ပိတ်ဆို့သလို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ရုံနဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ တကယ်တမ်း သီးခြားခွဲထွက်ပြီး ရောဂါကို ကာကွယ်မယ်ဆိုရင်တော့ အလယ်ခေတ်ကလောက် နည်းနဲ့ မရဘဲ၊ ကျောက်ခေတ်ကလောက်ထိ ပြန်သွားမှ ရနိုင်မှာပါ။ ဒီလို တကယ် လုပ်နိုင်ပါ့မလား။
သမိုင်းကရတဲ့ ဒုတိယ သင်ခန်းစာကတော့ အထောက်အထား ခိုင်လုံတဲ့ သိပ္ပံနည်းကျ သတင်းအချက်အလက်များကို မျှဝေခြင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကသာ ကာကွယ်မှု အစစ်ကို ပေးနိုင်တယ် ဆိုတာပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ကပ်ရောဂါဆိုက်နေပြီ ဆိုရင် စီးပွားရေး အကျပ်အတည်းကြုံမှာကို တွေးကြောက် မနေဘဲ ရောဂါပြန့်ပွားမှုနဲ့ ဆိုင်တဲ့ သတင်း အချက်အလက်တွေကို ရိုးသားပွင့်လင်းစွာ မျှဝေကြရပါမယ်။ အခြားနိုင်ငံတွေကလည်း ဒီသတင်း အချက်အလက်တွေကို စိတ်ချ ယုံကြည်ပြီး၊ ဘေးဒဏ်ခံနေရတဲ့ တိုင်းပြည်ကို ကြဉ်မထားဘဲ လက်ကမ်း ကူညီရမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် တရုတ်က ကမ္ဘာကို ကိုရိုနာဗိုင်းရပ် အကြောင်း အရေးပါတဲ့ သင်ခန်းစာတွေ အများကြီးပေး နိုင်မှာပါ။ ဒါပေမယ့် နိုင်ငံတကာရဲ့ မြင့်မားတဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေတော့ လိုအပ်ပါတယ်။
သံသယရှိသူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း နိုင်ငံတကာပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ လူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာ, မြို့ကြီးတွေမှာ အဝင်အထွက် အသွားအလာ ပိတ်ချလိုက်တာတွေက ရောဂါပြန့်ပွားမှုကို ရပ်တန့်သွားစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အယုံအကြည်ကင်းမဲ့နေပြီး ကိုယ့်နိုင်ငံအတွက်သာ ကြည့်ကြမယ်ဆိုရင် အစိုးရတွေက ဒီလိုကိစ္စမျိုးကို အရေးပေါ်အဆင့်အထိ ဆောင်ရွက်ဖို့အတွက် ဝန်လေးနေတတ်ကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်တဲ့ လူနာ ၁၀၀ တွေ့တယ်ဆိုရင် အဲဒီမြို့ကို ပိတ်ပစ်ချင်ပါ့မလား။ ဒါက တစ်ခြားနိုင်ငံတွေကနေ ကိုယ့်ကို ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ အပေါ်မှာ တည်နေပါတယ်။ မြို့ကြီးတွေကို ပိတ်ချလိုက်ရင် စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရပါမယ်။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကူညီကြမယ်ဆိုရင်တော့ ဒီလိုအဆင့်မျိုးကို ဆောင်ရွက်ကြမှာပါ။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကြဉ်လိုက်ကြမယ်ဆိုရင်တော့ သိပ်နောက်ကျသွားသည်အထိ အချိန်ဆွဲနေပါလိမ့်မယ်။
နိုင်ငံတစ် နိုင်ငံမှာ ကပ်ရောဂါ ဆိုက်လာပြီဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနိုင်တယ်ဆိုတာက လူတိုင်း နားလည်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်ပိုးကလည်း တိုးတက်ပြောင်းလဲလာတတ်လို့ပါ။ ကိုရိုနာလို ဗိုင်းရပ်ပိုးတွေက လင်းနို့ စတဲ့ တိရိစ္ဆာန်တွေမှာ စတင် ပေါက်ပွားပါတယ်။ တိရစ္ဆာန်တွေဆီကနေ လူတွေကို ကူးလာစမှာ သူတို့ဟာ လူခန္ဓာကိုယ်မှာ ရှင်သန်ပေါက်ပွားဖို့အတွက် သိပ်အဆင်မပြေသေးပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ မျိုးပွားရင်း ဗိုင်းရပ်ပိုးတွေက မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ အများစုကတော့ အန္တရာယ် သိပ်မရှိလှပါဘူး။ ဒီလို မျိုးဗီဇပြောင်းလဲလာရင်း လူ့ကိုယ်ခံအားစနစ်ကို အံတုလာနိုင်တဲ့ တချိန်မှာတော့ သူတို့က ပိုပြီး အစွမ်းထက်လာပြီး လူတွေထဲကို အလျှင်အမြန် ကူးစက်နိုင်လာပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်ပိုးတွေ ရှင်သန်နေထိုင်နိုင်ပြီး သူတို့တွေကလည်း တရစပ် ပွားနေကြပါတယ်။ ဒီအထဲက ဗိုင်းရပ် တစ်ကောင်ကောင်က လူ့ကိုယ်ခံအားစနစ်ကို အံတုနိုင်တဲ့ မျိုးဗီဇအပြောင်းအလဲမျိုး လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီပိုးက ကူးစက်နိုင်တဲ့ ပိုးဖြစ်သွားပါပြီ။ ဒါကြောင့် လူတိုင်းက ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်စ်ပိုးတွေကို မဲလက်မှတ်တွေ ထုတ်ပေးထားတဲ့ လောင်းကစားရုံကြီးတွေနဲ့ တူပါတယ်။ ဗိုင်းရပ်ပိုး တစ်မျိုး ရပ်တည်ရှင်သန်ဖို့ အတွက် ပေါက်မဲ တစ်စောင်ရဖို့ပဲ လိုပါတယ်။
ဒါက မှန်းဆချက်သက်သက် မဟုတ်ပါဘူး။ ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ အီဗိုလာကပ်ရောဂါမှာ ဒီအတိုင်း ဖြစ်သွားခဲ့တာကို Richard Preston ရဲ့ Crisis in the Red Zone စာအုပ်မှာ ဖော်ပြထားပါတယ်။ အီဗိုလာဗိုင်းရပ်ပိုးတွေက လင်းနို့ငှက်ကနေ လူ တစ်ယောက်ဆီကို ကူးလာရာက စပါတယ်။ ဗိုင်းရပ်ပိုးတွေက လူကို အသည်းအသန် ဖျားနာစေပေမယ့်၊ လူ့ခန္ဓာကိုယ်မှာထက် လင်းနို့ရဲ့ ကိုယ်မှာ ရှင်သန်နေထိုင်ဖို့အတွက် ပိုပြီး အဆင်ပြေပါတယ်။ အီဗိုလာကို ဖြစ်တောင့် ဖြစ်ခဲ ရောဂါကနေ ကပ်ရောဂါ အဆင့်ဖြစ်စေခဲ့တာကတော့ အနောက်အာဖရိက မာကိုနာ ဆိုတဲ့ နယ်က လူတစ်ယောက်ဆီကို ကူးစက်ခဲ့တဲ့ ပိုးကနေ မျိုးဗီဇပြောင်းလဲသွားရာက စခဲ့တာပါ။ မာကိုနာမျိုးကွဲလို့ နာမည်ပေးထားတဲ့ အီဗိုလာဗိုင်းရပ် မျိုးကွဲက လူ့ရဲ့ ခန္ဓာကိုယ်က ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ စနစ်ကို အခွင့်ကောင်း ယူလိုက်ပါတယ်။ ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ ဆဲလ်တွေက ကိုလက်စထရောအစား အီဗိုလာဗိုင်းရပ်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒီမာကိုနာမျိုးသစ်က လေးဆလောက်ပိုပြီး လူတွေကို ကူးစက်နိုင်ပါတယ်။
အခုလည်း တီဟီရန်, မီလန်, ဝူဟန်မြို့က လူတချို့ဆီကို ကူးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကောင်ကောင်က အထက်ကပြောခဲ့သလို မျိုးဗီဇပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အီရန်တွေ, အီတလီတွေ, တရုတ်တွေ အတွက်သာ အန္တရာယ် မဟုတ်ပါဘူး။ လူတိုင်းရဲ့ အသက်ဘေးနဲ့ ဆိုင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်ကို ဒီလို အခွင့်အရေးမျိုး မပေးလိုက်ဖို့ ဆိုတဲ့ သေရေးရှင်ရေး ကိစ္စက တကမ္ဘာလုံးက လူတွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက လူတိုင်းကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
၁၉၇၀-ခုလွန် နှစ်တွေတုန်းက လူတွေက ကျောက်ရောဂါကို အနိုင်တိုက်ခဲ့တယ်ဆိုတာက နိုင်ငံတိုင်းက လူတိုင်း ကာကွယ်ဆေး ထိုးခဲ့ကြလို့ပါ။ တကယ်လို့ နိုင်ငံ တစ်နိုင်ငံက ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ် တခုလုံးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်ပိုးက တစ်နေရာရာမှာ ရှင်သန်ပြီး မျိုးဗီဇပြောင်းလဲနေခဲ့မယ်ရင် တချိန်ချိန်မှာ နေရာတိုင်းကို ပျံ့နှံ့ကူးစက် သွားပါလိမ့်မယ်။
ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ဖို့ အတွက် လူတွေက နယ်စပ်တွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ရပါလိမ့်မယ်။ နိုင်ငံတွေရဲ့ နယ်စပ်တော့ မဟုတ်ပါဘူး။ လူနဲ့ ဗိုင်းရပ်စ်ပိုးတို့ရဲ့ နယ်စပ်ကို စောင့်ကြပ်ရမှာပါ။ ကမ္ဘာကြီးက မရေတွက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ သဟဇာတဖြစ်နေပြီး မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ဗိုင်းရပ်စ်ပိုး အသစ်တွေကလည်း တရစပ် ဖြစ်ပေါ်နေတယ်။ လူသားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခြားထားတဲ့ စည်းက လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်တွေထဲကနေ ဖြတ်ပြီး ဆွဲထားတာပါ။ အကယ်၍များ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် တစ်ကောင်ကောင်က ကမ္ဘာကြီးရဲ့ တစ်နေရာရာက စည်းကို ချိုးဖောက် ဖြတ်ကျော်နိုင်ခဲ့ရင် လူသားမျိုးဆက် တစ်ခုလုံး အန္တရာယ်ကျရောက်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ လူသားက ဒီနယ်နိမိတ်စည်းကို အရင်ကနဲ့ မတူဘဲ ကောင်းကောင်းကြီး ခုခံကာကွယ်နိုင်ခဲ့ကြတယ်။ ခေတ်မီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတွေနဲ့ နယ်စပ်စည်းကို တံတိုင်း ဆောက်ကြတယ်။ သူနာပြုတွေ, ဆရာဝန်တွေ, သိပ္ပံပညာရှင်တွေက ဒီနယ်စပ်ကို စောင့်ကြပ်ပြီး ကျူးကျော်လာသူတွေကို မောင်းထုတ်ကြတယ်။ ဒါပေမယ့်လည်း ဒီနယ်ခြားစည်းရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းတွေကတော့ ဆိုးဆိုးဝါးဝါး ပွင့်နေပါတယ်။ ကမ္ဘာတဝှမ်းမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လောက်တောင် မရတဲ့ လူတွေက သန်းပေါင်း ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အားလုံးကို အန္တရာယ် ပြုနေပါတယ်။ ကျွန်တော်တို့က ကျန်းမာရေးကို နိုင်ငံအလိုက် စဉ်းစားတတ်ကြတယ်။ ဒါပေမယ့် တကယ်ကတော့ အီရန်နဲ့ တရုတ်နိုင်ငံသားတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းကောင်း ရတယ်ဆိုရင်၊ အစ္စရေးနဲ့ အမေရိကန်တွေကိုလည်း ကပ်ရောဂါဘေးက ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒီ ရိုးစင်းတဲ့ အမှန်တရားကို လူတိုင်း သိထားသင့်ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ ကမ္ဘာမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်အချို့ကတောင် ဒါကို မျက်ကွယ်ပြုထားလို့ပါ။
ခေါင်းဆောင် ကင်းမဲ့တဲ့ ကမ္ဘာ
ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေ ကြုံတွေ့ရနဲ့ အကြီးမားဆုံး ပြဿနာက ကိုရိုနာဗိုင်းရပ်စ် မဟုတ်ပါဘူး၊ လူအချင်းချင်း ယုံကြည်မှု ကင်းမဲ့မှု ပြဿနာပါ။ ကပ်ရောဂါကို နှိမ်နင်းနိုင်ဖို့အတွက် လူတွေက သိပ္ပံပညာရှင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံသားတွေက အာဏာပိုင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံတွေက အချင်းချင်း ယုံကြည်ကြရပါမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သိပ္ပံပညာ, အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကား ပူပေါင်းမှုတွေအပေါ် ယုံကြည်မှု လျော့နည်းပျက်ပြားအောင် တာဝန်မဲ့ နိုင်ငံရေးသမားတွေက တမင်လုပ်နေခဲ့ကြတယ်။ ရလဒ်ကတော့ လူတွေကို လှုံ့ဆော်စည်းရုံးပြီး တကမ္ဘာလုံး စည်းကိုက်ဝါးကိုက် တုန့်ပြန်နိုင်မယ့် ကမ္ဘာခေါင်းဆောင်မျိုး မရှိတော့ဘဲ ဒီကပ်ဘေးကြီးကို ရင်ဆိုင်နေကြရတာပါပဲ။
၂၀၁၄-ခုနှစ် အီဗိုလာကပ်ဘေးဖြစ်စဉ်က အမေရိကန်နိုင်ငံမှာ ဒီလိုခေါင်းဆောင်မျိုး ရှိခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်း ကြုံတော့လည်း အမေရိကန်အစိုးရက ဒီလိုခေါင်းဆောင်မှုမျိုးကို ယူခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော နှစ်တွေမှာတော့ အမေရိကန်က ကမ္ဘာခေါင်းဆောင် ရာထူးကို စွန့်လွှတ်ခဲ့တယ်။ လက်ရှိ အမေရိကန်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် အထောက်အပံ့တွေကို ဖြတ်တောက်လိုက်ပြီး၊ “အမေရိကန်က မိတ်ဆွေစစ် ဆိုတာထက် အကျိုးအမြတ်ကိုပဲ ကြည့်တောမယ်” ဆိုတာ ကမ္ဘာကို ရှင်းရှင်းလင်းလင်း ပြခဲ့တယ်။ ကိုရိုနာကပ်ဘေး ဖြစ်တော့ အမေရိကန်က ဘေးမှာ လက်ပိုက်ပြီး၊ ခေါင်းရှောင်နေခဲ့တယ်။ နောက်ဆုံး ခေါင်းဆောင်နေရာ ယူရတော့မယ် ဆိုရင်တောင်၊ လက်ရှိ အမေရိကန်အစိုးရအပေါ် ယုံကြည်ကိုးစားမှု နည်းပါးလာလို့ လိုလိုချင်ချင် နောက်လိုက်လုပ်မယ့် နိုင်ငံ အနည်းငယ်သာ ကျန်တော့တယ်။ “ငါအတွက်က ပထမ” အဆိုကို လက်ကိုင်ထားတဲ့ ခေါင်းဆောင်မျိုး နောက်ကို ဘယ်သူက လိုက်ချင်ပါ့မလဲ။
အမေရိကန်နိုင်ငံက ဖယ်ပေးလိုက်တဲ့ ခေါင်းဆောင် နေရာကို အခြား ဝင်ယူမယ့်သူလည်း မရှိသေးဘူး။ ပိုဆိုးတာက မျက်မှောက် နိုင်ငံတကာ စနစ်အများစုဟာ နိုင်ငံခြားသားကြောက်တဲ့ ရောဂါ, အထီးကျန် တံခါးပိတ်ဝါဒနဲ့ မယုံကြည်မှု အသွင်ဆောင်လာကြတယ်။ အပြန်အလှန်ယုံကြည်မှု၊ ကမ္ဘာ့ စည်းလုံးညီညွတ်မှုတွေ မရှိဘဲ ကိုရိုနာကပ်ဘေးကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာလည်း အလားတူ ကပ်မျိုးတွေနဲ့သာ ရင်ဆိုင်သွားရဖို့ ရှိတယ်။ ဒါပေမယ့် အခက်အခဲ အကြပ်အတည်းတိုင်းမှာ အခွင့်အလမ်းဆိုတာ ရှိစမြဲပါ။ ဒီကပ်ဘေးကြောင့် ကမ္ဘာကြီး ညီညွတ်ရေး ပျက်ပြားမှုရဲ့ အန္တရာယ်ကို လူတွေ သဘောပေါက် လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ထင်ရှားတဲ့ သာဓက တစ်ခုကို ပြရရင် ကပ်ဘေးဟာ လတ်လောနှစ်တွေမှာ ပျောက်ဆုံးခဲ့တဲ့ လူထုထောက်ခံမှုတွေကို ပြန်ရအောင် လုပ်ဖို့ ဥရောပသမဂ္ဂ (EU) အတွက် မဟာ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ပိုပြီးအဆင်ပြေတဲ့ နိုင်ငံတွေကနေ ဒုက္ခရောက်နေတဲ့ သမဂ္ဂဝင် နိုင်ငံတွေကို ငွေကြေး, ဆေးဝါးကိရိယာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလျှင်အမြန် ထောက်ပံ့ပေးမယ်ဆိုရင်၊ ဥရောပသမဂ္ဂရဲ့ တန်ဖိုးကို (မိန်ခွန်းတွေ တပုံကြီး ချွေနေတာထက် ပိုပြီး) သက်သေပြရာ ရောက်ပါတယ်။ မဟုတ်ရင်တော့ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံကို ကာကွယ်ကြရတော့မှာ ဖြစ်ပြီး ကပ်ဘေးက သမဂ္ဂကို အလဲထိုးချလိုက်ပါလိမ့်မယ်။
ဒီကပ်ဘေးကာလမှာ လူသားမျိုးနွယ်အတွင်း သေရေးရှင်ရေးတမျှ အရေးပါတဲ့ အားပြိုင်မှုတစ်ခု ဖြစ်လာပါတယ်။ ဒီကပ်ဘေးကြောင့် လူတွေ ပိုပြီး မညီမညွတ်ဖြစ်. မယုံကြည်မှုတွေ ဖြစ်မယ်ဆိုရင် ဒါဟာ ဗိုင်းရပ်စ်ပိုးတွေရဲ့ အကြီးမားဆုံး အောင်ပွဲ ဖြစ်သွားပါလိမ့်မယ်။ လူတွေ အငြင်းပွားနေရင် ဗိုင်းရပ်စ်တွေက နှစ်ဆပွားသွားပါမယ်။ အကယ်၍ ကပ်ဘေးကြောင့် ကမ္ဘာကြီး စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုရင်တော့၊ ဒါဟာ ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူ အောင်ပွဲ ခံလိုက်ရုံသာမက၊ အနာဂတ် ရောဂါပိုးမွှားတွေ အားလုံးကို အောင်နိုင်ရာ ရောက်ပါတယ်။
Yuval Noah Harari, "In the Battle Against Corona virus, Humanity Lacks Leadership", Time, Mar 15, 2020.



