Saturday, January 10, 2009

ဘာသာပြန်ရာဝယ်


ဘာသာပြန်ခြင်းသည် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပါ။ ဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်ဖို့လိုသလို မိမိပြန်ဆိုမည့် အကြောင်းအရာကိုလည်း သေချာကျန နားလည်ထားရန် လိုပါသည်။ ရေမြေသဘာ, အတွေးအခေါ်, ယဉ်ကျေးမှု မတူကြသည့် ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဝေဟာရဖလှယ်ရခြင်းသည် မလွယ်။

ဤဘာသာပြန်လေးကို ကြည့်ပါ။

မသိတော့ မမြဲ။
မမြဲတော့ သိ။


မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးတစ်ဦး၏ ကဗျာဆန်ဆန် ရေးထားသည့် စာဖြစ်သည်။ (နောက်က စာတွေကို မမှတ်မိတော့ပါ။) အဓိပ္ပါယ်ကို အတော်လေးစဉ်းစား ယူရသည်။ နောက်မှ “အဝဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မြန်မာပြန်ထားမှန်း သိရပါသည်။ ‘သင်္ခါရာ’ ကို ပြုပြင်စီရင်မှုဆိုသည့် အဓိပ္ပါယ်အစား မြန်မာအများ နှုတ်ကျိုးနေသော “မမြဲသော သင်္ခါရသဘောတရား” ဆိုသည်ကို ယူ၍ မြန်မာဆန်ဆန် ပြန်လိုက်ခြင်း ဖြစ်မည်။ ကဗျာဆန်သလိုလို, ဂမ္ဘီရဆန်သလိုလိုရှိသော်လည်း မူရင်းအဓိပ္ပါယ်မှ လုံး ကွဲလွဲ သွားပါသည်။

မြန်မာတို့သည် ပညာရပ်ဆိုင်ရာဝေါဟာရ အတော်များများကို မြန်မာဘာသာပြန်မည့်အစား မူရင်းဝေါဟာရကိုပင် အသံဖလှယ် ယူလေ့ရှိပါသည်။ ဒုက္ခ, ဘ, အတ္တ စသော ပါဠိဝေါဟာရများကို တိုက်ရိုက်မွေးစားယူသည်။ စိတ် (စိတ္တ), ပရိယာယ် (ပရိယာယ) စသဖြင့် မြန်မာသံပြောင်းယူသည် လည်းရှိသည်။ ယနေ့ခေတ်တွင်လည်း ကား, ကွန်ပျူတာ, ကင်မရာစသဖြင့် ဝေါဟာရအတော်များများကို မြန်မာသံပြောင်းယူထားသည်။ ဘာသာပြန်မည့်အစား မွေးစားယူခြင်းဖြင့် ဝေါဟာရ ကျစ်လစ်ပြီး အဓိပ္ပါယ်ကောက်လွဲမည်လည်း သိပ်မစိုးရိမ်ရ။ သို့သော် စာတစ်ပုဒ် အတွင်းတွင် မြန်မာတို့နှင့် မရင်းနှီးသေးသော ဘာသာခြားဝေါဟာရများကို အလုံးအရင်း ထည့်သွင်းလိုက်ပါက အတော်အဖတ်ရ ခက်သွားပါသည်။ အချို့စကားလုံးများဆိုလျှင် ဘာကိုဆိုလိုမှန်းပင် မသိရတော့။ ဥပမာ “ဂလိုဗယ်လုံခြုံရေး အတွက် ဗီးရှင်းသစ်”ဆိုသော စာသားမျိုး ဖြစ်သည်။ ‘ဗီးရှင်း’ အစား ‘အမြင်’ ဟုဖြစ်စေ, Vision ဟု အင်္ဂလိပ်စာလုံးအတိုင်းဖြစ်စေ ဖတ်ရသည်က ပို၍ အဆင်ပြေပါသည်။ အဓိပ္ပါယ်ကို မသိသည့်တိုင် စာဖတ်သူက အဘိဓာန်တွင် ရှာကြည့်နိုင်သေးသည်။ ပိုဆိုးသည်မှာ အဆန်းထွင်၍ အင်္ဂလိပ်ဝေါဟာရအား အသံဖလှယ်ကာ ပါဠိသံဆန်ဆန် မြန်မာမှု ပြုခင်းဖြစ်သည်။ ဥပမာ ရိုမန်တစ် (Romantic) အား ‘ရောမန္တိက’ ဟု ရေးခြင်းမျိုး ဖြစ်၏။ မြန်မာတို့နှင့် မရင်းနှီးသေးသော ဝေါဟာရဖြစ်လျှင် ပဟေဠိထုတ်သလို ဖြစ်တတ်သည်။

တစ်ခါက ဘတ်စ်ကားတစ်စီးတွင် ‘ဣစ္ဆိတာ’ ဟု ရေးထားသည်ကို ဆရာကြီးဦးဖေမောင်တင် ဖတ်မိသည်။ ထိုအခါဆရာကြီးက “ဟေ့ ဒီနာမည်က အလွန်ကောင်းတာကွ။ သူက ဘတ်စ်ကားစီး လူတွေကို ဆုပေးရာ ရောက်တယ်။ ‘ဣစ္ဆိတံ တုယှံ၊ ခိပ္ပမေ သမိဉ္ဇတု’ တဲ့ကွ။ စီးတဲ့သူတွေ လိုအပ်သောဆုနှင့် ပြည့်စုံစေပေါ့ကွာ။ ဒါပေမဲ့ သူ့စာလုံးပေါင်းက မှားနေတယ် အမှန်က ‘ဣစ္ဆိတံ’ လို့သာရေးရမယ်ကွ။ မင်းတို့ ပြင်ပေးလိုက်ကြပါကွယ်” ဟုပြောပါသည်။ ဆရာကြီးတပည့်များက ကားဆရာအား သွား၍ ပြောကြသည်။ ထိုအခါ ကားဆရာက ဒေါပွသွားပြီး “ခင်ဗျားတို့က ဘာနားလည်လို့တုန်း။ ကျုပ်က ကားစီးတဲ့လူတွေကို လိုရာဆု ပြည့်ပါစေလို့ ဆုတောင်းပေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကားက လူရှစ်ယောက်ပဲ ဆန့်တာ။ ဒါကြောင့် ‘ရှစ်ယောက်စီး’ (Eight Seater) ဣစ္ဆိတာလို့ ရေးထားတာ” ဟုဆိုကာ ကားကိုမောင်း၍ ထွက်သွားသည်ဟူ၏။ ရိုမန်တစ်ကို ရောမန္တိက လုပ်ချင်သူများ စဉ်းစားမိဖို့ပါ။



14 comments:

PAUK said...

မသီတာရေ..
ရယ်ရခက်...ငိုရခက်ကြီး...
ဒါပေမယ့်လည်း...
ရယ်သွားပါတယ်...။။
မြန်မာစကားရဲ့ မွေးစားစကားလုံးတွေကြောင့်လည်း...
ကျနော်တို့ ဘိုစကားလုံးတွေနဲ့ နားမစိမ်းဘူး။။
draw=ဒရော
boot=ဘွတ်ဖိနပ်
ဟားဟ..

tg.nwai said...

မှတ်သားစရာ ကောင်းလှပါပေတယ်..။ တခါတခါ အင်္ဂလိပ်စကားကို ဘာသာပြန်ထက်စာရင် သူ့မူရင်းအတိုင်းက ပိုနားလည်လွယ်သလိုပါပဲ..။ အထူးသဖြင့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေဆို ပိုသိသာပါတယ်။ မြန်မာလို ဘာသာပြန်တာ ပိုရှုပ်ထွေးနေတတ်ပါတယ်..။ တချို့ကျတော့လည်း အင်္ဂလိပ်လိုညှပ်ရေးနေရတာကို သိပ်ကြည့်မရတတ်လို့ Vision ကို ဗွီရှင်းလို့ မြန်မာအသံနဲ့ ရေးလိုက်ကြတာထင်ပါတယ်။

Craton said...

ဟုတ်၏ ဟုတ်၏ လွယ်ဘူး။

လူလ said...

မင်္ဂလာပါ ၊
ဧရာ (မန္တလေး) ရေးတဲ့ ဘာသာပြန်ရာဝယ် ပိုစ့်ကို ဖတ်သွားသည်။
အင်း မြန်မာစာက တော်တော် ပင်ပန်းတယ်၊ ဘာသာကပဲ မြင့်မားလို့လား ရှုပ်ထွေးနေလို့လား ကိုယ်တို့ပဲ ညံ့လိုလားတော့ မသိဘူး။ အခုထိ ငြင်းပွားနေရတုန်း တချို့ ဝေါဟာရတွေဆိုရင်ပေါ့။
တခြားဘာသာတော့မသိဘူး အင်္ဂလိပ်အက္ခရာ သိုမဟုတ် လက်တင် အက္ခရာတွေနဲ့ အသုံးပြုတဲ့ စာလုံးတွေဆိုရင် သတ်မှတ်ပြီးကတည်းက မပြောင်းတော့ဘူး။
cat = ကြောင်၊ ဒီကြောင်ဟာ ဘယ်တော့မှ မယောင်တော့ဘူး။
ဒီ ပို့စ်လေးကို ဖတ်မိရင်း တွေးမိတာကို ရေးချဖြစ်သွားတာပါ။ မှားတယ်ဆိုလဲ ၀န္ဒာမိပေါ့နော်

ရွှင်လန်းချမ်းမြေ့ပါစေ...

အောင်သာငယ် said...

မှတ်သားစရာပါပဲ ကိုဧရာရေ့...

ကိုဧရာ့ ဆောင်းပါး ဖတ်မိမှ ဆောင်းပါး တခုကို သွားသတိရတယ်...

ဆရာသာနိုးက -ဗျတ္တ- ဆိုတဲ့ နံမည်က မူရင်း အသံ -ဗျော့ဂ်ထော- ဖြစ်တယ်ဆိုတဲ့ ဆောင်းပါးကို မောင်ရစ်-လား မသိ ပြန်ရေးထားတာ -

- မလုပ်ပါနဲ့ ဆရာနိုးရယ် တော်ကြာ
ဗျော့ဂ်ထောလို ပန်းဆက်သမားပါကွယ်-ဆိုပြီး သီချင်းဆိုနေရရင် သိပ်မနိပ်သေးပါဘူး - ဆိုတာလိုမျိုးပေါ့...း)

pandora said...

ရိုမန်တစ်ကိုရောမန္တိက လုပ်တာ ဆရာနိုး ထင်ပါတယ်။ တဲကနိက လိရိက.. ဒါတွေလည်း ကြားဖူးတယ်။

ကိုဗြဂ္ဂ ဆိုတဲ့ ဘလော့ဂါ တစ်ယောက်ကတော့ ဟောမုံနစက္ကရာ လို့ နောက်ထားဖူးတယ်။ ဘာကိုပြောတယ် မှတ်လဲ။ သိချင်သွားဖတ်။ http://byakga.blogspot.com/2008/05/blog-post_6697.html

sonata-cantata said...

မှတ်ချက် ပေးသွားကြသူတွေအားလုံး… ကျေးဇူးပါ။

ကိုယ်ထက် အသက်, ၀ါ, ပညာ, ဂုဏ်အများကြီးသာထက် ဆရာကြီးများကို အပြစ်ပြောခြင်း မဟုတ်ပါ။ စာဖတ်သူတစ်ဦးအနေနှင့် တွေးမိတာတွေပါ။ မြန်မာဘာသာပြန်လို့ရရင် ပြန်စေချင်တယ်။ ပြန်ဖို့ အခက်ခဲရှိလို့ အသံထွက်အတိုင်း မွေးစားယူရင်လည်း မူရင်းအင်္ဂလိပ်အတိုင်း တစ်ကြိမ်လောက်ဖြစ်စေ ဖော်ပြပေးရင် ကောင်းပါတယ်။ ဥပမာ - ဆောင်းပါးတစ်ခုမှာ ဆပ်ပရိုင်း (Sub-prime) ဆိုတဲ့ဝေါဟာရကို လက်သည်းကွင်းနဲ့ တွဲပြပြီး အဓိပ္ပါယ်ကို ခပ်တိုတို ရှင်းပြပါတယ်။ နောက်ဆောင်းပါး တစ်ခုလုံးမှာ ‘ဆပ်ပရိုင်း’ လို့ပဲသုံးသွား ပါတယ်။ စာဖတ်သူ ဦးနှောက် မခြောက်ရတော့ဖူး ပေါ့။ ဒီလိုစာမျိုးဖတ်ရင် ဒီဝေါဟာရလောက်တော့ သိရမယ်လို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။

မာ့က်စ်, ဆားတ်, အိုင်းစတိုင်း, နယူတန်စတဲ့ လူပုဂ္ဂိုလ်အမည်တွေကတော့ အသံဖလှယ်ရုံပါပဲ။ မူရင်းအသံထွက်နဲ့ အနီးစပ်ဆုံး ဖလှယ်နိုင်ရင် ကောင်းပါတယ်။ စပ်မိလို့ အဖြစ်ပျက်တစ်ခု ပြောပါရစေ။ ခပ်ငယ်ငယ် က သိပ္ပံဘာသာရပ်မှာ နယူတန်နိယာမ, ချားလ်စ်နိယာမ… စသဖြင့်သင်ကြရပါတယ်။ ဆရာကလည်း တပည့်တွေ စိတ်ဝင်စားအောင် နယူတန်တို့, ချားလ်စ်တို့အကြောင်း ပြောပြလေ့ရှိပါတယ်။ တစ်ရက်တော့ ကျောင်းသာတစ်ယောက်က “ဆရာ… ‘ပေါလောပေါ်’ အကြောင်းလည်း ပြောပြပါဦး။ သူက ဘာလူမျိုးလဲ” လို့ မေးပါတယ်။

ဟုတ်ကဲ့ … ဗျော့ဂ်ထောလို ပန်းဆက်သမားတော့ မဆိုပါရစေနဲ့။ ‘ဟောမုံနစက္ကရာ’ အတွက် ကျေးဇူးပါ။

Kay said...

ကိုဧရာ - အဲဒါ စဉ်းစားစရာ အမှန်ပဲ။ ဗမာမူ ပြုခဲ့တဲ့ စာလုံးတွေထဲမှာ..ဆရာကြီး ယုဒသာန်ရဲ့ ဝေါဟာရတွေလည်း မေ့ထားလို့ မရဘူး။

ဒါပေမဲ့..သူက..ဝေါဟာရ အသုံးတွေထက်..လူနံမယ်တွေကို သာ..အဓိက မြန်မာမူ ပြုတာပါ။

သူ့ခေတ်သူ့အခါကတော့.. ရီစစ္စတီ ( Register)ဆိုတာမျိုးတွေလည်း ..ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြတယ်နော်-

ကိုယ်ပိုင် အယူအဆ အနေနဲ့တော့..ကိုဧရာပြောသလို.. မြန်မာအနက်ပြန်ချင်ပြန် (အမြင်) မူရင်းဘာသာအတိုင်းရေးချင်ရေး (vision)
ဆိုတာကို ပဲ..ပိုနှစ်သက်မိတယ်။

Yu Wa Yi said...

ဝုတ်ကဲ့ဘာ။ မှတ်သားသွားပါဒယ်။

SDL said...

မှတ်သားသွားပါတယ်။ ကိုဧရာရဲ့စာ၊ ကိုအောင်သာငယ်၊ ပန်ဒိုရာတို့ရဲ့ လင့်တွေပါကြည့်ပြီး ပြုံးမိပါတယ်။

သင်းနွယ်ဇင် said...

မြန်မာစာအရေးအသားနဲ့ ပတ်သက်လေ့လာဆဲမို့ မှတ်သွားပါတယ်။ ကျေးဇူးပါ။

Ko Paw said...

မှတ်သားစရာပါပဲ။

ရောမန္တိက(Romantic)တို့ အိရောတိက(erotic)တို့က ဓါတ်ပေါက်သူအချင်းချင်း ပြောကြရေးကြတဲ့နေရာမှာ သုံးစွဲရင် ပြဿနာမရှိနိုင်ပေမယ့် ရိုးရိုးစာဖတ်သူအတွက်တော့ ဦးနှောက်ခြောက်စရာဖြစ်တာအမှန်ပါပဲ။

နောက်တမျိုးက နာမည်ကျော်ပုဂ္ဂိုလ်တွေကို ခင်မင်သူချင်းခေါ်ကြတဲ့ Nickname တွေနဲ့ ရုပ်သံအင်တာဗျူးတွေမှာ၊ အများဖတ်မယ့်စာတွေမှာ သုံးစွဲတာပဲ။ (အဲဒီအကြောင်းကို “ကြားရကြားရ နားဝမှာ မသက်သာ” (ရေးသူ-မောင်တည်ငြိမ် ထင်ပါရဲ့) မှာ ရေးထားတာ ဖတ်ဘူးတယ်။)

ဥပမာ ထူးအိမ်သင်ကို ကိုငှက် လို့ ခေါ်တာမျိုး၊ ဇော်ဝင်းထွဋ်ကို ကိုညီထွဋ်၊ ဒွေးကို ကိုသားကြီး စသဖြင့် ခေါ်ဝေါ်ရေးသားတာပဲ။ ရှေ့မှာ ရှင်းပြထားတာမပါရင် ဖတ်ရသူ၊ ကြားရသူအဖို့ နားရှုပ်နိုင်ပါတယ်။

သက်ဝေ said...

သေသေချာချာ ဖတ်သွားပါတယ်...
ပြုံးလဲ ပြုံးသွားပါတယ်... (လှလှလေး ပြုံးတာနော်...)

Ma Ma said...

ဟားဟား ......ဣစ္ဆိတာ (Eight Seater)
Batam ကိုအလုပ်နဲ့သွားတုန်း Store စက္ကူပုံးမှာ MT ဆိုပြီးရေးထားတာတွေ့လို့ အထဲက ဘာပစ္စည်းလဲလို့ မေးတာ “MT လေ” “MT လေ” ဆိုတဲ့အဖြေပဲရတယ်။ နောက်ဆုံးဘယ်လိုမှနားမလည်လို့ English လိုကောင်းကောင်းပြောတတ်သူကိုမေးမှ အော်ဖြစ်ရလေလို့ ဟားတိုက်ရယ်ချင်ပေမယ့် သူများတိုင်းပြည်မှာဆိုတော့ ပြုံးရုံပဲပြုံးခဲ့ရတယ်။

အဖြေက
MT = Empty (ဗလာနထ္ထိ)