ဗုဒ္ဓမြတ်စွာ ၄၅-နှစ်တာ ဟောကြားခဲ့သောတရားတော်များ၏ အနှစ်သာရ, ရည်ရွယ်ချက်ပန်းတိုင်သည် ‘ဝိမုတ္တိရသ’ ခေါ် လွတ်မြောက်မှု ချမ်းသာဖြစ်သည်။ သို့သော် ပုဂ္ဂိုလ်တို့၏ ဉာဏ်အတိမ်အနက်, ကိလေသာအထူအပါး, အကျင့်စရိုက်, ဝါသနာတို့ကိုလိုက်ကာ ရှုထောင့်အမျိုးမျိုး, နည်းပရိယာယ်အမျိုးမျိုးဖြင့် တရားဓမ္မကို ဟောကြားတော်မူခဲ့သည်။ ဝိမုတ္တိရသ နိဗ္ဗာန်ချမ်းသာကို လက်လှမ်း မမှီနိုင်သေးသူတို့အားလည်း အပါယ်ဒုဂ္ဂတိသို့ မကျရောက်စေရန် တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) အတွက် ဟောကြားသည်။ ထို့အတူ မျက်မှောက်ဘ၀ ကြီးပွားရေး, စီးပွားရေး, လူမှုရေး, နိုင်ငံရေးစသော အကျိုး စီးပွားများ (ဒိဋ္ဌဓမ္မ ဟိတသုခ) အတွက်လည်း ဟောကြားသည်။ မြတ်စွာဘုရား ပွင့်ထွန်းလာခြင်းသည် လောကသားတို့၏ အကျိုးစီးပွားအတွက်ဖြစ်သည် ဟူသောစကားအတိုင်း နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက်သည် (၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)၊ (၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) (၃) ဝိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။
ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။
မြတ်စွာဘုရားဟောကြားခဲ့သော ဒေသနာတော်များသည် သုတ္တန် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ကွဲပြားနေသော်လည်း တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်မနေပဲ၊ ပတ်သက်ဆက်နွယ်နေသည်။ တိုင်, ထုတ်, ယက်မ, ဒိုင်းတို့ဖြင့် အချိုးညီညီ တည်ဆောက်ထားသော အိမ်တစ်လုံးကဲ့သို့ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်သိမ်းယူနိုင်သည်။ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ ကုန်းသတ္တဝါတို့၏ ခြေရာများသည် ဆင်ခြေရာတွင် အကျုံးဝင်သကဲ့သို့ ကုသိုလ်တရားအားလုံးတို့သည် သစ္စာလေးပါးတရား၌ အကျုံးဝင်သည်ဟု ရှင်သာရိပုတ္တမထေရ်က မဟာဟတ္ထိပဒေါပမသုတ်တွင် ဟောကြားထားသည်။
အနီးမှကြည့်လျှင် သစ်ပင်ပန်းမာလ် အမျိုးမျိုးကိုတွေ့နိုင်၍ အဝေးမှလှမ်း၍ ကြည့်လျှင် ဥယျာဉ် တောအုပ်ကို တွေ့ရမည်။ ထို့အတူပင် နိကာယ် ၅-ရပ်တွင် ပဋိစ္စသမုပါဒ်ဒေသနာ, သတိပဋ္ဌာန်ဒေသနာ, အနတ္တဒေသနာ, ဗောဓိပက္ခိယတရား, ခန္ဓာ, အာယတန, ဓာတ်, ကိလေသာ, သံယောဇဉ်, နီဝရဏစသဖြင့် ရှုထောင့်အမျိုးမျိုးမှ ဒေသနာအမျိုးမျိုး တွေ့နိုင်သော်လည်း ထိုဒေသနာများအား ဒုက္ခ, ဒုက္ခဖြစ်ခြင်း (သမုဒယ), ဒုက္ခချုပ်ခြင်း (နိရောဓ), ဒုက္ခချုပ်ခြင်းသို့ရောက်စေနိုင်သည့် အကျင့်လမ်း (မဂ္ဂ) ဟူ၍ သစ္စာလေးပါးတရားတွင် အကျုံးဝင်ပါသည်။ မည်သို့ဆက်စပ် အကျုံးဝင်ပုံကို အောက်ပါ mind-map ဖြင့် စိတ်ကူးပုံဖော် ကြည့်နိုင်ပါသည်။ mind-map ဟုဆိုသည့်အတိုင်း ဂြိုလ်တုမှရိုက်ထားသော အတိအကျ မြေပုံမျိုးတော့ မဟုတ်ပါ။ ပြီးပြည့်စုံသော ပုံစံတစ်ခု မဟုတ်ပါ။ သို့သော် ဤပုံစံဖြင့် နိကာယ် ၅-ရပ်မှ ဒေသနာ အတော်များများအား အဝေးမြင်ရှုခင်းမှ ကြည့်ရှုလေ့လာနိုင်ပါသည်။ နိကာယ် ၅-ရပ်ဟူသော တောအုပ်တွင်းသို့ ဝင်၍ သစ်ပင်ပန်းမာလ်တို့အား လှည့်လည် ရှုမောသုံးသပ်နိုင်ပါစေ။
Monday, January 5, 2009
နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၁)
“ဗုဒ္ဓဘာသာကို စနစ်တကျ လေ့လာချင်ပါတယ်။ ဘယ်လို လေ့လာရပါမလဲ” လို့ နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်တစ်ဦးက ကျွန်တော်အား မေးဖူးသည်။ အကြောင်းရင်းကို မေးကြည့်တော့၊ “ဟိုဟိုဒီဒီ စာအုပ်တွေ ဖတ်၊ တရားတွေ နာလို့ သိတာတွေလည်း အတော်များပါတယ်။ ဒါပေမဲ့ ဟိုတစ်စ, ဒီတစ်စ ဖြစ်နေပြီး, သေခြာ မသိသေးသလိုဖြစ်နေလို့ပါ” ဟုအဖြေပေးသည်။ ‘စနစ်ကျခြင်း’ဟူသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကို ပြန်၍ စဉ်းစားမိသည်။ ဤတွင် လှေကားထစ်တက်သကဲ့သို့ လွယ်ရာမှ ခက်ရာသို့ တစ်ဆင့်ပြီး တစ်ဆင့် (step-by-step) လေ့လာခြင်းကို စနစ်တကျ လေ့လာခြင်း ဟုဆိုနိုင်သည်။ တနည်းအားဖြင့်လည်း တိုင်, ထုတ်, ယက်မ, ဒိုင်း, နံရံ, အမိုးစသော အစိတ်အပိုင်းများကို သူ့နေရာနှင့်သူ ချိတ်ဆက်ပေါင်းစပ်၍ အိမ်တစ်ခုတည် ဆောက်သကဲ့သို့၊ ဟိုတစ်စ, ဒီတစ်စ ပြန့်ကျဲနေသော အစိတ်အပိုင်းများအား တစ်ခုနှင့် တစ်ခု ဆက်စပ်ပေါင်းစည်းကာ တစ်စုတစ်စည်းတည်း သိမ်းယူတည်ဆောက်၍ part-whole အားဖြင့် လေ့လာခြင်းမျိုးကိုလည်း ဆိုနိုင်ပါသည်။ တစ်ဆင့်ပြီး တစ်ဆင့် အစဉ်အတိုင်း လေ့လာသည်ဖြစ်စေ, အစိတ်အပိုင်းများအား စုစည်းပေါင်းစပ်ကာ ပြီးပြည့်စုံသော အမြင်တစ်ခုရရန် လေ့လာသည်ဖြစ်စေ, ရည်ရွယ်ချက်တစ်ခုသ့ို ပို့ဆောင်ပေးနိုင်စေရပါမည်။
Labels:
ဓမၼဒါန,
ဓမ္မမှတ်စု,
ဧရာ
Subscribe to:
Post Comments (Atom)
3 comments:
သားဖတ်သွားတယ်နော်.. ကြားနေကျစကားလုံးတွေမဟုတ်တော့ ဖတ်ရတာခေါင်းတော့အမူးသား။ ဒါပေမယ့် စကားလုံးတွေအားလုံးကို စာတွေထဲမှာမြင်ဖူးပါတယ်။ နားသာမလည်တာ။းP
မြေပုံကိုလည်းတတ်နိုင်သလောက်တော့ အဆင့်အလိုက်ကြည့်သွားတယ်။ အလုံးစုံတော့နားမလည်။ သိမှတ်ခွင့်ရတာကိုပဲ ကျေးဇူးတင်လှပါပြီ။း
ကိုဧရာနဲ့မသီတာ..mind-mapping diagram ထဲက တချို့ပါဠိစကားလုံးအဓိပ္ပါယ်တွေ မသိလို့ အပိုင်း(၂)က ဒုက္ခသစ္စာကို ရှင်းပြသလို ရှင်းပြပေးရင် သိပ်ကောင်းမှာပဲ။ အပိုင်း(၂)ကိုတော့ နားလည်ပါတယ်။ဒီပို့စ် ပြီးတဲ့အထိ စောင့်ဖတ်နေမယ်။
တစ်ပိုင်းပြီး တစ်ပိုင်း ပုံပေါ်အောင် ကြိုးစားပြီး ဆက်ရေးသွားပါမယ်။
Post a Comment