Tuesday, December 11, 2018

Self-Control နှင့် ဝိတက္ကသဏ္ဌာနသုတ်



*****











*****

❒ ဝိတက်ကသဏ်ဌာနသုတျက ပေးတဲ့ နညျး ၅-သှယျကတော့-






 *****







Tuesday, November 27, 2018

ပညာရေးစနစ်သစ်နှင့် အပြစ်မဲ့သည့် တေးသီငှက်

To Kill a Mockingbird ဆိုတဲ့ ဝတ္ထုက အတော်လေး နာမည်ကြီးပေမယ့် ဖတ်ဖြစ်တာတော့ သိပ်မကြာသေးပါဘူး။ အများသိကြတဲ့အတိုင်း ဒီဝတ္ထုရဲ့ အဓိက အကြောင်းအရာက လူမျိုးရေးဖိနှိပ်မှုနဲ့ တရားမျှတမှုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဝတ္ထုနောက်ခံထားတဲ့ (တနည်း စာရေးသူ ဖြတ်သန်းခဲ့ရတဲ့) ခေတ်ရဲ့ အမေရိကန်ပညာရေးစနစ် အပေါ် တစေ့တစောင်း ဝေဖန်ပြသွားတာကိုလည်း တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ ပညာရေးစနစ်သစ်အတွက် ဆရာဆရာမတွေကို သင်တန်းတွေပေးကြ၊ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ မှတ်ချက်တွေ ပေးကြတာကို ပြန်ပြီး သတိရမိတယ်။

လက်ရှိ မြန်မာနိုင်ငံပညာရေးက အလွတ်ကျက်ပညာရေးစနစ်ကနေ ရုန်းထွက်ဖို့ လိုနေတာလို့ ပြောလေ့ရှိကြပါတယ်။ အချို့ကလည်း ဆရာဗဟိုပြု (teacher-Centered) ပညာရေးစနစ်ကနေ ကျောင်းသားဗဟိုပြု (student-centered) ပညာရေးစနစ်ကို ပြောင်းရမှာလို့ ဆိုသူကလည်း ဆိုကြပါလိမ့်မယ်။ တချို့ကလည်း ဒီမိုကရေစီပညာရေး၊ တိုးတက်တဲ့ပညာရေး (progressive education) စနစ်မျိုးကို ပြောင်းလဲဖို့ လိုနေတာလို့ ဆိုချင်ဆိုပါလိမ့်မယ်။

အမေရိကန်မှာ ဒီမိုကရေစီပညာရေး၊ တိုးတက်တဲ့ပညာရေး စတဲ့ ပညာရေး သဘောတရားတွေကို အဓိက ဦးဆောင်ထုတ်ဖော်ခဲ့သူကတော့ ဂျွန်ဒူဝီ John Dewey (1859-1952) ပါ။ ဒီသဘောတရားတွေက အသစ်အဆန်း သက်သက်တော့လည်း မဟုတ်ပါဘူး။ လူကြီးတွေကနေ ကလေးတွေရဲ့ ခေါင်းထဲကို အချက်အလက်ဗဟုသုတတွေ ရိုက်သွင်းမယ့် အစား၊ သူတို့ရဲ့ ပင်ကိုယ်ရှိတဲ့ စူးစမ်းလိုစိတ်၊ ဖန်တီးနိုင်စွမ်းကို နိုးဆွပေးပြီး သူတို့ စိတ်ဝင်စားတာကို လွတ်လွတ် လပ်လပ် သင်ယူစေရမယ်ဆိုတဲ့ သဘောတရားကို ပြင်သစ် အတွေးအခေါ်ပညာရှင် ရူးဆိုး Jean-Jacques Rousseau (1712 – 1778) က သူ့ရဲ့ Émile လို့ခေါ်တဲ့ ပညာရေးဝတ္ထုမှာ ရေးခဲ့ဖူးပါတယ်။

ဒီသဘောတရားကို အကောင်အထည် ဖော်ခဲ့တဲ့သူကတော့ ဆွစ်လူမျိုး ပက်စတာလိုဇီ Heinrich Pestalozzi (1746-1827) ပါ။ ကလေးတွေကို အလွတ်ကျက်မှတ်စေတာ၊ တားမြစ်နှိပ်ကွပ်တာ၊ အပြစ်ဒဏ်ပေးတာတွေကို မလုပ်ဘဲ၊ လွတ်လွတ်လပ်လပ် ကစားခုန်စားရင်း သင်ယူစေပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ ဦးခေါင်းကိုသာမက နှလုံးသားနဲ့ ကိုယ်လက်တွေကိုလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးမှုတိုးတက်စေဖို့လိုတယ် (educate the whole child by balancing between heads, heart and hands) လို့ ယူဆခဲ့တယ်။ အရောင်၊ ပုံသဏ္ဍာန်၊ အရေအတွက်စတဲ့ ကလေးတွေ နားလည်ဖို့ ခက်သေးတဲ့ သဘောတရားတွေကို ထိတွေ့ကိုင်တွယ်လို့ရတဲ့ အရာဝတ္ထုတွေ၊ ပုံကားချပ်တွေကို အသုံးချပြီး သင်ကြားတဲ့နည်း (Object Teaching) တီထွင် အသုံးချခဲ့တယ်။ KG လို့ခေါ်တဲ့ ကင်ဒါဂါတင် (Kindergarten) ကျောင်းတွေကို စတင်တည်ထောင်ခဲ့သူကတော့ ပက်စတာလိုဇီရဲ့ တပည့် ဂျာမန်လူမျိုး ဖရားဗယ် Friedrich Fröbel (1781-1852) ပါ။ ဒူဝီ မတိုင်မီ အမေရိကန်မှာ ဥရောပက ပက်စတာလိုဇီနဲ့ ဖရားဗယ်တို့ရဲ့ သဘောတရားတွေကို အတုယူပြီး ဖွင့်ထားတဲ့ ကျောင်းတချို့ ရှိနေနှင့်ပါပြီ။

ဒူဝီက ပက်စတာလိုဇီနဲ့ ဖရားဗယ်တို့ဆီက ရတဲ့ ပညာရေးသဘောတရားတွေနဲ့ ဝီလီယမ်ဂျိမ်း Willaim James (1842-1910) ဆီကရတဲ့ လက်တွေ့အသုံးချဝါဒ (philosophical pragmatism) ကို ပေါင်းစပ်ပြီး တိုးတက်တဲ့ပညာရေးလှုပ်ရှားမှု (Progressive Education Movement) ကို ဦးဆောင်ခဲ့ပါတယ်။ လက်တွေ့ ပညာရေးသုတေသနတွေ လုပ်ခဲ့သလို စာအုပ်တွေလည်း အများကြီး ရေးခဲ့ပါတယ်။ ဆရာအတတ်သင်ကျောင်းတွေမှာ တိုးတက်တဲ့ပညာရေး သဘောတရားတွေကို ပို့ချခဲ့ပါတယ်။ တိုးတက်တဲ့ ပညာရေးမှာ သင်ရိုးညွှန်းတမ်းနဲ့ ဘာသာရပ်အကြောင်းအရာတွေ သင်ကြားပေးတာထက် ဒီဘာသာရပ်အကြောင်းအရာတွေကို ကလေးတွေရဲ့ လက်တွေ့ဘဝ အတွေ့အကြုံနဲ့ ဘယ်လို ဆက်စပ်ပေးမလဲဆိုတာက ပိုအရေးကြီးတယ်လို့ ဒူဝီက ယူဆပါတယ်။ ကလေးတွေရဲ့ စူးစမ်းသိရှိလိုစိတ်ကို နှိုးဆွပေးနိုင်ဖို့၊ ကလေးတွေကို ရုပ်ပတ်ဝန်းကျင် လောက၊ လူမှုပတ်ဝန်းကျင်လောကနဲ့ အပြန်အလှန် ထိတွေ့ဆံဆက်စေဖို့ကို အဓိကထားပါတယ်။ သဘောတရားသက်သက်ကို သင်ကြားတာထက် ပြဿနာဖြေရှင်းမှုကို အခြေခံတဲ့ သင်ကြားမှုမျိုးကို ပိုပြီး ဦးစားပေးပါတယ်။ ၁၉၂၀-ခုနှစ်လောက်ကစပြီး အမေရိကန် ကျောင်းတွေမှာ ဒူဝီရဲ့ တိုးတက်တဲ့ပညာရေး သဘောတရားက ရေပန်းစားနေခဲ့ပါပြီ။

တိုးတက်တဲ့ပညာရေး သဘောတရားက အကြမ်းအားဖြင့်တော့ ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီသဘောတရားတွေကို လက်တွေ့အကောင်အထည်ဖော်ရမယ့် ဆရာဆရာမတွေက တိုးတက်တဲ့ ပညာရေးရဲ့ အနှစ်သာရကို တကယ် နားလည် အကောင်အထည်ဖော်နိုင်ကြပါရဲ့လား။ To Kill a Mockingbird ဝတ္ထုအရ ဆိုရင်တော့ စနစ်သစ်ကျောင်းတွေက ဒူဝီကို တကယ်တမ်း နားလည်ခဲ့ပုံ မပေါ်ပါဘူး။



To Kill a Mockingbird ဝတ္ထုက စာရေးသူရဲ့ ငယ်ဘဝ ၁၉၃၀-ခုနှစ်ကာလကို အခြေခံပြီး ရေးဖွဲထားတာပါ။ အဓိကဇာတ်ကောင်ရဲ့ အမည်က စကောက်ပါ။ စကောက် ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ စနစ်သစ်ပညာရေးနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံရပါတယ်။ တကယ်တော့ စကောက်က ကျောင်းမတက်ခင်ကတည်းက ပုံပြင်ဇာတ်လမ်းနဲ့ သတင်းစာက အတိုအထွာတွေကို ဖတ်တတ်နေပြီ။ စကော့ စာဖတ်တတ်နေပြီဆိုတာကို သိတော့ ဆရာမက မျက်မှောင်ကြုပ်သွားပြီး နောက်ဆိုရင် အိမ်မှာ စာမသင်ရဘူးလို့ သူ့အဖေကို ပြောဖို့ မှာလိုက်ပါတယ်။

စကောက်က အိမ်မှာ စာမဖတ်ရတော့မှာ ကြောက်သွားတယ်။ ဒီတော့ သူ့ရဲ့ အကို ဂျမ်က အားပေးတယ်။ “စကောက် … နင် စိတ် မပူနဲ့။ တို့ဆရာက ပြောတယ် …။ ဆရာမ ကယ်ရိုလိုင်းက စာသင်နည်း စနစ်သစ်ကို စပြီး မိတ်ဆက်ပေးနေတာ။ ဒီစာသင်နည်းကို သူကောလိပ်ကနေ သင်လာတာ။ နောက်ဆို အတန်းတိုင်း ဒီနည်းနဲ့ သင်တော့မှာတဲ့။ ဒီနည်းက စာအုပ်ထဲကနေ သင်နေစရာ မလိုတော့ဘူး။ နွားအကြောင်း သင်မယ်ဆိုပါတော့ နင်ကိုယ်တိုင်သွား နို့ညှစ်ရမှာ။ သိလား”။ ဒူဝီရဲ့ တိုးတက်တဲ့ ပညာရေးသဘောတရားက learning by doing တို့ Object Teaching တို့ကို ဦးစားပေးတာ မဟုတ်လား။

ဝတ္ထုထဲက ဂျမ်က ဒီစနစ်သစ်ကို Dewey Decimal System လို့ မကြာခဏ ညွှန်းပါတယ်။ တကယ်တော့ Dewey Decimal System ဆိုတာက Melvil Dewey တီထွင်ခဲ့တဲ့ စာကြည့်တိုက်မှာ စာအုပ်တွေကို အမျိုးအစားခွဲတဲ့ စနစ်ရဲ့ အမည်ပါ။ တိုးတက်တဲ့ ပညာရေးနဲ့ ဘာမှ မဆိုင်ပါဘူး။ ဆရာဆရာမတွေက ဒူဝီကို တကယ်နားလည်ခဲ့ဟန် မတူဘူးဆိုတာကို စာရေးသူက နိမိတ်ပြချင်လို့ တမင်လွှဲပြီး သရော်သလို သုံးခဲ့လေသလားလို့ တွေးမိတယ်။

နောက်တစ်နေ့ စာသင်ခန်းမှာ ဆရာမ ကယ်ရိုလိုင်းက “the”, “cat”, “rat”, “man”, “you” စတဲ့ စကားလုံးတွေကို ရေးထားတဲ့ flash ကဒ်ပြားလေးတွေကို ဝှေ့ယမ်းပြီး ပြပြီးသင်တယ်။ စကောက်အတွက် ဘာမှ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဒီတော့ စကောက်က သူ့သူငယ်ချင်း ဒီးလ်ဆီကို စာကောက်ရေးနေလိုက်တယ်။ ဒါကို ဆရာမတွေ့သွားတော့ ဆူတယ်။ အိမ်မှာ စာမသင်ရဖူးလို့ သူ့အဖေကို ပြောဖို့ ထပ်သတိပေးတယ်။ ပထမတန်းမှာ စာရေးစရာ မလိုသေးဘူး၊ တတိယတန်း ရောက်မှ စာရေးရမယ်လို့ ဆရာမက ပြောလိုက်ပါသေးတယ်။

သမားရိုးကျစာသင်တဲ့ နည်းစနစ်မှာ Phonics လို့ခေါ်တဲ့ အက္ခရာတွေရဲ့ အသံတွေ၊ စာလုံးပေါင်းပြီး အသံထွက် စာဖတ်တဲ့ နည်းတွေကို အရင်သင်ရပါတယ်။ မြန်မာပြည်က သင်ပုန်းကြီး နည်းစနစ်မျိုးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ပေါ်လာတော့ ကျောင်းတွေမှာ ရှေးရိုး Phonics စနစ်ကို ပယ်လိုက်ပြီး၊ အမြင်နဲ့ ကြည့်ပြီး စာဖတ်သင်တဲ့ နည်း (Look-and-Say or Sight Word Reading) ကို စသုံးလာကြပါတယ်။ Whole Language Approach လို့လည်း ခေါ်ပါတယ်။ စာဖတ်ဖို့အတွက် စာဖတ်နည်းကို အရင်သင်နေရမယ့် အစား စာဖတ်ရင်း စာဖတ်သင်ရမယ်ဆိုတဲ့ သဘောပါ။ မြန်မာနိုင်ငံ စနစ်သစ်ပညာရေးရဲ့ KG တန်း “ဘာသာစကား မှီငြမ်းပြု လမ်းညွှန်”စာအုပ်မှာလည်း Sight Words တွေကို “အမြင်စွဲ စကားလုံးများ” ဆိုတဲ့ အမည်နဲ့ ထည့်သွင်းထားတာ သတိပြုမိပါတယ်။

အမြင်စွဲနဲ့ စာဖတ်သင်တဲ့နည်းက အမေရိကန်နိုင်ငံမှာ ၁၉၃၀-ခုနှစ်လောက်က စပြီးအတော်လေး ခေတ်စားခဲ့ပါတယ်။ အဲဒီခေတ်က ထုတ်ခဲ့တဲ့ Dick and Jane လို့ အမည်ပေးထားတဲ့ သင်ရိုးစာအုပ်တွေက အမြင်စွဲနဲ့ စာဖတ်လို့ ရအောင်စီစဉ်ထားတဲ့ စာအုပ်တွေပါ။ ဒါပေမယ့် အနှစ် ၂၀-လောက်ကြာတဲ့အခါမှာတော့ အမြင်စွဲ စာဖတ်နည်းတွေကို ဝေဖန်တဲ့ အသံတွေ ဆူညံလာခဲ့ပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အမေရိကန်ကလေးတွေရဲ့ စာဖတ်စွမ်းရည်က သိသိသာသာ နိမ့်ကျလာတာကြောင့်ပါ။ ၁၉၅၅-ခုနှစ်မှာ Rudolf Flesch က “Why Johnny Can't Read: And What You Can Do about It” လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အမြင်စွဲ စာဖတ်နည်းကို ဝေဖန်ထားပြီး သမားရိုးကျ Phonics စနစ်ကို ပြန်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီစာအုပ်က နာမည်ကြီးသွားသလို ၁၉၆၀-နှစ်လွန်ကာလတွေမှာ Phonics စနစ်က ပြန်ပြီး အသက်ဝင်လာပါတယ်။ ၁၉၅၇-ခုနှစ်မှာ ဆိုဗီယက်က စပွတ်နစ်ဂြိုဟ်တု လွှတ်တင်လိုက်တော့ အမေရိကန်တွေက ပညာရေးပြုပြင်မှုတွေ လုပ်ဖို့လိုနေပြီလို့ အလန့်တကြား ထအော်ကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ နောက် ၁၉၈၆ ခုနှစ်ရောက်တော့ ပါမောက္ခ Kenneth Goodman က What’s Whole in Whole Language စာအုပ်ကို ရေးပြီး Whole Language approach ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာကြပြန်တယ်။ အသစ်က အဟောင်းဖြစ်၊ အဟောင်းက အသစ်ဖြစ်နဲ့ ပညာစနစ် သံသရာလည် နေခဲ့တယ်။ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀-ခုနှစ်လွန်ကာလတွေမှာ စာဖတ်သင်ကြားနည်း ဂိုဏ်းနှစ်ခုအကြား အပြင်းအထန် တိုက်ခိုက်ဝေဖန်ကြလို့ Reading War လို့တောင် သမုတ်ခဲ့ကြပါတယ်။ ၁၉၉၆-ခုနှစ် နောက်ပိုင်းမှာတော့ နည်းစနစ်နှစ်ခုကို ပေါင်းစပ်သင်ကြားနည်းကို သုံးပြီး ငြိမ်းချမ်းရေးယူခဲ့ကြတယ်။ ဥပမာ မူကြိုကနေ ပထမတန်းအထိကို Phonics ကို အဓိကထားသင်ပြီး၊ ပထမတန်းကနေ စတုတ္ထတန်းအထိမှာ အမြင်စွဲနည်းနဲ့ Whole Language approach ဦးစားပေး သင်တာမျိုးပေါ့။

To Kill a Mockingbird ဝတ္ထုထဲမှာ စကောက်က စာရေးစာဖတ် ဘယ်လို သင်ခဲ့ပါသလဲ။ စာဖတ်နည်းကို တကူးတက သင်နေခဲ့ရဟန် မတူပါဘူး။ သူ့အဖေ ရင်ခွင်ထဲမှာ ထိုင်ပြီး သူ့အဖေ အသံထွက်ပြတဲ့ နေ့စဉ်သတင်းစာကို နားထောင်ရင်း၊ သူ့အဖေ လက်ညိုးနဲ့ ထောက်ပြတဲ့ စကားလုံးတွေကို မျက်စိနဲ့ လိုက်ကြည့်ရင်း စာဖတ် တတ်ခဲ့တာပါ။ Phonics ကို တမင်သင်နေရတာမျိုး မဟုတ်ဘဲ သူ့အဖေ ထောက်ပြတဲ့ စကားလုံးနဲ့ ထွက်ပြတဲ့ အသံတွေကို နားထောင်ရင်း စာလုံးပေါင်း အသံထွက်တတ် သွားတာမျိုးပါ။ အမြင်စွဲနည်းနဲ့ သင်တဲ့ ကျောင်းတွေကလို အသုံးများတဲ့ စကားလုံးတွေကို ကဒ်ပြားတွေနဲ့ ပြပြီး သင်ခဲ့ရတာမျိုး မဟုတ်ဘဲ သတင်းစာမှာ အတွေ့များတဲ့ စကားလုံးတွေကို ဖတ်တတ် စာလုံးပေါင်းတတ် သွားတာပါ။ စာရေးတတ်တာကတော့ သူ့အိမ်က ထမင်းချက် ကဲလ်ရဲ့ ကျေးဇူးကြောင့်ပါ။ မိုးရွာတဲ့နေတွေမှာဆိုရင် ကဲလ်က ကျောက်သင်ပုန်းပေါ်မှာ စကောက်ကို လက်ရေးလှ ရေးခိုင်းပါတယ်။သမ္မာကျမ်းစာတွေထဲက စာပိုဒ်တွေကို ရေးကူးခိုင်းပါတယ်။ ဒီလိုနဲ့ စကောက် စာရေးစာဖတ် တတ်ခဲ့တာပါ။ ကဲလ်ကိုယ်တိုင်ကလည်း စကောက်ရဲ့ အဖိုးဆီက သမ္မာကျမ်းစာနဲ့ ဥပဒေစာအုပ်ကြီးကို ရေးကူးရင်း ဖတ်ရင်း စာတတ်ခဲ့တာပါ။

ဝတ္ထုထဲက စကောက်က ဒူဝီရဲ့ တိုးတက်တဲ့ ပညာရေး ဆိုတာကြီးကို သိပ်အလုပ်မဖြစ်လှတဲ့ ပျင်းစရာ စာသင်နည်းလို့ မြင်ပြီး၊ သူ့အဖေနဲ့ သူ့ဦးလေးတို့လို သမားရိုးကျနည်းနဲ့ အိမ်မှာတင် စာသင်ရတာ (homeschooling) ကို ပိုပြီး သဘောကျဟန် ရှိပါတယ်။ တကယ်တော့ စာဖတ်ရင်း စာဖတ်သင်တယ်ဆိုတာကိုက ဒူဝီရဲ့ လက်တွေ့လုပ်ရင်း သင်ယူ (learning by doing) ဆိုတဲ့ သဘော မဟုတ်ပါလား။ ဒါဆို ဆရာမ ကယ်ရိုလိုင်းနဲ့ သူ့ကို လေ့ကျင့်သင်ကြားပေးလိုက်တဲ့ ဆရာတွေကများ တိုးတက်တဲ့ ပညာရေးနဲ့ whole language ရဲ့သဘော အနှစ်သာရကို နားမလည်ခဲ့တာလား။ ရည်ရှည်မှာ ဘယ်ပညာရေးစနစ်က တကယ်အလုပ်ဖြစ်မှာလဲ။

ဒူဝီကိုယ်တိုင် ပြောခဲ့ဖူးတဲ့ စကားတစ်ခုရှိပါတယ်။ “တကယ့်အခြေခံပြဿနာက စနစ်သစ်နဲ့ စနစ်ဟောင်းပညာရေးုကြားက အငြင်းပွားမှု မဟုတ်သလို၊ တိုးတက်တဲ့ပညာရေးနဲ့ သမရိုးကျပညာရေးကြားက ပြဿနာလည်း မဟုတ်ပါဘူး။ ပညာရေးလို့ အမည်တပ်လောက်တဲ့ အရာဟာ ဘာများလဲဆိုတဲ့ ပြဿနာပါ”


Saturday, November 3, 2018

The Man Who Knew Infinity

1+2+3+4+…

1 ကနေ 100 အထိ ပေါင်းရင် အဖြေ ဘယ်လောက်ရမလဲ။ သင်္ချာမှာ Arithmetic Series သင်ဖူးတဲ့သူက ခပ်လွယ်လွယ် အဖြေ ထုတ်ပေးနိုင်ပါလိမ့်မယ်။

ဒါဆို 100 အထိ မဟုတ်ဘဲ… infinity အထိ ပေါင်းမယ်ဆိုရင်ရော… ။ Infinity ရမှာပေါ့လို့ အများစုက ဖြေကြပါလိမ့်မယ်။ အချို့ကလည်း … ဒါက Divergent Series ကြီးမို့ အဖြေမရှိဘူးလို့ ပြောချင်ပြောပါလိမ့်မယ်။

အကယ်၍ တစ်ယောက်ယောက်ကများ 1+2+3+4+… ကို infinity အထိ ပေါင်းခဲ့ရင် အဖြေက 1 ထက်ငယ်တဲ့ အနှုတ်ဂဏန်းတစ်ခု ရမယ်ဆိုရင် “ဒီကောင် common sense လေးတောင် မရှိတဲ့ကောင်” လို့ တွေးကောင်း တွေးမိပါလိမ့်မယ်။

စာမေးပွဲကျလို့ ကျောင်းထွက်ထားရတဲ့ အိန္ဒိယနိုင်ငံ မဒရပ်စ်မြို့က အခွန်ရုံး စာရေးလေး တစ်ဦး ဖြစ်တဲ့ Srinivasa Ramanujan (1887-1920) က ဒီပုစ္ဆာကို -1/12 လို့ အဖြေထုတ်ခဲ့ပါတယ်။ တကယ်တော့လည်း ဒီအဖြေရဖို့ သိပ်ခက်ခက်ခဲခဲ တွက်ရတာတော့ မဟုတ်ပါဘူး။ အလယ်တန်းကျောင်းသား တစ်ယောက်ကို ရှင်းပြရင်တောင် နားလည်နိုင်ပါတယ်။ ဒီအဖြေအပါအဝင် သူ့ရဲ့ အခြားသင်္ချာမှတ်စုတွေကို ကြည့်ပြီး သူကို ဉာဏ်ကြီးရှင်တစ်ယောက် အဖြစ် Cambridge တက္ကသိုလ်က ဖိတ်ကြားခဲ့ပါတယ်။ နောင်မှာ ရူပဗေဒပညာရှင်တွေက String Theory ကို တွက်ချက်ဖော်ထုတ်တော့ သူ့ရဲ့အဖြေ -1/12 ကို ထည့်ပြီး အသုံးချခဲ့ကြတယ်။

တခါတလေမှာ အမှန်တရားဆိုတာက ကိုယ်အနှစ်နှစ်အလလက လက်ခံထားတဲ့ အသိနဲ့ ဆန်ကျင်နေတတ်ပြီး၊ Common Sense ဆိုတဲ့ ဘောင်ကို ကျော်နေတတ်ပါတယ်။ လက်ခံတယ်ဆိုရင်တောင် ကိုယ့်ထက်သိတဲ့ ပညာရှင်တွေက ပြောလို့သာ အောင့်သက်သက်နဲ့ လက်ခံလိုက်ရတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း နားမလည်ပဲ နားလည်သယောင် လက်ခံလိုက်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာ အနတ္တတရားကို ဘဝင်ကျကျ လက်ခံနိုင်ဖို့ဆိုတာက 1+2+3+4+… = -1/12 ဆိုတဲ့ အဖြေထက် အဆများစွာ ပိုပြီး ခက်ပါလိမ့်မယ်။


Book: The Man Who Knew Infinity: A Life Of The Genius Ramanujan/The-Man-Who-Knew-Infinity-A-Life-of-the-Genius-Ramanujan


(သူ့ရဲ့ အကြောင်းကို The Man Who Knew Infinity ဆိုတဲ့ အမည်နဲ့ ရုပ်ရှင် ရိုက်ထားတာလည်း ရှိပါတယ်)။

***** 

Common sense အရပြောမယ်ဆိုရင် 1+2+3+4+… ကို infinity (∞) အထိပေါင်းရင် positive infinity (+∞) ပဲရနိုင်ပါတယ်။ ဒါဆိုရင် 1²+2²+3²+4²+… ဆိုရင်ရော…။ ဒါလည်းပဲ positive infinity (+∞) ရမှာပါပဲ။ နောက်ထပ်ပြောနိုင်တာက ပထမအဖြေနဲ့ ဒုတိယအဖြေကို ယှဉ်ရင် ဒုတိယအဖြေက သေချာပေါက် ပိုပြီးကြီးမယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဆ ဘယ်လောက် ပိုကြီးမယ်ဆိုတာကို အဖြေထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ∞/∞ က 0/0 လိုပဲ တိကျတဲ့ အဖြေမရှိလို့ပါ။ ဥပမာ 0/0 ဆိုရင် 1 လည်း ဖြစ်နိုင်တယ်။ 10 လည်း ဖြစ်နိုင်တယ်။ 1000 လည်း ဖြစ်နေနိုင်တယ်။ မရေရာလို့ပါ။ ဒါဆိုရင်ရင် 0/0 ကို ဖြေရှင်းဖို့ (တနည်း အလွန်သေးငယ်တဲ့ ကိန်းတွေရဲ့ အချိုးအဆကို ရှာဖို့) နည်းလမ်း လုံးဝ မရှိတော့ဘူးလား …။ ရှိပါတယ်။ Calculus ဆိုတာက ဒီလိုပြဿနာမျိုးတွေကို ဖြေရှင်းတဲ့နည်းလမ်းပါ။ ဒါဆိုရင်… ∞/∞ လို အလွန်ကြီးတဲ့ ကိန်းတွေကို ဘယ်လို တွက်လို့ ရမလဲ။

သင်္ချာမှာ ကိန်းတစ်ခုက အလွန်ကြီးသွားပြီး well-behaved မဖြစ်တော့တဲ့ အခြေအနေကို Singularity လို့ခေါ်ပါတယ်။ well-behaved မဖြစ်တော့ဘူးဆိုတာက ကိုယ်နားလည်နိုင်တဲ့ နယ်မှာ မရှိတော့ဘူးလို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။ ဒီအခါမှာ ကိုယ်ကြည့်နေကျ အမြင်နဲ့ မကြည့်တော့ဘဲ အမြင်သစ်၊ ရှုထောင့်သစ်တစ်ခုကနေ ကြည့်ဖို့လိုလာပါတယ်။ အထက်ကပြောခဲ့တဲ့ infinite series တွေက Riemann zeta function ζ(s) မှာ s တန်ဖိုး -ve ဖြစ်တဲ့ series တွေပါ။ ဒီပို့မှာပါတဲ့ ပုံထဲကအတိုင်း function ζ(s) ကို Complex Plane ပေါ်မှာ ဆွဲကြည့်လိုက်ရင် s > 1 ဖြစ်တဲ့ ညာဖက်အခြမ်းက ဒီ series တွေ convergent ဖြစ်တဲ့ သမားရိုးကျသင်္ချာနဲ့ တွက်လို့ရတဲ့ နယ်ပါ။ အကယ်၍ s = 1 ကနေပြီး ဘယ်ဖက်ကို ခေါက်ချလိုက်ရင် divergent ဖြစ်နေပြီး အဖြေထုတ်လို့ မရတဲ့ s < 1 ဖြစ်တဲ့ function ζ(s) ရဲ့ curve ကို ညာဖက်ခြမ်းနဲ့ တဆက်တည်းလို ပုံစံတူ ထွက်လာပါတယ်။ ဒီလို တကယ် မရှိပေမယ့် စိတ်ကူးနဲ့ ဆက်ပြီး ဆွဲထားတာကို သင်္ချာမှာ Analytic Continuation လို့ ခေါ်ပါတယ်။ အဲဒီအခါမှာ s = -1 ထည့်လိုက်ရင် ζ(-1) =1+2+3+4+…= -1/12 ရပါတယ်။

အထက်ကပြောခဲ့တဲ့ ∞/∞ လို ပြဿနာမျိုးတွေကို နားလည်နေကျ ဘောင်ထဲကနေ တွက်လို့ မရတဲ့အခါ Analytic Continuation နဲ့ ဆွဲဆန့်ထားတဲ့ နယ်မှာတွက်ခဲ့ရင် အဆင်ပြေသွားပါတယ်။ ဒါကြောင့် Black Hole တို့ String တု့ိလို ပုံမှန်သင်္ချာနဲ့ တွက်လို့ မရတော့တဲ့ နယ်တွေမှာ ζ(-1) =1+2+3+4+…= -1/12 formula တွေက အသုံးတဲ့လာပါတယ်။

စိတ်ဝင်စားရင် ဒီ Link မှာ https://www.youtube.com/watch?v=w-I6XTVZXww အလယ်တန်းအဆင့် သင်္ချာနဲ့ တွက်ပြထားကို ကြည့်နိုင်ပါတယ်။ Analytic Continuation ကိုတော့ ဒီLink မှာ https://www.youtube.com/watch?v=sD0NjbwqlYw ကြည့်နိုင်ပါတယ်။








Sunday, September 2, 2018

အမြင့်သို့ အာရုံညွှန့်တက်ခြင်း

ပင်လယ်ကမ်းခြေအနီးက ကျောက်ကမ်းပါးပြတ်မှာ ရပ်ရင်း … မျက်စိတဆုံး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး၊ ကျောက်ကမ်းပါးကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ရိုက်ခပ်လာတဲ့ ဧရာမလှိုင်းလုံးကြီးတွေကို ကြည့်ပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ သဘာဝအလှအောက်မှာ ကြည်နှုး အံ့ဩမှုနဲ့ စိုးထိတ် သိမ်ငယ်မှုကို အတူတွဲပြီး ခံစားဖူးတယ်။

ဒီလို စီးမိုးတဲ့ အလှမျိုးတွေကို sublimity လို့ ခေါ်လေ့ရှိပါတယ်။ သဘာဝတရားကြီးကသာမက အချို့သော စာတွေကလည်း ဒီလို အလှမျိုး၊ ဒီလိုရသမျိုးကို ပေးတတ်ပါတယ်။ စာပေကရတဲ့ Sublimity ကတော့ စိုးထိတ်မှုအစား … အရေးတကြီး တခုခု လုပ်ဖို့ လို့ပြီလို့ သိလိုက်တဲ့ sense of urgency သံဝေဂအသိမျိုး ….၊ သိမ်ငယ်မှုအစား … “ငါ” ဆိုတဲ့ အတ္တ ပါးလျှ ကြုံလှီသွားစေတဲ့ ခံစားမှုမျိုးကို ပေးတတ်ပါတယ်။ “ငါဟာ ဘာမှ မဟုတ်ပါလား” လို့ သိလိုက်ရတဲ့ အသိက တခါတလေမှာ အငုံ့စိတ် (inferiority complex) ဖြစ်နေနိုင်သလို၊ တခါတလေမှာ အမြင့်ကို လှမ်းညွှတ်နိုင်တဲ့ အသိမျိုးလည်း ဖြစ်နေနိုင်ပါတယ်။


Sublimity ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်က အမြင့်ဂုဏ်လို့ ဘာသာပြန်ပါတယ်။ “အမြင့်သို့ အာရုံညွှန့်တက်ခြင်း (သို့မဟုတ်) ကဗျာ” ဆိုတဲ့ အမည်နဲ့ Sublime ဖြစ်တဲ့ ကဗျာတွေအကြောင်း စာတစ်အုပ်ရေးခဲ့ဖူးတယ်။ မြန်မာကဗျာတွေကို အနောက်တိုင်း စာပေဝေဖန်ရေးနယ်က Sublimity ရှုထောင့်ကနေ သုံးသပ်ပြထားတဲ့ စာအုပ်လို့ ဆိုနိုင်ပါတယ်။

sonata-cantata ဆိုတဲ့ ဒီဘလော့ဂ်လေးရဲ့ အမည်ကလည်း ဒီစာအုပ်ကနေပဲ ရခဲ့ပါတယ်။







Sunday, August 26, 2018

ကမူးပြောတဲ့ ဝတ္ထု

“ကြီးကျယ်တဲ့ ဝတ္ထုရေးဆရာတွေက အတွေးအခေါ် ဝတ္ထုရေးသူတွေပါ” လို့ ပြင်သစ်စာရေးဆရာ ကမူးက The Myth of Sisyphus စာတမ်းမှာ ရေးခဲ့ဖူးတယ်။ Lyrical and Critical Essays စာတမ်းမှာတော့ သူမြင်တဲ့ ဝတ္ထုရဲ့ သဘောကို အခုလို ရေးပြခဲ့ပါတယ်။

“ဝတ္ထုဆိုသည်မှာ ပုံရိပ်များဖြင့် ဖော်ပြထားသည့် ဒဿနများမှ တပါး အခြားမဟုတ်။ ဝတ္ထုကောင်း တစ်ပုဒ်တွင် ဒဿနများက ပုံရိပ်များထဲတွင် ပျောက်ကွယ်နေမည် ဖြစ်သည်။ သို့သော် ဇာတ်ကောင်များ၊ လှုပ်ရှားမှုများက သိသာကွဲပြား နေရုံမျှလောက်သာ၊ ဇာတ်ကွက်များက (ဖြစ်ရပ်မှန် ဖြစ်နေရန်မလိုဘဲ) ဝတ္ထုတပုဒ် အဖြစ် အသက်ဝင်နေရုံမျှလောက်သာ ဒဿနများကို ထည့်ပြသွားရန်လိုသည်။”

သူကိုယ်တိုင်လည်း ဒဿနကဲတဲ့ ဝတ္ထုတွေကို ရေးခဲ့တယ်။ သူပြောချင်တာတွေကို ဝတ္ထုနဲ့ ရေးပြလို့ အားမရရင် essays တွေ ထပ်ရေးပြီး ဋီကာချဲ့ပြလေ့ ရှိပါတယ်။ The Outsider (1942) ဝတ္ထုမှာ သူပြောချင်တဲ့ Absurd Reasoning အကြောင်းကို The Myth of Sisyphus (1942) စာတမ်းမှာ၊ The Plague (1947) ဝတ္ထုမှာ သူပြောချင်တဲ့ Rebellion အကြောင်းကို The Rebel (1951) ဆိုတဲ့ စာတမ်းမှာ ထပ်ပြီး ရေးခဲ့ဖူးတယ်။

Tuesday, August 21, 2018

စာဖတ်ခြင်း

ဘာကြောင့် စာဖတ်ကြသလဲဆိုရင် ...
  • သတင်းအချက်အလက် သိဖို့ ဖတ်တာ (reading for information)
  • အပျင်းပြေ အပျော်တမ်း ဖတ်တာ (reading for entertainment)
  • အသိအမြင် နိုးကြားပွင့်လင်းဖို့ ဖတ်တာ (reading for understanding/enlightenment) လို့ ၃-မျိုး ရှိနိုင်ပါတယ်။
အသိအမြင် နိုးကြားပွင့်လင်းဖို့ စာဖတ်တဲ့နေရာမှာ အသိအမြင် ဆိုတာကို ၃-မျိုး ထပ်ပြီး ခွဲနိုင်ပါတယ်။

(၁) ပတ်ဝန်းကျင် ဗဟိဒ္ဓ လောကကြီးနဲ့ သက်ဆိုင်တဲ့ (objective) ဗဟုသုတအသိအမြင်
(၂) မိမိရဲ့ အဇ္ဈတ္တနဲ့ သက်ဆိုင်တဲ့ (subjective) ဘဝအသိအမြင်
(၃) အတ္တနဲ့ လောက၊ အဇ္ဈတ္တနဲ့ ဗဟိဒ္ဓနှစ်ပါးကနေ လွန်မြောက်နိုင်တဲ့ (transcendental) လောကုတ္တရာ အသိအမြင်

သုတစာပေ အများစုက ပတ်ဝန်းကျင် လောကကြီးနဲ့ ဆိုင်တဲ့ ဗဟုသုတအသိအမြင်မျိုးကို ပေးပါတယ်။ ရသစာပေနဲ့ အတွေးအခေါ်စာပေတွေကတော့ ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ဘဝအသိအမြင်ကို ပေးပါတယ်။ အချို့သော ရသစာပေနဲ့ ဘာသာရေး အတွေးအခေါ် စာပေတွေကတော့ အတ္တနဲ့ လောကကနေ ရုန်းထွက်နိုင်မယ့် သံဝေဂဉာဏ်နဲ့ လောကုတ္တရာ အသိအမြင်ကို ပေးပါတယ်။

သုတစာပေတွေက “ဘာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပေးပါတယ်။ ရသစာပေကတော့ “ဘာဖြစ်သင့်လဲ၊ ငါ ဘာလုပ်သင့်လဲ” ဆိုတဲ့ ပြဿနာကို စာဖတ်သူတွေ ကိုယ်တိုင်ခံစားပြီး တွေးခေါ်သိမြင်စေပါတယ်။ သုတစာပေကရတဲ့ အသိအမြင်တွေက လောကကို ကောင်းအောင် ဖန်တီးရာမှာ အသုံးဝင်ပါတယ်။ ရသစာပေကရတဲ့ အသိအမြင်တွေကတော့ “ဘဝမှာ ဘာကို တန်ဖိုးထားရမလဲ” ဆိုတဲ့ အသိအမြင်ကို ဖြစ်စေပါတယ်။ လောကုတ္တရာစာပေတွေက စိတ်သောက ကင်းဝေးပြီး ငြိမ်းအေးတဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့ အမြင်မျိုး၊ ဒုက္ခခပ်သိမ်းက ငြိမ်းနိုင်တဲ့ အမြင်မျိုးကို ပေးပါတယ်။

သတင်းအချက်အလက် သိရုံလောက်ပဲ တန်ဖိုးရှိပြီး ဗဟုသုတအသိအမြင် မပေးနိုင်တဲ့ စာမျိုးလည်း ရှိပါတယ်။ ရသခံစားမှုပေးပေမယ့် ဘဝအသိအမြင်တစ်ခုကို မပေးနိုင်တဲ့ အပျင်းပြေအပျော်ဖတ်ရုံ ရသစာမျိုးလည်း ရှိပါတယ်။ ဗဟုသုတအမြင်လောက်ကိုပဲ ပေးနိုင်တဲ့ ဘာသာရေးစာတွေလည်း ရှိပါတယ်။

တခါတလေမှာ စာတစ်အုပ်တည်းကိုပဲ စာဖတ်သူရဲ့ နှလုံးသွင်းနဲ့ စာဖတ်စွမ်းရည်အလိုက် အသိအမြင် ရပုံခြင်း ကွာခြားနိုင်ပါတယ်။ အချို့အတွက် အပျင်းပြေရုံ၊ ဇာတ်လမ်းသိရုံလောက်ပဲ အကျိုးရှိပေမယ့်၊ အချို့အတွက်တော့ ဘဝအသိအမြင်တွေ၊ သံဝေဂဉာဏ်တွေထိ ရသွားနိုင်ပါတယ်။
  • ဗဟိဒ္ဓ –> အာရုံ (Object) –> my world –> ပတ်ဝန်းကျင် အာရုံကို သိ –> ဗဟုသုတအသိအမြင်
  • အဇ္ဈတ္တ –> အာရမ္မဏိက (Subject) –> me –> မိမိ၏ အတွင်းစိတ်ကို သိ –> ဘဝအသိအမြင်
  • မဇ္ဈေ –> ဥဘတောဝိမုတ္တိ (transcend both) –> Not-Self –> အနတ္တကို သိ –> လောကုတ္တရာအမြင်

ဒီအသိအမြင်သုံးမျိုးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၈-နှစ်လောက်က "အနီး-အဝေး၊ အတွင်း-အပြင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။

အနီး-အဝေး၊ အတွင်း-အပြင် (၁)
အနီး-အဝေး၊ အတွင်း-အပြင် (၂)
အနီး-အဝေး၊ အတွင်း-အပြင် PDF file

Sunday, July 29, 2018

ဘာသာနှင့် သာသနာ

အများအားဖြင့် ‘ဘာသာ’ နှင့် ‘သာသနာ’ ဆိုသည့် ဝေါဟာရနှစ်လုံးကို အဓိပ္ပါယ်တူအဖြစ် အလဲအလှယ်လုပ် သုံးလေ့ရှိကြသည်။ သို့သော် အတိအကျ တူသည်တော့လည်း မဟုတ်။ ‘သာသနာ’ က ‘အဆုံးအမ’ ဟုအဓိပ္ပါယ်ရ၍၊ ‘ဘာသာ’ က ‘ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်လာများ’ ကို ဆိုလိုသည်။

ဗုဒ္ဓသာသနာသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ ဖြစ်သည်။ ဗုဒ္ဓပေါ်ထွန်းခဲ့သည့် ခေတ်ကာလ၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့သည် ဗုဒ္ဓအဆုံးအမများတွင် နောက်ခံမြင်ကွင်းအဖြစ် ရှိနေနိုင်ပါသည်။ သို့သော် ထိုအဆုံးအမများက ထိုခေတ်၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့ကို လွန်မြောက်နေပါသည်။ သို့ဖြစ်၍လည်း ဘာသာတရားတစ်ခုအဖြစ် ပေါ်ထွန်းလာရခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဟု ဆိုလျှင်မူ ဗုဒ္ဓ၏ အဆုံးအမများကို နောက်ခံဗဟိုပြု၍ ယနေ့အထိ ခေတ်အဆက်ဆက် ပြောင်းလဲဖြစ်ထွန်းလာသော ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ၊ တိဗက်ဗုဒ္ဓဘာသာ စသဖြင့် ကွဲပြားခြားနားနေခြင်း ဖြစ်သည်။ သာသနာသည် လူတစ်ဦးချင်းစီ လိုက်နာကျင့်သုံးရမည့် အဆုံးအမများ ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ နှလုံးသားတွင် ကိန်းဝပ်သည်ဟု ဆိုနိုင်သည်။ ဘာသာကမူ လူအများစု လက်ခံကျင့်သုံးသည့် ယုံကြည်မှု ဓလေ့ထုံးစံများဖြစ်သည့်အတွက် လူမျိုး တစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၏ သွင်ပြင်လက္ခဏာ သဘောဆောင်သည်။

အနှစ်နှင့် အကာဟု ဆိုကောင်း ဆိုနိုင်သော်လည်း လိုက်လျောညီထွေ ဖြစ်နေလျှင်၊ အကာက အနှစ်ကို ကာကွယ်ပေးရာ ရောက်သည်။ အကာမရှိလျှင် အနှစ်က ကာလကြာရှည် မတည်နိုင်။ လိုက်လျောညီထွေ မဖြစ်တော့လျှင်မူ အကာက အနှစ်ကို ဝါးမြိုလိုက်ပြီး၊ အကာ ချည်းသာကျန်တော့သည့် အဖြစ်မျိုးသို့ ရောက်သွားတတ်သည်။

<<Dostoevsky ရဲ့ Brothers Karamazov ဝတ္ထုထဲက The Grand Inquisitor ဆိုတဲ့ အခန်းကို ဖတ်ရင်း စဉ်းစားမိတာပါ။ ဒီအခန်းကို သီခြားထုတ်ပြီး စာအုပ်ထုတ်တာ၊ ပြဇာတ်ကတာတွေရှိသလို အချို့ကျောင်းတွေမှာလည်း သင်တယ်လို့ သိရပါတယ်။>>

Wednesday, May 30, 2018

The Buddha and Atheists

လွန်ခဲ့တဲ့ ၁ဝ လောက်က ဘလော့ပေါ်မှာ “Freethinkers နှင့် မြတ်ဗုဒ္ဓ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဃနခ လို့ခေါ်တဲ့ Atheist ပရိဗိုဇ်တဦးနဲ့ ဗုဒ္ဓ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းကို ရေးခဲ့ဖူးပါတယ်။ ဒီဆွေးနွေးပွဲမှာ “ဘာကိုမှ မယုံကြည်ဘူး” လို့ဆိုတဲ့ သူတွေက အစွဲအလမ်း အနှောင်အဖွဲ့ ကင်းဖို့ ပိုပြီး နီးစပ်တယ်လို့ ဗုဒ္ဓက (ဒီဃနခ အပါအဝင် Atheist တွေကို) ချီးမွမ်းခဲ့ဖူးပါတယ်။ ဗုဒ္ဓနဲ့ Atheists တွေက နီးစပ်မှု တစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေ့ခေတ် နာမည်ကြီး Atheist စာရေးဆရာ အချို့က (ဗုဒ္ဓဘာသာ အဖြစ် မခံယူကြပေမယ့်) ဗုဒ္ဓအဆုံးအမရဲ့ သြဇာလွှမ်းမိုးမှု မကင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို ရုပ်ဖျက်ထားတဲ့ ဗုဒ္ဓဘာသာတွေလို့တောင် အချို့က စွပ်စွဲတာမျိုးတွေ ရှိခဲ့ပါတယ်။


The End of Faith: Religion, Terror, and the Future of Reason” (2004) စာအုပ်ကို ရေးခဲ့တဲ့ အမေရိကန် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sam Harris က ပဏ္ဍိတာရာမဆရာတော်ကြီးထံမှာ ရက်ရှည် တရားစခန်း ဝင်ခဲ့ဖူးပါတယ်။ “Sapiens: A Brief History of Humankind” (2014) စာအုပ်ကို ရေးခဲ့တဲ့ ဂျူးလူမျိုး သမိုင်းပါမောက္ခ Yuval Noah Harari ကလည်း ဆရာကြီးဂိုအင်ကာနည်းနဲ့ ဝိပဿနာ တရား အားထုတ်သူ တစ်ဦးပါ။ အင်တာဗျူးတစ်ခုမှာ ဂျူး လူမျိုးတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ သမိုင်းအမြင်တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိသလားဆိုတဲ့ အမေးကို “ကျွန်တော်က လူမျိုး အနေနဲ့ ဂျူးတစ်ဦး ဖြစ်ပေမယ့် ကျွန်တော့ ဘာသာတရားနဲ့ လောကအမြင်ကတော့ ဂျူးမဟုတ်ပါဘူး။ သမ္မာကျမ်းစာထက် ဗုဒ္ဓနဲ့ ဒါဝင်တို့က ပိုပြီး ကျွန်တော်အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့ပါတယ်” လို့ ဖြေဖူးပါတယ်။


Monday, April 16, 2018

ဉာဏ်ကြီးရှင်၊ ကွန်ပြူတာနှင့် ပညာရေး

TED show တစ်ခုမှာ ဂဏန်း ၅လုံးပါတဲ့ ကိန်းတခုရဲ့ နှစ်ထပ်ကိန်းကို စက္ကန့်ပိုင်းအတွင် စိတ်တွက်နဲ့ တွက်ပြသွားတာကို ကြည့်လိုက်ရပါတယ်။ Little Big Shots ဆိုတဲ့ ရုပ်သံအစီအစဉ်တခုမှာ လည်း ငါးနှစ်သား ကလေး တယောက်က စိတ်တွက်နဲ့ ဂဏန်း သုံးလုံးပါတဲ့ ကိန်းရဲ့ နှစ်ထပ်ကိန်းကို တွက်ပြသွားဖူးပါတယ်။

သူတို့ကို ဉာဏ်ကြီးရှင်တွေလို့ ဆိုရင် မမှားပါဘူး။ ဉာဏ်ကြီးရှင်ဆိုတဲ့နေရာမှာ ကွန်ပြူတာစကားနဲ့ ပြောရင် အကြမ်းအားဖြင့် hardware နဲ့ software လို့ နှစ်ပိုင်းခွဲကြည့်နိုင်ပါတယ်။ hardware အရဆိုရင် (၁) တွက်ချက်နှုန်းမြန်တဲ့ processor (၂) အချက်အလက်တွေနဲ့ software တွေကို သိမ်းဆည်းထားနိုင်မယ့် storage device/memory (၃) တွက်ချက်နေတဲ့ အချိန်မှာ အလွယ်တကူ မြန်မြန်ဆန်ဆန် ဖတ်နိုင်၊ သိမ်းနိုင်တဲ့ cache memory/working memory တွေလိုပါတယ်။ software ဖက်ကပြောရင် (၄) မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အဖြေထုတ်ပေးနိုင်မယ့် နည်းလမ်း Algorithm တွေလိုပါတယ်။

ပါရမီရှင်တွေရဲ့ ဦးနှောက်က အထက်ကပြောခဲ့တဲ့ ကောင်းခြင်း လေးမျိုးလုံး မရှိတောင်၊ အနည်းဆုံး နှစ်ခု-သုံးခုလောက်တော့ ပိုင်ဆိုင်ကြပါတယ်။ အချို့က စာတစ်ပုဒ်ကို တစ်ခေါက် နှစ်ခေါက်လောက်ဖတ်လိုက်ရုံနဲ့ နှစ်ပေါင်းများစွာ မမေ့ မပျောက်တော့တဲ့ မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ကြပါတယ်။ long-term memory က hard disk နဲ့ သဘောတူပါတယ်။ အချို့ကတော့ ဗဟုသုတတွေ သိပ်အများကြီး သိမ်းဆည်းထားတာ မရှိပေမယ့်၊ လတ်တလော လိုအပ်တာတွေကို ခပ်မြန်မြန် မှတ်နိုင် ထုတ်သုံးနိုင်ပါတယ်။ ဦးနှောက်ရဲ့ short-term memory က ကွန်ပြူတာက DRAM တို့ cache memory တို့နဲ့ တူပါတယ်။ စာတပုဒ်ကို ဖတ်ရင် ရှေ့ဆက် မတိုးနိုင်ဘဲ နောက်ကို ပြန်ပြန် ဖတ်ပြီး ဖော်နေရတယ်ဆိုရင် ဒါက short-term memory မကောင်းလို့ပါပဲ။ short-term memory မကောင်းရင် သင်ယူဖို့၊ အလုပ်လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ စိတ်တွက်နဲ့ သင်္ချာတွက်ရာမှာ short-term memory က အတော်လေး အရေးကြီးပါတယ်။ နောက် မှတ်ဉာဏ်တွေ ဘယ်လောက် ကောင်းကောင်း စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိပြန်ရင်လည်း၊ hard disk တွေ၊ memory တွေ အကြီးကြီး ထည့်ထားပေမယ့်၊ လေးအီနေတဲ့ processor တလုံး တပ်ထားတဲ့ ကွန်ပြူတာလို ဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ hard disk ထဲမှာ software ကောင်းကောင်းကို သွင်းထားဖို့လည်း လိုပါသေးတယ်။ ဉာဏ်ကြီးရှင်တွေက သူတို့ မွေးရာပါရမီ အလျောက် hardware ကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အပြင်၊ သူတို့ကိုယ်တိုင် ရေးထားတဲ့ software တွေရော၊ သူများရေးထားတဲ့ software ကောင်းကောင်းတွေကိုပါ ထည့်သွင်းထားကြပါတယ်။

ကွန်ပြူတာ hardware ကတော့ ကိုယ်ဝယ် ထားတာထက် ပိုပြီးကောင်း လာစရာ မရှိပါဘူး။ ဒါပေမယ့် ပိုမြန်ပိုကောင်းတဲ့ ပစ္စည်းတွေနဲ့ အသစ်လဲပြီးတော့ upgrade လုပ်ယူနိုင်ပါတယ်။ လူတွေမှာကတော့ မွေးရာ ဦးနှောက်ကို အသစ်ပြန်လဲလို့ မရပါဘူး။ ဒါပေမယ့်၊ Neuroplasticity သဘောအရ “အထိုက်အလျှောက်” ပိုကောင်းလာအောင် ပုံသွင်းပြုပြင် upgrade လုပ်ပေးလို့ ရပါတယ်။ ဉာဏ်ကြီးရှင် တဦးကို မမီပေမယ့် “အထိုက်အလျောက်” သုံးလို့ရတဲ့ hardware ရှိမယ်ဆိုရင် ဉာဏ်ကြီးရှင်တွေ ရေးထားတဲ့ software တွေကို ကိုယ့်ခေါင်းထဲ သွင်းယူထားနိုင်ပါတယ်။ ဥပမာ အထက်ကပြောခဲ့သလို ကိန်းဂဏန်းကြီးတွေ စိတ်တွက်နဲ့ တွက်တာမျိုးကို ပညာရှင်တွေ ထွင်ထားတဲ့ နည်းလမ်းတွေကို သင်ယူမှတ်သားပြီး လိုက်တွက်နိုင်ပါတယ်။ ဂျူးသင်္ချာပညာရှင် Jakow Trachtenberg (1888 – 1953) ဖော်ထုတ်ခဲ့တဲ့ Trachtenberg နည်းစနစ်၊ အိန္ဒိယက ဆွာမိ Bhāratī Krishna Tīrtha (1884 – 1960) ဖော်ထုတ်ခဲ့တဲ့ ဝေဒသင်္ချာ၊ အခုTED show မှာ ပြောသွားတဲ့ အမေရိကန် သင်္ချာဆရာ Arthur Benjamin ရေးတဲ့ စာအုပ် စတာတွေက လူဦးနှောက်မှာ ထည့်သွင်းနိုင်တဲ့ software တွေနဲ့ တူပါလိမ့်မယ်။ (နောက်အလျဉ်းသင့်ရင်တော့ ဝေဒသင်္ချာ နည်းလမ်း အချို့ကို မျှဝေပေးပါမယ်)။

ပညာရေးဆိုတာက (၁) ဦးနှောက်ရဲ့ hardware ကို coaching နည်းစနစ်တွေနဲ့ upgrade လုပ်ပေးပါတယ်။ (၂) ဆော့ဖ်ဝဲ ကောင်းနဲ့ တူတဲ့ နည်းလမ်းကောင်းတွေ၊ အတွေးခေါ်ကောင်းတွေကို teaching by instruction နည်းစနစ်တွေနဲ့ install လုပ်ပေးပါတယ်။ ဒါမှ ကိုယ့်ခေတ်၊ ကိုယ့်ဘိုးဘွားခေတ်က ပညာရှင်တွေရဲ့ ပခုံးပေါ်ကနေ တက်ကြည့်နိုင်ပါလိမ့်မယ်။ ပညာရေးဆိုတာက ဒီမှာ တင်ရပ်မနေဘဲ (၃) အတွေးအခေါ်သစ်၊ နည်းလမ်းသစ်၊ ဒီဇိုင်းသစ်တွေ ထွက်ပေါ်လာအောင်၊ တနည်း software အသစ်တွေကို ကိုယ်တိုင် ရေးထည့်နိုင်လာအောင် midwifery or maieutic method ဆိုတဲ့ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးရပါသေးတယ်။ (၄) ကိုယ့်ခေါင်းထဲကို အတွေးမှား အတွေးဆိုးတွေ တိတ်တခိုး ဝင်မလာအောင် ကာကွယ်ပေးမယ့် Anti-Virus software ကောင်းကောင်း တခုထည့်ဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်သိပ္ပံပညာရှင်အချို့ဟာ ကွန်ပြူတာကောင်းတွေ၊ ဆော့ဖ်ဝဲကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဟစ်တလာရဲ့ ဗိုင်းရပ်စ်ရန်ကို မကာကွယ်နိုင်ခဲ့ကြဘဲ၊ အသုံးချခံတွေ ဖြစ်ခဲ့ရဖူးပါတယ်။

Thursday, February 15, 2018

သုတ္တန်များနှင့် မိတ်ဖွဲ့ခြင်း

လွန်ခဲ့သည့် ၃-နှစ်ခန့်က စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ လူငယ်တရားစခန်းပွဲ တခု၏ Sutta Study အစီအစဉ်အတွက် သုတ္တန် ၅-ပုဒ်ကို ရွေးထုတ် ပေးခဲ့ဖူးသည်။ သုတ္တန်ကောက်နှုတ်ချက်များကို ဖတ်ကြ ဆွေးနွေးကြရန် ဖြစ်သည်။ Sutta Study ဟု အမည်ပေးထားသော်လည်း “သုတ္တန် လေ့လာချက်” သဘောမျိုးထက် သုတ္တန်များနှင့် မိတ်ဆက်ပေးရုံမျှလောက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူတဦးနှင့် တဦး မိတ်ဆက်ပေးပြီးနောက် တရင်းတနှီး မိတ်ဆွေ ဖြစ်သွားကြသည်လည်း ရှိသည်။ ရင်းနှီးမသွားဘဲ တွေ့ဖူး သိဖူးရုံမျှလောက်သာ ဆက်ဖြစ်နေကြသည်လည်း ရှိနိုင်ပါသည်။

လူငယ်အများစုသည် မြန်မာများ ဖြစ်ကြသော်လည်း မြန်မာစာကို ဖတ်နိုင်သူက နည်း၍ အင်္ဂလိပ်စာကို ပို၍ အကျွမ်းဝင်ကြသည်။ ထို့ကြောင့် သုတ္တန်များကို အမေရိကန် ရဟန်းတော် Bhikkhu Bodhi နှင့် Ṭhānissaro Bhikkhu တို့၏ အင်္ဂလိပ်ဘာသာပြန်များကို အဓိက မှီငြမ်း၍ သုတ္တန် ကောက်နှုတ်ချက်များနှင့် ဆွေးနွေးရန် မေးခွန်းများကို ပြင်ဆင်ဖြစ်ခဲ့သည်။ ရွေးထုတ်ခဲ့သည့် သုတ္တန် ၅-ပုဒ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. Danger of Lying and Importance of Constant Reflection on Actions (MN61: Ambalaṭṭhikarāhulovāda Sutta)
2. Three Wrong Views Regarding Karma (AN3.62 Titthāyatana Sutta)
3. Present Welfare and Future Welfare (AN8.54 Dīghajāṇu Sutta)
4. Protecting Onself and Protecting Others (SN47.19 Sedaka Sutta)
5. Dealing with Destructive Thoughts (MN20 Vitakkasaṇṭhāna Sutta)

၇-နှစ်သားအရွယ် သားတော် ရာဟုလာကို ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် ကျောင်းသားအရွယ် လူငယ်များနှင့် သင့်တော်မည်ဟု ယူဆသဖြင့် ရွေးချယ်ဖြစ်ခဲ့သည်။ သုတ္တန်၏ ပထမပိုင်းတွင် အပျော်သဘောဖြင့် ဖြစ်စေ လိမ်ညာ မပြောရန်နှင့် ဆုံးမထားသည်။ သုတ္တန်၏ ဒုတိယပိုင်းတွင် ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အမှုတို့ကို မပြုမီ၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံးတွင် မိမိနှင့် သူတပါးတို့ကို ထိခိုက်ပျက်စီးစေသလောဟု သုံးသပ်ဆင်ခြင်ရန် ဟောကြားထားသည်။ အကယ်၍ မိမိ (သို့မဟုတ်) သူတပါးကို ထိခိုက်ပျက်ပြားစေသည့် မကောင်းမှုမှန်း သိပါက၊ မပြုလုပ်ရသေးလျှင် မပြုဘဲနေရမည် ဖြစ်သည်။ ပြုလုပ်ဆဲ အမှုဖြစ်ပါက ဆက်လက် မပြုဘဲ ရပ်တန်းက ရပ်ရမည်။ ပြုပြီးသောအမှု ဖြစ်ပါက မိမိ၏ အပြစ်ကို ဝန်ခံ၍ နောင်တွင် မပြုမိစေရန် စောင့်ထိန်းရမည်ဟု ဟောကြားထားသည်။ အသောကမင်းကြီး၏ ကျောက်စာများအနက် ကျောက်စာတခုတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တန့်နိုင်စေရန်အတွက် လူနှင့် ရဟန်းတို့ လိုက်နာကျင့်သုံးသင့်သည့် သုတ္တန်များ စာရင်းကို ကမ္ပည်း ရေးထိုးထားရာ အမ္ဗလဋ္ဌိက-ရာဟုလောဝါဒသုတ်လည်း ပါဝင်သည်။ ဗုဒ္ဓအဆုံးအမများတွင် ဤသုတ်၏ အရေးပါမှုကို မှန်းဆ ကြည့်နိုင်သည်။

ဗုဒ္ဓအဆုံးအမအရ ကံသည် ရည်ရွယ်ချက်ပါဝင်သည့် လုပ်ဆောင်မှုများ (intentional actions) ဖြစ်သည်။ (သိလျှက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ) ရည်ရွယ်ချက်ပါဝင်သည့် ကိုယ်နှုတ်စိတ် ၃-ပါး လုပ်ဆောင်မှုများ ဖြစ်သည်။ ကံတရားသည် ပစ္စုပ္ပန်ရှုထောင့်အရ လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုလျှင်၊ အနာဂတ်ရှုထောင့်အရ ထိုလုပ်ဆောင်ချက်၏ အကျိုးဆက်များ (consequences) တနည်း ကံ၏ အကျိုးတရားများနှင့် ဆက်နွယ်နေမည် ဖြစ်သည်။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် အကျိုးဆက်များကို ဆင်ခြင်သုံးသပ်၍ ပစ္စုပ္ပန် အကြောင်းကံကောင်းစေရန် ဆုံးမသြဝါဒပေးသည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မိမိတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် မိမိတွင် တာဝန်ရှိသည်။ အနာဂတ်သည် ပစ္စုပ္ပန်လုပ်ဆောင်မှုများ၏ ဆိုးမွေ ကောင်းမွေကို လက်ခံရသည်။ ထို့အတူပင် ပစ္စုပ္ပန်သည် အတိတ်က လုပ်ဆောင်မှုများ၏ ဆိုးမွေကောင်းမွေကို လက်ခံရသည်။ “ကမ္မ” သည် မိမိတို့၏ ကောင်းဆိုး လုပ်ဆောင်မှုများဖြစ်၍ “သက” သည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ မိမိတို့ ပြုသော အမှုများ၏ အကျိုးဆက်ကို မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့ လုပ်ဆောင်မှုများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟူသော အမြင်ကိုပင် ကမ္မဿကတ အမြင်ဟု ဆိုရသည်။ လောကတွင် ကမ္မဿကတအမြင်နှင့် ဆန့်ကျင်သည့် အမြင်မှားများ ရှိသည်။ ကမ္မဿကတအမြင်နှင့် ထိုအမြင်မှားတို့၏ ခြားနားချက်ကို နားလည်သဘောပေါက်မှသာလျှင် မှန်ကန်သည့် ကမ္မဿကတအမြင် ရနိုင်သည်။ Sutta Study အစီအစဉ်အတွက် ဒုတိယမြောက် သုတ်အဖြစ် ရွေးချယ်ခဲ့သည့် တိတ္ထာယတနသုတ်သည် ကံတရားနှင့် ပတ်သက်သည့် အမြင်မှား သုံးမျိုးကို Responsibility ရှုထောင့်မှ ငြင်းပယ်ထားသည့် သုတ်ဖြစ်သည်။

မျက်မှောက်တွင် တွေ့ကြုံခံစားနေရသမျှသည် (၁) အတိတ်ကပြုခဲ့သော ကံများကြောင့် (ပုဗ္ဗေကတဟေတု) ဖြစ်သည်ဟု အချို့က ယူဆသည်။ (၂) ဘုရားသခင်က ဖန်ဆင်းသောကြောင့် (ဣဿရနိမ္မာနဟေတု) ဖြစ်သည်ဟု အချို့က ယုံကြည်သည်။ (၃) အကြောင်းမရှိဘဲ သူသဘောအလျှောက် (အဟေတုက) ဖြစ်ရသည်ဟု အချို့က ဆိုသည်။ ပထမအမြင်အရ ဆိုလျှင် လူသတ်သမား တယောက်သည် မိမိ၏ အတိတ်ကံကြောင့် လူသတ်သမား ဖြစ်လာခြင်း ဖြစ်ပေလိမ့်မည်။ ဒုတိယအမြင်အရ ဆိုလျှင် လူသတ်သမားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့၍ (သို့မဟုတ်) ဘုရားသခင် အလိုတော်အတိုင်း လူသတ်သမား ဖြစ်နေရခြင်း ဖြစ်ပေမည်။ တတိယအမြင်အရ ဆိုလျှင် အကြောင်းရင်း မရှိဘဲ လူသတ်သမား ဖြစ်နေရခြင်း ဖြစ်မည်။ ဤအမြင်သုံးမျိုးကို လက်ခံယုံကြည်ထားပါက မိမိတို့၏ ညစ်ထေးသည့် စိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ကို ပြုပြင်ရန် “လုပ်သင့်သည်ကို လုပ်ရန်၊ မလုပ်သင့်ကို မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးစားအားထုတ်မှုတို့ ဖြစ်ပေါ်လာမည် မဟုတ်တော့။ မည်သည်ကို လုပ်သင့်၍၊ မည်သည်ကို မလုပ်သင့်ဟုလည်း မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သိနိုင်တော့မည် မဟုတ်။ လုပ်သင့် မလုပ်သင့်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းနေမည်လည်း မဟုတ်တော့။” ထို့ကြောင့် ထိုအမြင် ၃-မျိုးတို့ကို (တာဝန်ယူစိတ် ကင်းသည့် အမြင်များအဖြစ်) တိတ္ထာယတနသုတ်တွင် ငြင်းပယ်ထားသည်။

ဤနေရာတွင် အရာရာသည် ကံကြောင့် ဖြစ်ပေါ်လာရသည်ဟူသည့် ပထမအမြင်သည် ဗုဒ္ဓ၏ ကမ္မဿကတဝါဒနှင့် မတူကြောင်း သတိပြုရန်လိုသည်။ ကံတရားတိုင်း၏ အကျိုးဆက်သည် မိမိတွင် တာဝန်ရှိသည် မှန်သော်လည်း၊ ဖြစ်ပေါ် ခံစားနေရသမျှသည် ကံတရားကြောင့်သာ ဖြစ်ရသည် မဟုတ်။ ကံတရားသည် အကြောင်းတရားများအနက်မှ တခုသော အကြောင်းသာ ဖြစ်သည်။ တိတ္ထာယတနသုတ် ပထမပိုင်းတွင် မှားယွင်းသည့် အမြင် ၃-မျိုးကို ငြင်းပယ်ထားပြီးနောက်၊ ဒုတိယပိုင်းတွင် မှန်ကန်သည့် အမြင်ကို ပြရန်အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားထားသည်။ သို့သော် သိပ်နက်လွန်းသွားမည် စိုး၍ Sutta Study ကောက်နှုတ်ချက်တွင် မထည့်ဘဲ ချန်လှပ်ခဲ့ရပါသည်။

တတိယရွေးချယ်ခဲ့သည့် ဒီဃဇာဏုသုတ်သည် မျက်မှောက်နှင့် တမလွန် ကောင်းကျိုးချမ်းသာကို ရစေနိုင်မည့် နည်းလမ်းကို ညွှန်ပြထားသည်။ မျက်မှောက် ကောင်းကျိုးချမ်းသာအတွက် (၁) ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေရာတွင် ထကြွနိုးကြားမှု ရှိခြင်း (ဥဋ္ဌာနသမ္ပဒါ) (၂) ရရှိထားသည့် စည်းစိမ်ဥစ္စာတို့ကို စောင့်ရှောက်မှု ရှိခြင်း (အာရက္ခသမ္ပဒါ) (၃) အတုယူထိုက်သည့် သဒ္ဓါ, သီလ, စာဂ, ပညာနှင့် ပြည့်စုံသည့် မိတ်ဆွေကောင်း ရှိခြင်း (ကလျာဏမိတ္တတာ) (၄) ဝင်ငွေထွက်ငွေကို မျှတစွာ သုံးစွဲအသက်မွေးခြင်း (သမဇီဝိတတာ) ဟူသည့် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံစေရသည်။ တမလွန် ကောင်းကျိုးချမ်းသာကို ရစေရန်အတွက် (၁) သဒ္ဓါ (၂) သီလ (၃) စာဂ (၄) ပညာဟူသည့် သူတော်ကောင်းတရား လေးပါးကို ပြည့်စုံစေရသည်။ ဤနေရာတွင် အထက်က ပြခဲ့သည့် ကလျာဏမိတ္တတာသည် ဤသူတော်ကောင်းတရား လေးပါးအရာတွင် အားကျအတုယူလောက်သည့် မိတ်ဆွေကောင်းမျိုးနှင့် ပြည့်စုံခြင်းကို ဆိုလိုကြောင်း တွေ့နိုင်သည်။ ပညာသမ္ပဒါတွင် ပညာသည် သာမန် ဗဟုသုတအသိပညာမျိုး၊ တွေးခေါ်မျှော်မြင်မှုမျိုးမျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ထိုးထွင်းသိမြင်သည့် ဝိပဿနာပညာမျိုးကို ဆိုလိုကြောင်းတွေ့ရမည် ဖြစ်သည်။

မျက်မှောက်ဘဝ အကျိုးစီးပွားများကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်နည်းမှသည် လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိစေရန် ဝိပဿနာတရားပွားများ အားထုတ်ရန် လမ်းညွှန်သည့် သုတ္တန်ဖြစ်သဖြင့် လူငယ်တရားစခန်းအတွက် သင့်တော်မည်ဟု ယူဆသောကြောင့် ဒီဃဇာဏုသုတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒီဃဇာဏုသုတ်သည် လောကီနှင့် လောကုတ္တရာကို မျက်မှောက်နှင့် တမလွန် (ဒိဋ္ဌဓမ္မိက-သမ္ပရာယိက) ဟူသည့် အချိန်ကာလရှုထောင့် (temporal aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုလျှင် စတုတ္ထမြောက် ရွေးချယ်ခဲ့သည့် သေဒကသုတ်သည် လောကီနှင့် လောကုတ္တရာကို မိမိနှင့် သူတပါးဟူသည့် အတွင်း-အပြင်ရှုထောင့် (spatial aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သေဒကသုတ်သည် ဝါးတိုင်ထိပ်ဖျားတွင် ဂျွမ်းကစား၍ ကပြဖျော်ဖြေရသည့် ဆရာတပည့်နှစ်ဦးကို ပုံဆောင်ကာ ဟောကြားထားသော သုတ်ဖြစ်သည်။ အန္တရာယ် မဖြစ်စေရန်အတွက် တဦးကို တဦး လုံခြုံအောင် စောင့်ရှောက်ပြီး ကပြကြရန် ဆရာက ဆိုသည်။ ထိုအခါ တပည့်က မိမိကိုယ် မိမိလုံခြုံအောင် စောင့်ရှောက်၍ ကပြကြရန် ဆိုသည်။ ဤအဆိုနှစ်ရပ်တွင် ဗုဒ္ဓက တပည့်ဖြစ်သူ၏ အဆိုကို ပို၍ သဘောကျသည်။ ဗုဒ္ဓဝါဒအရ သူတစ်ပါးကို ကာကွယ် စောင့်ရှောက်ခြင်းထက် မိမိကိုယ်ကို အားကိုးခြင်း၊ မိမိကိုယ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်းကို လေးထားသည်။ မိမိကိုယ်ကို မိမိ လုံခြုံအောင် စောင့်ရှောက်လျှင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်။ သူတပါးကို စောင့်ရှောက်ရာတွင်လည်း မိမိကိုယ် မိမိ လုံခြုံအောင် စောင့်ရှောက်ရာရောက်သည့် နည်းမျိုးဖြင့် စောင့်ရှောက်ရသည်။ သူတပါးကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ အစဉ်သနားခြင်းတို့ဖြင့် စောင့်ရှောက်လျှင် မိမိကိုယ်ကို စောင့်ရှောက်ရာလည်း ရောက်သည်၊ သတိပဋ္ဌာန်တရား လေးပါးကို ပွားများဖြင့် မိမိကို မိမိ စောင့်ရှောက်သူသည် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်ဟု ဟောကြားထားသည်။ တနည်းအားဖြင့် လောကီသဘောအရ ပတ်ဝန်းကျင်ဖြင့် ဆက်ဆံရာတွင် ဗြဟ္မစိုရ်တရားလေးပါးကို အခြေခံရသည်။ လောကုတ္တရာသဘောအရ မိမိ၏ အားကိုးအားထားအဖြစ် သတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းကို အခြေခံရသည်။

တရားအားထုတ်ရာတွင် ဖြစ်စေ၊ အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လမ်းချော်သွားစေနိုင်သည့် အဖျက်စိတ်များ (destructive thoughts) ဝင်လာတတ်သည်။ မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ သွေဖီသွားစေနိုင်သည့် အတွေးများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ဝိတက္ကသဏ္ဌာနသုတ်က လမ်းညွှန်ပေးသည်။ (၁) အဖျက်အတွေးများ ပေါ်လာပါက အပြုသဘောဆောင်သည့် အာရုံများကို ပြောင်း၍ နှလုံးသွင်းရသည် (၂) အဖျက်အတွေးများ၏ အပြစ်ကို စက်ဆုပ်ဖွယ်ဖြစ်လာအောင် ဆင်ခြင်ရသည်။ (၃) အဖျက်အတွေးများကို နှလုံးမသွင်းဘဲ နေရသည်။ (၄) မရပါက ထိုအဖျက်အတွေးတို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ဆင်ခြင်၍ ထိုအတွေးများ တဖြည်းဖြည်း ငြိမ်ဝပ်သွားစေရန် အားထုတ်ရသည်။ (၅) မည်သို့မျှ မရခဲ့လျှင် နောက်ဆုံးအဆင့်အနေဖြင့် အံကို ကြိတ်ကာ မိမိ၏ စိတ်အင်အား (will-power) ကို အသုံးချ၍ အတွေးဆိုးများကို ဖယ်ထုတ်ရသည်ဟု နည်းလမ်း ၅-သွယ်ကို ဥပမာများဖြင့် ဝိတက္ကသဏ္ဌာနသုတ်တွင် ရှင်းလင်းထားသည်။ ဘဝအောင်မြင်မှုအတွက် IQ ထက် စိတ်ဓာတ်ကြံ့ခိုင်မှု (Grit) က ပို၍ အရေးပါကြောင်းကို သုတေသနပြုရင်း ထင်ပေါ်ကျော်ကြားလာခဲ့သည့် စိတ်ပညာရှင် Angela Duckworth ၏ “Self-Control in School-Age Children” စာတမ်းတွင် လမ်းညွှန်ထားသည့် နည်းလမ်းများနှင့် အတော်လေး နီးစပ်နေသည်ကို တွေ့ရသည်။ မိမိကို မိမိ အောင်မြင်ခြင်းသည် အခြားသော အောင်မြင်မှုများထက် ပို၍ အဖိုးထိုက်တန်သဖြင့်၊ ဝိတက္ကသဏ္ဌာနသုတ်ကို လူငယ်တို့ ဖတ်စေလိုသော ဆန္ဒဖြင့် ရွေးချယ် ဖြစ်ခဲ့ပါသည်။

တရားစခန်းဝင်သည့် လူငယ်များ သုတ္တန်တို့နှင့် တရင်းတနှီး မိတ်ဆွေဖြစ်ကာ ဆက်လက် ဖတ်ရှုဖြစ်ကြသလားတော့ မသိပါ။ တွေ့ဖူး သိဖူးရုံမျှ ဖြစ်ခဲ့လျှင်လည်း အကျိုးတော့ မနည်းတန်ရာဟု ယူဆမိပါသည်။






Sunday, February 4, 2018

Note on Active Reading & Active Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။

စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။

သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။

ပိဋကတ်ပါဠိတော်လာ ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။

တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။

ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။

အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။

လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမ သဘောတရားကို သိခြင်း (ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။

လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လ့ူသဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။ ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။

အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။

(၁) စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
(၂) ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
(၃) မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
(၄) နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
(၅) လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)

စာညွှန်း။
Mortimer Adler - How to Read a Book: The Art of Getting a Liberal Education
ဦးရွှေအောင် - စာဖတ်သူများ
ဇော်ဂျီ - ရသစာပေ၏ သဘော