Saturday, March 27, 2010

ဖက်ဆစ်တော်လှန်ရေး ဖတ်စာ

ဖေဖေ… ‘ဖက်ဆစ်’ ဆိုတာဘာလဲ။
ရက်စက်ပြီး လူမဆန်တဲ့ဝါဒပေါ့။
ဒါဆိုဘာလို့ မြန်မာတွေက ဖက်ဆစ်ဂျပန်နဲ့ ပေါင်းခဲ့ကြတာလဲ။
အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး တိုက်ချင်လို့။
ဒါပေမယ့် ဘာလို့ လူဆိုးတွေနဲ့ ပေါင်းရတာလဲ။
… `အ’ လို့။ အမြင်မကျယ်လို့ ပေါ့။
နောက်တော့ မြန်မာက အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်တယ်နော်။
အင်း… ဟုတ်တယ်။
ဒါပေမယ့် ဘာလို့ ဒုတိယကမ္ဘာစစ် အကြောင်းစာအုပ်တွေမှာ မြန်မာတွေရဲ့ ဖက်ဆစ်တော်လှန်ရေး အကြောင်း မပါရတာလဲ။ ပါရင်လည်း တစ်ကြောင်း နှစ်ကြောင်းလောက်ပဲ…။
အင်္ဂလိပ်တွေက သိပ်အရေးလုပ်ပြီး မဖော်ပြချင်ကြဘူး။ ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ မြန်မာတွေရဲ့ ဖက်ဆစ်တော်လှန်ရေးဆိုတာက သေးသေးလေး။ မြန်မာတွေ ဂျပန်နဲ့ မပေါင်းခဲ့ရင်လည်း မြန်မာပြည်ကို ဂျပန်တွေသိမ်းမှာပဲ။ ဂျပန်ကို ပြန်မတော်လှန်ခဲ့ရင်လည်း မဟာမိတ်တွေက ဂျပန်တွေကို ပြန်မောင်းထုတ်မှာပဲ…။
ဟင်… ဒါဆို ဖက်ဆစ်တော်လှန်ရေးဆိုတာ အလကားပဲပေါ့..။
မဟုတ်ဘူး.. သားရဲ့။ ဖက်ဆစ်တော်လှန်ရေးကနေ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကို အရယူပေးမယ့် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ပြီးတော့…
ပြီးတော့ ဘာလဲ…။
လူဆိုတာ မှားတတ်တယ်။ မှားရင် ပြင်ကြရတယ်။ မပြင်နိုင်ခဲ့ရင် အကြွေးတစ်ခု တင်ကျန်ခဲ့တယ်။ ဗမာ့တပ်မတော်ဟာ ဂျပန်တွေနဲ့ ပေါင်းမိခဲ့တဲ့အတွက်, မြန်မာပြည်ကို စစ်ကြီးထဲ ဆွဲသွင်းသလို ဖြစ်သွားတဲ့အတွက် တိုင်းပြည်အပေါ် အကြွေးတင်သွားတယ်။ ဗမာ့တပ်မတော်က ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ပြီး ဒီအကြွေးကို ဆပ်နိုင်ခဲ့တယ်။

****

‘ဖက်ဆစ်’ ဆိုတာ ‘ရက်စက်ပြီး လူမဆန်တဲ့ဝါဒ’ ဟု ကလေး နားလည်အောင် ခပ်လွယ်လွယ် ဖြေလိုက်ရသည်။ အကယ်၍သာ ‘ဖက်ဆစ်’ဆိုတာ အီတလီ ဘာသာစကား ‘ထင်းစည်း, ၀ါးစည်း’ က ဆင်းသက်လာတာ… ‘စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ အမျိုးသားရေးဝါဒ’ လို့သာဖြေခဲ့လျှင် ဖက်ဆစ်ဝါဒကို သဘောများကျ သွားလေမလား မသိ။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီထက် နိုင်ငံတော်ကို ဦးစားပေးရမည်ဟူသော သဘောတရားသည် အပေါ်ယံအားဖြင့် အလွန်မြင့်မြတ်သယောင် ထင်ရသော်လည်း လူတစ်ဦးချင်းစီ၏ အခွင့်အရေးများ ဆုံးရှုံးနေပါက ထိုသူတို့ စုစည်းထားသော နိုင်ငံတော်သည်လည်း ဂုဏ်သိက္ခာ ရှိမည်မဟုတ်။ လူမဆန်, သိက္ခာကင်းမဲ့သည့် အပြုအမူများကို အားပေး အားမြှောက်ပြုပေးသည့် အမြင်ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသာဖြစ်ကြောင်း သမိုင်းက သက်သေထူခဲ့သည်။

ထိုစဉ်က မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့သည် လွတ်လပ်ရေးကို အရယူရန် စေတနာကောင်းများ ရှိခဲ့သော်လည်း နောင်အကျိုးဆက်ကို ကောင်းကောင်း ထည့်မတွက်ခဲ့ပဲ အင်္ဂလိပ်ကို ချရရင်ပြီးရောဟု ယူဆခဲ့ကြ၍ ဂျပန်နှင့် ပူးပေါင်းခဲ့ကြသည်။ “ဖက်ဆစ်စနစ်ကို လိုလား၍ မဟုတ်၊ ကျွန်တော်တို့၏ လူပါးမ၀မှုကြောင့် ဓနရှင်ပေါက်စ စိုးရိမ်မှုတို့ကြောင့်သာ ဖြစ်သည်” ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၀န်ခံခဲ့သည်။ နိုင်ငံရေးအမြင် ကျယ်သူများကတော့ ရှေးမဆွကပင် ဂျပန်နှင့် ပူးပေါင်းရေးကို လက်မခံခဲ့ကြ။ ဂျပန်တို့ မြန်မာပြည် မ၀င်ခင်ကပင် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရန် ပြင်ဆင်ခဲ့ကြသည်။ ဂျပန်ဝင်လာတော့လည်း မဟာမိတ်တပ်များနှင့် အဆက်သွယ်ရရန် ကြိုးပမ်းခဲ့ကြသည်။

၁၉၄၃-ခု သြဂုတ်လ ၁-ရက်နေ့တွင် ဂျပန်စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်း၍ ဒေါက်တာဗမော်ဦးဆောင်သော မြန်မာအစိုးရသစ်ထံ အုပ်ချုပ်ရေးအာဏာ အပ်နှင်းကာ “မြန်မာပြည်လွတ်လပ်ရေး” ကြေညာလိုက်သည်။ စင်စစ် ဒေါက်တာဗမော်အစိုးရသည် အပေါ်ယံအယောင်မျှသာဖြစ်၍ အရေးပါသော ဌာနများနှင့် တကယ့် အချုပ်အချာအာဏာမှန်သမျှကို ဂျပန်တို့က ဆက်လက်ချုပ်ကိုင်ထားကာ မြန်မာပြည်အား အခြေတကျ ကျွန်စနစ်သွင်းလိုက်ခြင်းသာ ဖြစ်သည်။ ဤသည်ကို သိလျှက်နှင့်ပင် ရာထူးမက်သော အစိုးရအဖွဲ့ဝင်အချို့က တကယ့် လွတ်လပ်ရေးကြီးရလေဟန် အကြီးအကျယ် ၀ါဒဖြန့် အမွှန်းတင်ခဲ့ ကြသေးသည်။

နောင်တစ်နှစ်အကြာ ၁၉၄၄-ခု သြဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့တပ်မတော်၊ သခင်သန်းထွန်း, သခင်စိုးစသော ကွန်မြူနစ်များ, ကိုဗဆွေ, ကိုကျော်ငြိမ်းစသော ဆိုရှယ်လစ်များနှင့် အခြားသော ပြည်သူ့ကိုယ်စားလှယ်များ စုစည်း၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ကို ဖွဲ့စည်းနိုင်ခဲ့သည် (နောင်တွင် ဗေဒင်ကိန်းခန်းအရ ဖဆပလ - ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဟု အမည်ပြောင်းခဲ့သည်)။ “ဗိုလ်ချုပ်အောင်ဆန်းတွင် ပုဂ္ဂိုလ်ရေး ချို့ယွင်းချက်များရှိသော်လည်း သူသည် လွတ်လပ်ရေး စိတ်ဓာတ်အားလုံး၏ စုဆုံရာအထိမ်းအမှတ် ဖြစ်နေသည်၊ လူတန်းစားပေါင်းစုံ, အမြင်မတူသော အဖွဲ့စည်းပေါင်းစုံအား ကိုယ်စားပြုနိုင်သူဖြစ်သည်”ဟု မြန်မာ့နိုင်ငံရေးသမားတို့က သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား ဖဆပလအဖွဲ့ချုပ်နှင့် နိုင်ငံရေး အင်အားစုများက ၀ိုင်းရံပေးခဲ့ကြသည်။

၁၉၄၅-ခု မတ်လ ၂၇-ရက်နေ့တွင် ပြည်လုံးကျွတ် တော်လှန်ရေး စတင်ခဲ့သည် ဆိုသော်လည်း၊ စင်စစ် ဆရာတော်ဦးပညာသီဟ, ကိုညိုထွန်း, ဗိုလ်ကြာလှအောင်တို့ ဦးစီးသော ရခိုင်မျိုးချစ် တော်လှန်ရေးသမားများက ၁၉၄၄-ခု နှစ်ကုန်ပိုင်းကပင် ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးသတင်းကို မဟာမိတ်တို့က စစ်ရေးလျှို့ဝှက်ချက်အဖြစ် ဖုံးကွယ်ထားချင်ကြသည်။ သိန်းဖေမြင့်ကဲ့သို့သော မြန်မာနိုင်ငံရေးသမားများက သတင်းစာ, ရေဒီယိုများပေါ်ရောက်အောင် ကြိုးပမ်းခဲ့ကြသည်။ ဗိုလ်ဗထူးဦးဆောင်သော တပ်များကလည်း သတ်မှတ်ရက်ထက် စော၍ ၁၉၄၅-ခု မတ်လ ဂ-ရက်တွင် တော်လှန်ရေး စပြန်သည်။ ပြည်လုံးကျွတ် တော်လှန်ရေးကြီး စတင်သောအခါ အချို့က “မဟာမိတ်တွေလည်း မိတ္ထိလာသိမ်းရော၊ ဂျပန်တော်လှန်ရေးလည်း စရော” ဟု သေးသိမ်အောင် ပြောကြသည်။ တော်လှန်ရေးသာ မဖြစ်ခဲ့ပါက မဟာမိတ်တို့သည် မြန်မာပြည်အလယ်ပိုင်းဒေသတွင် ဂျပန်တို့၏ ပြင်းထန်သောခံစစ်နှင့် ရင်ဆိုင်ရပေမည်။ ပြောက်ကျားတော်လှန်ရေးကြောင့် ဂျပန်တို့၏ အောင်မြင်စွာ ဆုတ်ခွာရေး အစီအစဉ်ပျက်ရခြင်း ဖြစ်သည်။ မတ်လတော်လှန်ရေး၏ စစ်ရေးတန်းဖိုးကို လက်မခံလိုသော မဟာမိတ်တို့သည်ပင် စိတ်ဓာတ်စစ်ဆင်ရေး တန်ဖိုးကြီးပုံကိုကား ငြင်းပယ်၍ မရ။ မြန်မာပြည်လွတ်လပ်ရေးအတွက်ကား ပို၍ပင် အရေးပါခဲ့လေသည်။

အကယ်၍ ဖက်ဆစ်တော်လှန်ရေးတွင် ဗမာ့တပ်မတော်သာ မပါဝင်ခဲ့ပါက၊ မြန်မာ့မြေပေါ်သို့ ဖက်ဆစ်တို့အား ခေါ်ယူလာမိခဲ့သည့် အမှားတရပ်ကို ချေဖျက်နိုင် မည်မဟုတ်။ မတ်လတော်လှန်ရေးသည် တပ်မတော်မှ တိုင်းပြည်အပေါ်တင်ကျန်သော သမိုင်းကြွေးတရပ်ကို ဆပ်လိုက်နိုင်ခြင်း၏ သင်္ကေတလည်း ဖြစ်သည်။

စာညွှန်း
သခင်တင်မြ - ဘုံဘ၀မှာဖြင့်
သိန်းဖေမြင့် - စစ်အတွင်းခရီးသည်
သခင်သန်းထွန်း - ဖက်ဆစ်ကျွန်ဘ၀မှ လွတ်လပ်ရေးသို့

12 comments:

ကိုပေါ said...

“ဗိုလ်ချုပ်အောင်ဆန်းတွင် ပုဂ္ဂိုလ်ရေး ချို့ယွင်းချက်များရှိသော်လည်း သူသည် လွတ်လပ်ရေး စိတ်ဓာတ်အားလုံး၏ စုဆုံရာအထိမ်းအမှတ် ဖြစ်နေသည်၊ လူတန်းစားပေါင်းစုံ, အမြင်မတူသော အဖွဲ့စည်းပေါင်းစုံအား ကိုယ်စားပြုနိုင်သူဖြစ်သည်”

ဒီနေ့ခေတ်ကို ရောက်လာပြန်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဟာလည်း လွတ်လပ်ရေးစိတ်ဓာတ်အားလုံး၏ စုဆုံရာ အထိမ်းအမှတ် ဖြစ်နေပြန်တယ်။ လူတန်းစားပေါင်းစုံ၊ အမြင်မတူသော အဖွဲ့အစည်းပေါင်းစုံကို ကိုယ်စားပြုနိုင်သူ ဖြစ်နေပြန်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ကစလို့ မြန်မာပြည်မြန်မာသားများလည်း မိမိတဦးချင်းရဲ့ မလွတ်လပ်တဲ့ အတွေးအခေါ်၊ အကျင့်စရိုက်တွေကို ပြုပြင်တော်လှန်ရင်း တဦးချင်းလွတ်လပ်မှုကနေ တပြည်လုံး လွတ်လပ်မှုကို ဆောင်ကြဉ်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

Nge Naing said...

ကျွန်မ ဒီပို့စ်ကို အခုမှ တွေ့တယ်။ အချက်အလက် ပြည့်ပြည်စုံစုံနဲ့ သမိုင်းကို အတိုချုပ် ပြန်ဖေါ်ပြထားတာကို တွေ့ရလို့ ကျေးဇူးတင်ပါတယ်။ တချို့က အင်္ဂလိပ်ကို တော်လှန်တာရော ဂျပန်ကိုတော်လှန်တာပါ မြန်မာတပ်တွေနဲ့ သိပ်မဆိုင်သလို ပြောကြတာ ရှိပါတယ်။ အင်္ဂလိပ်ကို BIA တော်လှန်လို့ နိုင်တာမှ မဟုတ်တာ ဂျပန်က သူ့အစီစဉ်နဲ့သူ ရှိပြီးသားလို့ ပြောပြီး BIA ကို ပုတ်ခတ်ပြောတာ ကြုံဖူးလို့ မှတ်ချက်တခုမှာ BIA မပါရင် မြန်မာပြည်ကို ဂျပန်က သိမ်းနိုင်ဖို့ မသေချာဘူး၊ သိမ်နိုင်ရင်တောင်မှ ဒီလောက် အချိန်တိုတိုအတွင်း သိမ်းနိုင်မှာ မဟုတ်ဘူး၊ BIA ပါလို့သာ လမ်းတလျှောက် ပြည်သူလူထုတွေ သောင်းသောင်းဖြဖြ ကြိုဆိုပြီး ထောက်ခံလို့သာ အောင်ပွဲခံနိုင်ခဲ့တယ်လို့ ကျွန်မ ရေးဖူးပါတယ်။

kay said...

သမိုင်းအချက်အလက်တွေပေါ်ကနေ .ကိုယ်ပိုင် အမြင် တချို့ ကို သုံးသပ်ပြထားတာ.. စိတ်ဝင်စားစရာလည်း ကောင်းတယ်..။ သဘောလည်း တူမိပါတယ်။

အခု သားလေးကို ရှင်းပြနေရသလိမျိုး..သမိုင်းတွေကို နားလည် နိုင်ဖို့.. အရွယ်အပိုင်းအခြားတွေက..တော်တော် စကားပြောတာပဲ.. ကျမတို့ ၈ တန်း လောက်မှာ.အတောင့်လိုက်.. အခဲလိုက် ကျတ်မှတ် ခဲ့ရတဲ့.. ၉ ၁ ဌါန တို့.. ဒိုင်အာခီ တို့ ဆိုတာတွေ..ခုနေ ပြန်တွေးတော့..အဲတုန်းက.. ဘူးလုံးနားမထွင်းတွေချည်းပဲ.. ။ ဘာလို့များ..အချိန်ကုန်ခံ ဦးဏှောက်အပန်းခံ အော်ကျက်ခဲ့ရတာပါလိမ့်..။း)

ပေါ့ဆိမ့် said...

မေ့နေတဲ့ သမိုင်းကြောင်းလေးတွေနဲ့၊ မသိခဲ့တဲ့ အချက်ကလေးတွေ သိခွင့်ရလိုက်လို့ ကျေးဇူးအထူးတင်ပါကြောင်း...
ခင်တဲ့
ပေါ့ဆိမ့်

Anonymous said...

သမိုင်းကို ပြန်တ်ေရလို့ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်က သူ့အမှားကို သူဝန်ခံသွားသလို..သူ့သမီးကလည်း သူ့အမှားကိုဝန်ခံရင်သိပ်ကောင်းမှာပါပဲ။

တကယ်တော့ ထောင်ထဲမှာနေတယ်ဆိုတာ... အပြင်မှာနေပီး နှမ်းတစေ့လောက်လှုပ်ရှားရင်ပဲ ကျေးဇူးတင်နေမိဦးမှာပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပေမဲ့ ထောင်ထဲမှာအကျိုးမဲ့အချိန်ဖြုန်းနေတယ်လို့ပဲ မြင်မိပါတယ်။

အော်နေလို့ မြှောက်ပေးလို့ဆူပူတာ အကျိုးမရှိပါဘူး။ အဓိက က ဘာဖြစ်ရင်ဘာလုပ်ရမယ်ဆိုတဲ့ ချမှတ်ချက်မရှိပဲ အော်နေမြှောက်ပေးနေသူတွေကို မြင်ပြင်းကပ်လှပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာလက်တွေ့ပဲမို့...
အော်နေသူအပေါင်းကိုပြောချင်တာက တော်ပါတေယ့လို့ပါပဲ..။
ခံရတာ ပြည်သူတွေပဲ။ကောင်းစားတာက.....

tg.nwai said...

ဆရာ..ဒီလို စာမျိုးလေးတွေနဲ့ သားလေးတွေကို ပြောပြရင်း များများတင်ပေးပါ... ကလေးတွေတင်မက ဘာမှန်း ညာမှန်း မသိတဲ့ ကျမတို့အတွက်ပါ တန်ဖိုးရှိပါတယ်..

Nge Naing said...

Anonymous ဆိုတဲ့ တယောက်ကို ပြောချင်တာက ရွှေဝါရောင်တော်လှန်ရေးတုန်းက အပါအ၀င် အရေးအခင်းအသီးသီးမှာ ဖြိုခွင်း ခံရတာ တနေရာနှစ်နေရာပဲ အော်လို့ ခံရတာ ဖြစ်တယ်။ အခုတိုက်တွန်းနေတဲ့သူတွေဟာ တနိုင်ငံလုံးမှာ အော်ဖို့ တိုက်တွန်းနေတာဖြစ်တယ်။ တနိုင်ငံလုံးမှာ အော်လို့ တပါတီအာဏာရှင်စနစ် မြန်မာနိုင်ငံမှာ တပါတီအာဏာရှင်စနစ်ကို မြေမြှပ်သဂြိုလ်နိုင်ခဲ့ပါတယ်။ မအော်ဖို့ မတိုက်တွန်းရင် ပြည်သူလူထုကြီး သူတို့လုပ်တာ ဒီမိုကရေစီမဟုတ်ဘူး လိမ်နေတာ ဒါပေမဲ့ လူထုကြီးအန္တရယ်ဖြစ်မှာစိုးလို့ ငြိမ်ပဲခံနေလိုက်ပါလို့ ပြောရမလား။ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်တော့မလို့ ဆိုတဲ့ ဘယ်လိုလုပ်ပြီး လိမ်နေတာ ပြည်သူလူထုကြီးကို ပြောပြဖို့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်။

Anonymous said...

အတွင်းထဲမှာဝင်ပီးလှုံဆော်စေချင်ပါတယ်..ငယ်နိုင်

Anonymous said...

လူထုတွေအော်ပါပီတဲ့..ဟုတ်ပီ..အော်ကြတယ်။
ကဲ..ဒီမှာ သန်းေ၇ွှတို့သတ်ပီ..ထောင်ထဲထည့်ပီ။
အဲလိုဖြစ်လာ၇င် ဘာတွေပြင်ဆင်ထားလဲ...
၈၈တုန်းကတောခိုကြတယ်။ ဘာလို့မအောင်မြင်တာလဲ လို့ ဝေဖန်ကြဘူးပါသလား။
ပြောချင်တာက မအော်နဲ့မလုပ်နဲ့မပြောပါဘူး။ လုပ်ပါ အော်ပါ။၇ပါတယ်။
ကျားေ၇ွှ့သလို အကွက်တွေမ၇ှိဘူး။ လူထုအုံကြွ၇င်ပီးေ၇ာပြောတာလောက်တော့.. ပြန်လည်စဉ်းစားဆင်ခြင်သင့်တယ်ထင်တာပဲ။
ဘာတွေဖြစ်လာနိုင်တာလဲ ဘာတွေကိုကြိုပြင်ဆင်ထား၇မလဲ
ဒီလိုပလန်တွေဘာမှမ၇ှိပဲ လှုံဆော်ယုံသတ်သတ်ကတော့ ပြည်သူတွေပဲနစ်နာတယ်ဗျာ..

ေ၇ွှဝါေ၇ာင်မှာပဲကြည့်.. တကယ်လည်းဖြစ်ေ၇ာ..သေသူသေ ထောင်ကျသူကျနဲ့..အပြင်ကအော်သူတွေ၇ဲ့ ၇က်စက်တယ်စစ်အစိုး၇ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့...
ထောင်ကျခံသူတွေကိုပဲ ချီးမွမ်း၇မလိုလို အော်ပေးနေသူတွေကိုပဲ
ကျေးဇူးတင်၇မလိုလို..ပီးတော့..ဘာမှလည်းဖြစ်မလာဘူး။
ပြည်သူတွေအခုလိုမျိုးဖြစ်ကုန်ကြတာ..တကဲ့တ၇ားခံအစစ်က ဘယ်သူတွေလဲ ။
လောကမှာယုံကြည်အောင် လုပ်ဖို့သာခက်တာဗျ။
အယုံအကြည်မဲ့အောင် လုပ်ဖို့ သိပ်လွယ်တာ မမေ့ပါနဲ့။

ဇွန်မိုးစက် said...

သြော်...ဖတပလ ကနေ ဖဆပလ ပြောင်းတာ ဗေဒင်ကိန်းခန်းအရကိုး။ ငယ်ငယ်က သမိုင်းကျက်ရင်း ဘာလို့ပြောင်းတာလဲလို့ တွေးဖူးသေးတယ်။

"လူဆိုတာ မှားတတ်တယ်။ မှားရင် ပြင်ကြရတယ်။ မပြင်နိုင်ခဲ့ရင် အကြွေးတစ်ခု တင်ကျန်ခဲ့တယ်။ ဗမာ့တပ်မတော်ဟာ ဂျပန်တွေနဲ့ ပေါင်းမိခဲ့တဲ့အတွက်, မြန်မာပြည်ကို စစ်ကြီးထဲ ဆွဲသွင်းသလို ဖြစ်သွားတဲ့အတွက် တိုင်းပြည်အပေါ် အကြွေးတင်သွားတယ်။ ဗမာ့တပ်မတော်က ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ပြီး ဒီအကြွေးကို ဆပ်နိုင်ခဲ့တယ်။" အဲလိုတစ်ခါမှ မတွေးမိဖူးဘူး။ မှတ်သားစရာပဲ ကိုဧရာ။ ကျေးဇူးတင်ပါတယ်။

မသိင်္ဂိနွယ်ပြောသလို သားတွေကို ပြောပြယင်းနဲ့ တင်ပေးစေချင်ပါတယ်။

မန်းကိုကို said...

ပို့စ်လေးက ကျိုးကြောင်းသင့်တယ်လို့ ယူဆမိပါတယ်။ လိုနေတဲ့ အပိုင်းကတော့ ဖက်ဆစ်တော်လှန်ရေးမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍလေး မပါတာပါပဲ။ ဂျပန်ကို တော်လှန်ဖို့ရာ အင်္ဂလိပ်တွေကို ဆက်သွယ်တာ လက်မခံလို့ ကရင်တွေကတဆင့် မေတ္တာရပ်ခံခဲ့ရတယ်လို့ မှတ်သားရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်ထွက်တော့ ဒေါ်ခင်ကြည်တို့ကို မြစ်ဝကျွန်းပေါ်က ကရင်ရွာတစ်ရွာမှာ ရှောင်နေစေခဲ့ပါတယ်။ ဒေါ်ခင်ကြည် (အနောက်) ပိုးကရင်စကား ပြောတတ်ပါတယ်။ နောင်ပို့စ်တွေ၊ စာအုပ်တွေထုတ်ဖြစ်ရင်တော့ အကျယ်ရေးပါ့မယ်။ သမိုင်းမှန် အတိအကျဖြစ်အောင်၊ သိကြအောင်ရယ်ပါ။ ဘာရည်ရွယ်ချက်၊ စိတ်ထားမျိုးနဲ့မှတော့ မဟုတ်ရပါ။

Sonata Cantata said...

မန်းကိုကို>> ဖြည့်စွက်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။