Thursday, October 14, 2010

မင်္ဂလာ နံနက်ခင်း

“နံနက်ခင်းတွင် ကိုယ် နှုတ် စိတ် သုံးပါးဖြင့် ကောင်းသော အကျင့် သုစရိုက်ကို ကျင့်သူအား ကောင်းသော နံနက်ခင်း (သုပုဗ္ဗဏှ) ဖြစ်သည်” ဟု အင်္ဂုတ္တရနိကာယ် တိကနိပါတ် ပုဗ္ဗာဏှသုတ်တွင် ခပ်ကျဉ်းကျဉ်း ဟောကြားထားပါသည်။ ကိုယ်နှုတ်စိတ်သုံးပါးဖြင့် ကောင်းအောင် ကျင့်ကြံသူအတွက် နေ့ကောင်းရက်သာ ရွေးချယ်နေရန်မလို။ ထို့သို့ ကျင့်ကြံနေသမျှ အခါခပ်သိမ်း နက္ခတ်ကောင်းနှင့် ပြည့်စုံနေသည်။ အခွင့်အလမ်းကောင်းများလည်း လမ်းပွင့်နေသည်ဟု ဆိုလိုသည်။

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

(ထိုသို့ သုစရိုက်နှင့် ပြည့်စုံနေသော နံနက်ခင်းသည်)
နက္ခတ်ကောင်း, မင်္ဂလာကောင်း, မိုးသောက်ကောင်း, ထခြင်းကောင်း
ခဏကောင်း, အချိန်ကောင်း ဖြစ်သည်။
မြတ်သောအကျင့်ရှိသူအား ကောင်းသောပူဇော်ခြင်း ဖြစ်သည်။

ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

မြတ်သော ကာယကံ, မြတ်သော ဝစီကံ၊
မြတ်သော မနောကံ၊ မြတ်သော ရည်ရွယ်ဆောက်တည်မှု ဖြစ်ပါစေ။

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ကောင်းမြတ်ခြင်းတို့ကို ပြုခြင်းကြောင့်၊ ကောင်းမြတ်သော အကျိုးတရားတို့ ရ၏။
သင့်အား ထိုကောင်းမြတ်သော အကျိုးစီးပွားတို့ ရရှိပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ ဗုဒ္ဓသာသနာတွင် တိုးတက်ကြီးပွားကြပါစေ။
အလုံးစုံသော ဆွေမျိုးတို့နှင့် အတူတကွ အနာရောဂါကင်း၍ ချမ်းသာခြင်းသို့ ရောက်ကြပါစေ။

ပရိတ်ကြီး ၁၁-သုတ်၏ နောက်ဆုံး ပုဗ္ဗာဏှသုတ်တွင် ဤဂါထာ သုံးပုဒ်ကို ထည့်သွင်းထားပါသည်။ ကောင်းသော နံနက်ခင်း, ကောင်းသော နေ့လည်ခင်း, ကောင်းသော ညချမ်းဖြစ်စေရန် ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် သုစရိုက်တရားများကို ကျင့်ကြံကြရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။

စာညွှန်း။
၁။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မင်္ဂလဝဂ်၊ ပုဗ္ဗာနသုတ် (အံ-၃-၁၅၆)
၂။ ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း - ဆရာတော်ဦးပညာသာမိ (မာဂဓီ-သာစည်)

Friday, October 1, 2010

ကလေးများနေ့ ဆုတောင်း

စင်္ကာပူ ကလေးများနေ့မှာ...
အမိ ၀မ်းကြာတိုက်ထဲမှ ကလေးများ
မိစုံဘစုံရှိ ကလေးများ၊ မိမစုံ ဘမစုံကလေးများ
(ကိုယ်ရောစိတ်ပါ) ကျန်းမာသော ကလေးများ၊ မကျန်းမာသော ကလေးများ
(ကိုယ်ရောစိတ်ပါ) ချမ်းသာသော ကလေးများ၊ မချမ်းသာသော ကလေးများ
လူဖြစ်ခွင့်ရသော ကလေးများ၊ လူဖြစ်ခွင့်မရသော ကလေးများ အားလုံးကို
လူပီသသော လူကြီးများဖြစ်ကြပါစေလို့
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ဖြူချင်ဖြူလည်း မဲချင်မဲပေါ့ ဒို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်


မြန်မာနိုင်ငံ ကလေးများနေ့မှာ ဖေဖေါ်ဝါရီလ(၁၃)ရက်၊ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဖြစ်ပါတယ်။
The World Conference for the Well-being of Children in Geneva, Switzerland proclaimed June 1 to be International Children's Day in 1925.