Friday, October 7, 2011

မိုးတွေ ရွာမှဖြင့်...

ဒီမနက် ကို့ဖုန်းက နှိုးစက်ပေးသံမြည်မှ နိုးလာသည်။
“အင်း ဒီညမှပဲ ကောင်းကောင်းအိပ်ရတော့တယ်…” အသံမြည်နေဆဲ ဖုန်းကို ပိတ်ရန် သူ့ဆီ လှမ်းပေးရင်း၊
“ကိုရော အိပ်ပျော်လား” ဟု မေးလိုက်သည်။
“အင်း… ဒီညတော့ အိပ်ပျော်တယ်။”
ညက ၁း၃၂နာရီ အိပ်ယာ ဝင်ခဲ့သည်။ အရင်ညတွေက မိုး ဆက်တိုက်ရွာနေခဲ့ပြီး လွန်ခဲ့သည့် ည ကတော့ မိုးမရွာ…။ ဒါကြောင့်လည်း ကောင်းကောင်း အိပ်ပျော်နိုင်ခဲ့ခြင်း ဖြစ်မည်။
*****
ပြဿနာများ၏ အစသည် ညအချိန် မိုးရွာခြင်းပင် ဖြစ်တော့သည်။

ကိုယ့်ရှေ့တွင် ခိုကလေးတကောင် ထပျံသွားလျှင်ဖြစ်စေ၊ လေတိုး၍ ခန်းစီးစ လွင့်နေတာကို မြင်လျှင် ဖြစ်စေ ရင်တွေ တုန်လာတတ်သော ကိုယ့်အတွက် သည်မိုး အရွာကြမ်းပုံက ဆိုးဝါးလွန်းသည်။ ရင်ထဲက အသည်းနှလုံးတွေပင် အပြင်သို့ ပဲ့ကြေထွက်မလာစေရန် ရင်ဘတ်ကို စောင်နှင့် တင်းတင်းဖိထားမိသည်။
ဟိုးကောင်းကင်မဲမဲ အမြင့်ကြီးဆီက ရွာချလိုက်သော မိုးရေစက်များသည် ကိုယ့်ကို ဖြတ်ပြီးမှ မြေကြီးပေါ် ရောက်သွားသည်ဟု ထင်နေမိသည်။
ရုတ်ချည်း ဆိုသလို မိုးတိတ်သွားသည်။
ဝူး…ဝူးး..ဝူးးး … လေတွေ တိုက်ပြန်သည်။ ဟိုမှသည် တိုက်ပုံမျိုးမဟုတ်။ တနေရာတည်းကို ဝှေ့ရမ်း စုတ်ယူ နေသလိုမျိုး ဖြစ်သည်။ မုန်တိုင်း မုန်တိုင်း… “ကို မုန်တိုင်း တိုက်သလိုမျိုး လေတွေ တိုက်နေတယ်” ဟု ခပ်တိုးတိုး ပြောလိုက်သည်။ “အင်း ဟုတ်တယ်” ဟု ဆိုကာ အိမ်ပြူတင်းတံခါးတွေကို သေချာစစ်ဖို့ ထသွားသည်။
ခဏကြာတော့ ပြန်ရောက်လာပြီး၊ ဘေးတစောင်းအနေအထားဖြင့် ကိုယ့်ကို ကျောပေးကာ ဟိုဘက်လှည့်ပြီး အိပ်နေသည်။ သူ အိပ်မပျော်နိုင်သေးတာ ကိုယ် သိသည်။
မိုးတွေ ရွာပြန်သည်။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "မိုးည အိပ်မက်မြူ" ဝတ္ထုထဲက တယောလေးထိုးရင်း မိုးရွာထဲ လျှောက်သွားနေသည့် ကိုညိုမှိုင်းနောက် ပြေးလိုက်ချင်သလိုလို…နောက်ပြီး မြနန်းနွယ်…မြနန်းနွယ်… မြနန်းနွယ်က ဘယ်သူလဲ?
*****
ညဦးပိုင်းက ဖြစ်သည်။ “ကဲ…ဘာတွေ ရေးထားပြီးပြီလဲ.. ပြစမ်းပါဦး။” ကွန်ပြူတာနှင့် တဂျောက်ဂျောက် စာရိုက်နေသော ကိုယ့်အနားသို့ ရောက်လာပြီး မေးလိုက်ခြင်းဖြစ်သည်။
“တကယ်ဖတ်ပေးမှာလား… ဒီမှာ… ရော့ ဖတ်”
“မြ ဟာ က ဝတ္ထု အရှည်ရေးမှာလား…အတိုရေးမှာလား”
“မသိဘူးလေ…ရေးချင်တာတွေ ချရေးထားတာပဲ…အခုတော့ မသိသေးဘူး”
“အရှည်ရေးမှာ ဆိုရင်… ဒါတွေဖတ်” ဟုဆိုကာ၊ မြသန်းတင့်၏ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ၊ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်များကို ဘီဒိုထဲက ထုတ်ယူလာသည်။ “ဒါ.. ကို သိပ်ကြိုက်တဲ့ ဝတ္ထုတွေ… ခေတ်တခေတ်ကို ဖော်ဆောင်နေတယ်။ လူတွေရဲ့ စရိုက်ကို ပြောပြနေတယ်။ အချစ်အကြောင်းပါချင်မှ ပါမယ်။”
သူ့ကို မျက်စောင်းထိုးလိုက်သည်။ သူက “ဘာလဲ” ဆိုပြီး ကိုယ့်ကို ပြုံးကြည့်နေသည်။
ကိုယ့် မျက်စောင်းထဲတွင် "နေရာတကာ ဆရာကြီးလုပ်ချင်တယ်" ဟု ဆိုနေသော အဓိပ္ပါယ် ပါနေတာ သူသိ၍ ဖြစ်သည်။
“ကို… မြ ဝတ္ထုထဲက မင်းသမီးအတွက် နာမည်ရွေးပေးပါဦး… အရှေ့ဆုံးက အင်္ဂါနံနဲ့စပြီး၊ အလယ်က မြ၊ အဆုံးကို စနေနံနဲ့ ဆုံးချင်တယ်”
“မြက ပါကို ပါရမှာလား” ဟု စ နောက် လိုက်သေးသည်။
“အင်း”
“မြနန်းနွယ်… ဆိုရင်ကော”… “မြနန်းနွယ်ဆိုတာ... ကို.. ကျောင်းသားဘဝက ဖတ်ဖူးတဲ့ နေနော်ရဲ့ ဝတ္ထုတိုလေးထဲက မင်းသမီးနာမည်ပဲ…။ အဲ့ဒီ ဝတ္ထုက  "ပြဿနာများ၏အစသည် ရေကျသံသာ ဖြစ်တော့သည်…" ဆိုတဲ့ ဝါကျလေးနဲ့ စ ထားတယ်။ ကျောင်းသားလေး တယောက်၊ စက်မှုတက္ကသိုလ် ကျောင်းသားလေးပေါ့…။ သူ ည ည စာကျက်ရင်း "တောက်… တောက်" ဆိုတဲ့ ရေကျသံ ကြားတော့၊ အသံကြားရာဆီ လိုက်ရှာရင်း မင်းသမီးလေးနဲ့ တွေ့တာ…။ ဝတ္ထုတိုတို့ရဲ့ ပညာနဲ့ စာရေးဆရာက အဲ့ဒီ မိန်းကလေးက တကယ်ပဲ ရှိသလိုလို၊ တကယ်မရှိပဲ မင်းသားစိတ်ထဲက အထင်တွေလိုလို ရေးထားတာပေါ့။ နောက် မင်းသားက စာတွေကျက်ရင်း ရူးသွားတာလေ။ "ပြဿနာများ၏အစသည် ရေကျသံသာ ဖြစ်တော့သည်…" ဆိုတဲ့ ဝါကျလေးနဲ့ပဲ ဝတ္ထုကို အဆုံးသတ်ထားတယ်။”

ကို့ဆီမှ ကြိမ်ဖန်များစွာ နားထောင်ဖူးပြီးသားဇာတ်လမ်း ဖြစ်သော်လည်း၊ ကို့စကားဆုံးသည်အထိ မြ ငြိမ်ပြီး နားထောင်နေလိုက်သည်။
*****
ကို ရုံးက ပြန်ရောက်ပြီး အိပ်ခန်းထဲတွင် အင်္ကျီလဲရင်း
“အမျိုးသမီးစာပေဆုရ စာရေးဆရာမကြီး ဒီနေ့ကော ရေးသေးလား”
“ရေးတာပေါ့…လေး ငါးဖောင် လောက်တောင် ကျသွားတယ်” ဟု ပြောင်စပ်စပ် ဖြေလိုက်သည်။

ကို့ကို သနားလွန်းလှပါသည်။ တနေကုန် တနေခမ်း မနားတမ်း အလုပ် လုပ်ရသည်။
ည ရောက်ပြန်တော့လည်း…

အိပ်ယာဝင်သည့် အချိန်က ညသန်းကောင်ပင် ကျော်နေပြီ။
ကောင်းကင်ကို မော့ကြည့်ပြီး “ဒီညလည်း မိုးရွာမယ်နဲ့တူတယ်” ဟု ကို ပြောသည်။
မနက် သုံးနာရီလောက် မိုးတွေ တကယ်ရွာလာသည်။
“ကို မိုးတွေ ရွာပြန်ပြီ” ဟု တိုးတိုးလေး ပြောမိသည်။
“အင်း” ဟု ပြန်ပြောသည့် အသံ ကို့ဆီမှ ကြားရသည်။ ကို အိပ်ပျော် မနေတာ မအံ့သြတော့ပါ။
“စိတ်အားတွေ ငယ်လာပြန်ပြီ”
“ဘာလုပ်ပေးရမလဲ ပရိတ်ရွတ်ပေးရမလားဟင်”… “တရားဖွင့်လိုက်ရမလား”
“အင်း...တရားဖွင့်လိုက်”
စပီကာမှ တရားသံထွက်ပေါ်လာသည်။ “…အခုခေတ် ကမ္ဘာကြီးမှာ လူတွေ ဒုက္ခတွေများနေလိုက်ကြတာ…suicide ဆိုတဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ အမှုတွေက အခြားသော အသက်ကြီးရင့်လို့သေတဲ့… အနာရောဂါကြောင့် သေတဲ့ဦးရေ ထက် ပိုများနေတယ်…”
“အဲ့ဒါ မဟုတ်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ပိတ်လိုက်တော့မယ်နော်…ပိတ်လိုက်တော့...”လို့ ပြောပြီး 
မြက ဆက်ပြောပြန်သည်။ “အော်..ကို … မနေ့ညက မြ ကောင်းကောင်း အိပ်မပျော်ဘူးမလား… မနက်မိုးလင်းမှ အိပ်ပျော်သွာတာ… မနက်က ဆယ်နာရီမှ နိုးတယ်။ ဒါတောင် အိပ်မက် မက်သေးတယ် သိလား။”
“အိပ်မက်ထဲမှာလေ ကို က မြကို အဆောက်အဦကြီးတခုကို ခေါ်သွားတယ်… အဲ့ဒီ အဆောက်အဦကြီးကို မြ အိပ်မက်ထဲမှာ ခဏခဏ ရောက်ဖူးတယ်။ အဲ့ဒီအထဲကိုရောက်တော့ တိုင်တွေ နံရံတွေမှာ စာရွက်ကြီးတွေ ကပ်ထားတာ တွေ့တယ်။ အဲ့ဒီ စာရွက်တွေမှာ ကြော်ငြာဒီဇိုင်းတွေလို ရေးခြစ်ထားတာတွေက ကိုက အခြား မိန်းကလေးတယောက်ကို ချစ်တဲ့ အကြောင်းတွေတဲ့ မြ မှာ မမှီမကမ်းနဲ့ ခုံလေးတခုပေါ်တက်ပြီး မနည်းဖတ်ရတယ်”
“အိပ်မက်ဆိုတာ မသိစိတ်ထဲ စွဲနေတာတွေ မက်တာပဲ… မက်ချင်လည်း မက်ပါစေ…ဒါပေမယ့် အဲ့ဒီ အိပ်မက်တွေကို မှတ်မိအောင် ပြန် သတိရမနေနဲ့”
“အင်း”
အော်… အရူးမ လင်…အရူးမ လင် ဆိုတဲ့ နာမည်ကြီးက ဆိုးလိုက်တာနော်...

မိုးတွေက ရွာမြဲ ရွာနေသည်။ အဖြူရောင် ဇာခန်းစီးစမှာ လေနဲ့အတူ လွင့်နေသည်။ ပြူတင်းပေါက် မှန်တံခါးကို ကျော်လွန်၍ မြင်နေရသည်မှာ ဘာမှ မသဲကွဲသော မှောင်နေသည့် လင်းလင်းကြီးဖြစ်သည်။ "အင်း မနက်ကျရင်တော့ အပြင်ကို မမြင်နိုင်သည့် ထူထူပိတ်ပိတ်ခန်းဆီးစ ပြောင်းတပ်ရမည်…" ဟု မြ တွေးနေမိသည်။ ကို အိပ်ပျော် သွားပြီလားမသိ။
“… ကို… ဖေဖေနောက်မိန်းမယူပြီး အိမ်ပြန် မအိပ်တဲ့ ညကလေ… မေမေ တညလုံး ငိုတယ်… အဲ့ညက မိုးတွေလည်း တညလုံးရွာတယ်… မြလည်း…”
“ကို သိတယ်… ကို သိတယ်… အဲ့ဒါတွေ မပြောနဲ့တော့နော် … အိပ်တော့ အိပ်တော့ အိပ်ပျော်အောင် အိပ်လိုက်တော့…”
*****
ပြဿနာများ၏ အစသည် ညအချိန် မိုးရွာခြင်းပင် ဖြစ်တော့သည်။    ။


ပို့စ်ခေါင်းစဉ်ကို...ဆရာဘုန်းနိုင်၏ မိုးညအိပ်မက်မြူ ပဉ္စမအကြိမ်ထုတ်ဝေခြင်း အမှာစာမှ ရယူပါသည်။

စန္ဒယားလှထွတ်၏ မိုးညအိပ်မက်မြူ သီချင်း နားဆင်ရန်

37 comments:

Anonymous said...

ဟယ်၊
ဝတ္တုတိုလေးပါလား၊
ကောင်းလိုက်တာ၊
သူများလဲ အဲဒီလို ရေးတတ်ချင်လိုက်တာ။
ဆက်အုံးမှာလား။

rose of sharon said...

Hi Five မသီတာ... တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်

Anonymous said...

သီချင်းက လင့် မတက်လာဘူး၊
ကြော်ငြာပဲ တက်လာတယ်။

ညီလင်းသစ် said...

ဒီတခါတော့ မြရဲ့လ မဟုတ်တော့ဘူး၊ မြရဲ့မိုး ဆိုပိုမှန်မယ်၊း) ဒါပေမယ့် မရှိမဖြစ်မိုးတော့ ဟုတ်ပုံ မရပါဘူး၊ ပြဿနာက အဲဒီလို ရွာမှဖြင့်လို့ ဆိုထားတာကိုး..၊ ပို့စ်မော်ဒန် အသုံးတစ်ခုကိုလည်း သဘောကျသွားတယ်၊ “ ဘာမှ မသဲကွဲသော မှောင်နေသည့် လင်းလင်းကြီးဖြစ်သည်။ ” တဲ့၊ ကဲ, ဒါမှ မဒန်ရင် ဘယ်ဟာက ဒန်ဦးမှာလဲ...။း)

Sonata Cantata said...

အပြုံးရေ... မသီတာလည်း ဟိုလုပ်ဒီလုပ်တော့ လျှောက်လုပ်ကြည့်နေတယ်။ တင်ပေးထားတဲ့ဆိုက်က plug-in player နဲ့ အပြုံး ကွန်ပြူတာရဲ့ player ချင်း conflict ဖြစ်တာထင်တယ်။

အားပေးတာ ကျေးဇူး အကြီးကြီးတင်ပါတယ်။

Vista said...

မိုးခေါင်တဲ့ အရပ်ပြောင်းနေကြဖို့ သင့်တယ်
ဖတ်ရတာ စိတ်ထဲတောင် ကြောင်တောင်တောင်ဖြစ်တယ် ဓါတ်ခံမကောင်းတာလည်းပါမယ်ထင်တယ် :P

သက်ဝေ said...

ထူးခြားတဲ့ ရေးဟန်နဲ့  ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဝတ္ထုတိုလေး...

အခု ဒီမှာ လေတွေတိုက်နေတယ်... သိပ်မကြာခင် မိုးရွာတော့မယ် ထင်တယ်.. ညလည်မှာ လေတွေတိုက်ပြီး မိုးတွေ သည်းသည်းမည်းမည်း ရွာလာရင် ဒီပိုစ့်လေးကို သတိရနေတော့မှာ... ပြီးတော့ အိပ်မက်တွေလည်း မက်အုံးမယ် ထင်တယ်...

Sonata Cantata said...

ကိုညီလင်းသစ်
ဒီက စာဆက်မရေးရဲအောင်...မှတ်ချက်တွေ မပေးပါနဲ့ဗျာ...
ကိုဧရာ အူတက်အောင် ရယ်နေပြီ...
မှောင်မှောင်ကြီး လင်းနေတာမျိုးပေါ့ တဲ့..းD

Anonymous said...

အိုခေ ၊ တခြား ပီစီနဲ့ စမ်းကြည့်မယ်။

သက်ဝေ said...

Vist ရေးတာ ရယ်လိုက်ရတာ... ဓါတ်ခံမကောင်းတာချင်းတော့ ကိုယ်တို့ အားလုံး အတူတူပဲ ဖြစ်မယ်ထင်ရဲ့ ... :D :D :D

Sonata Cantata said...

ဗစ် ပြောတဲ့ အတိုင်းပဲ...
မိုးခေါင်တဲ့ နေရာ ပြောင်းနေရမယ်... ဆိုတာ
း)

သက်ဝေ
အိပ်မက်တွေက မကောင်းဘူး...အိပ်မက်တွေ မက်ပြီဆိုရင် ရှာရပြန်ပြီ...ငိုရ ပြန်ပြီ တဲ့ မောင်ညိုမှိုင်း ပြောတာ...
မြ ဘာမှ မပြောဘူး...းP

Anonymous said...

မေမြို့မှာလာနေလေ...
အစိုးမရမှာ မပူနဲ့..။

ပေါက်

Sonata Cantata said...

မေမြို့မိုး...မေမြို့မိုး

ပေါက်နဲ့ ကေကြောင့် ကိုထီး သီချင်းလေး ဆိုမိသွားပြီ
တို့ဘလောဂ်ညီအမတွေလည်း...ကြာရင် မလွယ်ဘူး
အကုန်.. ပြောတော့ပါဘူးလေ... ;)

ခိုင် said...

စလုံးက မိုးနဲ့ လေကတော့ တကယ်လန့်ဘို့ကောင်းတယ်.... မိုးကြိုးကလဲ ကြမ်းတယ်နော်.... မသီတာဝတ္ထုတိုလေး ကထူးခြားတယ် ဖတ်လို့လဲ သိပ်ကောင်းတယ် အားကျတယ်...း))

Sonata Cantata said...

ခိုင်ရေ...အဲ့မှာလည်း မိုးကောင်းနေတယ်ဆို...
မိုးရွာတဲ့ အရပ်တိုင်းအတွက် ရေးလိုက်သည်းP

ခိုင် said...

ဒီမှာ မနက်ခင်းမြူတွေ တအားကျတာ ၂ရက်ရှိပြီ မသီတာရေ... ပျော်မှပျော် အဲလို မမြင်ရတာ ကြာပြီဆိုတော့... ခုတော့ ပိုးကောင်တွေ အိမ်ထဲမှာ အများကြီးပဲတော့

T T Sweet said...

အစ်မ ဖတ်လို့ကောင်းလိုက်တာ။ ပထမတော့ ကိုဧရာနဲ့ မသီတာ ဇာတ်လမ်းထင်နေတာ။ အ' ချက်တော့။ နောက်မှ မြ ဆိုမှ ၀ထ္ထုပါလားဆိုတာ သိတာ။ အရေးအသားတော်တော် ညက်တယ်။ အဲလိုရေးထားတာလေးတွေ သိပ်သဘောကျတာ။ ကိုညီလင်းသစ်ပြောတဲ့ “ ဘာမှ မသဲကွဲသော မှောင်နေသည့် လင်းလင်းကြီးဖြစ်သည်။ ” ဆိုတာကို ဖတ်ကတည်းက ၂ခေါက်လောက် ပြန်ဖတ်မိတာ။ မိုက်တယ်ဂျ။

အိမ့်ချမ်းမြေ့ said...

မြ စိတ်အားငယ်ပုံလေးက ကို့ အတွက် မြတ်နိုးစရာ ဖြစ်လေမလား....

Sonata Cantata said...

တီဆွိ ဒီလို အားပေးရင် ဒီကလည်း ရေးဦးမှာ...ရေးဦးမှာ...:D

မလေးရေ...
ယောက်ျားလေး စိတ်အားငယ်ပုံတွေ ရေးဦးမှာ...:P

ချော(အစိမ်းရောင်လွင်ပြင်) said...

မမသီတာ
ကိုဧရာက နောက်တာဖြစ်မှာ
သိပ်ဖတ်လို့ကောင်းတာဘဲ
မသီတာ ဒီလိုရေးတတ်မှန်းခုမှ သိရတော့တယ်
ဖတ်ရတာ အရသာတစ်မျိုးလေးပေးတယ်
နေနော်ရဲ့ မြနန်းနွယ်ကို ညီမလည်း သေချာမှတ်မိနေခဲ့တယ်။ မကြာခနပြန်ဖတ်ဖြစ်တဲ့ ဝတ္ထုတို စာအုပ်လေးပါ

Sonata Cantata said...

ချောရေ...အဲ့ဝတ္ထုတိုနာမည်က မြနန်းနွယ်၏ည ဟုတ်လားဟင်...

SHWE ZIN U said...

မိုးရွာတဲ့ ည မလို တော်တော့တာပေါ့ နေပူ တဲ့ နေ့ပါ အဲလိုဖြစ်ရင် ဒုက္ခ

seesein said...

ပြဿနာ၏အစသည် ည မိုးရွာခြင်းဖြစ်တော့သည်...
ပြဿနာမစအောင် မိုးမင်းဂျီး မရွာတော့ဘူးတဲ့ဂျ ..
အပျိုဂျီးကတော့ .... သနားရမဲ့သူ မရှိတော့ တော်တော်လေးမုဒ်သွင်းပြီးမှ ဖတ်သွားရပါတယ်...အဟဲ...ဟဲ.

tg.nwai said...

ဖတ်ရတာ စိတ်ထဲ မလုံမခြုံ ဖြစ်လိုက်ရတာ...သနားပါတယ်...အစက ကိုဧရာနဲ့ မသီတာအကြောင်းအောက်မေ့နေတာ...မင်းသားက ကိုဧရာဖြစ်ပြီးမှ မင်းသမီးက ဘယ်က မြ ဖြစ်သွားရပါလိမ့်လို့...နောက်တခေါက် ပြန်ဖတ်ကြည့်မှ ကိုဧရာမဟုတ်ပဲ “ကိုရော အိပ်ပျော်လား” ဖြစ်နေတာကိုး..ဟဲဟဲ...ဒါတောင် မျက်မှန်တပ်ပြီး ဖတ်တာတောင် မွှားသွားသေးတယ်... တရားခွေဖွင့်တဲ့ နေရာလေးလည်း ဖတ်ပြီး ရယ်မိတယ်...ဟုတ်ပ...ကိုယ်များ စိတ်ညစ်နေပြီဆို တီဗွီတို့ သတင်းတွေထဲ ကြည့်လိုက် ဖတ်လိုက်ရင် ဒါမျိုးတွေချည်းပဲ...။ ငယ်ငယ်ကတော့ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် ဖတ်ပြီး ညမိုးတွေ တအားရွာရင်ဖြင့် အဲဒီလိုများ ညဖက်တယောက်တည်း ထွက်သွားမိမလား စိတ်ပူခဲ့သေးတယ်...ဟဲဟဲ...ဒါပေမယ့် မိုးတွေရွာပြီဆိုရင် ဘယ်လိုအိပ်ကောင်းမှန်းကို မသိဘူး....:)))

kay said...

မ.. ဒါလေးက..ပို မိုက်တယ်..း)
မိန်းမ တွေ မှာ ဖြစ်တတ်တဲ့.. သဘာဝ သို့..ဝေဒနာ..

kay said...

အဲ.. ပေါက် နဲ့ ကေ က.. ဝေဒနာ တွေ နှိုးဆွ ပေးပြန်သပေါ့..
အေးနော်.. ဒီ ဘလော့ ညီအမ တွေ တော့.. အမ တွေ က..ငိ..ညီမတွေက..ချော့..
ညီမတွေက..ပေါ.. အမ တွေက..မြှောက်..
ဟုတ်လား..ပေါက်..း)

Sonata Cantata said...

စစ... မုဒ်သွင်းစရာ မလိုပဲ ဖတ်ရင်းတခါတည်း ကြိုက်သွားအောင် ရေးရဦးမှာပေါ့လေ... :P
မိုးမင်းဂျီးကိုလည်း သတိရပါတယ်။

tg.နွယ်
စာရေးသူနဲ့ ဇတ်ကောင်... ခွဲမရအောင်၊ ရောထွေးသွားအောင်၊ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးနိုင်ပါပေတယ်လို့ ကိုဧရာ လို (ရွဲ့ပြီး)ချီးကျူးလိုက်တာလား...။
သယ်ရင်း ကွန်မန့် အရှည်ကြီး ရေးပေးလို့ ပျော်ပါတယ်။ မိုးတွေရွာပြီဆိုရင် ဘယ်လိုအိပ်ကောင်းမှန်းကို မသိဘူး...တဲ့... ဟွန့်

Sonata Cantata said...

ကေ က မိုက်တယ်ဆိုရင်
ဆက် မိုက်ဦးမယ်..း)

CBox မှ
8 Oct 11, 16:51
seesein: ဆောင်းရောက်တော့လဲ ဆောင်းတွင်းအိမ်မက် ဂယောက်ဂယက်လေးလဲ စာတပုဒ်အဖြစ်နဲ့ ဖတ်ချင်ပါသေးတယ်
8 Oct 11, 17:37
seesein: အမသီတာ မိုးတွေရွာလို့ကို မပြီးနိုင်သေးဘူး ဒါပေမယ့် ပုရစ်တွေတော့ပေါ်နေပြီ....ကလိသွားတာ
8 Oct 11, 17:37
seesein: ဒီမိုးကုန်ရင်တော့ သဂျီးပြောတဲ့ မိအေး လာတော့မယ်ထင်တာပ
8 Oct 11, 20:00
jasmine: လည်လည်ရောက်ပြီး မိုးတွေ ရွာမှဖြင့် ကိုဖတ်ခဲ့ပါတယ်
8 Oct 11, 20:01
jasmine: နက်ကြောင့်ထင်တယ်ကွန်မက်ရေးမရလို့ဒီမှာပဲရေးခဲ့တာပါ.. :ang
8 Oct 11, 22:28
K: အိုး..မေမြို့ မိုး..အစိုမရ တော့ပီ.. ရဝေ..ရဝေ အော် မြိုင်စောင်းမှာလ.. မိုး..မိုးသီတာပုလဲ..ပုလဲမြရေစင်.. ရွာစေချင်..ရွာစမ်းပါ..သခင်.. ထင်ယုံ..ထင်လဲ..မိုးမဲ..မရွာ.. ( မီးပြတ်သွားပီ..း))
8 Oct 11, 23:07
ှS-C: လေညာရပ်က အချစ်... လေညာရပ်က အချစ် ... သံလွင်ချောင်းခြား တို့နှစ်ယောက်ဟာ... ဘယ်ကြမ္မာ ၀ဋ်များ နှိပ်စက်လာလာလာ (ဘက်ထရီနဲ့ ဆက်ဖွင့် ခွေညပ်သွားပြီ...)

မဓောဝီ said...

မသီတာဝတ္ထုလေး သဘောကျလိုက်တာ။
ဒီမှာလဲ ခုရက်ပိုင်း မိုးတွေရွာတယ်။ ခုလဲ အပြင်မှာမိုးရွာနေတယ်။ မိုးရွာနေတဲ့ ညမှာ ဒီဝတ္ထုလေးကို ဖတ်ရတာ စိတ်ထဲ တမျိုးပဲ။

ကိုညီလင်းပြောသလိုပဲ ဒီစာဖတ်ရင်း ဂျူးရဲ့ဝတ္ထု "မြရဲ့လ"ကို သတိရမိတယ်။ မြရဲ့လ ကို ထူးအိမ်သင်က ဖတ်ပေးပြီး အသံထွက် ၀တ္ထုလုပ်သလိုမျိုး ဒီဝတ္ထုကိုလဲ ကိုဧရာကို ဖတ်ခိုင်းပြီး အသံဖိုင်တင်ဖို့ ဂျောက်တွန်း အဲ တိုက်တွန်းပါတယ်။ :))

Sonata Cantata said...

မမေရေ... ကြိုးစားရေးကြည့်တာ...သဘောကျတယ်ဆိုလို့ ၀မ်းသာပါတယ်။
ရေးနေတုန်းက သူ့အမေ နောက်အိမ်ထောင်ပြုတဲ့ညမှာ မိုးရေတွေထဲ ထွက်ပြေးတဲ့ မောင်ညိုမှိုင်းလေးကို သတိရသလို၊ ရေကန်ထဲ ခုန်ဆင်းသွားတဲ့ မြ ကိုလည်း သတိရမိပါတယ်။

March 30, 2011 က ရေးတဲ့ လျှာနဲ့သွား ပို့စ်မှာ အသံသွင်းတဲ့အကြောင်း ရေးထားတယ်လေ...။ မမေ အဲ့ဒါဖတ်မိလို့ ဂျောက်တွန်း အဲ..တိုက်တွန်းတာလား...းP

Sonata Cantata said...

အယ် မမရွှေစင်ကွန်မန့် ဘယ့်နဲ့ Spam ထဲရောက်နေပါလိမ့် ခုမှတွေ့တယ်...။
ဟုတ်ပါတယ် မမရွှေစင်ရေ... ကိုယ့် အိမ်ထောင်ဘက်တွေ ကိုယ့်အပေါ် သစ္စာမပျက်အောင်၊ သားသမီးလေးတွေခမျာလည်း မိဘတွေရဲ့ အပြစ်ပယ် မခံရအောင် စိုးရိမ်ပူပန်ရပြီဆိုရင်တော့ နေ့တွေညတွေ ရွေးမနေနိုင်တော့ပါဘူ။ နွေအပူ ဆယ်နေကဲတွေ... မိုးည အိပ်မက်မြူတွေ... နှင်းဝေတဲ့ဆောင်းတွေ...

မေခ said...

မသီတာ
ရန်ကုန်မှာတော့ ခုထိ မိုးတွေရွာတုန်း
မိုးရွာရင် အိပ်မရတတ်တာတော့ အတူတူပဲ ...
မနော်

Sonata Cantata said...

မနော်ရေ...ဘာမှ တွေးမနေနဲ့...
အိပ်ပျော်အောင် အိပ်...
အိပ်ပျော်အောင် အိပ်...း)

ShwunMi- said...

မိုးရွာရင် အရမ်းအိပ်ငိုက်လို့ စိတ်ညစ်နေရတယ် မကြီးသီတာရယ်..

Anonymous said...

ညီမလေး မသီတာရေ....
ဇာတ်လမ်း အချိတ်အဆက် ကိုရော.....
မှောင်နေသည့် လင်းလင်းကြီး ကိုရော....
သဘောကျတယ်။

Unknown said...

အပြင်မှာ မိုးတွေရွာပြန်ပြီ မောင် အရင်ဘဝက မြနန်းကို ထားပြီးသွားတော့ မုန်တိုင်းကျတဲ့နေ့မှာသူမဟာတစ်ယောက်တည်းနေရင်းသေခဲ့ရတာ မင်းသားကတောင်ငူကိုဗလောင်စူစွာသွားနေလို့လေ ဒါကြောင့် သိုက်တွေကခြောက်ရင် မြနန်းနွယ်ဆိုရင် အပြင်မှာ မိုးတွေရွာပြန်ပြီမောင် လို့ နောက်တာ မြစိမ်းဆိုရင်တစ်မျိုး ရွှေချိုဖြူသိုက်ဆက်ဆို တပေါင်းပွဲတော်ကလေနဲ့စတော့တာ မေတ္တာပို့ပေးလိုက်လေ

Sonata Cantata said...

မြနန်း
ကော်မန့်ကို သိပ်တော့ နားမလည်ဘူး။
မေတ္တာပို့ပေးရမယ် ဆိုတာ သတိပေးလို့ ကျေးဇူးတင်ပါတယ်နော်။