Thursday, January 8, 2009
နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၂)
နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။ အနာသိမှ ဆေးရှိသည်ဟူသော စကားအတိုင်း အနာရောဂါကို ပျောက်ကင်းအောင် ကုသပေးမည့် သမားတော်သည် အနာရောဂါ၏ လက္ခဏာကို သိသည်။ အနာရောဂါ၏ ဖြစ်ကြောင်း ရောဂါဇစ်မြစ်ကို သိသည်။ ပျောက်ကင်းအောင် ကုသနိုင်သည်ကို သိသည်။ ဆေးနှင့် ကုထုံးကိုလည်း သိသည်။ ထို့အတူပင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းအောင် ကုသမည့် သမားတော်သည်လည်း ဒုက္ခ, ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ), ဒုက္ခချုပ်ငြိမ်းခြင်း (နိရောဓ), ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေမည့် အကျင့်လမ်း (မဂ္ဂ) တို့ကို သိရသည်။ ဤကား အရိယသစ္စာလေးပါး ဖြစ်၏။ ရောဂါကုသရာတွင် ရောဂါသည်သည် မိမိတွင်ရောဂါရှိကြောင်းသိ၍ ကုသလိုစိတ် ရှိရန်သာလိုသည်။ ရောဂါဇစ်မြစ်နှင့် ဆေး, ကုထုံးတို့ကိုသိရန်မှာ သမားတော်၏ တာဝန်ဖြစ်သည်။ ဒုက္ခကို ကုစားမည့်သူသည်ကား သစ္စာလေးပါးကို ကိုယ်တိုင် သိရှိ၍ ကိုယ်တိုင် ကုသရန် လိုအပ်လေသည်။ နိကာယ်ငါးရပ်သည်ကား ဗုဒ္ဓညွှန်ကြားခဲ့သော ဆေးကျမ်းကြီး ဖြစ်၏။ နိကာယ်ငါးရပ်သည် ရောဂါကုထုံး ဆေးကျမ်းကြီးသာ မဟုတ်သေး။ ရောဂါရှိသူတို့အား မိမိတို့၏ ရောဂါကို ရိပ်စားမိစေရန်၊ ရောဂါ၏ ဆိုးကျိုးအပြစ်တို့ကို သိရှိနားလည်စေရန် ပြသကာ အချိန်မီ ကုစားနိုင်ကြစေရန် ပညာပေးသော ကျန်းမာရေး ပညာပေးကျမ်းလည်းဖြစ်၏။
ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် တရားဦးဓမ္မစကြာဒေသနာတွင် အရိယသစ္စာလေးပါးအား ဟောကြားခဲ့သည်။
(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။
မွေးဖွားခြင်း (ဇာတိ), အိုခြင်း (ဇရာ), နာခြင်း(ဗျာဓိ), သေခြင်း (မရဏ), မနှစ်သက်သောသူ, မနှစ်သက်သောအရာတို့နှင့် ကြုံတွေ့ရခြင်း (အပ္ပိယေဟိ သမ္ပယောဂေါ), နှစ်သက်သောသူ, နှစ်သက်သောအရာတို့နှင့် ကွဲကွာရခြင်း (ပိယေဟိ ဝိပ္ပယောဂေါ), လိုချင်သည်တို့ကို မရခြင်း (ဣစ္ဆိတာလာဘ) တို့သည် ဒုက္ခများ ဖြစ်သည်။ စိတ်မချမ်းသာခြင်း, စိတ်ဆင်းရဲခြင်း, ထိတ်လန့်ခြင်း, စိုးရိမ်ပူပန်ခြင်း, ငိုကြွေးခြင်းတို့ကို ‘ဒုက္ခ’ ဟုခေါ်သည်။ အကျဉ်းချုပ်အားဖြင့်ဆိုက ဥပါဒါနက္ခန္ဓာ ၅-ပါးတို့သည် ‘ဒုက္ခ’ ဖြစ်သည်ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။
‘ခန္ဓာ’ဟူသော ပါဠိဝေါဟာရသည် ‘အပေါင်းအစု, အစုအဝေး’ဟု အဓိပ္ပါယ်ရသည်။ Aggregates ဟု အင်္ဂလိပ်ဘာသာ ပြန်လေ့ရှိသည်။ မြန်မာ အသုံးအနှုန်းတွင် ‘ခန္ဓာ’အား ‘ကိုယ်’ဟူသော ဝေါဟာရနှင့်တွဲဖက်၍ ‘ခန္ဓာကိုယ်’ဟုသုံးစွဲသည့် ကာယ (Body) ဟူသော အဓိပ္ပါယ်မျိုး မဟုတ်။ ‘ခန္ဓာ’သည် အာရုံတို့အား တွေ့ကြုံခံစားခိုက်တွင် ဖြစ်ပျက်နေသော တရားများကို ဆိုလိုသည်။ ပါဝင်ပတ်သက်နေသော တရားများကို ဆိုလိုသည်။ အာရုံသိမှုအတွေ့အကြုံ (experience) အား ခွဲခြမ်းစိတ်ဖြာကြည့်ပါက အုပ်စုငါးစု ပါဝင်ပတ်သက်နေသည်။ ယင်း အုပ်စု ငါးစု, အစုအပေါင်း ငါးပါးအား ခန္ဓာငါးပါး (ပဉ္စ + ခန္ဓာ = ပဉ္စက္ခန္ဓာ) ဟုခေါ်သည်။
စံပယ်ပန်းတစ်ပွင့်အား မြင်သောအခါ အဆင်းအာရုံကို သိခြင်းဟူသော သိမှုဝိညာဏ် (consciousness) ဖြစ်သည်။ စံပယ်ပန်းဟု အမှတ်ပြု၍ သိသော သညာ (perception) ဖြစ်သည်။ သာယာသော ခံစားမှု ဝေဒနာ (feeling) ဖြစ်သည်။ ထိုအာရုံ, မျက်စိအကြည်နှင့် သိစိတ်ဝိညာဏ်တို့ ထိတွေ့ခြင်းဟူသော ဖဿ (contact) ဖြစ်သည်။ အခြားအာရုံများအား အာရုံမပြုပဲ စံပယ်ပန်းအား အာရုံပြုခြင်းဟူသော မနသိကာရ (attention) ဖြစ်သည်။ သိခြင်း, မှတ်သိခြင်း, ခံစားခြင်း, ထိတွေ့ခြင်းစသောတရားတို့အား သိစေ, မှတ်သိစေ, ခံစားစေ, ထိတွေ့စေရန် စေ့ဆော်ပေးသော စေတနာ (intention) လည်း ဖြစ်သည်။ ဤဖဿ, မနသိကာရ, စေတနာစသော ပြုပြင်စီရင်တတ်သော သင်္ခါရတရားများ (mental formations) ဟုခေါ်သည်။ အဆင်းအာရုံနှင့် မျက်စိအကြည်ဟူသော ရုပ်တရားများလည်း ဖြစ်သည်။ စံပယ်ပန်းတစ်ပွင့်အား မြင်သော အာရုံအတွေ့အကြုံတွင် ဤနည်းအားဖြင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ဝိညာဏ်ဟူသော ခန္ဓာငါးပါးဖြစ်ပေါ်သည်။
“အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း, အပြင်, အကြမ်း, အနု, အယုတ်, အမြတ်, အဝေး, အနီး…အလုံးစုံသော” အာရုံအတွေ့အကြုံများမှ ရုပ်တရားအားလုံးအား စုပေါင်း၍ ရုပ်အစုဝေး (ရူပက္ခန္ဓာ) ဟုခေါ်သည်။ ခံစားမှုအားလုံးအား ခံစားမှုအစုအဝေး (ဝေဒနာက္ခန္ဓာ)ဟုခေါ်သည်။ မှတ်သားမှု အားလုံးအား မှတ်သားမှုအစုအဝေး (သညာက္ခန္ဓာ)၊ ပြုပြင်စီရင်မှု အားလုံးအား ပြုပြင်စီရင်မှုအစုအဝေး (သင်္ခါရက္ခန္ဓာ)၊ အာရုံသိမှု အားလုံးအား သိမှုအစုအဝေး (ဝိညာဏက္ခန္ဓာ)ဟု ခေါ်သည်။
ထို ခန္ဓာငါးပါးမှ တစ်ပါးပါးကိုဖြစ်စေ, အားလုံးကိုဖြစ်စေ ပုထုဇဉ်က ‘ငါ’ဟု မှတ်ယူထားသည်။ ‘ငါ့ဟာ’ဟု မှတ်ယူထားသည်။ သာမန်မျှ မှတ်ယူခြင်းမျိုးမဟုတ်။ ဖားကို မြွေဖမ်းသကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားခြင်းမျိုး ဖြစ်သည်။ ယင်းကို “စွဲလမ်းခြင်း” (ဥပါဒါန) ဟုခေါ်သည်။ ဥပါဒါန်ဖြင့် စွဲလမ်းသော ခန္ဓာငါးပါးအား ပဉ္စုပါဒါနက္ခန္ဓာ (ပဉ္စ + ဥပါဒါန + ခန္ဓာ) ဟုခေါ်သည်။ သင်္ခါရတရားဟူသမျှတို့သည် မမြဲ။ မိမိက “ငါ, ငါ့ဟာ”ဟု စွဲလမ်းမှတ်ယူထားသော အရာတို့ မမြဲ, ပျက်စီး, ဖောက်ပြန်သောအခါ၊ စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်းတို့ ဖြစ်သည်။ ဤသည်ကိုပင် ဓမ္မစကြာဒေနာတွင် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ- အကျဉ်းအားဖြင့် စွဲလမ်းရာ ခန္ဓာငါးပါးသည် ဒုက္ခဖြစ်၏” ဟုဟောကြားထားခြင်း ဖြစ်သည်။
“ဒုက္ခသည် စွဲလမ်းရာ ခန္ဓာငါးပါးဖြစ်သည်”ဟုသိခြင်းသည် ပထမအရိယသစ္စာဖြစ်သော ဒုက္ခသစ္စာကို သိခြင်းဖြစ်၏။
*****
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ သံ-၃-၇-ခန္ဓသံယုတ်-နကုလပိတုဝဂ်-ဥပဒါနပရိတဿနာသုတ်
၃။ မ-၃-၈၆၊ဒေဝဒဟဝဂ်-မဟာပုဏ္ဏမသုတ်
၄။ မ-၁-၃၀၆၊ သြပမ္မဝဂ်-မဟာဟတ္ထိပဒေါပမသုတ်
2 comments:
nlt said...
First of all let me say this is a fantastic article. I've just started trying to understand the basics and I find this perfectly pieced as intended to be.
I just find it to be a little confusing on the following though.
Last of all- what is နိကာယ် - or was I just not paying attention? :-)
Thank you so much and hope to read beyond part 3.
sonata-cantata said...
နိကာယ်ဆိုတာ မြတ်စွာဘုရားဟောကြားထားတဲ့ တရားအစုအဝေး (collections of Buddha’s teaching) ပါပဲ။ ပိဋကသုံးပုံလို့ဆိုရင်လည်း မမှားပါဘူး။ “နိကာယ်ငါးရပ် မိတ်ဆက်” http://sonata-cantata.blogspot.com/2008/11/blog-post_15.html မှာလည်း ဖတ်ကြည့်နိုင်ပါတယ်။
ဘယ်အပိုင်းမှာ ရှုပ်သွားလဲဆိုတာ မသေချာလို့ “ခန္ဓာငါးပါးဖြစ်ပေါ်ပုံ”ပဲ ကိုပြန်ပြီး ရှင်းပြပါရစေ။ ခန္ဓာငါးပါးဆိုတာ မြင်ခြင်း, ကြားခြင်း, နံခြင်း စတဲ့ အာရုံသိမှုတွေဖြစ်ခိုက်မှာ ဖြစ်ပေါ်နေ, ပါဝင်ပတ်သက်နေတဲ့ တရားတွေကို ခေါ်တာပါ။ ဥပမာ မြင်ခြင်းလို့ဆိုရင် မျက်စိအကြည်ဆိုတဲ့ Sense organ ရှိရပါတယ် (ပြတင်း,တံခါး - ဒွါရလို့လည်း ခေါ်ပါတယ်)။ မြင်စရာ အဆင်းအာရုံရှိရပါတယ်။ ဒါတွေက ရုပ်တရားတွေပါ။ မျက်စိအကြည်ကိုမှီပြီး အပြင်က အဆင်းအာရုံ visual object (ဥပမာ စံပယ်ပန်းတစ်ပွင့်ရဲ့ အဆင်း) ကို မြင်တဲ့ အသိစိတ်ဖြစ်ပါတယ်။ ဒီ အာရုံသိစိတ်ကို ‘၀ိညာဏ’ consciousness လို့ခေါ်ပါတယ်။
သိစိတ်ဟာ သူဟာသူ ဖြစ်တည်နိုင်စွမ်းမရှိပါဘူး။ အာရုံကို သိမှုအဖြစ်သာ ဖြစ်ကြရပါတယ်။ မြင်သိစိတ်, ကြားသိစိတ်, … တွေးကြံသိစိတ်လို့ အာရုံသိမှုအဖြစ်သာ ၀ိညာဏ်ဖြစ်ပါတယ်။ ၀ိညာဏ်ဟာ အာရုံနဲ့ ဒွါရပေါ်မှာတင် တည်နေတာ မဟုတ်ပါဘူး။ အာရုံရွေးချယ်မှုသဘောပေါ်မှာလည်း တည်ပါတယ်။ ဥပမာ ပန်းဥယျာဉ်ထဲမှာ ပန်းတွေအများကြီးရှိတဲ့အနက် နှင်းဆီ, ကန့်ကော်စတဲ့ ပန်းတွေကို မကြည့်ပဲ စံပယ်ပန်းကို ရွေးကြည့်လိုက်လို့ ‘စံပယ်ပန်းကိုမြင်ခြင်း’ ဆိုတာဖြစ်ပါတယ်။ ဒီသဘောကို မြန်မာလို အာရုံပြုတယ်, နှလုံးသွင်းတယ် စသဖြင့် ခေါ်လေ့ရှိပါတယ်။ ပါဠိလိုတော့ ‘မနသိကာရ’လို့ခေါ်ပါတယ်။
အာရုံ, ဒွါရ, ၀ိညာဏ်ဆိုတဲ့ သုံးခု ပေါင်းဆုံမိခြင်းဟာ အာရုံအတွေ့အကြုံဖြစ်မှုရဲ့ အခြေခံသဘောပါပဲ။ ဒီလိုပေါင်းဆုံမိခြင်းကို ပါဠိလို ‘ဖဿ’ လို့ခေါ်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ရင် ထိတွေ့ခြင်း (contact) လို့အဓိပ္ပါယ်ရ ပါတယ်။ တနည်းအားဖြင့် “သိစိတ်သည် ဒွါရမှတဆင့် ပြင်ပအာရုံကို ထိတွေ့ခြင်း”လို့ နားလည်နိုင်ပါတယ်။ ဖဿဟာ foundation of experience ပါ။ ဖဿကိုမှီပြီးမှ အာရုံကို ဒါဟာ စံပယ်ပန်းပဲလို့ သိမှတ်နိုင်တဲ့ သညာ (perception) ဖြစ်ပါတယ်။ ဖဿကိုမှီပြီးမှ ကြည်နူးသာယာမှုဆိုတဲ့ ခံစားမှု ဝေဒနာဖြစ်ပါတယ်။ ဖဿကိုမှီပြီးမှ “ဘုရားတင်ဖို့, ပန်ဖို့, နမ်းရှိုက်ဖို့ … ” စသဖြင့် ကြံရွယ်မှု, စေ့ဆော်မှု ‘စေတနာ’ ဖြစ်ပါတယ်။ ‘စေ့ဆော်’ ဆိုတဲ့စကားမှာ စေ့စပ်ခြင်း, ဆော်သြခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ coordination လို့နားလည်နိုင်ပါတယ်။ စေတနာကြောင့် သညာကလည်း သညာအလုပ်, ဝေဒနာကလည်း ဝေဒနာအလုပ်, ၀ိညာဏ်ကလည်း ၀ိညာဏ်အလုပ်ကို လုပ်စေနိုင်သည်။ စေတနာရဲ့ ကြံရွယ်မှု (intention) သဘောက အနာဂတ်ကို ရှေးရှုနေလို့ နောင်မှာ ၀ိညာဏ်အသစ် အာရုံသိမှုအသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ စေတနာက စေ့ဆော်မှု, ကြံရွယ်မှုတွေနဲ့ ပြုပြင်စီရင်ပေးနေတယ်လို့လည်း (ပါဠိလို ‘သင်္ခါရ’) ခေါ်လေ့ရှိပါတယ်။
ဒီလို မြင်ခိုက်, ကြားခိုက်, နံခိုက်… အာရုံအတွေ့ကြုံသိမှု ဖြစ်ခိုက်မှာ ဖြစ်ပေါ်နေတဲ့ တရားတွေကို ငါးစုခွဲကြည့်နိုင်ပါတယ်။ ဥပမာ စံပယ်ပန်းတစ်ပွင့်ကို မြင်ခိုက်မှာ
(၁) ရူပက္ခန္ဓာ - (စံပယ်ပန်း၏) အဆင်းအာရုံ နှင့် မျက်စိအကြည်
(၂) ဝေဒနာက္ခန္ဓာ - ကြည်နူးသောခံစားမှု
(၃) သညာက္ခန္ဓာ - (စံပယ်ပန်းဟု) မှတ်သိမှု
(၄) သင်္ခါရက္ခန္ဓာ - စေတနာ, ဖဿ, မနသိကာရ, နှင့် အခြားသော ပြုပြင်စီရင်သည့် သဘောများ
(၅) ၀ိညာဏက္ခန္ဓာ - (စံပယ်ပန်း၏) အဆင်းအာရုံကို မြင်သိမှု
တွေဖြစ်ပေါ်တာကို ခန္ဓာငါးပါးဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။
ရှင်းမှ ပိုပြီး ရှုတ်သွားမလား။ မေးတာတခြား ဖြေတာတခြားဖြစ်နေမလားတော့ မသိပါ။