လူအများအား ထမင်းကို လည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်၌ မြတ်သောအလှူကို လည်းကောင်း … (ဣတိဝုတ်-၂၆။ တတိယဝဂ်-ဒါနသုတ်)
နိကာယ်ကျမ်းများတွင် ဒါနဟူသော ဝေါဟာရအား သံဝိဘာဂ (ဝေခြမ်းပေးကမ်းခြင်း၊ မျှဝေသုံးစွဲခြင်း)၊ အနုဂ္ဂဟ (ချီးမြှောက်ခြင်း)၊ သင်္ဂဟ (ချီးမြှောက်ခြင်း၊ ထောက်ပံ့ခြင်း၊ စည်းရုံးခြင်း) ဟူသော ဝေါဟာရများနှင့် တွဲ၍ သုံးစွဲလေ့ရှိသည်။ ထိုအတူပင် ဒါနအား ယည (ယဇ်ပူဇော်ခြင်း), ဒက္ခိဏ (မြတ်သော ပူဇော်ခြင်း) စသော ဝေါဟာရများနှင့်လည်း တွဲဖက်၍ အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့် ဒါနအား စာနာခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်း သဘောအရ ပေးကမ်းသော အလှူနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်တို့အား ပူဇော်ခြင်း သဘောအရ ပေးလှူသော အလှူဟု နှစ်မျိုးခွဲခြား နိုင်၏။
ဗုဒ္ဓ၏ အဆုံးအမအရ စီးပွားရှာဖွေခြင်း၏ ရည်ရွယ်ချက်သည် မိမိတစ်ဦးတည်းသာမက အများအကျိုး အတွက်လည်း ပြန်လည်မျှဝေသုံးစွဲရန် ဖြစ်ကြောင်း “ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်…” ပို့စ်တွင် ဖော်ပြခဲ့ဖူးသည်။ သဒ္ဓါတရားရှိသော သူတော်ကောင်းတို့အား ငှက်အပေါင်းတို့ မှီခိုအားထားရာ သစ်ပင်ကြီးနှင့် နှိုင်းယှဉ် ဖော်ပြလေ့ရှိ၏။ သူတော်ကောင်းတို့သည် မိဘ၊ သားမယား၊ အစေခံ အလုပ်သမား၊ မိတ်ဆွေအပေါင်းအသင်း၊ သမဏဗြဟ္မဏစသော လူအများတို့အတွက် အကျိုး စီးပွားချမ်းသာခြင်းကို ဖြစ်စေ၍ ကောက်ပဲသီးနှံတို့ ဖြစ်ထွန်းအောင်မြင်စေမည့် မိုးကြီးနှင့်လည်း နှိုင်းယှဉ် ဖော်ပြလေ့ရှိ၏။
အနောက်တိုင်း စကားပုံများတွင် “charity begins at home” ဟူသော စကားရှိသည်။ ထို့အတူပင် ဗုဒ္ဓဘာသာအရလည်း ဒါနသည် မိဘများအား လုပ်ကျွေးခြင်း (မာတာပိတု ဥပဋ္ဌာနံ)၊ သားမယားများအား ထောက်ပံ့ခြင်း (ပုတ္တဒါရဿ သင်္ဂဟော)၊ ဆွေမျိုးတို့အားလည်း ထောက်ပံ့ခြင်း (ဉာတကာနဉ္စ သင်္ဂဟော) ဟူသော မင်္ဂလသုတ် ဒေသနာများနှင့်အညီ မိမိတို့၏ မိသားစု ဆွေမျိုး သားချင်းများအား ပေးကမ်းထောက်ပံ့ခြင်းနှင့် စတင်ရသည်။ သင်္ဂဟဟူသော စကားသည် ချီးမြှောက် ထောက်ပံ့ခြင်းဟူသော အဓိပ္ပါယ်သာမက သိမ်းရုံးစုစည်းခြင်း၊ စည်းရုံးခြင်းဟူသော အဓိပ္ပါယ်လည်း ဆောင်သည်။ ရထားလှည်းဘီး၏ နားစောင့် (linchpin) သည် လှည်းဘီးအား ဝင်ရိုးမှ ကျွတ်ထွက်မသွားစေရန် စောင့်ရှောက်သကဲ့သို့ သင်္ဂဟတရားသည် မိသားစု၊ ဆွေမျိုးအသိုင်းအဝန်း၊ လူအဖွဲ့အစည်း ဖရိုဖရဲ ပြိုကွဲမသွားစေဘဲ စည်းစည်းရုံးရုံးဖြစ်နေရန် စောင့်ရှောက်ပေး၏။ ပေးကမ်းခြင်း (ဒါန)၊ ချိုသာစွာပြောဆိုခြင်း (ပေယျဝဇ္ဇ)၊ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (အတ္ထစရိယာ)၊ မိမိနှင့် တန်းတူထား၍ ဆက်ဆံခြင်း (သမာနတ္တတာ) ဟူသော တရား လေးပါးအား သင်္ဂဟတရား လေးပါးအဖြစ် ဟောကြားထားပါသည်။ ဤသင်္ဂဟတရား လေးပါးသည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာကျင့်သုံးရမည့် တာဝန် ဝတ္တရားဖြစ်ကြောင်း သိင်္ဂလောဝါဒသုတ်တွင် ဟောကြားထားပါသည်။
ထို့ကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများအား ဒါနပြုရာတွင် သင်္ဂဟတရား အနေဖြင့်၊ တာဝန် ဝတ္တရားတရပ် အနေဖြင့် ဆောင်ရွက်ရ၏။ ထိုသို့ဆောင်ရွက်ရာတွင် စာနာခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်းဟူသော အနုကမ္ပတရားကို လက်ကိုင်ထားရသည်။ ထိုအတူပင် မိမိပတ်ဝန်းကျင်မှ ဒုက္ခရောက်နေသူ၊ လိုအပ်နေသူများအားလည်း အနုကမ္ပတရားကို လက်ကိုင်ထား၍ ပေးကမ်းစွန့်ကြဲရ၏။ ထိုသို့သော လှူဒါန်းမှုမျိုးအား ကာလဒါနဟု ခေါ်သည်။ ကာလဒါန၏ အဓိပ္ပါယ်အား “သင့်လျှော် လျှောက်ပတ်သော အလှူ” (ယုတ္တဒါန၊ ပတ္တဒါန၊ အနုစ္ဆဝိကဒါန) ဟု အဋ္ဌကထာများက ဖွင့်ပြသည်။ အင်္ဂုတ္တရနိကာယ်တွင် ဟောကြားထားသော ကာလဒါန ငါးမျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဧည့်သည်အား ပေးလှူ၏။
(၂) ခရီးသည်အား ပေးလှူ၏။
(၃) ရောဂါ ကပ်ရောက်နေသော လူမမာအား ပေးလှူ၏။
(၄) ငတ်မွတ်ခေါင်းပါးသော အခါ၌ ပေးလှူ၏။
(၅) ကောက်သစ်ပေါ်သောအချိန်တွင် ကောက်ဦး, သစ်သီးဦးတို့ကို သီလရှိသူအား ပေးလှူ၏။
ဗုဒ္ဓခေတ်ကာလက ယနေ့ခေတ်ကဲ့သို့ ခရီး လမ်းပမ်းဆက်သွယ်ရေး မလွယ်ကူသေး၊ တည်းခိုခန်းများ မရှိသေး၍ ဧည့်သည်အား ခရီးဦးကြိုပြုခြင်း၊ နေရာပေးခြင်း၊ ဧည့်ခံခြင်းတို့သည် အထူးလိုအပ်၏။ ထို့အတူပင် ခရီးဆက်မည့် သူများအားလည်း လိုအပ်သော ပစ္စည်းနှင့် စားနပ်ရိက္ခာတို့ ပေးကမ်း ထောက်ပံ့ခြင်းကိုလည်း ကာလဒါနအနေဖြင့် ဟောကြားထား၏။ အချို့သော သုတ္တန်များတွင် ခရီးသည်တို့ နားခိုရာ သစ်ပင်စိုက်ပျိုးခြင်း၊ ဇရပ်ဆောက်လုပ်ခြင်း၊ သောက်ရေအိုးစင် တည်ခင်းပေးခြင်း၊ ရေတွင်းရေကန် တူးခြင်း၊ လမ်း တံတားတို့ ပြုပြင်ခြင်းစသည်တို့အား နေ့နေ့ ညည ကုသိုလ်ကောင်းမှု တိုးပွားစေသော ထာဝရဒါနအဖြစ် ဟောကြားထား၏။ ကာလဒါန ငါးမျိုးတို့တွင် ပထမလေးမျိုးသည် အလှူခံပုဂ္ဂိုလ်၏ လိုအပ်ချက်အား ဖြည့်ဆည်းရန် ပေးကမ်းထောက်ပံ့သော ဒါနမျိုးဖြစ်၏။ ပဉ္စမမြောက်ဖြစ်သော သီလရှိသူတို့အား ကောက်ဦး၊ သစ်သီးဦးများကို မွန်မွန်မြတ်မြတ် လှူဒါန်းခြင်းသည် ပူဇော်မှုသဘောအရ လှူဒါန်းခြင်း ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာအဆုံးအမနှင့် လျော်ညီစွာ စာနာထောက်ပံ့ခြင်း သဘောအရ ပေးကမ်းသော အလှူနှင့် ပူဇော်ခြင်း သဘောအရ ပေးလှူသော အလှူ နှစ်မျိုးလုံးအား ထိုက်သင့်သလို ပေးလှူရသည်။ သဒ္ဓါတရားရှိသော သူတော်ကောင်းတို့သည် လူအများ၏ အကျိုးကို ဖြစ်ထွန်းစေသော မိုးကြီး (မဟာမေဃ)နှင့် တူသည်ဟု အထက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အချို့သော အလှူခံ ပုဂ္ဂိုလ်များကိုသာ ပေးလှူ၍ အချို့သော အလှူခံပုဂ္ဂိုလ်တို့အား မပေးလှူသော အလှူရှင်သည်ကား ကွက်ကျားမိုးနှင့်သာ တူကြောင်း ဣတိဝုတ်ပါဠိတော်၊ အဝုဋ္ဌိကသုတ်တွင် ဟောကြားထားပါသည်။
စာညွှန်း
၁။ အံ-၅-၃၈။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ သုမနဝဂ်၊ သဒ္ဓသုတ်
၂။ အံ-၅-၄၂။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ်၊ သပ္ပုရိသသုတ်
၃။ အံ-၄-၃၂။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ စက္ကဝဂ်၊ သင်္ဂဟဝတ္ထုသုတ်
၄။ အံ-၈-၂၄။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယဟတ္ထကသုတ်
၅။ ဒီ-၃-၂၇၃ ။ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သိင်္ဂလောဝါဒသုတ်
၆။ အံ-၅-၃၆။ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ သုနမဝဂ်၊ ကာလဒါနသုတ်
၇။ သံ-၁-၄၇။ ဒေဝတာသံယုတ်၊ အာဒိတ္တဝဂ်၊ ဝရောပမသုတ်
၈။ ဣတိဝုတ္တက-၇၅။ တိကနိပါတ်၊ တတိယဝဂ်၊ အဝုဋ္ဌိကသုတ်

3 comments:
ဦးဧရာနဲ့ အမတို့ရေ
ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်
ခင်မင်တဲ့
စစ
ဒါန
ဒါနဟူသည် ပြုလုပ်ရလွယ်ကူသော်လည်း အသိဥာဏ်ယှဉ်သူများအတွက်ကြီးမားသော အကျိုးအာနိသင်ရှိ၏။
ဒါနသည် နှမြောခြင်း'မစ္ဆရိယ' ကိုကျော်လွန်ပြီး ၊လိုချင်ခြင်း 'လောဘ'ကိုပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းမျိုး
ဖြစ်သဖြင့် ပါရမီဆယ်ပါးတွင် ပထမဦးဆုံးလာသော ပါရမီဖြစ်သည်။
(ဒေ၀ဒတ်ဝတ္တု)
ဒီလို post တွေက ရှားကုန်ပြီ..တစ်ချို့  ရဟန်း bloggerတွေတောင် မရေးကြဘူး..ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် စာရေးသူရေ..
လေးစားစွာဖြင့်
ကိုရင်
Post a Comment