နိဿယပစ္စည်း
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံ ၅-ပါး (ပဉ္စာရုံ = ပဉ္စ + အာရမ္မဏ) တို့သည် ရုပ်တရားများ ဖြစ်ကြသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ဒွါရ ၅-ပါးသည် အာရုံ ၅-ပါးတို့ ထင်လာနိုင်သော အကြည်ဓာတ် ပသာဒရုပ်တရားများ ဖြစ်သည်။ ထိုပသာဒရုပ် ၅-ပါးအား တည်မှီ၍ မြင်သိစိတ်၊ ကြားသိစိတ်စသည့် အာရုံ ၅-ပါးသိစိတ် (ပဉ္စဝိညာဏ်စိတ်) တို့ ဖြစ်ကြ၍ မှီရာ ဝတ္ထုရုပ် ၅-ပါးဟုလည်း ဆိုရ၏။ ဤပသာဒရုပ် ၅-ပါး (တနည်း) ဝတ္ထုရုပ် ၅-ပါး (တနည်း) အတွင်း အာယတန ရုပ်တရား ၅-ပါးတို့သည် ပဉ္စဝိညာဏ်စိတ်တို့အား တည်ရာမှီရာအဖြစ် နိဿယပစ္စည်းဖြင့် ကျေးဇူးပြု နေကြပါသည်။
ပဉ္စဝိညာဏ်စိတ်မျာသည် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော ဝတ္ထုရုပ်ပေါ်တွင် တည်မှီ၍ ဖြစ်သကဲ့သို့၊ မနောဓာတ်နှင့် မနောဝိညာဏဓာတ် ၂-မျိုးတို့သည်လည်း ဝတ္ထုရုပ်အား တည်မှီ၍ ဖြစ်ကြသည်။ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုရုပ်အား အဋ္ဌကထာဆရာက ဟဒယဝတ္ထုရုပ်ဟု အမည်ပေးသည်။ ပဋ္ဌာန်းပါဠိတော်တွင် ဟဒယဝတ္ထုရုပ်ဟု အမည်မတပ်ဘဲ “အကြင်ရုပ်ကို မှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ကြကုန်သည်” စသဖြင့် ယေဘုယျအားဖြင့်သာ ဟောကြားထားပါသည်။
ဘဝဖြစ်ဆဲ ပဝတ္တိကာလတွင် အရင်ဖြစ်နှင့်ပြီးသော ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ်၊ မနော ဝိညာဏဓာတ်တို့ ဖြစ်ကြသဖြင့် ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်း မည်၏။ အကယ်၍ ဟဒယဝတ္ထုအား အာရုံပြု၍ စိတ် စေတသိက်များ ဖြစ်ခဲ့ပါက ဝတ္ထာရမ္မဏ နိဿယ ပစ္စည်း ဟုဆိုရသည်။ ပဋိသန္ဓေအခိုက်တွင်မူ ဟဒယဝတ္ထုရုပ်နှင့် ပဋိသန္ဓေစိတ် (မနောဝိညာဏ်စိတ်) ဆို့ အတူတပြိုင်နက် ဖြစ်ကြပြီး အချင်းချင်း အပြန်အလှန် အမှီပြုကြတယ်။ ထိုစဉ်တွင် ဟဒယဝတ္ထုသည် မနောဝိညာဏ်စိတ်အား သဟဇာတ နိဿယပစ္စည်း နှင့် ကျေးဇူးပြုသည်ဟု ဆိုရ၏ (နိဿယပစ္စည်း ဝါကျ အမှတ် ၃)။
ဆက်ရန်...
နိဿယပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။
၄။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။
၅။ မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။
၆။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၇။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၈။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၉။ ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၁၀။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၁၁။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
မြေကြီးသည် သစ်ပင်၏ တည်ရာ မှီရာ ဖြစ်သကဲ့သို့၊ ပန်းချီကားချပ်သည် ပန်းချီပုံ၏ တည်ရာ မှီရာဖြစ်သကဲ့သို့ တည်ရာ မှီရာအဖြစ် အထောက်အပံ့ပေးခြင်းအား နိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ခေါ်သည်။ နိဿယပစ္စည်းအား (၁) အတူ တပြိုင်နက်ဖြစ်၍ တည်မှီရာအဖြစ် ကျေးဇူးပြုသော သဟဇာတ နိဿယ ပစ္စည်းနှင့် (၂) အရင်စော၍ ဖြစ်နှင့်သော မှီရာဝတ္ထုရုပ်တို့က နာမ်တရားတို့၏ တည်မှီရာအဖြစ် ကျေးဇူးပြုသော ပုရေဇာတ နိဿယ ပစ္စည်းဟု အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။
သဟဇာတပစ္စည်းအပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သဟဇာတပစ္စည်းတိုင်းသည် နိဿယပစ္စည်းများ ဖြစ်ကြ၍ သဟဇာတ နိဿယ ပစ္စည်း မည်၏။ အမှတ် (၁) မှ (၅) အထိသည် သဟဇာတ နိဿယ ပစ္စည်းများ ဖြစ်ကြသည်။ အနက်အဓိပ္ပါယ်မှာ သဟဇာတပစ္စည်းနှင့် အလားတူပင်ဖြစ်၍ “နိဿယပစ္စယေန ပစ္စယော” ဟု အဆုံးသပ်သည်သာ ကွာခြားသည်။
၁။ စတ္တာရောခန္ဓာ အရူပိနော- ရုပ်မဟုတ်သော (စိတ် စေတသိက်)ခန္ဓာလေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ စတ္တာရော မဟာဘူတာ- မဟာဘုတ် လေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ သြက္ကန္တိက္ခဏေ နာမရူပံ - ပဋိသန္ဓေ အခိုက်တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညံ- အချင်းချင်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက်တရားတို့သည်၊
စိတ္တသမုဋ္ဌာနာနံ ရူပါနံ - စိတ်ကြောင့်ဖြစ်သော ရုပ်တရားတို့အား၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ မဟာဘူတာ - မဟာဘုတ်တို့သည်၊
ဥပါဒါရူပါနံ - ဥပါဒါရုပ်တို့အား၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
အမှတ် (၆) မှ (၁၀) အထိ ၅-မျိုးအား ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်းဟု ခေါ်သည်။ ဤပစ္စည်းတို့၏ အဓိပ္ပါယ်ကို သဘောပေါက်ရန်အတွက် အာရုံ၊ ဒွါရ၊ အာယတန၊ ဓာတ်စသည့် အဘိဓမ္မာအခြေခံများကို နားလည်ရန် လိုအပ်ပါသည်။
သိစိတ် (ဝိညာဏ်) ဟူသည် “အာရုံကို သိခြင်း” သဘောဖြစ်၏။ အာရုံ (အာရမ္မဏ) ဆိုသည်မှာလည်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ တွေးကြံစရာဟူသော စိတ်၏ အသိခံတရားများပင် ဖြစ်သည်။ စိတ်က အာရုံကို သိသည်ဟု ဆိုရာတွင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒွါရ ၆-ပါး ဝင်ပေါက် ထွက်ပေါက်များမှ သိကြရခြင်း ဖြစ်သည်။ မှန်အကြည်ပေါ်တွင် ပုံရိပ်လာထင်သကဲ့သို့ အာရုံတို့သည် ဒွါရ အသီးသီးသို့ လာထင်၏။ ထိုသို့လာထင်သော အာရုံများအား နှလုံးသွင်းပါက အာရုံသိစိတ် ဖြစ်ပေါ်သည်။ အာရုံနှင့် ဒွါရတို့သည် အသိစိတ်တို့၏ ပေါက်ဖွားရာ၊ ဖြစ်တည်ရာ၊ ပင်မရင်းမြစ်များ ( source, bases) ဖြစ်ကြသည်။ ယင်းတို့အား ပါဠိဘာသာဖြင့် “အာယတန” ဟု ခေါ်၏။ အာရုံ ၆-ပါးသည် ပြင်ပဖြစ်တည်ရာ (ဗဟိရာယတန) ဖြစ်၍၊ ဒွါရ ၆-ပါးသည် အတွင်းဖြစ်တည်ရာ (အဇ္ဈတ္တိကာယတန) ဖြစ်သည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံ ၅-ပါး (ပဉ္စာရုံ = ပဉ္စ + အာရမ္မဏ) တို့သည် ရုပ်တရားများ ဖြစ်ကြသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ဒွါရ ၅-ပါးသည် အာရုံ ၅-ပါးတို့ ထင်လာနိုင်သော အကြည်ဓာတ် ပသာဒရုပ်တရားများ ဖြစ်သည်။ ထိုပသာဒရုပ် ၅-ပါးအား တည်မှီ၍ မြင်သိစိတ်၊ ကြားသိစိတ်စသည့် အာရုံ ၅-ပါးသိစိတ် (ပဉ္စဝိညာဏ်စိတ်) တို့ ဖြစ်ကြ၍ မှီရာ ဝတ္ထုရုပ် ၅-ပါးဟုလည်း ဆိုရ၏။ ဤပသာဒရုပ် ၅-ပါး (တနည်း) ဝတ္ထုရုပ် ၅-ပါး (တနည်း) အတွင်း အာယတန ရုပ်တရား ၅-ပါးတို့သည် ပဉ္စဝိညာဏ်စိတ်တို့အား တည်ရာမှီရာအဖြစ် နိဿယပစ္စည်းဖြင့် ကျေးဇူးပြု နေကြပါသည်။
၆။ စက္ခာယတနံ - မျက်စိအကြည်ဟူသော ဖြစ်တည်ရာသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၇။ သောတာယတနံ - နားအကြည်ဟူသော ဖြစ်တည်ရာသည်
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၈။ ဃာနာယတနံ - နှာခေါင်းအကြည်ဟူသော ဖြစ်တည်ရာသည်
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၉။ ဇိဝှါယတနံ - လျှာအကြည်ဟူသော ဖြစ်တည်ရာသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၀။ ကာယာယတနံ - ကိုယ်အကြည်ဟူသော ဖြစ်တည်ရာသည်
ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ဤအမှတ် ၆ မှ ၁၀ အထိ နိဿယပစ္စည်းများသည် အရင်ကြို၍ ဖြစ်နှင့်သော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော ဝတ္ထုရုပ်တို့အား အမှီပြု၍ ဝိညာဏဓာတ်အား ကျေးဇူးပြုပေးသည့်အတွက် ပုရေဇာတ နိဿယ ပစ္စည်း မည်၏။ ဝတ္ထုရုပ်က ကျေးဇူးပြုခြင်းအား ပေါ်လွင်စေရန် ဝတ္ထု ပုရေဇာတ နိဿယ ပစ္စည်း ဟု ခေါ်လေ့ ရှိသည်။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော အတွင်းအာယတန ၅-ပါးသည် ပသာဒရုပ်များ ဖြစ်သည်။ ပဉ္စဝိညာဏ်စိတ်တို့၏ မှီရာ ဝတ္ထုရုပ်များလည်း ဖြစ်သည်။ သို့သော် ဆဋ္ဌမမြောက် အာယတနဖြစ်သော မနာယတန (မန + အာယတန) သည် ပသာဒ အကြည်ရုပ်၊ မှီရာ ဝတ္ထုရုပ်တို့ကဲ့သို့ ရုပ်တရား မဟုတ်။ မနာယတနသည် မနောဟူသော စိတ်ကို ခေါ်သော အမည်ပင်ဖြစ်၏။ မနာယတန ဆိုသည်မှာ ပဉ္စဝိညာဏ် ၅-ပါး (စက္ခု ဝိညာဏ်၊ သောတ ဝိညာဏ်၊ ဃာန ဝိညာဏ်၊ ဇိဝှာ ဝိညာဏ်၊ ကာယ ဝိညာဏ်)၊ မနောဓာတ်နှင့် မနော ဝိညာဏဓာတ်ဟူသော သိစိတ် ၇-မျိုး ဖြစ်ကြောင်း အဘိဓမ္မာ ဝိဘင်းဒေသနာတွင် ဖော်ပြထားပါသည်။ ဤသိစိတ် ၇-မျိုး အစုအပေါင်းသည် ဝိညာဏက္ခန္ဓာဟုလည်း ဆိုရ၏။ (မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့၏ ကွာခြားပုံကို အာရမ္မဏပစ္စည်း အပိုင်းတွင် ဖော်ပြပါမည်)။
ပဉ္စဝိညာဏ်စိတ်မျာသည် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော ဝတ္ထုရုပ်ပေါ်တွင် တည်မှီ၍ ဖြစ်သကဲ့သို့၊ မနောဓာတ်နှင့် မနောဝိညာဏဓာတ် ၂-မျိုးတို့သည်လည်း ဝတ္ထုရုပ်အား တည်မှီ၍ ဖြစ်ကြသည်။ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုရုပ်အား အဋ္ဌကထာဆရာက ဟဒယဝတ္ထုရုပ်ဟု အမည်ပေးသည်။ ပဋ္ဌာန်းပါဠိတော်တွင် ဟဒယဝတ္ထုရုပ်ဟု အမည်မတပ်ဘဲ “အကြင်ရုပ်ကို မှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ကြကုန်သည်” စသဖြင့် ယေဘုယျအားဖြင့်သာ ဟောကြားထားပါသည်။
၁၁။ ယံ ရူပံ နိဿာယ - အကြင် (ဟဒယဝတ္ထု) ရုပ်ကို မှီ၍၊
မနောဓာတု စ - မနောဓာတ်သည်၎င်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏ်ဓာတ်သည်၎င်း၊
ဝတ္တန္တိ - ဖြစ်ကြကုန်၏။
တံ ရူပံ - ထို (ဟဒယဝတ္ထု) ရုပ်သည်၊
မနောဓာတုယာ စ - မနောဓာတ်အား၎င်း၊
မနောဝိညာဏဓာတုယာ စ - မနောဝိညာဏ်ဓာတ်အား၎င်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်, မနောဝိညာဏ်ဓာတ်တို့နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
နိဿယပစ္စယေန ပစ္စယော - တည်ရာမှီရာအဖြစ် (နိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ဘဝဖြစ်ဆဲ ပဝတ္တိကာလတွင် အရင်ဖြစ်နှင့်ပြီးသော ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ်၊ မနော ဝိညာဏဓာတ်တို့ ဖြစ်ကြသဖြင့် ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်း မည်၏။ အကယ်၍ ဟဒယဝတ္ထုအား အာရုံပြု၍ စိတ် စေတသိက်များ ဖြစ်ခဲ့ပါက ဝတ္ထာရမ္မဏ နိဿယ ပစ္စည်း ဟုဆိုရသည်။ ပဋိသန္ဓေအခိုက်တွင်မူ ဟဒယဝတ္ထုရုပ်နှင့် ပဋိသန္ဓေစိတ် (မနောဝိညာဏ်စိတ်) ဆို့ အတူတပြိုင်နက် ဖြစ်ကြပြီး အချင်းချင်း အပြန်အလှန် အမှီပြုကြတယ်။ ထိုစဉ်တွင် ဟဒယဝတ္ထုသည် မနောဝိညာဏ်စိတ်အား သဟဇာတ နိဿယပစ္စည်း နှင့် ကျေးဇူးပြုသည်ဟု ဆိုရ၏ (နိဿယပစ္စည်း ဝါကျ အမှတ် ၃)။
ဆက်ရန်...

1 comments:
သာဓု သာဓု သာဓု
Post a Comment